ဆေးလုံးမိစ္ဆာ၏ အင်မော်တယ်ပြစ်ဒဏ်
Vol. 60 Ch. 835
ရက်အနည်းငယ်ကြာသည်အထိ အသားဂျယ်လီသည် ကြက်တူရွေးလုပ်ခဲ့သည့် မကောင်းသောလုပ်ရပ်များနှင့်ပတ်သက်ပြီး မနားတမ်း မမောမပန်း ပြောနေခဲ့၏။ နဂါးငွေ့တန်းပင်လယ်မှစပြီး အရှေ့ဘက်နယ်မြေတွင် ဓားပြတိုက်ခဲ့သော နေ့ရက်များအထိ လုပ်ခဲ့သမျှအကုန်လုံးကို ၎င်းက ခရေ့စေ့တွင်းကျ စီကာပတ်ကုံး ဖော်ပြနေလေသည်။ ၎င်းက သူတို့ဓားပြတိုက်ခဲ့သော ဝေစုထဲမှ သိုလှောင်အိတ်သုံးအိတ်ကိုပင် ၎င်းသဘောဆန္ဒအလျောက် ကမ်းပေး၏။
မန်ဟိုက ပြီးခဲ့သည့်ရက်များအတွင်း အသားဂျယ်လီကို မြေကြီးထံ အဆက်မပြတ် ပစ်ပေါက်နေခဲ့သည့်အတွက် ၎င်းမှာ ပြန်အာခံဖို့ ကြောက်နေလေပြီ။ ထိုမျှသာမက မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် ယခုတွင် မယုံနိုင်လောက်အောင် မြင့်မားနေပြီဖြစ်၍ သူ၏အင်မော်တယ်ချီမျှင်လေးတစ်မျှင်တည်းနှင့် ၎င်း စကားတစ်လုံးမှ မပြောနိုင်အောင် ပိတ်နိုင်နေလ၏။ အသားဂျယ်လီအတွက်တော့ ထိုအရာက ကြောက်စရာအကောင်းဆုံးဖြစ်လိမ့်မည်။
ကြက်တူရွေးအတွက်မူ မန်ဟိုသည် ၎င်းအား မည်သည့်မေးခွန်းမှ မမေးပေ။ သူက ကြက်တူရွေး မည်သည့်အမွှေးအတောင်ကိုမှ မကြည့်နိုင်အောင် ၎င်းကို ကြေးမုံထဲ၌ ပိတ်ထား၏။ ယင်းက ၎င်းအတွက် အခံစားရဆုံး ပြစ်ဒဏ် ဖြစ်ချေသည်။
အနက်ရောင်ငှက်မွှေးကို အတန်ကြာ စစ်ဆေးပြီးနောက် မန်ဟိုမှာ အံ့ဩသွားသည်။ ငှက်မွှေးသည် ကြက်တူရွေး ထိုမျှအံ့သြတုန်လှုပ်ဖွယ်ကောင်းသောအရှိန်အဝါကို ထုတ်လွှတ်နိုင်ခဲ့သည့် အကြောင်းရင်း၊ အသွင်ပြောင်းအစွမ်းဖြင့် ပြည့်ဝနေ၏။ ဤငှက်မွှေး၏ကျေးဇူးကြောင့် ၎င်း ထိုမျှစွမ်းဆောင်နိုင်ခဲ့ခြင်းပင်။
အသားဂျယ်လီပြောပုံအရ ငှက်မွှေးသည် သူတို့နှစ်ကောင်သား နဂါးငွေ့တန်းပင်လယ်မှ အရှေ့ဘက်နယ်မြေသို့ သွားနေစဉ် မိုးပေါ်မှ ကျလာခဲ့သည်ဟူသတတ်။
မန်ဟိုမှာ သိပ်မယုံသော်လည်း ငှက်မွှေးကို သိမ်းပြီးနောက် ဖန်မျိုးနွယ်စုသို့ ပြန်လာခဲ့လေသည်။ ဤအချိန်တွင် နဝမတောင်နှင့်ပင်လယ်မှ ဂိုဏ်းများ၊ မျိုးနွယ်စုများ ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်။ တောင်ကောင်းကင်နယ်မြေအကုန်လုံးမှာ ယခုတွင် ဆိတ်ငြိမ်အေးချမ်းလျက်ရှိပေသည်။ ကံဆိုးစွာနှင့် မန်ဟို့အစ်မမှာ ယခုထက်ထိ တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်မလာသေးပေ။
မကြာခင် တစ်လလုံး ကုန်ဆုံးသွားခဲ့သည်။
ထိုအတောအတွင်း မန်ဟို့သတင်းသည် တောင်ကောင်းကင်ဂြိုဟ်၏အပြင်၊ နဝမတောင်နှင့်ပင်လယ်၌ စတင်ပျံ့နှံလာ၏။ မှန်ပါသည်၊ သူ့အကြောင်းပြောသူတိုင်း အံ့တကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်နှင့်ပင်။ မကြာမီ နဝမတောင်နှင့် ပင်လယ်ရှိ လူတော်တော်များများသည် တောင်ကောင်းကင်ဂြိုဟ်တွင် မန်ဟိုဟု အမည်တွင်သည့် အရှက်သိက္ခာမရှိသောကောင်တစ်ကောင်ရှိကြောင်း သိသွားကြလေ၏။
သူက အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်း၏ ကံကြမ္မာကောင်းကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ခဲ့ပြီး အမျိုးသမီး၏အလောင်းကြီးအား ဖန်တုံးအားကို စွဲကပ်ခဲ့သည့်အပြင် ရွေးချယ်ခံအမြောက်အမြားအား ဖမ်းဆီးခဲ့၍ ကျီယင်ကို တိုက်ကွက်တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့သည်။ အားလုံးအထဲ အလွန်ဆုံးမှာတော့ လူများအား အကြွေးစာချုပ်ရေးခိုင်းတတ်သော သူ၏ ထူးထူးဆန်းဆန်းအကျင့်ပင်။
မန်ဟို့တွင် မည်သည့်အတွက်ကြောင့် ထိုထူးထူးဆန်းဆန်းအကျင့် ရှိနေရသလဲ မည်သူမှ မသိသလို၊ ခန့်လည်း မခန့်မှန်းနိုင်ကြသည်သာ...
ထိုလအတွင်း နဝမတောင်နှင့်ပင်လယ်ကို တုန်လှုပ်သွားစေခဲ့ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများအကြား အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သော နောက်အကြောင်းကိစ္စတစ်ခု ရှိသေးသည်။
မြင့်မြတ်သောရေစီးဓားဂူ၊ အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့နှင့် နဝမပင်လယ်နတ်လောကတို့ ပါဝင်သည့် မဟာတာအိုဆရာအစည်းအရုံးသုံးခုက နဝမတောင်နှင့်ပင်လယ်ရှိ ကျင့်ကြံသူတိုင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိသော ဂိုဏ်းသားအသစ်လက်ခံပွဲအား ကျင်းပပေးမှာ ဖြစ်သည်။
အနုသုခုမရုပ်ခန္ဓာအဆင့် သို့မဟုတ် ထို့အထက်၊ အင်မော်တယ်နယ်ပယ်အောက် မည်သူမဆို ဝင်ရောက်ဆင်နွှဲနိုင်သည်။
ထိုမျှသာမက အထွတ်အမြတ်မြေငါးခု ၊ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းတို့၏ အဖွဲ့သားများလည်း ဝင်ရောင်ယှဥ်ပြိုင်မည်ဖြစ်ရာ ဤဂိုဏ်းသားအသစ်လက်ခံပွဲအား စိတ်ကူးကြည့်နိုင်လောက် ခမ်းနားကြီးကျယ်စေလိမ့်မည်။ ဂြိုဟ်လေးလုံးအပြင် နဝမတောင်နှင့်ပင်လယ်အနှံ့အပြားမှ မည်သည့်သင်းကွဲကျင့်ကြံသူမဆို အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး သတ်မှတ်ထားသော ကျင့်ကြံခြင်းအခြေခံရှိနေသရွေ့ ဝင်ရောက်နိုင်မည်ဖြစ်၏။
ကျင့်ကြံသူအများစုအတွက် ၎င်းက တစ်ချက်တည်းနှင့် အမြင့်သို့ ခုန်တက်နိုင်သော အခွင့်အရေးကို ကိုယ်စားပြုသည်။ အထူးသဖြင့် ပုံမှန်ဆိုလျှင် သက်ဆိုင်ရာဂြိုဟ်များမှ ထွက်ခွင့်မရသော ကျင့်ကြံသူများပင်။ ၎င်းသည် သူတို့အတွက် အောင်မြင်လျှင် ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သောအခွင့်အရေး၊ တစ်သက်မှ တစ်ခါသာ ရနိုင်မည့်အခွင့်အရေး၊ မလွှတ်တမ်း ဖမ်းဆုပ်ရမည့် အခွင့်အရေးဖြစ်လေ၏။
ဤကဲ့သို့ ဂိုဏ်းသားအသစ်လက်ခံပွဲဆိုသည်မှာ နှစ်သောင်းချီကြာမှ တစ်ကြိမ်သာ ကျင်းပနိုင်သော တစ်စုံတစ်ရာဖြစ်သည်။ ယခုတွင် ပွဲကား ကျင်းတော့မည်ဖြစ်ပြီး မည်သည့်အချိန် ထပ်မံ၍ကျင်းပမည်လဲ မပြောနိုင်ပေ။ နဝမတောင်နှင့်ပင်လယ်ရှိ ဂြိုဟ်ကြီးလေးလုံးတွင် ယှဉ်ပြိုင်ရန် သင့်တော်သော ကျင့်ကြံခြင်းအခြေခံများနှင့် ကျင့်ကြံသူများစွာ ရှိသည်။ ထိုကဲ့သို့ကျင့်ကြံသူများကား နဝမတောင်တွင် ပို၍ပင် များပြားသေးလေသည်။
ထို့အပြင် နဝမပင်လယ်တွင်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများ အခြေချနေထိုင်သည့် ဥက္ကာခဲသဖွယ်ကျွန်းမျိုးစုံရှိပြီး နဝမတောင်နှင့်ပင်လယ်ကို အမှီသဟဲပြုလျက် ချိတ်ဆက်နေသော ကမ္ဘာငယ်များလည်း ရှိသေးသည်။ သို့ဖြစ်၍ ဝင်ရောက်ယှဉ်ပြိုင်သူ မည်မျှများပြားမည်လဲ အလွယ်တကူ စိတ်ကူးကြည့်နိုင်၏။
ပွဲတွင် လက်ခံမည့် အဆင့်ကား သုံးဆင့်ရှိသည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်၊ တာအိုရှာဖွေခြင်းအဆင့်။ ဤမတူကွဲပြားသော အဆင့်သုံးဆင့်မှ ပြိုင်ပွဲဝင်များသည် မတူကွဲပြားသောနေရာများတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ယောာက်နှင့်တစ်ယောက် အဆက်အသွယ် မရှိရပေ။
ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်ကား ထိုအဆင့်သုံးဆင့်အနက် တစ်ဆင့်ဆင့်တွင် ပထမနေရာရသွားသော မည်သူမဆို တာအိုဆရာများအစည်းအရုံးသုံးခုမှ တစ်ခုသို့ ဝင်ရောက်နိုင်မည့်အပြင် သီးသန့်ဂိုဏ်းသားတစ်ဦး ချက်ချင်း ဖြစ်လာပြီး အဖိုးထိုက်ရတနာများဖြင့် ချီးမြှင့်ခံရပေမည်။
ထိုအခြင်းအရာက မျိုးနွယ်စုကြီးများ၏ ရွေးချယ်ခံများကိုပင် စိတ်လှုပ်ရှားသွားစေသည်။ မျိုးနွယ်ဝင်ကျင့်ကြံသူများအနေဖြင့် သက်ဆိုင်ရာမျိုးနွယ်စုများတွင် အမြဲ နေရန် မလိုအပ်ဘဲ အခြားဂိုဏ်းများသို့ ဝင်ရောက်ရန် ထွက်သွားနိုင်သည်။ မျိုးနွယ်စုများက သူတို့၏မျိုးနွယ်ဝင်များကို အတင်းအကြပ် နေခိုင်းခြင်းမရှိပေ။
တာအိုဆရာအစည်းအရုံးသုံးခုနှင့်ပတ်သက်လျှင် သူတို့သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာခဲ့ပြီး လက်ရှိခေတ်ထက် နက်ရှိုင်းသော သမိုင်းကြောင်းများကို ပိုင်ဆိုင်ထားပုံရသည်။
ယင်းက တာအိုဆရာအစည်းအရုံးသုံးခု တသီးတခြား ခွဲထွက်ပြီး မည်သည့်ရန်ပွဲတွင်မှ မဝင်ပါသော အကြောင်းများထဲမှ တစ်ခုဖြစ်သည်။ တကယ်တမ်း တာအိုဆရာအစည်းအရုံးသုံးခု၏ ရန်သူများမှာ သူတို့အချင်းချင်းသာ ဖြစ်ချေသည်။ အားလုံးအထဲ အရေးကြီးဆုံးကား သူတို့သည် မျိုးနွယ်စုပဋိပက္ခတစ်ခုတလေတွင်မှ မပါဝင်ခဲ့ပေ။
ဥပမာ သခင်ကျီ မိုးကောင်းကင်ကို ပြောင်းလဲခဲ့သောနှစ်တုန်းက တာအိုဆရာအစည်းအရုံးသုံးခုသည် သူတို့တည်ရှိခဲ့သော နှစ်ပေါင်းများစွာတစ်လျှောက် များပြားလွန်းသော အပြောင်းအလဲများကို မြင်ခဲ့ရပြီးသည့်အလား ဘာသိဘာသာနေခဲ့၏။
ဤဂိုဏ်းသားလက်ခံပွဲတွင်လည်း တာအိုဆရာအစည်းအရုံးသုံးခုစီသည် ဂိုဏ်းသားတစ်ယောက်စီကိုသာ ရှာနေခြင်း ဖြစ်ချေသည်။
နဝမတောင်နှင့်ပင်လယ်မှ ကျင့်ကြံသူပေါင်းများစွာထဲကမှ သူတို့သည် သုံးယောက်တည်းကိုသာ တရားဝင်လက်ခံမည်ဖြစ်၏။ သို့ဖြစ်လေရာ ထိုသုံးယောက်၏ ဘဝနှင့်ကံကြမ္မာများ လုံးလုံးလျားလျား ပြောင်းလဲသွားလိမ့်မည်ကို မြင်နိုင်လေသည်။
တာအိုဆရာအစည်းအရုံးသုံးခုမှ လက်ခံခြင်းမခံရသူများအဖို့မူ အထွတ်အမြတ်မြေငါးမြေ သို့မဟုတ် ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်း၏ ရွေးချယ်ခြင်းခံရနိုင်ခြေ ရှိသေး၏။
သတင်းကား မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နှုတ်မှတစ်ဆင့် နဝမတောင်နှင့်ပင်လယ်တစ်လျှောက် တောမီးသဖွယ် ပျံ့နှံ့လာခဲ့လေပြီ။ တောင်ကောင်းကင်ဂြိုဟ်အပါအဝင် ဂြိုဟ်ကြီးလေးလုံးလည်း အကြောင်းကြားခံလိုက်ရသည်။
အမှန်တွင် သခင်ကျီသည် တောင်ကောင်းကင်ဂြိုဟ်ဆီသို့ ဓမ္မအမိန့် ထုတ်ပြန်ခဲ့ရာ ထိုနေရာရှိ ကျီမျိုးနွယ်စုက ကျန်နယ်မြေအားလုံးအား သတင်းဖြန့်လိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း တောင်ကောင်းကင်ဂြိုဟ်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် ထို့အထက် ကျင့်ကြံသူအကုန်လုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာကြတော့၏။
သူတို့အထဲက အတော်များများမှာ အပြင်ဘက်ကြယ်တာရာကောင်းကင်ရှိ တခြားကမ္ဘာများအကြောင်း သိပင် မသိခဲ့ကြပေ။ ယခု သိရှိသွားသောအခါ စိတ်နှလုံး တုန်ရီသွားကြ၏။ ဤအခြားကမ္ဘာများအကြောင်း သိထားပြီးသူများမှာမူ ပို၍ပင် မျှော်လင့်ချက်များပြင်းပြလာကြတော့သည်။
နဝမတောင်နှင့်ပင်လယ်တစ်ခုလုံး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။ ဂိုဏ်းသားအသစ်လက်ခံပွဲအကြောင်းမှာ လူတိုင်း၏ပါးစပ်ဖျားတွင် ရေပန်းစားလေ၏။
ဤအချိန်တစ်ဝိုက်တွင် မန်ဟိုသည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာထံမှ စာတစ်စောင်ရရှိလိုက်သည်။
“အခုချက်ချင်း ဇီယွင်ဂိုဏ်းကို ပြန်လာခဲ့”
စာက တိုသော်လည်း ၎င်း၏စာလုံးများထဲ၌ အင်မော်တယ်စိတ်ဆန္ဒကို မန်ဟို အာရုံရလိုက်သည်။
ဖန်ရှုံ့ဖန်းက မန်ဟို့ဘေးတွင် လာရပ်သည်။ သူသည် ကျောက်စိမ်းပြားကို မကြည့်ဘဲ ကောင်းကင်ကို မော့ကြည့်ကာ ပြော၏။ “သားဆရာ အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားဖို့ ကြိုးစားတော့မယ်”
မန်ဟိုမှာ ရင်ဒိန်းခနဲ ခုန်သွားသည်။ အစစ်အမှန်အင်မော်တယ်အဆင့်တက်ခြင်းက လွန်စွာခက်ခဲကြောင်း သူ သိသည်။ ထိုမျှသာမက အစစ်အမှန်အင်မော်တယ်ကံတရား တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ပေါ်လာလျှင် သူ့အပိုင်ဖြစ်မည်မဟုတ်ကြောင်းကိုလည်း သိထား၏။ အစစ်အမှန်အင်မော်တယ်ကံတရားသည် နှစ်တစ်သောင်းကြာမှ တစ်ကြိမ်သာ ပေါ်ထွန်းပြီး ဂြိုဟ်လေးလုံးအတွက် ၎င်းမပေါ်လာခင် နှစ်ပေါင်းရာဂဏန်းမျှအတွင်း၌သာ ကြိုတင်သိရှိနိုင်မည်ဖြစ်သည်။
ထိုမျှသာမက ထိုဂြိုဟ်ပေါ်တွင် ဖွားမြင်သူများသာ ထိုကံတရားကို ရယူနိုင်၏။ မန်ဟိုက တောင်ကောင်းကင်ဂြိုဟ်တွင် မွေးဖွားခဲ့သူမဟုတ်သဖြင့် အစစ်အမှန်အင်မော်တယ်ကံတရားကား သူနှင့်မသက်ဆိုင်ပေ။
“အစစ်အမှန်အင်မော်တယ်ကံတရား” သူ့အဖေက တည်ငြိမ်စွာ ပြောသည်။ “အင်မော်တယ်ပြစ်ဒဏ် ချဉ်းကပ်လာပြီ... သားဆရာဟာ တောင်ကောင်းကင်ဂြိုဟ်မှာ တမင်မွေးဖွားအောင် စေလွှတ်ခံခဲ့ရတဲ့ ဆက်ခံသူမျိုးဆက်တွေနဲ့ ယှဉ်ပြိုင်ရတော့မယ်။ အဲဒီလူတွေဟာ အင်မော်တယ်ကံတရားကို သိမ်းပိုက်ဖို့ ကြိုးစားကြတော့မယ်
“ဒီအခိုက်အတန့်ကို စောင့်နေကြတဲ့ တောင်ကောင်းကင်ဂြိုဟ်က တခြားတာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေလည်း ရှိတယ်
“သားဆရာက သားအပေါ် ကျေးဇူးရှိတယ်။ အဲဒီကျေးဇူးက ပြန်ဆပ်ရမယ့်အရာ။ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်အတောအတွင်း သူ့ရဲ့ တာအိုစောင့်ရှောက်သူအဖြစ် အဖေ လုပ်ပေးမယ်။ အပြင်လူတစ်ယောက်ကိုမှ တောင်ကောင်းကင်ဂြိုဟ်ထဲ ဝင်ခွင့်မပြုဘူး။ တောင်ကောင်းကင်ဂြိုဟ်ပေါ်က လူတွေကိုတော့ ... သားတာဝန်ထားပေးမယ်”
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူ့အဖေကို မျက်နှာချင်းဆိုင်လိုက်သည်။
ဖန်ရှုံ့ဖုန်းသည် အင်္ကျီလက်စကို ခါကာ သူတို့ပတ်ပတ်လည်ရှိ လေထုကို ပုံပျက်ရှုံ့တွသွားစေ၏။ သရဲပုံရိပ်များ သူတို့၏အရှေ့တွင်ဖြစ်ပေါ်လာပြီးနောက် တောင်ကောင်းကင်ဂြိုဟ်၏မြေပုံသဏ္ဌာန် ပြောင်းလဲသွားသည်။
ဖန်ရှုံ့ဖုန်းက နောက်မှလိုက်လာသော မန်ဟိုနှင့်အတူ ရှေ့လှမ်းကာ ပုံရိပ်ယောင်မြေပုံအပေါ် နင်းချလိုက်လေသည်။ မန်ဟို၏မျက်လုံးများ ဝေဝါးသွားပြီး ပြန်လည်ကြည်လင်သွားသောအခါ တောင်ပိုင်းဒေသ၏အရှိန်အဝါကို ခံစားလိုက်ရချေပြီ။
တခဏလေးနှင့် သူတို့ကား အရှေ့ဘက်နယ်မြေရှိ ဖန်မျိုးနွယ်စုမှ တောင်ပိုင်းဒေသရှိ ဇီယွင်ဂိုဏ်းသို့ ခရီးနှင်လာခဲ့ကြ၏။
ဇီယွင်ဂိုဏ်း၏ မဟာအကာအကွယ်မန္တန်အစီအရင်မှာ အချိန်အတော်ကြာကတည်းက အသက်သွင်းခံထားရပြီးဖြစ်သည်။ မှိန်ပျပျအလင်းရောင်က အရပ်မျက်နှာတစ်ခွင် ဖြာထွက်နေပြီး ဆရာကြီးဇီတုန်၏ ရုပ်တုသည်လည်း အလားတူ တောက်ပနေသည်။ အနီးကပ်ကြည့်လျှင် ၎င်းကို ရစ်သိုင်းနေသော အင်မော်တယ်ချီအား မြင်ရပေမည်။
အံ့ဩဖွယ်ကောင်းစွာနှင့် ဆရာကြီးဇီတုန်ရုပ်တု၏ ခေါင်းထိပ်၌ တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်ကို မြင်ရနိုင်သည်။ ထိုလူကား ဆေးလုံးမိစ္ဆာပင်။
သူက တရားထိုင်နေရာမှ မျက်လုံးများ ဖွင့်၍ မန်ဟိုနှင့် ဖန်ရှုံ့ဖုန်းကို ခေါင်းလှည့်ကြည့်သည်။ ကြင်နာသောအပြုံးတစ်ခုက သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းသွားပြီး သူက လက်ကို ဝှေ့ယမ်းလိုက်ရာ မဟာမန္တန်အစီအရင်တွင် အပေါက်တစ်ပေါက် ပေါ်လာ၏။ အလင်းတန်းတစ်တန်းက မန်ဟို့ထံ ဆန့်တန်းလာသည်။
“သွားတော့” ဖန်ရှုံ့ဖုန်းက ပြောသည်။ “အဖေ ဒီမှာ အင်မော်တယ်ပြစ်ဒဏ် စမှာကို စောင့်ပြီး တာအိုစောင့်ရှောက်သူ လုပ်ပေးမယ်” သူက မန်ဟို့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် မန်ဟို မန္တန်အစီအရင်ထဲ မဝင်ခင်မှာပင် တင်ပျဉ်ခွေထိုင်၍ မျက်လုံးများ မှိတ်လိုက်သည်။
မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် စီးမျောလာသောအလင်းထဲ ဝင်ရောက်လိုက်သည်။ သူကား ဆရာကြီးဇီတုန်ရုပ်တု၏ ခေါင်းထိပ်ရှိ ဆေးလုံးမိစ္ဆာ၏အရှေ့တည့်တည့်တွင် ဖျတ်ခနဲ ပေါ်လာလေပြီ။
“ဆရာ...” မန်ဟိုက ရင်ထဲတွင် စိုးရိမ်ကြောင့်ကြမှုတို့ ပြည့်နှက်နေလျက် နူးညံ့ညင်သာစွာ ပြောလိုက်သည်။ သူသည် အစစ်အမှန်အင်မော်တယ်၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကို ရရှိထားပြီးဖြစ်၏။ သူ့လမ်းစဉ်သည် ဆေးလုံးမိစ္ဆာ၏လမ်းစဉ်နှင့်မတူသော်လည်း အစစ်အမှန်တစ်ဦး၏ စွမ်းအားတစ်ရာရာခိုင်နှုန်းအပြည့်သို့ ရောက်ရှိသည်နှင့် သူ၏ကိုယ်ပိုင်ပြစ်ဒဏ်လည်း ဆိုက်ရောက်လာမည်ဖြစ်ကြောင်း ခပ်ရေးရေး ခံစားရလေသည်။ ထိုပြစ်ဒဏ်က ဆေးလုံးမိစ္ဆာ၏ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ထက်ပင် ကြောက်စရာကောင်းပေလိမ့်မည်။
အစစ်အမှန်အင်မော်တယ်လမ်းစဉ်တွင် အသက်ရှင်လျက် ကျော်ဖြတ်သွားနိုင်သော အခွင့်အရေးကား သေးငယ်လွန်း၏။
“မင်းဆရာအတွက် ဝမ်းသာပေးသင့်တာလေ” ဆေးလုံးမိစ္ဆာက ကြင်နာစွာ ပြုံးရင်း ဆိုသည်။ သူသည် သူ့ကို သုံးကြိမ်သုံးခါ ဂါဝရပြုရင်း ဆရာတပည့်ကံတရားကို ခိုင်မြဲစေခဲ့သော တပည့်ဖြစ်သူအား ကြည့်လိုက်၏။ ယခုတွင် သူ့တပည့်မှာ သူ့ထက် အစွမ်းထက်နေပြီဖြစ်၍ ဆေးလုံးမိစ္ဆာမှာ ပီတိဖြစ်မိလေသည်။
“မင်းဆရာက အင်မော်တယ်ကံတရားအတွက် နှစ်ဘဝတောင် ပြင်ဆင်ခဲ့တာပါကွ... အရင်ဘဝတုန်းက ဆရာကြီးဇီတုန်ပေါ့လေ။ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်မှာ အတုအယောင်အင်မော်တယ်ဖြစ်ဖို့ ငြင်းဆန်ခဲ့တယ်။ အစစ်အမှန်အင်မော်တယ်ဘဝကို လိုချင်ခဲ့တာကြောင့် ကျင့်ကြံခြင်းကို ပြန်တည်ဆောက်ဖို့ ဘဝပြန်ဝင်စားခဲ့တာပဲ
“ဒီဘဝမှာ ဆေးလုံးတစ်လုံးအဖြစ်ကနေ အစပြုခဲ့ပြီး အသိစိတ်မျှင်တစ်မျှင်ကို သန့်စင်ရင်း ခန္ဓာကိုယ်ဖော်ဆောင်နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ဒီနေ့ရောက်လာခဲ့တာပဲ ... ကံတရားက ဘာပဲဖြစ်ဖြစ်၊ ပြစ်ဒဏ်က ဘာပဲဖြစ်ဖြစ် နောက်တစ်လှမ်းက လှမ်းကို လှမ်းရမှာ
“တာအိုပျောက်ကွယ်ပြီး ခန္ဓာချုပ်ငြိမ်းရရင်တောင်မှ နောင်တမရဘူး” ဆေးလုံးမိစ္ဆာက သက်ပြင်းဖွဖွချပြီးနောက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများကား ခေါင်းမာမှု ၊ ခိုင်မာပြတ်သားမှုနှင့် မျှော်လင့်ချက်တို့ဖြင့် တောက်ပနေလေသည်။
၎င်းသည် တာအိုနှင့်စပ်လျဉ်းသော မျှော်လင့်ချက်၊ အင်မော်တယ်ဖြစ်လာဖို့ သန္နိဋ္ဌာန်ချထားသောစိတ် ဖြစ်၏။
“အရင်က လက်လျှော့လိုက်ဖို့ တွေးခဲ့ဖူးတယ်။ ဒါမဲ့ မကြိုးစားရဲခဲ့တာကြောင့်မဟုတ်ဘူး၊ မင်းကြောင့်။ အင်မော်တယ်ကံတရား သက်ဆင်းလာတဲ့အခါ ငါ့တပည့်နဲ့ ဘယ်လိုလုပ် ပြိုင်လုရက်မှာလဲ ။ ဒါပေမဲ့ အခုတော့ အကုန်လုံးရှင်းသွားပြီ။ ဒီအင်မော်တယ်ကံတရားက ... ဆရာ့အပိုင်ပဲ” ဆေးလုံးမိစ္ဆာစကားပြောနေစဉ် သူ၏စွမ်းအင်သည် တဖွေးဖွေး လှုပ်လာပြီး အင်မော်တယ်ချီများ ပြည့်လျှံ့လာ၏။
“အင်မော်တယ် 仙 ။ လူတစ်ယောက် 人 နဲ့ တောင်တစ်လုံး 山”
“အင်မော်တယ်အဆင့်တက်တဲ့အခါ တာအိုခိုင်မာခြင်းတောင်တစ်လုံးကို လိုအပ်တယ်။ ပထမဘဝက တောင်ရုပ်တုဟာ အဲ့ဒီတာအိုခိုင်မာခြင်းပဲ။ အဲ့ဒါက ဆရာ့တာအိုနှလုံးသားကို ကိုယ်စားပြုတယ်။ ပထမဘဝရဲ့ အပေါ်မှာ ရပ်ပြီး ဒုတိယဘဝမှာ အင်မော်တယ်လမ်းစဉ်ကို ရှာဖွေမယ်”
ဆေးလုံးမိစ္ဆာက မန်ဟို့ကို လှည့်ကြည့်ပြီး ဂရုတစိုက် ဆိုသည်။ “ဆရာအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မင်းအတွက်ကတော့ လာမယ့်ရက်တွေမှာ အတွေ့အကြုံအသစ်တွေ ရလိမ့်မယ်
“သေချာအာရုံစိုက်။ ဖြစ်ပျက်နေတာတွေက မင်းရဲ့ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ကျရင် အတိုင်းထက်အလွန် အရေးပါလိမ့်မယ်
“မင်းအဖေက တာအိုစောင့်ရှောက်သူလုပ်ပေးမှာဆိုတော့ အဆင်ပြေတယ်။ တောင်ကောင်းကင်ဂြိုဟ်မှာ ငါ့လို စိတ်ပိုင်းဖြတ်ထားတဲ့ ရှေးလူနှစ်ယောက်ရှိသေးတယ်။ မင်း သူတို့ကို နှောင့်ယှက်စရာမလိုဘူး။ ဆရာ့မှာ သူတို့နဲ့ယှဉ်ပြိုင်ဖို့ ယုံကြည်ချက်မရှိရင် အစစ်အမှန်အင်မော်တယ်တစ်ဦး ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ
“မင်း ဒီနေရာနေပြီး ... ဆရာ အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုသာ စောင့်ကြည့်ချည်” ဆေးလုံးမိစ္ဆာ၏အသံ ဟိန်းထွက်လာပြီး မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် ဆရာဖြစ်သူကို ကြည့်ပြီး တာအိုကို ခိုင်မာစေ၍ ပန်းတိုင်ကို ရောက်စေဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဟူသော ခိုင်မာပြတ်သားမှုကို ခံစားလိုက်ရသည်။
သူ့ဆရာကား သေရမည်ကိုမကြောက်။ အစစ်အမှန်အင်မော်တယ်အဆင့် မတက်လှမ်းမည်ကိုသာ ... ကြောက်ချေသည်။
***