ငါ ဘယ်သူလဲ ကြည့်စမ်း
Vol. 60 Ch. 834
“သခင်ကြီး ၊ ခင်ဗျားက ....” မန်ဟိုက ပြောသည်။
“ဟမ့် ငါက မန်ဟို” လူငယ်က ပြောသည်။ “တောင်ကောင်းကင်ဂြိုဟ်မှာ နံပါတ်တစ်အုပ်စိုးသူ” သူ၏အရှိန်အဝါမှာ ရောင်စုံတောက်ပလာပြီး သူ၏စကားလုံးများက အရာအားလုံးကို တုန်ခါလာစေသည်။
“နံပါတ်တစ် အုပ်စိုးသူ။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ သိလား။ တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးမှာ ဘယ်သူမှ ငါ့ကို ရန်မစရဲဘူးလို့ ဆိုလိုတယ်ကွ” လူငယ်က မေးမော့လိုက်ပြီး မောက်မာထောင်လွှားသောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။
“မြန်မြန် လျော်ကြေးပေးစမ်း” ကျင်ရှန်းအတုက ပြောသည်။ “ငါ့ယောက်ျားက ဟိုအဘိုးကြီး၊ အဘွားကြီးတွေက လွဲရင် တောင်ကောင်းကင်ဂြိုဟ်မှာ နံပါတ်တစ် အစွမ်းထက်ဆုံးပညာရှင်ပဲ။ သူက တောင်ကောင်းကင်နယ်မြေအကုန်လုံးရဲ့ အထွတ်အထိပ်နော်။ ကုန်းမြေကြီးနှစ်ခုရဲ့ စစ်ပွဲမှာလည်း ပါဝင်ခဲ့တယ်”
“သောက်ပါးစပ်ပေါက် ပိတ်ထားစမ်း” လူငယ်က စိန်းစိန်းဝါးဝါး ကြည့်၍ အင်္ကျီလက်စကို ခါရမ်းရင်း ပြောသည်။ “ယောက်ျားတွေ စကားပြောရင် မိန်းမတွေက တိတ်တိတ်ကလေး ရပ်နေရတယ်ကွ” သူက မန်ဟို့ကို အေးစက်စက် ပြန်ကြည့်သည်။
“မန်ဟိုက ပြောတဲ့အတိုင်း လုပ်သလို၊ လုပ်တဲ့အတိုင်း ပြောတယ်။ ဒါ မင်း ပထမဆုံး အပြစ်လုပ်မိတာလို့ ထည့်စဉ်းစားပေးရင်း အသက်ချမ်းသာပေးမယ်။ ဒီတစ်ခါပဲနော်”
မန်ဟိုက သူ၏ပုံစံအတုကို စကားပြောနေသည်ကို တစ်မျိုးတစ်မည်ဖြစ်နေသော အမူအရာဖြင့် ကြည့်နေ၏။ ထို့နောက် ကျင်ရှန်းအတုကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။ ဤမျှ ချာတူးလန်နေသော ပရိယာယ်မျိုးကို တွေးခေါ်နိုင်သူများမှာ ကြက်တူရွေးနှင့် အသားဂျယ်လီအပြင် မရှိနိုင်ပေ။
“ကြည့်ရတာ မင်း ငါ့ရဲ့ ထင်ရှားကျော်ကြားတဲ့ နာမည်ကို ကြားဖူးတယ်ထင်တယ်” လူငယ်က အေးစက်စက် ဆက်ပြောသည်။ “ကောင်းပြီ ၊ မေ့လိုက်တော့။ ငါ မင်းအတွက် ခက်ခဲအောင် မလုပ်တော့ပါဘူး။ သိုလှောင်အိတ်ပဲ ပေးလိုက်။ မင်းပစ္စည်းတွေကို တောင်းပန်တဲ့လက်ဆောင်အနေနဲ့ လက်ခံပေးမယ်
“ကလန်ကဆန် လုပ်ရဲရင် မင်းကို ဒီနေရာမှာ ဒီနေ့ မြေမြှုပ်ပစ်မယ်” နောက်တစ်ဖန်၊ သူ၏အရှိန်အဝါက ပေါက်ကွဲထွက်လာကာ မြေပြင်တစ်လျှောက် ဖြာထွက်သွားသော လေမုန်တိုင်းတစ်လုံး အသွင်ပြောင်းသွား၏။ အရှိန်အဝါကို အာရုံရလိုက်သော မည်သူမဆို ချက်ချင်း စိတ်အားငယ်သွားမည်ဖြစ်သည်။ ၎င်းကား မီးတောင်ကြီးတစ်လုံး ဗိန်းဗိန်းဗောင်းဗောင်း မြည်နေသည့်အလား ဖြစ်ပြီး ၎င်းကို တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားလျှင် ပေါက်ကွဲကာ လူတစ်ယောက်အသက်အား ချက်ချင်း နုတ်ယူလိုက်မည့်အလားပင်။
ကျင့်ကြံခြင်းဂူအပြင်ရှိ မန္တန်ဝင်္ကပါအစအနများမှာ ယခုတွင် အပြီးတိုင် ဖျက်စီးခံလိုက်ရလေပြီ။ ကျောက်သဲမှုန်များက သဲမုန်တိုင်းကြီးတစ်လုံးအဖြစ် တထောင်းထောင်း ထလာသည်။ တောင်များပြိုကျသွားပြီး မြေမျက်နှာပြင်များ ပက်ကြားအက်သွား၏။ ပြင်းထန်သော အရှိန်အဝါက ကောင်းကင်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားစေသည်။ မန်ဟိုပင်လျှင် မျက်လုံးမပြူးမိဘဲ မနေပေ။
သူ့အရှေ့ရှိ ဤနှစ်ကောင်သာ သုံးစားမရသော အသားဂျယ်လီနှင့် ကြက်တူရွေးဖြစ်ကြောင်း မသေချာလျှင်၊ ဤငပိန်းနှစ်ကောင်နှင့်သာ မရင်းနှီးလျှင် မန်ဟိုမှာ လုံးလုံးလျားလျား ယုံမိသွားမည်ဖြစ်၏။
“ဟေး ဒါ ကျုပ် ပထမဆုံးအပြစ်လုပ်မိတာလို့ ဘယ်လိုသိလဲ” မန်ဟိုက တောက်ပစွာ ပြုံးရင်း ပြောသည်။
လူငယ်မှာ ပါးစပ်ကြီးဟသွားပြီး ကျင်ရှန်းအတုလည်း ထိုနည်းတူပင်။
“သောက်ချီးတဲ့မှ” လူငယ်က ဟိန်းဟောက်လိုက်သည်။ “ဒါ မင်းပထမဆုံးအပြစ်လုပ်တာ မဟုတ်ဘူးလို့ မပြောနဲ့နော်။ ဟာသပဲ” သူက အင်္ကျီလက်စကို နောက်တစ်ဖန် ဝှေ့ယမ်းလိုက်ရာ သူ၏အရှိန်အဝါ တစ်ဟုန်ထိုး မြင့်တက်သွားသဖြင့် မြေငလျင်တို့ လှုပ်ခတ်လာပြီး တောင်များ ပြိုကျလာသည်။ သူကား မန်ဟို့ကို သတိလစ်သည်အထိ ရိုက်နှက်ချင်သော်လည်း သူ့ကိုယ်သူ ချုပ်တည်းထားသယောင်ပင်။
မန်ဟို၏လက်ရှိအပြုအမူက ငှက်လိုလူကို ရင်ခုန်စပြုလာစေသည်။ ရုတ်တရက် သူ့မှာ မကောင်းသောခံစားချက်တစ်ခုအား ရလိုက်တော့၏။ ကျင်ရှန်းအတုနှင့်အကြည့်ချင်း ဖလှယ်ပြီးနောက် သူက အေးစက်စက် နှာမှုတ်လိုက်လေသည်။
“မင်း ကြည့်ရတာ မန်ဟို့ကို နားမလည်သေးတဲ့ပုံပဲ။ ငါ့အဖေက ဘယ်သူလဲ သိလား။ ဖန်ရှုံ့ဖုန်းကွ” စိတ်ထဲတွင် ငှက်လိုလူသည် တောင်ကောင်းကင်တစ်ဂြိုဟ်လုံးတွင် အစွမ်းအထက်ဆုံးနေရာတွင် အယောင်ဆောင်ထားရသည့်အတွက် သူ့ကိုယ်သူ အတော်လေး ကျေနပ်နေ၏။ ဖန်ရှုံ့ဖုန်းအကြောင်းကိုတော့ မကြာသေးသောရက်များက မန်ဟို့အယောင်ဆောင်ပြီးနောက် ဖန်မျိုးနွယ်တစ်ယောက်ဆီမှ သိခဲ့ရခြင်းဖြစ်သည်။
“မကြောက်သေးဘူးလား” သူက ပြောသည်။
မန်ဟိုက လည်ချောင်းရှင်းပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် မျက်တောင်ခတ်လိုက်သည်။ “ခင်ဗျားက တကယ်ပဲ မန်ဟိုလား”
“ငါ မန်ဟိုဟာ ငါ့မျိုးရိုးကို ဘယ်တော့မှ ပြောင်းမှာမဟုတ်သလို ငါ့နာမည်ကိုလည်း ဘယ်တော့မှပြောင်းမှာ မဟုတ်ဘူး” လူငယ်က ဂုဏ်ယူစွာ ပြောသည်။ “ဟုတ်တာပေါ့ ငါက မန်ဟိုပဲ”
မန်ဟိုက ခေါင်းရမ်းလိုက်သည်။ “မန်ဟိုက မြေကြီးတွေ ကြေမွသွားတဲ့အထိ ခြေဆောင့်နင်းနိုင်တယ် ကြားတယ်။ ခင်ဗျားကတော့ လုပ်နိုင်လောက်မယ်မထင်ဘူး”
“မယုံဘူးပေါ့လေ” လူငယ်က မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း ဒေါသတကြီး အော်သည်။
“မယုံဘူး” မန်ဟိုက ပြတ်ပြတ်သားသား ပြန်ဖြေသည်။
“ငါချီးတဲ့မှ တကယ် မယုံဘူးကိုး” လူငယ်က ဟိန်းဟောက်ရင်း မြေကြီးကို ဆောင့်နင်းချလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ကျင့်ကြံခြင်းဂူသည် ပြိုကျသွားပြီး မြေငလျင်တို့ လှုပ်ခတ်ကာ ဧရာမအက်ကြောင်းကြီးတစ်ကြောင်း ပျံ့နှံ့သွား၏။
“ကဲ ဘယ်လိုလဲ အခု ယုံပြီလား”
“အက်ကြောင်းကလည်း တစ်ကြောင်းတည်းရယ်” မန်ဟိုက အထင်သေးသလို ပြောသည်။ “ကျုပ်ပြောတာ မြေကြီးကြေမွပြီး ချောက်နက်ကြီးဖြစ်သွားလေ။ မန်ဟိုက အဲဒီလိုလုပ်နိုင်တယ် ခင်ဗျားကရော။ အာ ထားလိုက်ပါ ခင်ဗျားမလုပ်နိုင်တာ ကျုပ်သိပါတယ်”
“အားးးးးး မင်းက ငါ့ကို ဒေါသထွက်အောင် တကယ်လုပ်နေတာပဲ။ တကယ် ငါ့ကို မယုံဘူးပေါ့။ သောက်ကျိုးနည်း။ ကောင်းပြီ အာရုံစိုက်ထား။ သခင်... အာ မန်ဟို လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား ကြည့်စမ်း” လူငယ်၏မျက်လုံးမှာ ရဲတွတ်နေတော့သည်။ သူသည် သူ့ကို မယုံကြည်ခြင်းထက် မုန်းသောအရာမရှိပေ။ ရန်စခံရခြင်းထက် သူ့ကို တုန်လှုပ်စေနိုင်သောအရာ မရှိပေ။ သူက ရုတ်တရက် လေပေါ်ပျံတက်သွားပြီးနောက် မြေကြီးကို ဆောင့်နင်းလိုက်ရာ တွင်းကြီးတစ်တွင်း ချက်ချင်း ပေါ်လာတော့သည်။
မန်ဟိုသည် သူ့အရှေ့ရှိ မြေကြီးကို ကြည့်လိုက်စဉ် မျက်လုံးများ တောက်ပသွားပြီး အဝေးရှိ သစ်ပင်များနှင့် ယှဉ်ကြည့်လိုက်၏။
တအောင့်ကြာသော် လူငယ်က တွင်းထဲမှ ဟိတ်ဟန်အပြည့်ဖြင့် ပျံထွက်လာသည်။
“အခု ယုံပြီလား”
“သိပ်လည်း မနက်ဘဲနဲ့” မန်ဟိုက သက်ပြင်းချလိုက်သည်။
လူငယ်မှာ မိုးမီးလောင်သွားတော့သည်။ သူသည် ရိပ်ခနဲ တွင်းကြီးအား ဝင်တိုက်ချလိုက်ပြန်၏။ ဝုန်းခနဲ မြည်သံကြီး ပဲ့တင်ထပ်သွားပြီး မြေငလျင်တို့ လှုပ်ခတ်သွားသည်။ တွင်းကြီးကား ဂြိုဟ်၏ဗဟိုချက်အထိ ထိုးဆင်းသွားတော့မည့်အလားပင်။ အမှန်တွင် မြေအောက်မီးလျှံများပင် လူငယ်နှင့်အတူ ထွက်လာသည်။ သူက မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ သူ၏အကြည့်အရ မန်ဟိုသာ သူ့ကို မယုံကြည်လျှင် တောင်ကောင်းကင်တစ်ဂြိုဟ်လုံးကို ထုတ်ချင်းဖောက်ပစ်တော့မည့်အလားပင်။
မန်ဟိုက သက်ပြင်းဖွဖွ ချလိုက်၏။
“ဟုတ်ပါပြီ ကြောက်ပါတယ်။ ကျုပ်မှာ သိုလှောင်အိတ်ဆယ်အိတ်ရှိတယ်။ ဘယ်လောက်လိုချင်လဲ”
“ဆယ်အိတ်လုံး”
“သုံးအိတ် ... သုံးအိတ်လိုချင်တယ်” ကျင်ရှန်းအတုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။
“သောက်ရူး ငါတို့ ဆယ်အိတ်လိုချင်တယ်”
“မင်းကမှ သောက်ရူး” ကျင်ရှန်းအတုက ပြန်အော်သည်။ “သုံးက အကြီးဆုံးအရေအတွက်။ ငါတို့သုံးအိတ်လိုချင်တယ်” ကျင်ရှန်းအတုနှင့် လူငယ်မှာ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးရင်း ထသတ်တော့မည့်ပုံရသည်။ “သောက်ဦးနှောက်မရှိတဲ့ကောင်ရဲ့။ သုံးအိတ်က အများကြီးပဲလေ။ မင်..မင်.. မင်းက ဆယ်အိတ်လိုချင်တယ်တဲ့လား။ တစ်ဆယ်က ဘယ်လောက်များလို့တုန်း။ သုံးထက် ကြီးလို့လား ဟမ်”
“သောက်ဦးနှောက်မရှိတဲ့ကောင်ရဲ့” လူငယ်က ပြန်အော်သည်။ “တစ်ဆယ်က သုံးထက် များတာပေါ့ကွ။ သုံးက ဘာမှမဟုတ်ဘူး။ ငါတို့ ဆယ်အိတ်လိုချင်တယ်”
ကျင်ရှန်းအတုမှာ မျက်လုံးအပြူးသားနှင့် ကြက်သေသေသွားသည်။
မန်ဟိုက သက်ပြင်းချပြီး စကားပြောဖော် ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။
“အီး အလှပဂေးတာအိုရောင်ရင်းလေး၊ ခင်ဗျားရဲ့ ယောက်ျားက အနိုင်ကျင့်နေတဲ့ပုံမပေါ်ဘူးလား။ သူ့ကို ဘယ်လိုပဲကြည့်ကြည့် လူယုတ်မာနဲ့ သေချာပေါက် တူတယ်။ ဒီလိုလူယုတ်မာတွေက အပြောင်းလဲခံရသင့်တာ ကျုပ်တော့ ခင်ဗျားအတွက် စိတ်မကောင်းဘူး” အခြားကျင့်ကြံသူများအတွက်ဆိုလျှင် ဤစကားလုံးများသည် အလွန်အကျူး ကလေးဆန်ပြီး ဘယ်သူမှ ယုံမည်မဟုတ်ပေ။ သူက သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်အောင် ကုန်းတိုက်ပေးနေကြောင်း သိသာလေသည်။
မှန်ပါသည် ၊ ကျင်ရှန်းအတုနှင့် လူငယ်မှာ ထူးဆန်းသည့်အရာတစ်ခုကိုမှ မရိပ်မိပေ...
အထူးသဖြင့် ကျင်ရှန်းအတုပင်။ သူသည် မန်ဟို ‘လူယုတ်မာ’ ဟု ပြောလိုက်သည်နှင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ရန်လိုစွာ တောက်ပသွားလေ၏။
“လူယုတ်မာ။ သေစမ်း။ မင်းက အဲဒီလိုကောင်ကိုး။ မင်း ဒီလိုလုပ်လို့မရဘူးလေ။ အကျင့်ပျက်နေတဲ့ကောင်။ အရှက်မရှိတဲ့ကောင် ... မင်းကို ပြောင်းလဲပစ်မယ်” ကျင်ရှန်းအတုက ဟိန်းဟောက်ရင်း လူငယ်အပေါ် ခုန်အုပ်လိုက်သည်။
လူငယ်က ထိုနည်းတူ ဒေါသတကြီး ပြန်အော်ရင်း ပြန်တိုက်ခိုက်သည်။ သို့သော် သူက အတန်ငယ် ပိုလျင်စွာ ရိပ်မိသွားပြီး ရုတ်တရက် မန်ဟို့ကို လှည့်ကြည့်သည်။
“နေဦး သုံးလေး။ ဒီမှာ တစ်ခုခု မူမမှန်ဘူး.... ငါတို့အချင်းချင်း ရန်ဖြစ်လို့မဖြစ်သေးဘူး။ တစ်ခုခု ထူးဆန်းနေတယ်။ တစ်ခုခု မူမမှန်ဘူး။ ဒီကောင် စကားတစ်ခွန်းစ နှစ်ခွန်းပဲလျှောက်ပြောရသေးတယ် ။ အခု ငါတို့ ဗြုန်းစားကြီး ရန်ဖြစ်နေရပြီ” လူငယ်က တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ရင်း မန်ဟို့ကို အနီးကပ်ကြည့်ပြီး အံ့ဩသွားပုံရသည်။
မန်ဟိုက ပြုံးမြဲပြုံးနေသည်။ သူသည် လူငယ်၏မျက်နှာထားကို ကြည့်ရင်း ကြက်တူရွေးကား ထင်ထားသလောက် မနုံကြောင်း စဉ်းစားမိလိုက်သည်။ ၎င်းကား နောက်ဆုံးတော့ သဲလွန်စများကို တွေ့သွားလေပြီ။
ဤအခိုက်အတန့်တွင် လူငယ်က ရုတ်တရက် ထအော်သည်။ “သူ ဘယ်သူလဲ ငါ သိပြီ။ သူက ငါတို့အလိမ်အညာတွေကို ထိုးထွင်းသိမြင်တယ်။ စကားနည်းနည်းပါးပါးနဲ့ ငါတို့အချင်းချင်း ရန်ဖြစ်အောင် လုပ်နိုင်တယ်။ သူက သေချာပေါက် .... မှီခိုရာဂိုဏ်းချုပ်ပဲ”
လူငယ်က ဒေါသတကြီး မြည်တွန်တောက်တီးလိုက်ပြီး ကျင်ရှန်းအတုမှာ တုန်ရီလာသည်။ ဖောက်ခနဲ ကျန်ရှန်းပျောက်ကွယ်သွားပြီး လူထွားကြီး ပြန်ပေါ်လာ၏။ သူက ပါးစပ်အဟောင်းသားနှင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
“မင်းက မှီခိုရာဂိုဏ်းချုပ်လား” လူထွားကြီးက ဗလုံးဗထွေး ပြောသည်။ “ငါ့ကို အပြစ်မတင်နဲ့နော်။ သူ ငါ့ကို အတင်းပုံပြောင်းခိုင်းတာ။ သူက မန်ဟို့အသွင်ပြောင်းတဲ့လူ”
မန်ဟို့မျက်နှာကြီး မည်းသွားသည်။ သူ့မှာ ထပ်နောက်လိုစိတ်မရှိတော့သဖြင့် အေးစက်စက် နှာမှုတ်ပြီး ဝါးခမောက်ကို ချွတ်လိုက်၏။
“မင်းတို့ သောက်ရူးနှစ်ကောင် မျက်လုံးကျယ်ကျယ်ဖွင့်ပြီး ငါ ဘယ်သူလဲကြည့်စမ်း”
ဝါးခမောက် သူ့ခေါင်းထက်မှ ခွာသွားသည့်အခိုက်အတန့်တွင် သူ၏အရှိန်အဝါသည် လုံးဝပြောင်းလဲသွားပြီး လူငယ်နှင့် လူထွားကြီးမှာ သူ၏မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။ မန်ဟို့မျက်နှာကို မြင်သည်နှင့် လူထွားကြီးက အားခနဲ အော်ပြီး အသားဂျယ်လီအသွင်ပြန်ပြောင်းသွား၏။
“သူပဲ” သူက အမြန်ဆုံး ပြန်ပြေးရင်း အော်သည်။ “မန်ဟို ။ သူငါတို့ကို မိသွားပြီ။ ငါတို့တော့ သွားပြီ။ သေချာပေါက် သေပြီ။ သေပြီဟေး ။ အကုန်လုံး မင်းအမှားပဲ။ မင်းအမှား”
လူငယ်မှာ တုန်ရီသွားပြီး စူးစူးဝါးဝါး အော်လိုက်သည်။ သူသည် အနက်ရောင်ငှက်မွှေးတစ်မွှေးအား ခြေသည်းများဖြင့် ကုပ်ထားသော ရောင်စုံကြက်တူရွေးတစ်ကောင်အဖြစ် ဖောက်ခနဲ ပြောင်းသွားတော့သည်။ သူက တောင်ပံနှစ်ဖက်ကို အသည်းအသန် ခတ်ရင်း ထွက်ပြေးနိုင်ဖို့ သူ၏လက်ကျန်စွမ်းအားဟူသမျှ သုံးတော့မည့်အလားပင်။
“သေစမ်း။ ဘယ်လို မင်းက ဒီမှာ ပေါ်လာတာလဲ။ မဖြစ်နိုင်ဘူး။ ငါတို့က ဘယ်လိုလုပ်ပြီး မင်းနဲ့ ပက်ပင်းတိုးနိုင်မှာတုန်း”
အရာအားလုံး ပရမ်းပတာဖြစ်နေသည်။ ကြက်တူရွေးနှင့် အသားဂျယ်လီမှာ စူးစူးဝါးဝါး အော်ပြီး အမြန်ဆုံးထွက်ပြေးဖို့ ကြိုးစားလိုက်ကြသည်။ သူတို့ထွက်ပြေးဖို့ လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မြေပြင်မှာ ပုံပျက်သွားပြီး နဂိုပုံစံပြန်ဖြစ်သွား၏။ အက်ကြောင်းလည်းမရှိ ၊ တွင်းလည်းမရှိ၊ ကျင့်ကြံခြင်းဂူလည်းမရှိ၊ ကြောက်မက်ဖွယ်မန္တန်ဝင်္ကပါတစ်ခုမှပင် မရှိပေ။
ပတ်ဝန်းကျင်တွင် တောင်ကြားမှအပ ဘယ်တုန်းကမှ ကျင့်ကြံခြင်းဂူတစ်ဂူ မရှိခဲ့ဖူးသည်သာ။ အရာအားလုံးသည် အစစ်ပမာ အသက်ဝင်နေသော ပုံရိပ်ယောင်ဖြစ်ခဲ့၏။
ပုံရိပ်ယောင်တစ်ခုလုံး၏ အရင်းအမြစ်မှာ ကြက်တူရွေး ခြေသည်းများအကြား၌ ကုတ်ထားသော အနက်ရောင်ငှက်မွှေးတစ်မွှေးပင်။ ငှက်မွှေးသည် ပတ်ဝန်းကျင် လွှမ်းမိုးကာ ပုံရိပ်ယောင်များအား ဖန်တီးပေးနိုင်မည့် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။
မန်ဟိုက အသားဂျယ်လီနှင့် ကြက်တူရွေး ထွက်ပြေးဖို့ ကြိုးစားနေသည်ကို စောင့်ကြည့်နေ၏။ သူက သူတို့နောက် မလိုက်ဘဲ ရပ်မြဲရပ်နေလျက် အေးစက်စက် ပြောသည်။ “ဒီကို ပြန်လာဖို့ အသက်သုံးရှိုက်အချိန်ပေးမယ်။ အရင်ဆုံးရောက်တဲ့သူ အပြစ်ပေးမခံရဘူး။ နောက်ကျတဲ့သူက ငါ့ကို အဲဒီနှစ်တုန်းက သေရေးရှင်ရေးအခြေအနေမှာ ထားရစ်ခဲ့တဲ့အတွက် နှစ်ဆခံရမယ်”
သူ့အသံ ဟိန်းထွက်လာသည်နှင့်တစ်ပြိုင်နက် အသားဂျယ်လီနှင့် ကြက်တူရွေးမှာ လေလယ်တွင် တုံ့ခနဲ ရပ်သွား၏။
“လခွမ်း” ကြက်တူရွေးက တွေးသည်။ “အသားဂျယ်လီက တစ်သမတ်တည်းပဲ တွေးတတ်တာ။ သေချာပေါက် အဲဒီကောင် ဒီလှည့်ကွက်ထဲ မိသွားမှာပဲ။ အဲဒီလိုဆိုမှတော့ အန္တရာယ်အကင်းဆုံးက သခင်ငါးအရင် အမိခံလိုက်ဖို့” သူကား မန်ဟို့ဆီသို့ ချက်ချင်း လှည့်၍ တတ်နိုင်သမျှအမြန်ဆုံး ရွေ့လျားသွားတော့သည်။
အသားဂျယ်လီ တုန်လှုပ်သွားသည်။
“ကြက်တူရွေးက ဉာဏ်များတယ်။ သူ ဒါတွေအကုန်လုံးကို သိထားမှာပဲ။ အရင်ဆုံး ထွက်သွားဖို့ ငါ့ကို မြူဆွယ်ခဲ့တာ သူ။ ငါ သူ့အပြစ်အစား ဘယ်တော့မှ မခံပေးနိုင်ဘူး” ကြက်တူရွေး ချာခနဲ လှည့်သွားသည့် အခိုက်အတန့်မှာပင် အသားဂျယ်လီ၏ပတ်ပတ်လည်ရှိ လေထုတွင် မိုးကြိုးများ ဖြစ်ပေါ်လာသည်။ သူသည် မန်ဟို့ဆီ ပြန်ရောက်ဖို့ တတ်နိုင်သမျှ အစွမ်းကုန်သုံးနေချေပြီ။
“အညံ့ခံတယ်”
“လခွမ်း ငါလည်း အညံ့ခံတယ်”
ကြက်တူရွေးနှင့်အသားဂျယ်လီမှာ မန်ဟို့ထံ ခပ်သုတ်သုတ် ပြန်လာကြသည်။ မန်ဟိုက အေးစက်စက် နှာမှုတ်၍ ရုတ်တရက် ညာလက်ကို လေပေါ်မြှောက်လိုက်ရာ ၎င်းအတွင်း၌ ကြေးမုံတစ်ချပ်ပေါ်လာသည်။ ကြက်တူရွေးမှာ ဂီးခနဲ အော်ရင်း ကြေးမုံထဲ ဝင်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားလေသည်။
အနက်ရောင်ငှက်မွှေးမှာမူ မန်ဟို့လက်ထဲသို့ လွင့်မျောကျလာသည်။ အသားဂျယ်လီမှာ တဆတ်ဆတ်တုန်ရင်း အော်ငိုတော့၏။
“သခင်ကြီး၊ သခင်သုံးလေ သခင်ကြီးကို သေမတတ် လွမ်းနေခဲ့တာ။ အဲဒီခွေးမသားကြက်တူရွေးက သူထွက်သွားတဲ့နှစ်တုန်းက ကျွန်တော့်ကိုလည်း အတင်းဆွဲခေါ်သွားတာမလို့ပါ။ သူ့အမှားပါ သခင်ကြီး။ သူ့ကို အတူတူ ပြောင်းလဲကြရအောင်”
မန်ဟိုက ညာလက်ဖြင့် အသားဂျယ်လီ၏ ခေါင်းထိပ်ကို ပုတ်လိုက်သည်။ ၎င်းသည် ဝုန်းခနဲ အလုံးသေးသေးလေးအဖြစ် ကျုံ့သွား၏။ မန်ဟိုက ၎င်းကို ဆုပ်ခြေပြီး မြေကြီးထံ ပစ်ပေါက်လိုက်သည်။ မြေကြီးမှာ တုန်ခါသွားကာ ချောက်နက်ကြီး ဖြစ်သွားသည်။ အသားဂျယ်လီမှာ ပြန်ကန်တက်လာပြီး မန်ဟို၏ဖမ်းဆုပ်ခြင်း ခံလိုက်ရပြန်သဖြင့် အော်ဟစ်ငိုယိုနေတော့သည်။ မန်ဟိုက ရှေ့ဆက်သွားရင်း အသားဂျယ်လီကို ထပ်တလဲလဲ ပစ်ချလိုက်၊ ပြန်ဖမ်းလိုက်လုပ်နေရာ ၎င်း၏အော်သံများမှာ ပြဲလန်နေတော့သည်။
“အပိုမလုပ်စမ်းနဲ့” မန်ဟိုက ပြောလိုက်သည့်အတွက် အသားဂျယ်လီ၏အော်သံများမှာ ချက်ချင်း အသနားခံသံများအဖြစ် ပြောင်းသွားလေ၏။
***