← Chapters

မှားသွားလား။ မှားရင်တောင်မှ ပြောတဲ့အတိုင်း လုပ်ဦးမှာပဲ

Vol. 60 Ch. 837

မှားသွားလား။ မှားရင်တောင်မှ ပြောတဲ့အတိုင်း လုပ်ဦးမှာပဲ

Vol. 60 Ch. 837

တစ်ဦးတစ်ယောက်ချင်းစီ၏ ခြေထောက်အောက်တွင် ကိုယ်ပိုင်တာအိုခိုင်မာခြင်းတောင်တစ်လုံးစီ ရှိကြသည်။ လူတစ်ယောက် 人 ၊ တောင်တစ်လုံး 山၊ ယင်းက  အင်မော်တယ် 仙 တစ်ဦးဖြစ်ပေသည်။

လူရှစ်ယောက်၊ အင်မော်တယ်ရှစ်ဦးက လေကိုခွင်းလျက် ပျံတက်လာကြသည်။

အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်မှာ တဖြေး‌ဖြေး ပျောက်ကွယ်သွားမှာမဟုတ်ပေ။ ပိုပို၍အားကောင်းလာပြီး အဆုံးသတ်တွင် စိတ်ဝိညာဉ်နယ်ပယ်အဆင့် မည်သည့်ကျင့်ကြံသူကိုမဆို ဖျက်စီးပစ်နိုင်သည်အထိ သန်မာလာမည်ဖြစ်၏။ ‌အင်မော်တယ်နယ်ပယ် သို့မဟုတ် ရှေးဟောင်းနယ်ပယ်၏ ကျင့်ကြံသူများပင်လျှင်... ထိုစွမ်းအားအဆင့်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဖျက်စီးခြင်းခံရနိုင်၏။

ပြစ်ဒဏ်အား ကျော်လွှားဖို့ သော့ချက်ကတော့ အင်မော်တယ်တံခါးကို တိုက်ခိုက်ခြင်းပင်။

တံခါးကို ဖွင့်နိုင်မှ ပြစ်ဒဏ်သည် ‌ပြိုကွဲသွားပြီး အောင်မြင်စွာ ကျော်လွှားနိုင်လိမ့်မည်။

ဆေးလုံးမိစ္ဆာနှင့် အခြားလူခုနစ်ယောက် သူတို့၏သက်ဆိုင်ရာတောင်အသီးသီးမှ ပျံတက်လာသည့်အခိုက်အတန့်မှာပင် ခေါင်းထက်ရှိ အင်မော်တယ်မြူများ တဖွေးဖွေး လှုပ်လာပြီး မိုးကြိုးရှစ်တန်း ထိုးဆင်းလာ၏။ မိုးကြိုးတန်းတစ်တန်းစီသည် လက်မောင်းတမျှ အလုံးတုတ်ပြီး မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာနေသည်။ ၎င်းတို့တွင် မည်သည့်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူကိုမဆို အလွယ်တကူချေမှုန်းပစ်နိုင်သော စွမ်းအားပါရှိ၏။

ကျင့်ကြံသူရှစ်‌ယောက်အနက် တစ်ယောက်ချင်းစီရှိရာအရပ်မှ ကြီးမားသောပေါက်ကွဲသံကြီး မြည်ဟည်းလာသည်။ မြေပြင်သည် တုန်ခါသွားပြီး မိုးကောင်းကင်မှာ ဖရိုဖရဲဖြစ်သွားချေ၏။ မှော်ပစ္စည်းများ အသုံးပြုလိုက်ကြပြီး နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်ခံလိုက်ရသည်။ ကျင့်ကြံသူရှစ်ယောက်လုံး ဟိန်းဟောက်၍ မိုးကြိုးများကိုဖြတ်ကာ အင်မော်တယ်တံခါးဆီသို့ ဆက်သွားကြလေသည်။

မန်ဟိုသည် မျက်လုံးများ တလက်လက် တောက်ပလျက် လေလယ်တွင် ပျံဝဲနေ၏။ မိုးကြိုးတန်းရှစ်တန်းအနက် သူ့ဆရာဆေးလုံးမိစ္ဆာ၏ မိုးကြိုးမှာ သူများနှင့်မတူကြောင်း သူ ပြတ်ပြတ်သားသား ပြောနိုင်လေသည်။

ထိုမိုးကြိုးသည် အသိစိတ်နှင့် အကျင့်စရိုက်ကို ပိုင်ဆိုင်ထားသယောင်ပင်။ ၎င်းမှာ ဆင်တူသလိုလို ရှိသော်လည်း အနီးကပ်စစ်ဆေးကြည့်လျှင် သိသိသာသာ ကွဲပြား၏။

“အဲ့ဒါ ပင်မမိုးကြိုးပဲ။ ကျန်တဲ့ခုနစ်ခုက အခွဲတွေ” သူက တွေးလိုက်သည်။ “ဟုတ်တယ် အဖေပြောတာတော့ ဒီဘဝရဲ့ အစစ်အမှန်အင်‌မော်တယ်ကံတရားက ငါ့ဆရာအပိုင်တဲ့။ အဖေ့ကျင့်ကြံခြင်းအခြေခံအရဆိုရင် ပါးစပ်ထဲရှိတာ လျှောက်ပြောနေမှာ မဟုတ်ဘူး” အသတ်အဖြတ်စိတ်ဆန္ဒသည် မန်ဟို၏မျက်လုံးများတွင် တောက်ပသွား၏။ သူသည် ကျင့်ကြံသူတစ်ယောက်အနေဖြင့် များပြားသောအရာများကို ကြုံ့တွေ့ခဲ့ရပြီးဖြစ်၍ ပြတ်ပြတ်သားသား၊ အညှာအတာကင်းသောစရိုက်ရှိလာခဲ့သည်မှာ ကြာလေပြီ။

ဤလူခုနစ်ယောက်ကို သူ မသိသော်လည်း အင်မော်တယ်ကံတရားကို သူ့ဆရာနှင့်အပြိုင်လုတော့မည်ဆိုကတည်းက မန်ဟို့ရန်သူ ဖြစ်သွား၏။

သူက အေးစက်စက် နှာမှုတ်လိုက်ပြီး အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်ဝန်းများတွင် စိုးမိုးသွားသည်။ သူသည် ပျံထွက်သွားပြီး သူ့ကိုယ်ထဲရှိ အင်မော်တယ်ချီကို လှည့်ပတ်၍ တိုက်ခိုက်ရန် ပြင်ရင်း အဘိုးကြီးတစ်ယောက်ရှိရာသို့ ဦးတည်သွား၏။

လေလယ်တွင် ဆေးလုံးမိစ္ဆာက ကျန်ကျင့်ကြံသူခုနစ်ယောက်နှင့်အတူ အင်မော်တယ်တံခါးရှိရာသို့ သွားနေလေသည်။

“ဟိုအာ ပြန်ဆုတ်စမ်း” ဆေးလုံးမိစ္ဆာက လေးနက်သောအသံဖြင့် အော်လိုက်သည်။ “အင်မော်တယ်ကံတရားအတွက် ဆရာတစ်ယောက်တည်း တိုက်ခိုက်မယ်။ မင်း ဖယ်နေ” မှန်ပါသည် ၊ သူသည် မန်ဟို၏လက်ရှိအခြေအနေအရ ဤအင်မော်တယ်ပြစ်ဒဏ် ဝင်ပါခြင်းက နောင်တစ်ချိန်တွင် သူ့အပေါ် လွှမ်းမိုးမှုရှိသွားမည်ကိုလည်း စိုးရိမ်နေ၏။ ထို့ကြောင့် မန်ဟို့ကို ဖယ်နေဖို့ ညွှန်ကြားလိုက်ခြင်းပင်။

မန်ဟိုက တုံ့ခနဲ ရပ်သွားသည်။ သူသည် သူ့ဆရာ၏စကားလုံးများထဲရှိ ‌လောနေမှုနှင့် ဂရုစိုက်မှုကို ကြားလိုက်ရ၍ မည်သည့်အနှောင့်အယှက်မှ မဖြစ်စေလိုတော့ပေ။ ထို့ကြောင့် အံတင်းတင်းကြိတ်ပြီး သွားနေခြင်းကို ရပ်လိုက်၏။ သို့သော် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းက ပေါက်ကွဲထွက်လာသည်။ လေများ တဝေါဝေါ တိုက်ခတ်လာသဖြင့် အင်မော်တယ်ကံတရားအတွက် ပြိုင်ဆိုင်တော့မည့် ကျန်ခုနစ်ယောက်မှာ တုန်လှုပ်သွားကြတော့သည်။

“နားထောင် ခင်ဗျားတို့ခုနစ်ယောက်” မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။ ဆရာနဲ့ တိုက်ခိုက်ဖို့ အကောင်းဆုံးကြိုးစားကြ။ ကျုပ် မနှောင့်ယှက်ဘူး။ အေး ဒါပေမယ့် ခင်ဗျားတို့ထဲက တစ်ယောက်ယောက် မသမာနည်းသုံးရဲသုံးကြည့်။ ကျုပ်ကို တိုက်ခိုက်လို့ဆိုပြီး အဆိုးမဆိုနဲ့

“ပြီးတော့ ရှင်းရှင်းပြောမယ်။ ခင်ဗျားတို့ အင်မော်တယ်ကံတရားကို ‌ရရှိသွားရင်တောင်မှ ... ကျုပ်က အတုအယောင်အင်မော်တယ်နည်းနည်းပါးပါး သတ်ခဲ့ပြီးပြီ... အစစ်အမှန်အင်မော်တယ်တစ်ယောက်လောက် သတ်ချင်လို့ လက်ယားနေတာ” ပထမစကားသည် လွှမ်းမိုးကြီးစိုးနေပြီး ဒုတိယစကားက ခြိမ်းခြောက်သံပေါက်သည်။ သူ၏ရည်ရွယ်ချက်မှာ ပြိုင်ဘက်ခုနစ်ယောက်၏နှလုံးသားများ မတည်ငြိမ်ဖြစ်သွားအောင် လုပ်ဖို့၊ အင်မော်တယ်ဖြစ်ဖို့ တိုက်ခိုက်နေသော သူတို့၏လမ်းကြောင်းကို နှောင့်ယှက်ဖို့ ဖြစ်သည်။

ချက်ချင်းပင် ခုနစ်ယောက်အနက် နှစ်ယောက်က ‌အေးစက်စက် ပြန်ပြောသည်။

“အင်မော်တယ်ကံတရားက တောင်ကောင်းကင်ဂြိုဟ်ပေါ် ဆင်းသက်လာနေတာ။ ဒီနေရာမှာ မွေးဖွားတဲ့ ဘယ်သူမဆို လုယက်ခွင့်ရှိတယ်။ မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ ဒီလိုစကား ပြော‌ရဲတာလဲ”

“ဟမ့် ၊ မင်း မီးနဲ့ကစားနေတာပဲ ကလေး။ အင်မော်တယ်ကံတရားက ဘယ်သူမဆို ရယူနိုင်တဲ့ ကံကြမ္မာကောင်း။ မင်း ဝင်စွက်ဖက်ရဲရင် အင်မော်တယ်တံခါးကို တိုက်ခိုက်နေတာနဲ့ အတူတူပဲ။ ငါလည်း သိချင်တယ် မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ အင်မော်တယ်ကံတရားကို စွက်ဖက်နိုင်မယ် ထင်နေတာလဲ”

သိသိသာသာပင် ဤလူများသည် ဟိုးယခင်ကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့သူများဖြစ်၍ အပြင်လောကတွင် လောလောလတ်လတ် ဖြစ်ပျက်သွားခဲ့သော အရာများနှင့်ပတ်သက်ပြီး မသိကြပေ။ သူတို့ထွက်လာခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာလည်း အင်မော်တယ်ကံတရားအတွက်ကြောင့်သာဖြစ်သဖြင့် မန်ဟို မည်သူလဲ မသိပေ။ ထိုခုနစ်ယောက်အနက် လေးယောက်မှာ အရှေ့ဘက်‌နယ်‌မြေမှ ဖြစ်၍ ဘာမှမပြောကြပေ။

“ဘာလုပ်ပိုင်ခွင့်ရှိလို့တဲ့လား” မန်ဟိုက အင်္ကျီလက်စကို ခါရင်း ပြောသည်။ “ကျုပ်အဖေက နဝမတောင်နဲ့ပင်လယ်အနှံ့အပြားက လူတွေ ဒီတောင်ကောင်းကင်ဂြိုဟ်မှာ ထားခဲ့တဲ့ မျိုးဆက်တွေကို လာမကူညီနိုင်အောင် တားပေးနေတာဆိုရင်ရော

“တောင်ပိုင်းဒေသက ကျုပ်အိမ်ဆိုရင်ရော”

“ဘယ်သူမှ အဲ့ဒါတွေကို ဂရုမစိုက်ဘူး” ခုနစ်ယောက်အနက်မှ အဘိုးကြီးတစ်ယောက်က ခွန်းတုံ့ပြန်သည်။ “အင်မော်တယ်ကံတရားက ငါတို့မျက်စိရှေ့ရောက်နေပြီ။ အကုန်လုံးမှာ ရယူပိုင်ခွင့်ရှိတယ်။ မင်းဆရာလည်း နှစ်ပေါင်းများစွာ စောင့်နေခဲ့သလို ငါတို့လည်း အတူတူပဲ။ ငါတို့ဘာသာ အင်မော်တယ်ကံတရားကို ခိုးခိုး ၊ လုလု အဲ့ဒါက ဘာမှားနေလို့လဲ”

မန်ဟို့မျက်နှာ မည်းမှောင်သွားသည်။ သူက ခုနစ်ယောက်ကို လှမ်းကြည့်ရင်း ဆက်ပြောသည်။ “ခင်ဗျား မှန်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှမမှားဘူး။ ဒါပေမဲ့ ကျုပ်က မှားနေရင်တောင်မှ ပြောတဲ့အတိုင်း လုပ်ဦးမှာ”

စောစောက စကားပြောခဲ့သောအဘိုးကြီးကား ဘာမှပြန်မပြောတော့ပေ။ သူတို့သည် အပြင်ဘက်ကြယ်တာရာကောင်းကင်တွင် တိုက်ခိုက်နေသော ဧရာမတိုက်ပွဲကြီး၏ လှိုင်းဂယက်များကို အာရုံရနေသည်သာမက မန်ဟို့စကားလုံးများထဲရှိ ခိုင်မာပြတ်သားမှုကိုလည်း ခံစားလိုက်ရ၏။

ဂျိန်း

ဒုတိယမိုးကြိုးအသုတ် ထိုးဆင်းလာသည်။ ‌တအုန်းအုန်း မြည်သံများ ရိုက်ညောင်းသွားစဉ် ဆေးလုံးမိစ္ဆာနှင့် အခြားသူများမှာ တုန်ရီသွားပြီး ရပ်လိုက်ရ၏။ တတိယမိုးကြိုးအသုတ်က ဖြစ်‌တည်လာပြီး ဓားပျံများသဖွယ် ထိုးဆင်းလာသည်။ ဆေးလုံးမိစ္ဆာနှင့်ကျန်ရှိသူများက နတ်ဘုရားစွမ်းရည်များနှင့် မှော်ပစ္စည်းများ ထုတ်လွှတ်လိုက်ကြသဖြင့် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွား၏။ သို့ထိုတိုင် သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားလေသည်။

သို့သော်လည်း သူတို့သည် အင်မော်တယ်တံခါးရှိရာသို့ ဆက်သွားကြ၏။ ခြောက်သုတ်မြောက်မိုးကြိုးများ ကျဆင်းလာသောအခါတွင် အကုန်လုံး ထိုနေရာသို့ ရောက်သွားကြလေပြီ။ သူတို့ကား တစ်ပြိုင်တည်းဆိုသလို ရောက်သွားခဲ့ပြီး အင်မော်တယ်တံခါးထံသို့ တိုက်ကွက်များ ပို့လွှတ်လိုက်ကြ၏။

အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာသော်လည်း ဆေးလုံးမိစ္ဆာနှင့်အခြားသူများမှာ ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝကို ထုတ်လွှတ်နေကြသည့်တိုင် တံခါးအား နည်းနည်းလေးလှုပ်အောင်ပင် မလုပ်နိုင်ကြပေ။ ၎င်းသည် ဟပင် ဟမသွားရာ ရှစ်ယောက်လုံး ရင်တဒိန်းဒိန်း ခုန်ကြလာ၏။

အောက်တွင် မန်ဟို့မျက်နှာမှာ စိုးရိမ်မှုတို့ ပြည့်နှက်နေတော့သည်။

ပို၍များပြားသော မိုးကြိုးလှိုင်းများ အောက်သို့ ပစ်ချလိုက်သည်။ ကိုးသုတ်မြောက် ကျဆင်းလာသည့်အခါ မိုးကောင်းကင်မှာ တဖွေးဖွေး လှုပ်သွားတော့၏။ ဤမိုးကြိုးများသည် ရေပုံးတမျှ အလုံးတုတ်ပြီး ပုံရိပ်ယောင်ရေနဂါးများအား ၎င်းတို့ထဲတွင် မြင်ရနိုင်သည်။ ၎င်းတို့ပေါ်လာလျှင်ချင်း အရိုင်းဆန်သောအရောင်များ ပြိုးပြိုးပြက်ပြက် လက်လာပြီး ကြီးမားသောဖိအားကြီး သက်ရောက်လာ၏။ ဆေးလုံးမိစ္ဆာဆီ တဟုန်ထိုး ဦးတည်လာသော ရေနဂါးကြီးတွင် ရှည်လျားသောဦးချိုရှိပြီး တခြားရေနဂါးခုနစ်ကောင်နှင့် သိသိသာသာ ကွဲပြားလေသည်။

ဟိန်းထွက်လာသော ပေါက်ကွဲသံများက မြေပြင်ကို တုန်ခါသွားစေပြီး လေထုကို ကြေမွသွားစေ၏။ ဆေးလုံးမိစ္ဆာမှာ သွေးအန်လိုက်ရပြီး သူ အသုံးပြုနေသော မှော်ပစ္စည်းများမှာ တစစီ ပျက်စီးသွားလေသည်။ သူသည် တုန်ရီသွားပြီး ‌ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏။ ကျန်ခုနစ်ယောက်မှာမူ သူတို့လည်း သွေးအန်လိုက်ရသည်။ သို့‌သော် ဆေးလုံးမိစ္ဆာလောက် မထိခိုက်ပုံပင်။ သူတို့က အံတင်းတင်းကြိတ်၍ အင်မော်တယ်တံခါးကို ဆက်လက်တိုက်ခိုက်လိုက်ကြသည်။

သို့ထိတိုင် တံခါးကား တုပ်တုပ်မှမလှုပ်။

ဤအခိုက်အတန့်တွင် ဆေးလုံးမိစ္ဆာက ခေါင်းထောင်၍ ဟိန်းဟောက်လိုက်သည်။ အင်မော်တယ်ချီတို့က သူ့တစ်ကိုယ်လုံး မီးတောက်နေသည့်အလား သူ့ကို လှည့်ပတ်နေလေသည်။ သူ၏‌အောက်ရှိ ဆရာကြီးဇီတုန်လည်း မီးဟုန်းဟုန်း တောက်နေပြီး ရုပ်တု၏မျက်လုံးများကား စူးရှတောက်ပနေတော့သည်။

ရုပ်တုမှာ အသက်ဝင်လာသည့်အလားပင်။ ဆေးလုံးမိစ္ဆာမှာမူ ရုပ်တုကြီး၏ခေါင်းပေါ်တွင် ရပ်ကာ လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ထို့နောက် အင်မော်တယ်တံခါးကို လက်ညှိုးထိုးလိုက်၏။ ချက်ချင်းပင် ရုပ်တုမှာ တုန်ရီသွားပြီး ဆေးလုံးမိစ္ဆာကို တစ်ပါတည်း သယ်ဆောင်ကာ မိုးကြိုးများကို တိုက်ရိုက်ဖြတ်၍ အင်မော်တယ်တံခါး၏အရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ ထို့နောက် ရုပ်တုကြီးက ညာလက်သီးဖြင့် တံခါးကို ထိုးချလိုက်သည်။

ဆေးလုံးမိစ္ဆာလည်း လက်သီးဆုပ်၍ ထိုးချလိုက်သည်။

ဤသည်မှာ နှစ်ဘဝကျင့်ကြံခြင်းအား လက်သီးတစ်ချက်တည်းအဖြစ် ပေါင်းစည်းမှုဖြစ်သည်။

ဆရာကြီးဇီတုန်ထံမှ လာနေသော လက်သီးချက်သည် အတိတ်နှစ်ပေါင်းတစ်သောင်းမှ လာနေသည့်အလား၊ ဒုတိယဘဝ၏စွမ်းအားနှင့် ပေါင်းစည်းပြီး မယုံကြည်နိုင်ဖွယ်အားတစ်ရပ်ကို ဖန်တီးရန် အချိန်ကို ခရီးနှင်လာနေသည့်အလားပင်။

“အင်မော်တယ်” ဆေးလုံးမိစ္ဆာက အော်လိုက်ပြီး သူ၏အသံက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။ လက်သီးချက်က ... ဧရာမအင်မော်တယ်တံခါးကြီး၏မျက်နှာပြင်အပေါ်သို့ တန်းတန်းမတ်မတ် ဝင်ဆောင့်သွားကြောင်း မြင်လိုက်ရသဖြင့် ကျန်ခုနစ်ယောက်မှာ အံ့အားသင့်သွားကြလေသည်။

အင်မော်တယ်တံခါးကား နောက်ဆုံးတော့ ... ဂျိန်းခနဲ ရွေ့သွားလေပြီ။ ဆေးလုံးမိစ္ဆာနှင့် ဆရာကြီးဇီတုန်၏ရုပ်တု၏ ပူးပေါင်းတိုက်ခိုက်မှုက တံခါးကို ခပ်သေးသေးလေး ဟသွားစေခဲ့ချေသည်။

ခပ်ဟဟပွင့်သွားသည့်အခါ ဆေးလုံးမိစ္ဆာမှာ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သူ၏အောက်ရှိ ရုပ်တုကြီးမှာ တုန်ခါသွားပြီး တစစီ ပြိုကျသွားတော့မည့်အလား ထင်ရသည်။ သို့သော် ... ထိုအခိုက်အတန့်တွင် ဆေးလုံးမိစ္ဆာ၏ကိုယ်ထဲရှိ အင်မော်တယ်ချီမှာ ရုတ်တရက် ပိုမိုသိပ်သည်းလာတော့သည်။

ပြစ်ဒဏ်မိုးကြိုးက ထပ်မံထိုးဆင်းလာသည်။ ကျင့်ကြံသူခုနစ်ယောက်အတွက် မိုးကြိုးတန်းတစ်တန်းဆီသာ ကျရောက်လာသည်။ ဆန့်ကျင်ဘက်တွင် ပြစ်ဒဏ်မိုးကြိုးသုံးတန်းက ဆေးလုံးမိစ္ဆာကို ပစ်ချလိုက်၏။  ဤအခြင်းအရာက ကျန်ခုနစ်ယောက်၏မျက်နှာများကို ရိပ်ခနဲ ဖြစ်သွားစေပြီး ရင်ဒိန်းခနဲ တုန်သွားစေသည်။

“ငါတို့ သူ့ကို ဆက်တိုက်ခိုက်ခွင့်ပေးလို့မဖြစ်ဘူး။ သူ့ကို သတ်ရမယ်”

“သူက တံခါးကို ဟအောင် လုပ်နိုင်ခဲ့ပြီးပြီ။ ဒီအတိုင်းဆက်သွားနေရင် အင်မော်တယ်ကံတရားက သူ့အပိုင်ဖြစ်တော့မယ်”

“သူ့ကို တားကြ။ သတ်ကြ။ ငါတို့ အင်မော်တယ်ကံတရားအတွက် ဆက်လက်တိုက်ခိုက်နေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက သူ့ကို သေအောင်လုပ်ဖို့ပဲ”

မန်ဟို၏ခြိမ်းခြောက်မှုက အတော်လေး ထိရောက်မှုရှိခဲ့သော်လည်း ယခုတွင် ကံကြမ္မာကောင်းအား ရှင်းလင်းပြတ်သားစွာ မြင်နေရပြီး လူတိုင်းတွင် ၎င်းအား ရယူပိုင်ခွင့်ရှိနေပြီဖြစ်ရာ ကျန်ခုနစ်ယောက်အနေဖြင့် အဘယ်သို့ဆင်‌ခြင်နေနိုင်ဦးမည်နည်း။

အသတ်အဖြတ်စိတ်ဆန္ဒတို့ သူတို့၏မျက်လုံးများတွင် တောက်ပလာသည်။ သူတို့သည် ယနေ့အထိ ဇာတ်မြှုပ်ရင်း ကျင့်ကြံအားထုတ်နေခဲ့သူများဖြစ်၏။ သူတို့သည် သူတို့မျိုးဆက်၏ ပြိုင်စံရှားပါရာဂွန်များဖြစ်သည့်အတွက် ယင်းက သူတို့၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ တောက်ပလာစေသည်။ သုံးယောက်ကား ဆေးလုံးမိစ္ဆာဆီ တန်းတန်းမတ်မတ် ဦးတည်သွားကြလေပြီ။

“သူ့ကိုယ်ပေါ်မှာ အင်မော်တယ်ကံတရားအရှိန်အဝါရှိတယ်။ သူ့ကို သတ်တဲ့ ဘယ်သူမဆို ကံတရားကို လုယူနိုင်လိမ့်မယ်”

ဤသုံးယောက် ဆေးလုံးမိစ္ဆာအနား ချဉ်းကပ်သွားစဉ် မိုးကြိုးတန်းသုံးတန်းလည်း ကျဆင်းလာသည်။ ဆေးလုံးမိစ္ဆာ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မျက်နှာဖြူဆုပ်သွားသည်။ သူ့မှာ ပြိုလဲတော့မည့်အလားပင်။

မန်ဟိုသည် အောက်ရှိ သူ၏နေရာမှနေ၍ နီရဲနေသောမျက်လုံးများဖြင့် မော့ကြည့်လိုက်၏။ အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်း ပေါက်ကွဲထွက်လာသည်။ သူ၏ဓမ္မဆင်းတုက ရုပ်လုံးပေါ်လာပြီး သူ၏စွမ်းအင်တို့ တဟုန်ထိုး မြင့်တက်သွား၏။ သူကား ဆေးလုံးမိစ္ဆာ၏အရှေ့တွင် ရိပ်ခနဲ ပေါ်လာကာ လာနေသောကျင့်ကြံသူသုံးယောက်ကို ထိုးချလိုက်လေပြီ။

“ခင်ဗျားတို့ကို သတ်မိအောင် မလုပ်စမ်းနဲ့” သူ၏အသံကြီးက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။ အစစ်အမှန်အင်မော်တယ်၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းဖြင့် အထောက်အပံ့ပေးထားသော သူ့အသံသည် အဘိုးကြီးသုံးယောက်ကို ဝင်ဆောင့်လိုက်သော တိုက်ကွက်အသွင်ပြောင်းသွား၏။ ချက်ချင်းဆိုသလို ထိတ်လန့်မှုက သူတို့၏မျက်နှာတွင် ပြည့်နှက်သွားပြီး သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ တစ်ယောက်ဆိုလျှင် လက်မောင်းနှစ်ဖက်လုံး သွေးသားမြူတိမ်အဖြစ် ပေါက်ကွဲသွားလေသည်။ သွေးပျက်မတတ် အော်သံကြီး ပဲ့တင်ထပ်သွားပြီး ရက်စက်ကြမ်းကြုတ်သောအလင်းရောင်တစ်စ အဘိုးကြီး၏မျက်လုံးများတွင် ပေါ်လာသည်။ သူ့မျက်လုံးများမှ သွေးမည်းမည်းကြီးများ စီးကျလာပြီး အနက်ရောင်အလင်းတန်းနှစ်တန်း ထွက်လာသည်။ မည်သည့်အရာကိုမဆို ဖျက်စီးပစ်နိုင်ဟန်တူသော အဆိုပါအလင်းတန်းနှစ်တန်းက ဆေးလုံးမိစ္ဆာထံသို့ ပြေးဝင်သွားလေပြီ။

“သေချင်နေတာပဲ” မန်ဟိုက ကြုံးဝါး၍ လေဆင်နှာမောင်းကြီးအသွင်ပြောင်းရင်း လေကိုခွင်းကာ နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ဤလက်သီးက ကောင်းကင်ကို တုန်ခါသွားစေပြီး မြေပြင်ကို လှုပ်ရမ်းသွားစေ၏။ လက်ပြတ်အဘိုးကြီးမှာ ရှောင်ရန် နှေးလွန်းလေသည်။ သူ့မှာ ပြစ်ဒဏ်ကို ကျော်လွှားရန် ပြင်ဆင်ထားခဲ့သော မှော်ပစ္စည်းများအနက်မှ တစ်ခုလေးပင် ထုတ်ရန် အချိန်မရလိုက်ပေ။ သူသည် အင်မော်တယ်ပြစ်ဒဏ်ကို ခံယူနေသော်လည်း အင်မော်တယ်အဆင့်မတက်လှမ်းရသေးသူ မဟုတ်ပါလော။

“မင်းက အင်မော်တယ်ကံတရားကို စွက်ဖက်ရဲတယ်ပေါ့” သူက မသေခင် အော်လိုက်သည်။ “မင်း ဒဏ်ခတ်ခံရမယ်” ထို့နောက် သူသည် ခန္ဓာကိုယ်နှင့်တကွ ဝိညာဉ်ပါ ပျက်စီးပေါက်ကွဲသွားတော့၏။

မန်ဟိုက အေးစက်စက် နှာမှုတ်၍ လှည့်ထွက်သွားသည်။ ထိုအခိုက်အတန့်တွင် ခေါင်းအထက်ရှိ မြူများ တဖွေးဖွေး လှုပ်လာပြီး ဒေါသတကြီးဟိန်း‌ဟောက်သံကဲ့သို့ အသံကြီးနှင့်အတူ အခြားမိုးကြိုးများနှင့် ကွဲပြားသော မိုးကြိုးကြီးတစ်တန်းက ကျဆင်းလာသည်။ ဤမိုးကြိုးတန်းသည် ကြက်သွေးရောင်ဖြစ်ပြီး ၎င်းက လေကို စုတ်ဖြဲ၍ မန်ဟို့ဆီ ထိုးဆင်းလာချေပြီ။

ဤသည်ကား ဒဏ်ခတ်မှု။

အင်မော်တယ်ကံတရားကို ဝင်ရောက်စွက်ဖက်ခဲ့သည့်အတွက် ဒဏ်ခတ်မှုပင်။

***

All Chapters