← Chapters

အင်မော်တယ်တံခါး ဆင်းသက်လာခြင်း

Vol. 60 Ch. 836

အင်မော်တယ်တံခါး ဆင်းသက်လာခြင်း

Vol. 60 Ch. 836

မန်ဟို၏စိတ်နှလုံး တုန်ရီသွားသည်။ သူ့ဆရာကို ယခုလိုမျိုး မြင်ရပြီး အင်မော်တယ်အဆင့်တက်လှမ်းခြင်းနှင့်ပတ်သက်၍ သူ၏ခိုင်မာပြတ်သားသောအသံကို ကြားရခြင်းက မန်ဟို့နှလုံးသားကို စူးအောင့်သွားစေသည်။ သူသည် မည်သည့်အကြံပေးစကားမှ မပြောတော့ဘဲ ဉာဏ်အလင်းပွင့်သွားသောအမူအရာဖြင့် တင်ပျဉ်ခွေထိုင်ချလိုက်၏။

“အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ရောက်ရှိချင်ရင်” ဆေးလုံးမိစ္ဆာက ပြောသည်။ “မင်းအနေနဲ့ မဆုတ်နစ်တဲ့ စိတ်စွမ်းအားနဲ့ ရည်မှန်းချက်ကို ပိုင်ဆိုင်ထားမှ ဖြစ်မယ်။ အဲ့ဒီနှစ်ခုကို အင်မော်တယ်လမ်းစဉ်ရှာဖွေပေးမယ့် တာအိုနှလုံးသားအဖြစ် ပေါင်းစည်း

“တာအိုနှလုံးသားက မင်း အစစ်အမှန်အ‌င်မော်တယ်ဘဝကို မရယူနိုင်ရင် မင်းရဲ့ နောက်ဆုံးထွက်သက်နေ့မှာ မင်းကို နောင်တရစေမယ့် ဘဝတစ်သက်တာအစွဲဥပါဒန်ကို ကိုယ်စားပြုတယ်”

ဆေးလုံးမိစ္ဆာက ပြုံးပြီးနောက် မျက်လုံးပိတ်လိုက်သည်။ ရက်ပိုင်းအတွင်း အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ကား သက်ဆင်းလာပေတော့မည်။ ထိုအချိန်အတောအတွင်း သူ့အနေဖြင့် စိတ်ကို တည်ငြိမ်အောင်ထားပြီး သူ့ကိုယ်သူ အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်လေသည်။ ထို့မှသာ နှစ်ဘဝကြာ စောင့်စားနေခဲ့ရသော အင်မော်တယ်ပြစ်ဒဏ်ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နိုင်မည်။

အချိန်များ ကုန်လွန်သွား၏။ ပို၍များပြားလာသော အင်မော်တယ်ချီများက ဆေးလုံးမိစ္ဆာ၏ခန္ဓာကိုယ်ကို ရစ်သိုင်းလှည့်ပတ်လျက်ရှိသည်။ ဇီယွင်ဂိုဏ်း၏ မဟာအကာအကွယ်မန္တန်အစီအရင်သည် အပြည့်အဝ သက်ဝင်နေပြီး ဂိုဏ်းသားအားလုံး တင်ပျဉ်ခွေထိုင်၍ ကျမ်းစာများရွတ်ဖတ်နေကြသည်။ သူတို့၏စိတ်ဆန္ဒတို့က စီးမျောထွက်လာပြီး ဆရာကြီးဇီတုန်၏ ရုပ်တုကို အားဖြည့်ပေးနေသော ထူးခြားဆန်းကြယ်စွမ်းအားတစ်ရပ်အဖြစ် အတူတကွ ပေါင်းစုသွားကြ၏။ ရလဒ်အနေဖြင့် ရုပ်တုကြီးကား အသက်ဝင်သထက် အသက်ဝင်လာလေပြီ။

ချူယွီယန်လည်း လူအုပ်ကြီးထဲတွင် ရှိနေ၏။ သူမက မန်ဟို့ကို ကြည့်ပြီးနောက် မျက်လုံးများ ပိတ်လိုက်သည်။ သူတို့နှစ်ယောက်ကြားရှိ ကွာဟမှုမှာ ဆက်လက်၍ ကြီးမားလာခဲ့‌ကြောင်း သူမ ခံစားလိုက်ရ၏။ မန်ဟိုက အင်မော်တယ်တစ်ဦးနီးနီး ဖြစ်နေသည့်အချိန် သူမမှာတော့ အနုသုခုမရုပ်ခန္ဓာအဆင့်တွင်သာ ရှိသေးသည်။

သူတို့နှစ်ယောက်၏ အလားအလာများကို စည်းတားထား‌သော ချောက်နက်ကြီးတစ်ခု ကြားတွင် ရှိနေသည့်အလားပင်။

တောင်ပိုင်းဒေသရှိ လေထုမှာ တစတစ ဖိအားများလာသည်။ ခေါင်းဆောင်ကြီးစုန့်သည် မြောက်ပိုင်းသဲကန္တာရ၏ တောင်ကျော်ကင်းစောင့်စစ်သည်တော်များအပြင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့်အတူ ရောက်လာခဲ့၏။ သူတို့က ဇီယွင်ဂိုဏ်းအနား ချဉ်းကပ်မလာဘဲ ပတ်ပတ်လည်တွင် နေရာယူကာ တာအိုစောင့်ရှောက်သူများအဖြစ် ရပ်စောင့်ပေးနေကြလေသည်။

ဆေးလုံးမိစ္ဆာအပေါ် ကျေးဇူးအကြွေးတင်နေသော မည်သူမဆို တာအိုစောင့်ရှောက်သူများအဖြစ် ပြုမူပေးခြင်းဖြင့် ကျေးဇူးပြန်ဆပ်ရန် ပေါ်လာကြသည်။ တစ်ချိန်တည်းမှာပင် အရှေ့ဘက်နယ်မြေနှင့် တောင်ကောင်းကင်ဂြိုဟ်‌အနှံ့အပြားရှိ တခြားလျှို့ဝှက်နေရာများတွင်လည်း ကျင့်ကြံခြင်းအခြေခံများကို ချုပ်တည်း၍ တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားခဲ့သူများ နိုးထလာကြသည်။ ဤလူများသည် အစစ်အမှန်အင်မော်တယ်အဆင့်တက်ရဖို့ တစ်ဘဝလုံး စောင့်စားနေခဲ့ကြသူများ ဖြစ်၏။

သူတို့သည် သူတို့တံခါးပိတ်ကျင့်ကြံရာနေရာများဖြစ်‌သော တောထဲတောင်ထဲမှ ထွက်လာကြပြီး နည်းလမ်းပေါင်းစုံသုံးကာ တောင်ပိုင်းဒေသသို့ ချဉ်းကပ်လာကြသည်။ သူတို့က ဇီယွင်ဂိုဏ်းကို မနှောင့်ယှက်ဘဲ အနီးပတ်ဝန်းကျင်ရှိ နေရာများကို ရွေးချယ်၍ တားမြစ်မန္တန်အစီအရင်များ ခင်းပြီး အင်မော်တယ်အခွင့်အရေးအတွက် တိုက်ခိုက်ဖို့ ကျင့်ကြံခြင်းအခြေခံများကို လှည့်ပတ်ရင်း တင်ပျဉ်ခွေထိုင်နေကြလေသည်။

ယခုလို အခါသမယတွင် အင်မော်တယ်ကံတရားအတွက် တိုက်ခိုက်လိုသော ကျင့်ကြံသူအလုံးစုံပေါ်လာတော့မည် ဖြစ်၏။

ဤသည်မှာ မြောက်ပိုင်းသဲကန္တာရမှ ပညာရှင်များ တောင်ပိုင်းဒေသသို့ စစ်ဆင်ရန် ဆုံးဖြတ်ခဲ့သော အကြောင်းရင်းဖြစ်သည်။ သူတို့သည်‌ အင်မော်တယ်ကံတရားအတွက် အချက်အချာနေရာကို သိမ်းပိုက်ချင်ခဲ့ကြလေသည်။

ကောင်းကင်သည် တဖြေးဖြေး မှုန်ဝါးလာ၏။ ညအချိန်၌ပင် ၎င်းကား လုံးလုံးမည်းမှောင်သွားခြင်းမရှိပေ။ မိုးကောင်းကင်သည် ‌ညနေစောင်းကဲ့သို့ အခြေအနေတွင် အမြဲရှိနေလေသည်။ ထိုမျှသာမက ကြောက်မက်ဖွယ် ဖိအားကြီးတစ်ရပ်က တောင်ကောင်းကင်ဂြိုဟ်အပေါ် သက်ရောက်နေ၏။

သေမျိုးအကုန်လုံး မေ့မြောသွားကြပြီး သစ်ပင်ပန်းမန်များလည်း ငုပ်လျှိုးကိန်းဝပ်သွားကြသည်။ တိရစ္ဆာန်များလည်း မြေကြီးပေါ်တွင် လဲလျောင်းအိပ်ပျော်သွားကြလေပြီ။

အမြင့်ဆုံးတောင်များမှာ မမြင့်တော့သယောင် ဖြစ်လာပြီး မြစ်ချောင်းများ စီးဆင်းခြင်းမရှိတော့။ နဂါးငွေ့တန်းပင်လက်ပြင်ထက်တွင် လှိုင်းများ ဆိတ်သုဉ်းနေသည်။ ပင်လယ်ကြီးမှာ ကြေးမုံတစ်ချပ်ပမာ ပြားပြီး ချောမွတ်နေ၏။

ဤအခိုက်အတန့်တွင် တောင်ကောင်းကင်ဂြိုဟ်၏အပြင်၌ မရေမတွက်နိုင်သောအလင်းတန်းများ ပေါ်လာသည်။ မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းခြင်းမုခ်ဝများသည် အရပ်လေးမျက်နှာသို့ လှိုင်းများ ထုတ်လွှတ်ရင်း တဖောက်ဖောက် ပေါ်လာကြ၏။‌ နဝမတောင်နှင့်ပင်လယ်တစ်ဝန်းရှိ နေရာအနှံ့အပြားမှ လူများသည် တောင်ကောင်းကင်ဂြိုဟ်သို့ ခပ်သုတ်သုတ် သွားနေကြလေပြီ။ ဤလူများသည် အင်မော်တယ်ကံတရားအား ယှဉ်ပြိုင်လုယက်ဖို့ နိုးထလာနေသော မျိုးနွယ်ဝင်များကို တောင်ကောင်းကင်‌ဂြိုဟ်၌ နည်းလမ်းမျိုးစုံဖြင့် ချန်ထားခဲ့သူများ ဖြစ်၏။ ဤကဲ့သို့ ဆွေမျိုးများအတွက် အရေးကြီးသောအခိုက်အတန့်တွင် ပြန်လာခြင်းမှာ ပုံမှန်သာဖြစ်သည်။

သို့သော် တောင်ကောင်းကင်ဂြိုဟ်နှင့် နီးကပ်လာစဉ် ဓားချီတန်းတစ်တန်းက ကြယ်တာရာကောင်းကင်သို့ ထိုးထွက်လာပြီး တစ်ဂြိုဟ်လုံးကို လှည့်ပတ်ဝန်းရံလိုက်သည်။ ထို့နောက် ဖန်ရှုံ့ဖုန်း၏အသံက ဟိန်းထွက်လာ၏။

“တောင်ကောင်းကင်ဂြိုဟ်ကို အခု အဝင်အထွက်ပိတ်ထားတယ်။ တာအိုရောင်ရင်းတို့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

ကြယ်တာရာကောင်းကင်ကို ဖြတ်၍ အပြေးအလွှား လာနေကြသူများမှာ ပဲ့တင်ထပ်နေသောအသံကို ကြားလျှင် မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။ အတော်များများက ကတိစကားများ၊ အာမခံချက်များနှင့်အတူ ‌ဂြိုဟ်ပေါ် ခြေချခွင့်ပြုရန် တောင်းဆိုစာများ‌ ပေးပို့လိုက်ကြသော်လည်း ဖန်ရှုံ့ဖုန်းက အဖက်မလုပ်ပေ။ သူသည် တောင်ကောင်းကင်ဂြိုဟ်အား အဝင်အထွက်ပိတ်ထား‌သည့် ဓားချီကို ထိန်းချုပ်ဖို့ နတ်ဘုရားအာရုံကို အသုံးပြုရင်း ဇီယွင်ဂိုဏ်း၏အပြင်တွင် မျက်လုံးများပိတ်လျက် ထိုင်မြဲထိုင်နေ၏။

ယခုလိုအပြုအမူမျိုးက အတော်များများ၏ အင်မော်တယ်လမ်းစဉ်ကို တိုက်ရိုက်ဖြတ်တောက်ပေးမည်ဖြစ်ကြောင်း သူ သိသည်။ ဤအပြုအမူကြောင့် တခြားဂိုဏ်းများ၊ မျိုးနွယ်စုများ မနှစ်မြို့ကြမည်ကိုလည်း သိသည်။ ၎င်းက သူ့အပေါ် သက်ရောက်မှု သိပ်မရှိသော်လည်း မန်ဟို့အတွက် ကောင်းသောအရာတော့ မဟုတ်ပေ။

ဖန်ရှုံ့ဖုန်းသည် ဤကိစ္စများကို မန်ဟို့ကို ရှင်းပြထားပြီးဖြစ်ပြီး မန်ဟိုက ဘာမှမတုံ့ပြန်ခဲ့ပေ။ သူ့မျက်ဝန်းများ၌ တောက်ပနေခဲ့သော ခိုင်မာပြတ်သားမှုက ပြောဖို့လိုသမျှကို ပြောသွားခဲ့၏။

“ဒါမှ ငါ့သား” ဖန်ရှုံ့ဖုန်းက တွေးလိုက်သည်။ “ကျေးဇူးဆိုတာ ပြန်ဆပ်သင့်တယ်။ ရန်ကြွေးကိုလည်း ပြန်ချေသင့်တယ်”

တောင်ကောင်းကင်ဂြိုဟ်မှာ အဝင်အထွက် ပိတ်ခံထားရရာ အပြင်မှ လူအုပ်ကြီးအတွက် ဝင်မရဖြစ်နေတော့သည်။ သူတို့မှာ စိုးရိမ်တကြီးသာ ကြည့်နေနိုင်၏။ တချို့က အံတင်းတင်းကြိတ်ပြီး အတင်းအကြပ် ဝင်ရန် ကြိုးစားနေသော အလင်းတန်းများအသွင်ပြောင်းသွားသည်။ သို့သော် အနားပင် မကပ်နိုင်ခင် ဓားချီက ရိုက်ခတ်လာ၍ သူတို့မှာ ပါးစပ်မှ သွေးများ ပန်းထွက်ရင်း လွင့်ထွက်သွားကြလေသည်။

“ဒါ သတိပေးချက်သာသာပဲ” ဖန်ရှုံ့ဖုန်းက အေးစက်စက် ပြောသည်။ “အခုကစပြီး တဇွတ်ထိုး ဖြတ်သွားဖို့ ကြိုးစားတဲ့ ဘယ်သူမဆို ချက်ချင်း ကွပ်မျက်ခံရမယ်” အပြင်မှ လူများမှာ မခံမရပ်နိုင်ဖြစ်သွားကြသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်နေကြ၏။

သုံးရက်ကြာသော်

တောင်ကောင်းကင်ဂြိုဟ်တွင် ထစ်ချုန်းသံများ ဆူညံနေသည်။ အသံများအား ဂြိုဟ်မှ ထုတ်လွှတ်နေခြင်းမဟုတ်၊ ခေါင်းအထက်ရှိ ကြယ်တာရာကောင်းကင်မှပင်။ ဘီလူးကြီးတစ်ကောင် အာကာသထဲမှ ဟိန်းဟောက်နေပုံရသည်။

ဟိန်းဟောက်သံကြီးက စာလုံးတစ်လုံးကို ပေါ်လာစေသည်။

ထိုစာလုံးကား ... “အင်မော်တယ်” ဆိုသော စာလုံးဖြစ်ချေသည်။

အသံကြီး ပဲ့တင်ထပ်သွားသည့်အခါ ‌နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်း ကြားရမည့်ပုံပေါ်သော်လည်း ... တောင်ကောင်းကင်ဂြိုဟ်ပေါ်မှသာ ကြားရနိုင်ခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်ဂြိုဟ်၏အပြင်ဘက် ကြယ်တာရာကောင်းကင်မှာ တုန်ခါသွားပြီး မရေမတွက်နိုင်သောအစအနများ ပေါ်လာကာ ... ဧရာမတံခါးချပ်ကြီးတစ်ချပ်၏ပုံသဏ္ဌာန်အား စတင်ပုံဖော်နေကြလေသည်။

တံခါးသည် အကန့်အသတ်မရှိသော ရှေးကျမှုကို ထုတ်လွှတ်နေ၏။ ၎င်းက ကြေးဖြင့် ပြုလုပ်ထားပုံရသော်လည်း မရေမတွက်နိုင်သော အရုပ်ပုံစံကွက်များအား ထွင်းထားလေသည်။ အသေးစိတ်မမြင်ရသော်လည်း တံခါး၏ရှေးကျမှုက ၎င်းအား ‌ကောင်းကင်နှင့်မြေကြီး၏ စတင်ဖြစ်တည်မှုကတည်းက တည်ရှိနေခဲ့သည့်ပုံပေါ်စေသည်။

တံခါးမှာ ကြောက်မက်ဖွယ်စစ်ပွဲကြီးများကို ကြုံတွေ့ခဲ့ရသည့်အလား အတော်လေး ပျက်စီးနေသည်။ သွေးကွက်များဖြစ်ဟန်တူသော အစွန်းအထင်းများအား ၎င်း၏မျက်နှာပြင်ပေါ်တွင် မြင်ရနိုင်ပြီး ၎င်းထံမှ ဖော်ပြဖို့ရန် မဖြစ်နိုင်လောက်အောင် ကြောက်စရာကောင်းသော၊ စွမ်းအားကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။ တံခါး၏အရွယ်အစားမှာမူ ပြိုင်ဘက်ကင်းကြီးမားပြီး ကြယ်တာရာကောင်းကင်ကိုပင် ဖုံးကွယ်အုပ်စိုးနိုင်သယောင်ပင်။

ဖန်ရှုံ့ဖုန်းပင်လျှင် တံခါးနှင့် ၎င်း၏အရှိန်အဝါကို အာရုံခံပြီးနောက် စိတ်နှလုံးတုန်လှုပ်သွားမိသည်။ ဤအရာကြီးသာ မှော်ပစ္စည်းတစ်ခုဖြစ်ခဲ့လျှင် ၎င်း၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် သက်ရှိသတ္တဝါအပေါင်းအား ဖိနှိပ်နိုင်မှာသေချာ၏။

၎င်း ကြယ်တာရာကောင်းကင်တွင် ပေါ်လာသောအခါ တောင်ကောင်းကင်ဂြိုဟ်သို့ မဝင်ရောက်နိုင်သော အပြင်မှကျင့်ကြံသူအုပ်ကြီးမှာ အံ့ဩမှင်သက်စွာ ကြည့်၍ အထိတ်တလန့် မအော်မိဘဲ မနေတော့ပေ။

“အင်မော်တယ်တံခါး ပေါ်လာပြီ။ အစစ်အမှန်အင်မော်တယ်ကံတရား ရောက်ရှိလာခဲ့ပြီ”

“သေစမ်း၊ ဖန်ရှုံ့ဖုန်းက ငါတို့ မဝင်နိုင်အောင် လမ်းပိတ်ထားတယ်။ ကံကြမ္မာကောင်း အလုယူခံရမှာကို ငါတို့ ဒီလိုပဲ ရပ်ကြည့်နေရ‌တော့မှာလား”

“ဖန်ရှုံ့ဖုန်းက ငါတို့အားလုံးကို သူတစ်ယောက်တည်း ဟန့်တားနိုင်မယ်လို့ ထင်နေတာလား။ ဒီနေရာကို တစ်ပြိုင်တည်း ဝင်ကြရအောင်” ကြည့်ရှုနေသူအားလုံး၏မျက်လုံးများ လုံးလုံးလျားလျား သွေးချင်းနီသွားသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်မြူမှုန်များက အင်မော်တယ်တံခါးထံမှ ပျံ့လွင့်လာပြီးနောက်‌ တောင်ကောင်းကင်ဂြိုဟ်သို့ စီးမျောသွားလေသည်။

၎င်းက မျက်စိတစ်မှိတ်အတွင်း တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးကို ဖုံးလွှမ်းလိုက်ရာ ‌မြူလုံးကြီးတစ်လုံးသဖွယ် ဖြစ်သွားစေသည်။ ထို့နောက် တံခါးသည် လူအုပ်ကြီးကို ဖြတ်၍ မြူများထဲ ရွေ့လျားသွားပြီးနောက် တောင်ကောင်းကင်ဂြိုဟ်သို့ နိမ့်ဆင်းသွား၏။

ဤအခိုက်အတန့်တွင် အပြင်ရှိ ကျင့်ကြံသူအကုန်လုံး ရူးမတတ် ဖြစ်ကုန်ကြပြီး တောင်ကောင်းကင်သို့ ချီတက်သွားကြတော့သည်။ တုံ့ပြန်သည့်အနေဖြင့် မန်ဟို့အဖေက သူ၏ အေးစိမ့်သော နတ်ဘုရားစိတ်ဆန္ဒကို ဖြန့်ကျက်လိုက်သည်။ ဓားချီက တောင်ကောင်းကင်ဂြိုဟ်ပေါ် ဆင်းသက်ချင်နေသော လူအုပ်ကြီးကို ရိုက်ခတ်ရင်း ဖြာထွက်သွားသည်။

ဂျိန်းခနဲ ပဲ့တင်ထပ်သွားပြီး ကြယ်တာရာကောင်းကင် တုန်ခါသွားသည်။ မချိတင်ကဲ အော်သံများ ကြားလိုက်ရပြီး သွေးများက မိုးပေါက်များသဖွယ် တဖွဲဖွဲ ရွာကျလာ၏။ ဓားချီက မည်သူမှ တောင်ကောင်းကင်ဂြိုဟ်ကို ဖြတ်မလာနိုင်အောင် ဟန့်တားလိုက်လေပြီ။

အောက်ဘက် တောင်ကောင်းကင်ဂြိုဟ်တွင်  မိုးကောင်းကင်၏ ယခင်ညနေခင်းသဖွယ် မှုန်ဝါးနေမှု‌နေရာအား တလိပ်လိပ်ထနေသော အင်မော်တယ်ချီထုကြီးက အစားထိုးနေရာယူသွားသည်။ မြူများ အချင်းချင်း ပွတ်တိုက်မှု၏ရလဒ်အနေဖြင့် ဂျလိန်းဂျလိန်း မိုးခြိမ်းသံများ လေတွင် ပြည့်နှက်သွား၏။ ဤသည်ကား အင်မော်တယ်မိုးကြိုးဖြစ်ပေသည်။

မြူများအတွင်း ကခုန်နေသော လျှပ်စီးမိုးကြိုးများလည်း ရှိသည်။ လျှပ်စီးတန်းတစ်တန်းစီမှာ စောင့်ကြည့်နေသူများကို တုန်လှုပ်သွားစေပြီး ဝိညာဉ်များ ကြေမွသွားတော့မည့်အလား ခံစားလိုက်ရစေသည်။

“အင်မော်တယ်” ရှေးဆန်သောအသံကြီးတစ်သံက မြူများကြားမှ ပြောလိုက်ပြီး စကားလုံးက တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူအားလုံး၏စိတ်ထဲတွင် ကြားရသည့်တိုင်အောင် တောင်ကောင်းကင်ဂြိုဟ်တစ်ဝန်း ပဲ့တင်ထပ်သွားသည်။ စကားလုံးသည် အရည်အချင်းပြည့်မှီသူတိုင်း၏ အင်မော်တယ်ဘဝသို့ သွားရာလမ်းကို ဖွင့်ပေးလိုက်သော သော့တစ်ခုဖြစ်လာ၏။

“အင်မော်တယ်” ဆေးလုံးမိစ္ဆာက ခေါင်းမော့လာပြီး ခိုင်မာပြတ်သားမှုတို့ တောက်ပနေသော မျက်လုံးများအား ဖွင့်လိုက်သည်။

တစ်ချိန်တည်းမှာပင်‌ တောင်ပိုင်းဒေသသို့ ယခုရောက်ရှိနေသော တာအိုရှာဖွေခြင်းအဆင့် ပညာရှင်များဖြစ်‌စေ၊ အရှေ့ဘက်နယ်မြေမှ ကျင့်ကြံသူများဖြစ်စေ၊ တစ်ဘဝလုံး ကျင့်ကြံခြင်းအခြေခံများအား ချုပ်တည်းထားခဲ့သည့် ပညာရှင်များဖြစ်စေ၊ ဆေးလုံးမိစ္ဆာကဲ့သို့ ကျင့်ကြံခြင်းအား အသစ်ပြန်တည်ဆောက်ထားသူများဖြစ်စေ...

အကုန်လုံး ဤအစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်အတွက် စောင့်စားနေကြလေသည်။

တစ်ဆက်တည်းမှာပင် သူတို့အားလုံးက ပါးစပ်များဖွင့်၍ ‘အင်မော်တယ်’ ဆိုသော စကားလုံးအား ရေရွတ်လိုက်ကြသည်။ ထို့နောက် မြူအတွင်းရှိ ရှေးဆန်သောအသံကြီး၏အရင်းအမြစ်ဆီသို့ ပျံတက်သွားကြ၏။

မန်ဟိုမှာ စိတ်နှလုံးတုန်ရီသွားပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ ယခုတွင် သူ့ခန္ဓာကိုယ်ရှိ အင်မော်တယ်ချီမှာ လှုံ့ဆော်ခံခဲ့ရ၍ သူပင်လျှင် ‘အင်မော်တယ်’ ဟု ရေရွတ်မိတော့မလို ဖြစ်သွားလေသည်။

သို့သော် သူက တောင်ကောင်းကင်ဂြိုဟ်တွင် ဖွားမြင်ခဲ့သူမဟုတ်၍ ဤကံတရားနှင့်သက်ဆိုင်သူမဟုတ်ပေ။ ထို့ကြောင့် သည်းခံလိုက်သော်လည်း ကောင်းကင်တွင် ဖြစ်ပျက်နေသော အရာအားလုံးက သူ့အား မေ့မရအောင် အထင်ကြီးသွားစေသည်။

ထို့နောက် မြူများ တလိပ်လိပ် ထလာသည်။ တံခါးကြီး ဆင်းသက်လာနေစဉ် မိုးခြိမ်းသံများ ဂျလိန်းဂျလိန်း မြည်ဟည်းလာပြီး မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ဖြိုးဖြိုးဖြောက်ဖြောက် ကခုန်လာသည်။

တံခါးကြီး၏ ရှေးကျမှုသည် ကမ္ဘာဦးအစ၊ မိုးနှင့်မြေအစကတည်းက တည်ရှိခဲ့သည့်အလား ဖော်ပြဖို့ရန်ပင် မတတ်နိုင်ပေ။ ၎င်းမှာ မယုံနိုင်လောက်အောင် အိုမင်းသည်။ နဝမတောင်နှင့်ပင်လယ်ထက်ပင် အသက်ကြီးကောင်းကြီးလောက်၏။ ၎င်း၏ထွက်ပေါ်လာမှုက အောက်ရှိမြေပြင်များမှာ ယှဉ်ဖို့ရန် မထိုက်တန်သည့်အလား ဖြစ်စေသည်။ ၎င်း၏မျက်နှာအပေါ်ရှိ အပြောင်အမွန်းများမှာ သွေးတို့စွန်းထင်းနေပြီး မည်သူ့ကိုမဆို အသက်ရှူမှားသွားစေသော အရှိန်အဝါအား ထုတ်လွှတ်နေ၏။ ဤတံခါးကို ကြည့်ရခြင်းကား ရာဇဝင်သမိုင်း၏ ပျောက်ဆုံးသွားသော စာမျက်နှာများကို ပြန်ကြည့်နေရသည့်အလားပင်။

“ဒါကြီးက ဘယ်ကလာတာလဲ” မန်ဟိုက ၎င်းကို ကြည့်ရင်း တွေးလေ၏။ “ဘယ်လိုလုပ်ပြီး လူတွေကို အစစ်အမှန်အင်မော်တယ်အဖြစ် ပြောင်းလဲပေးနိုင်တာလဲ” ရုတ်တရက် သူ၏သိုလှောင်အိတ်ထဲရှိ ကြေးမီးအိမ်မှာ ၎င်းနှင့်ကြေးတံခါးအကြား ဆက်သွယ်မှုရှိနေသည့်အလား တုန်ခါလာသည်။

ဆေးလုံးမိစ္ဆာက ခေါင်းမော့၍ ရယ်လိုက်သည်။

“အင်မော်တယ်တံခါး ဆင်းသက်လာပြီ။ ဒါ ... အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ပဲ”

“အတုအယောင်အင်မော်တယ်တွေအတွက် ပြစ်ဒဏ်မရှိဘူး။ သူတို့ဟာ အစစ်အမှန်အင်မော်တယ်တစ်ဦးဆီက ဓမ္မအမိန့်တစ်ခု လက်ခံရရုံနဲ့ အတုအယောင်အင်မော်တယ်အဆင့် တက်လှမ်းနိုင်တယ်။ ဒါပေမဲ့ အစစ်အမှန်အင်မော်တယ်သေရင် သူ့ရဲ့ အတုအယောင်အင်မော်တယ်တွေလည်း သေရလိမ့်မယ်

“အဲ့ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းကြောင်းမဟုတ်ဘူး။ အဲ့ဒါက ချို့တဲ့သူကို ကူညီပေးမှု။ ကျင့်ကြံသူတွေ ကျင့်ကြံတဲ့အရာက မိုးကောင်းကင်ရဲ့နိယာမတွေ၊ ဥပဒေသတွေကို ဖီဆန်တယ်။ ဒါဟာ လွတ်လပ်မှုရဲ့ လမ်းကြောင်း။ ဘာအတွက်ကြောင့် ကျင့်ကြံသူတစ်ယောက်ဟာ အင်မော်တယ်ဖြစ်ရဖို့ အခြားအင်မော်တယ်တစ်ယောက်ရဲ့ ကျွန်အဖြစ်ခံရမှာလဲ

“တာအိုခိုင်မာခြင်းတောင်ပေါ်တက်၊ အင်မော်တယ်တံခါးကို ဖွင့်။ အဲ့ဒါကမှ စစ်မှန်တဲ့အင်မော်တယ်အဆင့်တက်လှမ်းခြင်းလို့ ခေါ်တယ်

“အင်မော်တယ်တံခါးပွင့်မလာလို့ ၊ အင်မော်တယ်ပြစ်ဒဏ်ပျောက်ကွယ်သွားလို့ သေရတော့ရော ဘာအရေးလဲ”

ဆေးလုံးမိစ္ဆာ၏ခြေထောက်အောက်တွင် ဆရာကြီးဇီတုန်၏ရုပ်တုကြီးက မားမားမတ်မတ် ရပ်နေသည်။ နူးညံ့ညင်သာသောအားတစ်ရပ်က မန်ဟို့ကို ရုပ်တုကြီးထံမှ တွန်းဖယ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် အဆိုပါဆန်းကြယ်သောစွမ်းအားကပင် ရုပ်တုကြီးကို ထရပ်စေ၍ အင်မော်တယ်တံခါးဆီသို့ ဦးတည်သွားစေသည်။

တစ်ဆက်တည်းဆိုသလို တောင်ကောင်းကင်၏နယ်မြေအနှံ့အပြားတွင် သူမတူသော တောင်ခုနစ်လုံး ရုတ်တရက် ပေါ်ထွန်းလာသည်။

ဤတောင်ခုနစ်လုံးအနက် အကြီးဆုံးသည် အပ်ပုံသဏ္ဌာန်ဓားတစ်လက်အသွင်ရှိပြီး အသေးဆုံးက သင်္ချိုင်းမြေပုံတစ်ပုံနှင့်တူသည်။ တစ်လုံးစီကား ကွဲပြားသော်လည်း အင်မော်တယ်ကံတရားအား ဆေးလုံးမိစ္ဆာနှင့်အပြိုင် လုမည့် ရှေးပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနှင့်သက်ဆိုင်သည်။ ဤတောင်များကား အစွမ်းထက်တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များ၏ တာအိုခိုင်မာခြင်းတောင်များ ဖြစ်ချေ၏။

ဆေလုံးမိစ္ဆာနှင့် အလားတူ ထိုအစွမ်းထက်ပညာရှင်များသည် တောင်အသီးသီးပေါ်တွင် ရပ်ရင်း အင်မော်တယ်တံခါးဆီသို့ မြင့်တက်လာကြလေပြီ။

***

All Chapters