← Chapters

မင်းလည်း သူခိုးကိုး

Vol. 60 Ch. 838

မင်းလည်း သူခိုးကိုး

Vol. 60 Ch. 838

“ဟိုအာ” ဆေးလုံးမိစ္ဆာက ပျာပျာသလဲလဲ အော်ပြီး သူ့ကို ကူညီရန် ပြင်လိုက်သည်။

မန်ဟိုက ခေါင်းမော့ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထိုအခါ ‌သူ၏ဓမ္မဆင်းတုမှာ သူ့ကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။ သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် အနီရောင်မိုးကြိုးတန်းဆီသို့ လက်ညှိုးထိုးလိုက်၏။

မိုးနှင့်မြေတွင် ‌အရောင်များ ဖြိုးဖြိုးဖျက်ဖျက် လက်သွာသည်။ တောင်များပြိုကျကာ မြေကြီးများ ကြေမွသွား၏။ သွေးတို့က သူ၏ပါးစပ်မှ စီးကျလာသော်လည်း အနီရောင်မိုးကြိုးတန်းကြီးကား ပျောက်ကွယ်သွားချေပြီ။

“အဲ့ဒါ ဒဏ်ခတ်တာတဲ့လား” မန်ဟိုက ‌ခေါင်းမော့ရင်း ပြောသည်။ “ဆရာ၊ ကျွန်တော့်ကို စိတ်မပူနဲ့။ အင်မော်တယ်တံခါးကိုသာ ဆက်ပြီးတိုက်ခိုက်။ တပည့် ... ဆရာ့ရဲ့ တာအိုစောင့်ရှောက်သူလုပ်ပေးမယ်”

ဆေးလုံးမိစ္ဆာသည် သူ့တပည့်အစွမ်းထက်ကြောင်း သိ၏။ သူ့တပည့်က မြောက်ပိုင်းသဲကန္တာရမှ ပညာရှင်အားလုံးကို နှိမ်နင်းဖမ်းချုပ်ခဲ့ပြီး ကျင့်ကြံသူတစ်သောင်းကို အပြစ်သားပြည်သူများအဖြစ် ပြောင်းလဲခဲ့သူမဟုတ်ပါလော။ တောင်ပိုင်းဒေသကို စည်ပင်ဝဖြိုးစေဖို့အတွက် အသုံးပြုခံနေရသော စိတ်ဝိညာဉ်စွမ်းအင်များပိုင်ရှင်၊ တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်ငါးယောက်ရှိနေသည့် မြောက်ပိုင်း၏အပြစ်ကြွေးဆိုသော တောင်သည် ယခုထက်ထိ တည်ရှိနေသေး၏။

ဆေးလုံးမိစ္ဆာက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မန်ဟို့မျက်ဝန်းများထဲရှိ ခိုင်မာပြတ်သားမှုက သူ၏နှလုံးသားကို နွေးထွေးစေလေသည်။ သူက ပြုံးလိုက်ပြီး သူ၏အမူအရာမှာ ပြတ်သားတည်ကြည်သွား၏။ သူကား အင်မော်တယ်တံခါးကို တိုက်ခိုက်ရန် နှစ်ဘဝစွမ်းအားကို နောက်တစ်ဖန် အသုံးပြုလိုက်ပြန်လေပြီ။

ဆေးလုံးမိစ္ဆာသည် မန်ဟို့ကို သိသော်လည်း ဆေးလုံးမိစ္ဆာကို တိုက်ခိုက်ခဲ့သော အဘိုးကြီးများအနက် ကျန်နှစ်ယောက်အတွက်တော့ သူ့အား ပထမဆုံး ဆုံတွေ့ရခြင်းဖြစ်သည်။ သူတို့၏မျက်နှာများ ပျက်သွားကြပြီး ဦးရေပြားတို့ ထုံကျင်သွားသည်။ စောစောက ကျဆင်းလာခဲ့သော အနီရောင်မိုးကြိုးသည် အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးများထက် အဆများစွာ အစွမ်းကြီးမားလေသည်။ သူတို့သာ ထိုသို့ထိမှန်ခံရလျှင် မုချစေသေသွားလောက်ပြီဖြစ်သည်။

သို့ထိတိုင် သူတို့အရှေ့ရှိ လူငယ်က သူ၏ခွန်အားသက်သက်ဖြင့်သာ တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ မှော်ပစ္စည်းများကိုပင် အသုံးပြုခြင်းမရှိခဲ့သည့်အပြင် အရေးအကြီးဆုံးမှာ ရလဒ်အနေဖြင့် သူ့ပါးစပ်မှသွေးအနည်းငယ်သာ စီးကျလာခဲ့ခြင်းပင်။ သူတို့အမြင်အရ မန်ဟိုသည် လူမဟုတ်တော့ရာ သူတို့၏အသက်ရှူသံများ ကပေါက်ကချောက် ဖြစ်သွားတော့သည်။ သို့သော် သူတို့က နောက်မဆုတ်။ အင်မော်တယ်ပြစ်ဒဏ်ကို မကျော်လွှားနိုင်လျှင် သေခြင်းဖြင့် နိဂုံးချုပ်ရမည်မဟုတ်ပါလော။

“ခင်ဗျားတို့ ကျုပ်ဆရာကို ဘာမှမလုပ်လဲ အင်မော်တယ်ကံတရားအတွက် ပုံမှန်အတိုင်း ကြိုးစားကြရင် ကျုပ် ခင်ဗျားတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး” မန်ဟိုက ပြောသည်။ သူသည် အရှေ့ရှိ လူနှစ်ယောက်နှင့် အနီးနားတွင် ရှိနေ‌သေးသော တခြားလေးယောက်ကို ကြည့်ရင်း လေလယ်တွင် ပျံဝဲနေ၏။

လူခြောက်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ မန်ဟို၏မြင့်မားသော အဆင့်အတန်းအား သိထားသည့် အရှေ့ဘက်နယ်မြေမှ ကျင့်ကြံသူများပင်လျှင် ယခု မည်သည့်အရာကိုမှ ဂရုမစိုက်အားတော့ပေ။

“အင်မော်တယ်ကံတရားအတွက် ပုံမှန်အတိုင်း ကြိုးစားတဲ့လား... ကံကောင်းတဲ့ကောင်ကို သတ်ပြီး သူ့ကံတရားကို လုယူတာကမှ ပုံမှန်ကွ။ အခုမှတော့ ပြန်လှည့်လို့မရတော့ဘူး”

“ငါတို့ကြားမှာ ရန်ငြိုးလည်း မရှိဘဲ မင်းက ငါတို့ရဲ့ အင်မော်တယ်လမ်းကို တားဆီးနေတယ်။ အခုကစပြီး ငါတို့ဟာ ကမ္ဘာမကြေရန်သူတော်တွေ ဖြစ်သွားပြီ”

သူတို့၏နှလုံးသားသည် ပြစ်ဒဏ်ကို ကျော်လွှားလိုစိတ်တို့ဖြင့် ပြည့်နှက်နေသည့်အတွက် သေခြင်းအား အဘယ်သို့ ကြောက်တော့မည်နည်း။ ကြောက်စိတ်တို့ကို ချိုးနှိမ်၍ မန်ဟို့ထံ တဟုန်ထိုး ပြေးဝင်လာစဉ် အသတ်အဖြတ်စိတ်ဆန္ဒက ကျန်ခြောက်ယောက်၏မျက်လုံးများတွင် တောက်ပလျက်ရှိ၏။

မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် သူတို့လမ်းကိုသာ ပိတ်လိုပြီး တစ်ယောက်ကိုမှ မသတ်ချင်ခဲ့ပေ။ သို့သော် အင်မော်တယ်ဘဝသို့ သွားရာလမ်းပေါ်တွင် မှန်ခြင်း၊ မှားခြင်းဟူသည်မရှိ။ အင်မော်တယ်ဖြစ်ရန်လမ်းကို ပိတ်လိုက်သည်နှင့် သူတို့အား ကမ္ဘာမကြေရန်သူတော်များ ဖြစ်သွားချေပြီ။

မန်ဟိုက ဆေးလုံးမိစ္ဆာအနားတွင် ပျံဝဲနေသည်။ ဤသို့ မရပ်တည်ပေးလျှင် သူ့အတွက် မ‌လျော်ကန်ပေ။ သို့သော် ကျန်လူခြောက်ယောက်၏ရှုထောင့်အရ မန်ဟို့လုပ်ရပ်များမှာ ခွင့်မလွှတ်ပေးနိုင်သောအပြစ်ကြီးဖြစ်သည်။

“ကျုပ်တို့ကြားမှာ ရန်‌ငြိုးလည်းမရှိဘူး၊ ရန်ကြွေးလည်း မရှိဘူး” မန်ဟိုက လေးနက်တည်ငြိမ်စွာ ပြောသည်။ “ခင်ဗျားတို့လမ်းကို ပိတ်ပြီး အင်မော်တယ်မဖြစ်အောင် ဟန့်တားတာ.... ကံကြွေးတင်လိမ့်မယ်။ အဲဒီလိုဆိုမှတော့ အဲဒီကံကြွေးကို လက်ခံဖို့ အကောင်းဆုံးကြိုးစားရမှာပဲ” အေးစက်သောအလင်းရောင်က သူ၏မျက်လုံးများတွင် တောက်ပသွားသည်။

လူခြောက်ယောက် ချဉ်းကပ်လာစဉ် မန်ဟို၏ခန္ဓာကိုယ်က ရုတ်တရက် အကန့်အသတ်မဲ့သောရွှေရောင်အလင်းဖြင့် တောက်ပလာတော့သည်။ သူသည် တဂီးဂီးအော်မြည်ရင်း လာနေသော ရန်သူတစ်ယောက်ထံ ထိုးဆင်းသွားသော ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်အသွင်ပြောင်းသွား၏။

အဝေးမှကြည့်လျှင် သတ္တုနှင့်ကျောက်ခဲများကို ပိုင်းဖြတ်နိုင်သည်အထိ ထက်သော ခြေသည်းချွန်ချွန်များနှင့် ရွှေရောင်သိမ်းငှက်ကြီးထိုးဆင်းသွားသည်ကို မြင်ရနိုင်သည်။ ၎င်းက အဘိုးကြီးကို ဝင်ဆောင့်လိုက်သဖြင့် အဘိုးကြီးမှာ ထုတ်နိုင်သမျှ နတ်ဘုရားစွမ်းရည်အကုန်လုံးနှင့် မှော်ပစ္စည်းများအသုံးပြုလိုက်လေသည်။ သို့သော် ပြောင်းလဲမှုတစ်စုံတစ်ရာမရှိ။ သူနှင့်မန်ဟို့အကြား ကွာဟမှုကား ကြီးမားလွန်း၏။ အချိန်တိုလေးအတွင်း သူ့မှာ ဒဏ်ရာအပြင်းအထန်ရသွားပြီး သေလုမျောပါး ဖြစ်သွားသည်။ သေရေးရှင်ရေးအခိုက်အတန့်တွင် သူ၏မျက်လုံးများက ရူးသွပ်မှုတို့ ပြည့်နှက်သွားပြီး သူသည် ရုတ်တရက် ကျောက်စိမ်းပြားတစ်ပြားရှိသော ညာလက်ကို ဆန့်ထုတ်လိုက်သည်။

ကျောက်စိမ်းပြားသည် အင်မော်တယ်ချီတို့ဖြင့် ပြည့်နှက်နေပြီး အမည်မသိသော အန္တရာယ်အာရုံကို ထုတ်လွှတ်လိုက်သည့်အတွက် မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

‌”သေစမ်း” အဘိုးကြီးက ကျောက်စိမ်းပြားကို ချေရင်း အော်သည်။ ဤသည်မှာ ပြစ်ဒဏ်အား ကျော်လွှားရာတွင် အသုံးပြုရန် ပြင်ဆင်ထားသော အရာဝတ္ထုတစ်ခုဖြစ်၏။ သို့သော် သူ့မှာ ချောင်ပိတ်ခံထားရရာ ၎င်းကို သုံးဖို့ တွေဝေမနေနိုင်တော့ပေ။ အဘိုးကြီး၏အရှေ့တွင် နေတစ်စင်းကဲ့သို့ အရာတစ်ခု အကောင်အထည်ဖြစ်တည်လာသဖြင့် ထစ်ချုန်းသံကြီး ပျံ့နှံ့သွား၏။ ၎င်း မန်ဟို့ဆီ ပြေးဝင်လာစဉ် အကန့်အသတ်မဲ့အလင်းတန်းများက နေထံမှ ဖြာထွက်လာသည်။

မန်ဟိုက တိတ်ဆိတ်စွာ နေနေသည်။ သူသည် နေရာလဲသိုင်းကို သုံးနိုင်သော်လည်း ဤလူများနှင့် အင်မော်တယ်ဖြစ်ဖို့အရေးအတွက် သူတို့၏အားထုတ်မှုကို လေးစားသောအားဖြင့် သူတို့ကို သတ်ဖို့ လှည့်ကွက်များမသုံးချင်ပေ။

ကျောက်စိမ်းပြားက အတုအယောင်အင်မော်တယ်တစ်ဦးကိုပင် တုန်လှုပ်သွားစေနိုင်သော မယုံကြည်နိုင်ဖွယ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ မန်ဟို့တွင် အစစ်အမှန်အင်မော်တယ်၏ စွမ်းအားငါးဆယ်ရာခိုင်နှုန်းသာ ရှိနေလျှင် ရှောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာရှိမည်မဟုတ်ပေ။ သို့သော် ယခု သူ့တွင် ထိုစွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ နေလုံးကြီး ပေါက်ကွဲလာသည်နှင့်တစ်ပြိုင်နက် သူက ညာလက်ကို မြှောက်လိုက်ရာ သူ၏ပတ်ပတ်လည်တွင် မှော်အလင်းရောင်များ ကွန့်မြူးလာသည်။ သူက ရှေ့တက်၍ နေကို တိုက်ရိုက်ထိုးစိုက်လိုက်သည်။ ၎င်း ပေါက်ကွဲသွားသည့်အခါ မန်ဟိုက အဘိုးကြီး၏နဖူးကို လက်ညှိုးထိုးလိုက်၏။

အဘိုးကြီးမှာ သူမြင်နေရသောအရာကို မယုံနိုင်ဖြစ်ကာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေသည်။ အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားဖို့ အထူးသဖြင့် ပြင်ဆင်ထားခဲ့သော ပစ္စည်းကား မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... သူ့အရှေ့ရှိ ကြောက်စရာပုဂ္ဂိုလ်အား ဘာမှမလုပ်နိုင်ပေ။

အဘိုးကြီးသည် ခါးခါးသီးသီး ပြုံးရင်း မျက်လုံးများ မှေးမှိန်လာ၏။ သို့သော် ရုတ်တရက် ၎င်းတို့မှာ မန်ဟို့ကို ကြည့်ရင်း တစ်ခုခုကို သဘောပေါက်လိုက်သည့်အလား နောက်တစ်ဖန် တောက်ပသွားသည်။ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက အေးစက်စက် ရယ်လိုက်သည်။

“ဆိုတော့ မင်းလည်း သူခိုးဖြစ်နေတာကိုး”

နေကား ဖောင်းခနဲ ပေါက်ကွဲသွား‌၏။ လှိုင်းများ ဖြာထွက်လာခြင်းပင် မရှိမီ မန်ဟိုက နဂိုနေရာ ပြန်ရောက်သွားသည်။ အဘိုးကြီးမှာမူ သူ၏အရှိန်အဝါအား အာရုံခံ၍မရတော့ပေ။

မန်ဟိုက လက်ကို ဝှေ့ယမ်းပြီး အဘိုးကြီး၏အလောင်းအား မြေကြီးပေါ်  ငြိမ်းငြိမ်းချမ်းချမ်း မျောလွင့်ကျသွားစေသည်။

ခေါင်းအထက်ရှိ အင်မော်တယ်မြူများ အော်ဟစ်သောင်းကျန်းလာပြီး ပထမတစ်ခုထက်ပင် ကြီးမားသော အနီရောင်မိုးကြိုးတန်းကြီးက ရုတ်တရက် ထိုးဆင်းလာ၏။ ၎င်းက အလွန်လျင်မြန်စွာ ထိုးဆင်းလာသဖြင့် မန်ဟို့အတွက် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

မန်ဟို၏ ရွှေသိမ်းငှက်ကြီးမှာ အုန်းခနဲ တစစီ ပြိုကွဲသွားတော့သည်။ မန်ဟိုက သွေးတစ်ပွက်အန်ရင်း ပြန်ပေါ်လာသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူ၍ လာနေသော နောက်အဘိုးကြီးတစ်ယောက်ဆီ အကြည့်ရောက်သွား၏။

အဘိုးကြီး၏မျက်နှာမှာ ဖြူဆုပ်နေပြီး အဆုံးစွန်အထိ အံ့ဩနေခြင်းတို့ဖြင့် ပြည့်နှက်နေသည်။

“ငါ တံခါးပိတ်ကျင့်ကြံနေခဲ့တဲ့ နှစ်တွေအတောအတွင်း ဘယ်လိုလုပ် ဒီလောက်လူမဟုတ်တဲ့လူက တောင်ကောင်းကင်ဂြိုဟ်မှာ ပေါ်လာနိုင်ရတာလဲ” သူက ခါးသီးစွာ ကောက်ချက်ချလိုက်သည်။ “ဒီလူက ဘယ်သူလဲ။ ပြစ်ဒဏ်မိုးကြိုးက သူ့ကို မသတ်နိုင်တဲ့အပြင် ငါတို့ထဲက နှစ်ယောက်ကိုလည်း သူက သတ်ပြီးသွားပြီ။ ငါတို့ရဲ့ ကံတရားက ဒီလိုနဲ့ အဆုံးသတ်ရတော့မှာလား” အဘိုးကြီးမှာ အလျှော့မပေးချင်ပေ။ သူ၏မျက်လုံးများသည် အဆိပ်ပြင်းသော နာကျည်းမုန်းတီးမှုဖြင့် မီးဝင်းဝင်းတောက်နေပြီး ပုန်း၍မရသလို၊ ပြေး၍လည်း မရကြောင်း သိသဖြင့် သိုလှောင်အိတ်ကို ပုတ်ကာ သွေးပုလင်းတစ်ပုလင်းထုတ်လိုက်သည်။ သူက ၎င်းကို နှုတ်ခမ်းတေ့ပြီး တစ်ပုလင်းလုံး သောက်လိုက်ရာ သူ၏စွမ်းအင်တို့သည် ရုတ်တရက် ပြောင်းပြန်စီးဆင်းစပြုလာ၏။ တစ်ချိန်တည်းမှာပင် သွေးရောင်မြူက သူ၏ခေါင်းထိပ်မှ ထွက်လာသည်။

သူ၏မျက်နှာမှာ ရှုံ့မဲ့လာပြီး သွေးကြောများ ဖောင်းကြွလာကာ သူကား အရိုင်းတိရိစ္ဆာန်ကြီးတစ်ကောင်လို ဟိန်းဟောက်လိုက်တော့သည်။

“ငါ့ အင်မော်တယ်လမ်းကြောင်းကို ပိတ်တာက ငါ့အသက်ရှင်ခွင့်ကို ဖျက်စီးလိုက်တာနဲ့ အတူတူပဲ။ ငါ အင်မော်တယ်အဆင့် မတက်လှမ်းနိုင်ရင် သေချာပေါက် သေမှာ။ ဒါကြောင့် ... အင်မော်တယ်ပြစ်ဒဏ်ကြောင့် သေသေ၊ မင်းလက်ချက်နဲ့သေသေ အရေးမကြီးဘူး။ ဘာမှမထူးဘူး” အဘိုးကြီးသည် ခါးသီးနာကြည်းမှုအပြည့်ဖြင့် မန်ဟို့ထံ ပြေးဝင်လာတော့သည်။

တစ်ဆက်တည်းမှာပင် အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးတစ်ခုပြီးတစ်ခု ပစ်ချလိုက်သဖြင့် လျှပ်စီးများ တဝင်းဝင်း လက်သွားတော့သည်။ ၎င်းတို့က ပိုပို၍ အားပြင်းလာရာ အရာအားလုံးကို တုန်ခါသွားစေတော့သည်။ ဆေးလုံးမိစ္ဆာက အင်မော်တယ်တံခါးထံသို့ နောက်တစ်ဖန် ချဉ်းကပ်လာသည်။ ထစ်ချုန်းသံများ၏အလယ်တွင် သူသည် နှစ်ဘဝစွမ်းအားကို အာရုံစူးစိုက်၍ အားတင်းပြီးနောက် အင်မော်တယ်တံခါးကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

ဆေးလုံးမိစ္ဆာ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး အင်မော်တယ်တံခါးမှာ တုန်ရီကာ အတန်ငယ် ထပ်ပွင့်သွား၏။ သို့သော် ထိုအခိုက်အတန့်တွင် ကျန်အဘိုးကြီးလေးယောက်က နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကို ထုတ်လွှတ်၍ ဆေးလုံးမိစ္ဆာကို တိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။

သေရေးရှင်ရေးအခိုက်အတန့်တွင် ဆေးလုံးမိစ္ဆာမှာ ဒဏ်ရာအပြင်းအထန်ရလိုက်ပြီဖြစ်ပြီး အစွမ်းကုန် ပြန်တိုက်ခိုက်နေ၏။ သူ့မှာ ဤလေးယောက်ကို မဖြစ်မနေ တိုက်ခိုက်နေရသလို မိုးကြိုးများကလည်း သူတို့အားလုံးအပေါ် ကျရောက်နေသည်။ အရာအားလုံး တုန်ခါနေစဉ် မန်ဟိုက သားရဲလိုအဘိုးကြီးနှင့် တိုက်ခိုက်နေ၏။

အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူသည် မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်သော်လည်း သူ့နှလုံးသားထဲတွင် သေဖို့ ပြင်ဆင်ထားပြီးဖြစ်ပြီး သူ့ကိုယ်သူ ခုခံဖို့ ဂရုမစိုက်ပေ။ သူက အားကုန်တိုက်ခိုက်နေရာ မန်ဟိုမှာ သက်ပြင်းချရင်း ညာလက်ကို မြှောက်ကာ ကြယ်ခူးသိုင်းအား အသုံးပြုလိုက်၏။ ဧရာမလက်ကြီးတစ်ဖက် ဗြုန်းခနဲ ပေါ်လာပြီး အဘိုးကြီးကို ရိုက်ချလိုက်သည်။ အဘိုးကြီးမှာ စူးစူးဝါးဝါးအော်ကာ သေဆုံးသွားတော့၏။

မန်ဟိုက သူ၏အလောင်းကို အကောင်းပကတိအတိုင်း မြေကြီးအပေါ် ကျသွားစေပြီး‌နောက် ဆေးလုံးမိစ္ဆာကို တိုက်ခိုက်နေသော ကျန်အဘိုးကြီးလေးယောက်ထံ ‌ဦးတည်သွားသည်။ အပေါ်ထက်တွင် သုံးခုမြောက်အနီရောင်မိုးကြိုးတန်းကြီးက တလိပ်လိပ် ထနေသော တိမ်တိုက်များအကြား ဖြစ်ပေါ်လာလေပြီ။ ဤတစ်ခေါက်တွင် မိုးကြိုးသည် မည်းလည်းမည်းနေရာ မိုးကြိုးတစ်ခုလုံးအား ခရမ်းရောင်သမ်းနေ‌စေ၏။ ၎င်း မန်ဟို့ကို ပစ်ချလိုက်သောအခါ မန်ဟိုမှာ တုန်ရီသွားပြီး သွေးနှစ်လုပ်အန်လိုက်ရသည်။

သူက ဆေးလုံးမိစ္ဆာကို တိုက်ခိုက်နေသော ကျန်ကျင့်ကြံသူများဆီသို့ ပြေးဝင်သွားသည့် ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းသွားသည်။ တစ်ချိန်တည်းမှာပင် မိုးကြိုးက ဆေးလုံးမိစ္ဆာအပေါ် ကျရောက်သွား၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ခြေထောက်အောက်ရှိ တောင်ကြီးမှာ ပြိုကျခါ‌နီးလေပြီ။

မန်ဟို ချဉ်းကပ်သွားနေစဉ် မှော်အလင်းရောင်က သူ့ကို ရစ်သိုင်းရင်း လေဆင်နှာမောင်းတစ်လုံးဖြစ်လာ၏။ သူက အဘိုးကြီးလေးယောက်ကို အုန်းခနဲ ဝင်တိုက်ရင်း သွေးအန်လျက် နောက်ဆုတ်လိုက်ရစေသည်။ သူတို့က ခါးခါးသီးသီး ရယ်ကာ တစ်ပြိုင်တည်းမှာပင် သူတို့၏သတ်ဖြတ်လိုစိတ်များက ပိုမိုအားကောင်းလာ၏။

“ခင်ဗျားတို့အားလုံး ကျုပ်ကို ဖိအားပေးနေတာပဲ” မန်ဟိုက‌ ဆေးလုံးမိစ္ဆာ၏အရှေ့တွင် မားမားမတ်မတ် ရပ်ရင်း ပြောသည်။ ဆေးလုံးမိစ္ဆာမှာ မျက်နှာဖြူဆုပ်နေပြီး သတိလစ်တော့မတတ် ဖြစ်နေ၏။ သူက ဆေးလုံးတချို့ကို ထုတ်စားပြီးနောက် အင်မော်တယ်တံခါးကို နောက်တစ်ဖန် အားကုန်တိုက်ခိုက်လိုက်ပြန်သည်။

တံခါးသည် တုန်ခါသွားပြီး ပို၍ဟလာသည်။ ပို၍များပြားသော ပြစ်ဒဏ်မိုးကြိုးများ ကျဆင်းလာ၏။

လျှပ်အလင်းရောင်တို့က မြေပြင်ကို စိုးမိုးသွားပြီး မန်ဟိုက ဖြတ်သန်း၍မရသော ချောက်နက်ကြီးသဖွယ် ဆေးလုံးမိစ္ဆာနှင့် ကျန်ကျင့်ကြံသူလေးယောက်အကြား ရပ်နေသည်။

“ပြန်လမ်းမရှိတော့ဘူး။ ငါတို့ ဒီဘဝနှစ်ခုနဲ့ကျင့်ကြံသူကို သတ်ပြီး သူ့ကံတရားကို မလုယက်နိုင်သရွေ့ တံခါးကို ဘယ်နည်းနဲ့မှ ဖွင့်နိုင်မှာမဟုတ်ဘူး”

“သေခြင်းဟာ ဘေးဘယ်ညာမှာ ရှိတယ်။ ရှင်ခြင်းဟာ အရှေ့တည့်တည့်မှာပဲ ရှိတယ်။ သေရမယ်ဆိုရင် တိုက်ခိုက်ရင်း သေမယ်”

“ဒီနေ့ရောက်ဖို့ ငါတို့အကြာကြီး စောင့်နေခဲ့ရတာ။ အခုတော့ ရောက်လာပြီ... တကယ်ပါပဲ ပြစ်ဒဏ်တစ်ခုပါလား...” လူလေးယောက်သည် ‌ကျယ်လောင်စွာ ရယ်မောလာကြ၏။ သူတို့၏နှလုံးသားများက တာအိုသာ ရှေးရှုချေသည်။ ထိုပြင်းပြသော‌ဆန္ဒကား ယခုအချိန်၌ပင် လျော့ကျသွားခြင်းမရှိ။

သူတို့ကား တဟားဟားရယ်ရင်း စွမ်းအားအထွတ်အထိပ်‌ရောက်အောင် ကျင့်ကြံခြင်းအခြေခံများကို လောင်ကျွမ်းစေ၍ မန်ဟို့ဆီ ပြေးဝင်လာသော အလင်းတန်းများ ဖြစ်လာသည်။

မန်ဟို့အမူအရာမှာ ရှုပ်ထွေးနေသည်။ လူလေးယောက် သူ့အပေါ် ထိုးဆင်းလာနေစဉ် သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ဓမ္မဆင်းတုသည် ရုတ်တရက် ကြီးမားလာရင်း လာနေသော အဘိုးကြီးလေးယောက်ထံ လျှောက်သွားသည့် ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းသွား၏။ ထို‌လေးယောက်အတွက် ၎င်းမှာ နံရံကြီးပမာဖြစ်ပြီး ဝင်ဆောင့်လိုက်ကြတော့သည်။

အုန်းခနဲ အသံကျယ်ကြီး ရိုက်ညောင်းသွားပြီး ကြောက်မက်ဖွယ်လှိုင်းကြီးတစ်လှိုင်း ဖြာထွက်လာ၍ အရာအားလုံး တုန်ခါသွားသည်။ သို့သော် သူ၏ဓမ္မဆင်းတုကြောင့် မည်သည့်လှိုင်းမှ ဆေးလုံးမိစ္ဆာကို နှောင့်ယှက်ခြင်းမရှိပေ။

ဆေးလုံးမိစ္ဆာက မန်ဟို့ကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။ သူက ဘာမှမပြောသော်လည်း ဖြစ်ပျက်နေသောအရာအားလုံးမှာ သူ၏ဝိညာဉ်အပေါ်တွင် စွဲထင်နေချေပြီ။

“ကံကြွေးတင်မယ်ဆိုရင်” သူက ရေရွတ်လိုက်သည်။ “ငါ့တပည့်ကို ခံစားခိုင်းဖို့ ငါ ငြင်းဆန်တယ်။ သူတို့ရဲ့ ဝိညာဉ်တွေ ငါနဲ့ပဲ မျိုးရိုးအဆက်ဆက် ပတ်သက်ပါစေသား” ထိုသို့ပြောရင်း သူက အင်မော်တယ်တံခါးကို တိုက်ခိုက်လိုက်ပြန်သည်။ သူ့ခြေထောက်အောက်ရှိ ရုပ်တုကြီးမှာ ပြိုကျပျက်စီးခါနီးနေပြီး သူ၏ခန္ဓာကိုယ်မှာ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေပုံပင်။ သို့သော် တိုက်ကွက်က တံခါးကို ဝင်တိုက်လာရာ တံခါးသည် ယခင်ထက်ပင် ပို၍ပွင့်သွားလေ၏။ သို့သော် တစ်ချိန်တည်းမှာပင် ပြစ်ဒဏ်မိုးကြိုးမှာ ပို၍အားပြင်းလာသည်။

ထိုစဉ် ဓမ္မဆင်းတုကြီး၏ အခြားတစ်ဖက်ရှိ အဘိုးကြီးလေးယောက်မှာ ဆီခမ်းတော့မည့် မီးအိမ်များအလားပင်။ သူတို့အားလုံးသည် ခါးသီးစွာ ရယ်ရင်း ရုတ်တရက် လေပေါ် ပျံတက်သွားကြ၏။ သူတို့သည် မန်ဟို့လက်နှင့် သေမည့်အစား အင်မော်တယ်ပြစ်ဒဏ်ကြောင့် သေဆုံးဖို့ ရွေးချယ်လိုက်ကြလေပြီ။

သူတို့ ပျံတက်သွားကြပြီး အင်မော်တယ်ပြစ်ဒဏ်သည် ကျဆင်းလာ၏။ တဂျိန်းဂျိန်းမြည်သံများ ကြားလိုက်ရပြီး သူတို့အားလုံးကား ခန္ဓာရောဝိညာဉ်ပါ ဖျက်စီးခံလိုက်ရလေပြီ။

မန်ဟိုမှာ သူတို့ကိုယ်တိုင် မသတ်ခဲ့သော်လည်း သူကြောင့် သူတို့ သေဆုံးသွားကြခြင်းဖြစ်သည်။ သူတို့သေသွားသည့်အခိုက်အတန့်မှာပင် ကောင်းကင်ထက်ရှိ မြူများ တဖွေးဖွေး လှုပ်လာပြီး ဒေါသတကြီး ဟိန်းဟောက်သံကဲ့သို့ အသံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။ အနီရောင်မိုးကြိုးအမြောက်အမြား ပေါင်းစည်းသွားကြရင်း မန်ဟို့ဆီ ထိုးဆင်းလာသော မိုးကြိုးပင်လယ်ကြီးတစ်စင်းအသွင်ပြောင်သွား၏။

အဝေးမှကြည့်လျှင် မိုးကြိုးအစုအဝေးကြီးမှာ မန်ဟို့ကို အသက်ထွက်အောင် ရိုက်ချချင်နေသော လက်ဝါးကြီးအလားပင်။

***

All Chapters