အစစ်အမှန်အင်မော်တယ် ဖြစ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ပဲ
Vol. 60 Ch. 839
မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံမြင့်မားစေကာမူ ကျရောက်လာသော ဧရာမမိုးကြိုးလက်ကြီးက သူ့အား သေခြင်းကြမ္မာဆိုးကို ခံစားလိုက်ရစေသည်။ ၎င်း ကောင်းကင်မှ ကျရောက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့မျက်လုံးများသည် ရူးသွပ်မှုတို့ဖြင့် တောက်ပသွား၏။ သူက လက်ကို မြှောက်လိုက်ပြီး သွေးမိစ္ဆာမဟာမှော်သိုင်းက စွမ်းအားအပြည့်ဖြင့် အသက်ဝင်လာသည်။ ထစ်ချုန်းသံကြီး ရိုက်ညောင်းသွားကာ သူ၏ခန္ဓာကိုယ်မှ မှော်အလင်းရောင်ကို ထုတ်လွှတ်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်း ဖြစ်တည်မှုအားလုံးမှာ သူ့မှော်အလင်းရောင်ကြောင့် လင်းထိန်သွားတော့၏။
တစ်ချိန်တည်းမှာပင် သွေးမိစ္ဆာမဟာမှော်ဝဲကြီးသည် ရှေးခေတ်ကာလမှ သားရဲကြီးတစ်ကောင်သဖွယ် အော်မြည်နေသည်။ ဇီယွင်ဂိုဏ်းရှိ ကျင့်ကြံသူအားလုံး ဝဲကြီး၏အလယ်မှ ထိုးထွက်နေသော အနီရောင်ချိုကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရချေသည်။
ထို့နောက် သွေးမိစ္ဆာတစ်ကောင်၏ ဧရာမခေါင်းကြီးတစ်လုံးက တလက်လက် တောက်ပနေသော မိုးကြိုးလက်ကြီးအား ဆောင့်တိုက်လိုက်သည်။
နှစ်ခုဆုံသောအခါ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးက ဖြစ်တည်မှုခပ်သိမ်းကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။ သွေးမိစ္ဆာခေါင်းကြီး၏ ချိုကြီး ကြေမွသွားပြီးနောက် တစ်ခေါင်းလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။ သွေးမိစ္ဆာဝဲကြီး ပျက်ပြားသွားပြီး မန်ဟို့ဓမ္မဆင်းတုလည်း ထိုနည်းတူပင်။
မိုးကြိုးလက်ကြီးလည်း တုန်ခါသွားသည်။ လက်ချောင်းတစ်ချောင်း ပျက်စီးသွားပြီး ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောလက်ချောင်းက မန်ဟို့ကို သဲကြီးမဲကြီး ထိုးချလိုက်သည်။
၎င်း သူ့ကို ဝင်တိုက်တော့မည့်အချိန်မှာပင် မန်ဟို့ခန္ဓာကိုယ်သည် အကန့်အသတ်မဲ့သော ရွှေအလင်းရောင်ဖြင့် တောက်ပစပြုလာသည်။ သူက ရွှေရောင်သိမ်းငှက်ကြီးဖြစ်လာကာ တောင်ပံတဖျပ်ဖျပ်ခတ်ရင်း အဝေးသို့ ထွက်သွားတော့သည်။ လက်ချောင်းတစ်ချောင်းနှင့် လက်ဝါးကြီး နောက်မှ လိုက်လာစဉ် မန်ဟိုသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီးနောက် နောက်နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်လိုက်၏။ သူက လာနေသောလက်ဝါးကြီးအား လက်ညှိုးထိုးလိုက်လေသည်။
အုန်း
အရှိန်ပြင်းပြင်းဝင်တိုက်သံကြီးအား ကြားလိုက်ရပြီး မိုးကြိုးလက်ဝါး ပျောက်ကွယ်သွားသည်။ မန်ဟိုမှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း မီတာသုံးထောင်အကွာအထိ လွင့်ထွက်သွားသည်။ သွေးခုနစ်လုပ်ဆက်တိုက်အန်ပြီးနောက်မှ ရပ်လိုက်နိုင်သည်။
သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေ၏။ လျှပ်စီးမီးပွားများက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ကခုန်နေပြီး သူ၏ချီနှင့်သွေးတစ်ဝက်ကျော်မှာ ဆုံးရှုံးသွားလေပြီ။ ရင်ဘတ်ရှိ ဧရာမဒဏ်ရာကြီးက ပြင်းထန်သောနာကျင်မှုနှင့် ပူရှိန်းနေ၏။
မန်ဟိုက အံတင်းတင်းကြိတ်၍ ခေါင်းမော့လာသည်။ သူ၏မျက်လုံးများသည် အကန့်အသတ်မရှိစွာ စူးရှတောက်ပလျက်ရှိသည်။
သူကား ပြစ်ဒဏ်မိုးကြီးကို ဒဏ်ခတ်မှုကို လုံးလုံးလျားလျား ကျော်လွှားခဲ့ပြီးချေပြီ။
ဤအခိုက်အတန့်တွင် ဆေးလုံးမိစ္ဆာအတွက် ဓမ္မစောင့်ရှောက်သူများအဖြစ် ပြုမူရန် ရောက်လာခဲ့ကြသော တောင်ပိုင်းဒေသကျင့်ကြံသူအားလုံး ဆွံ့အမှင်သက်သွားကြသည်။ ယခုလေးတင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအရာက သူတို့ဘဝတစ်လျှောက်လုံး မြင်တွေ့ခဲ့ဖူးသော မည်သည့်အရာမဆိုထက် သာလွန်လေ၏။
သူတို့သည် ဆေးလုံးမိစ္ဆာ အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်အား ကျော်လွှားနိုင်အောင် ကူညီပေးဖို့ အပြေးအလွှား လာခဲ့ကြသော်လည်း သက်ရောက်နေသော ဖိအားကြီက သူတို့ကို အံ့အားသင့်စေရုံသာမက လေပေါ်ပျံတက်မရအောင် ဖြစ်စေသည်။
မန်ဟို လှုပ်ရှားနေသည်ကိုသာ သူတို့ကြည့်နေနိုင်ပြီး သူ၏ကြီးမားသောခွန်အားက သူတို့၏ သူ့အပေါ် အထင်ကြီးမှုအား ပို၍နက်ရှိုင်းသွားစေသည်။
ဇီယွင်ဂိုဏ်းတွင် ဂိုဏ်းသားအလုံးစုံမှာ စိတ်နှလုံး တုန်လှုပ်နေကြ၏။ မန်ဟိုလုပ်နေသော အရာအားလုံးက သူတို့၏ သူ့အပေါ် ကျေးဇူးတင်မှုအား ပို၍အားကောင်းလာစေသည်။
မန်ဟို့တည်ရှိမှုကြောင့်သာ မဟုတ်လျှင် ဆေးလုံးမိစ္ဆာအနေဖြင့် ဤပြစ်ဒဏ်အတောအတွင်း သေခြင်းအား ရှောင်ကောင်းရှောင်နိုင်ခဲ့လိမ့်မည်။ သို့ရာတွင် အစစ်အမှန်အင်မော်တယ်ကံတရားကို ရယူဖို့ရန်ကား သေချာပေါက် ပိုခက်ချေမည်။ ထို့အပြင် ... မအောင်မြင်ပါက သေဆုံးရမည်ဖြစ်ပြီး ဝိညာဉ်ပြိုကွဲသွားမဟုတ်ပါလော။
မန်ဟိုက ပါးစပ်မှ သွေးများကို သုတ်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ပျက်စီးနေသော ဆရာကြီးဇီတုန်၏ ရုပ်တုအပေါ်တွင် ရပ်လျက် နှစ်ဘဝစွမ်းအားဖြင့် အင်မော်တယ်တံခါးကို ထိုးနှက်လိုက်သော သူ့ဆရာဆေးလုံးမိစ္ဆာကို မြင်လိုက်ရ၏။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ....
သူက တံခါးကို ထပ်တလဲလဲ ထိုးနှက်နေ၍ ၎င်းအား ဟသထက် ဟလာစေသည်။ တစ်ချိန်တည်းမှာပင် အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးများစွာသည် ဆထက်တိုးလာသော ပြင်းအားတို့ဖြင့် ကျဆင်းလာ၏။ ယခုတွင် ဆေးလုံးမိစ္ဆာ၏ မှော်ပစ္စည်းအားလုံးမှာ ကုန်သွားပြီဖြစ်ပြီး အင်မော်တယ်ပြစ်ဒဏ်ကား ကြောက်မက်ဖွယ်ပြင်းအားအဆင့်အထိ ရောက်နေချေပြီ။
ဇီယွင်ဂိုဏ်း၏ မဟာမန္တန်အစီအရင်မှာ ဆေးလုံးမိစ္ဆာ အင်မော်တယ်ပြစ်ဒဏ်အား တန်ပြန်တိုက်ခိုက်နိုင်အောင် ကူညီပေးရန် စွမ်းအားအဆုံးအထိ အသက်ဝင်နေသည်။ သို့သော် အင်မော်တယ်ပြစ်ဒဏ်မှာ ပို၍အားပြင်းလာပြီး အင်မော်တယ်တံခါးမှာ လေးဆယ်ရာခိုင်နှုန်းသာ ပွင့်သေးသည်။ ခြောက်ဆယ်ရာခိုင်နှုန်း ဆက်သွားဖို့ လိုသေးလေသည်။
“တာအိုရောင်ရင်း ၊ ကျုပ်ရဲ့ ဒီမှော်ပစ္စည်းကို သုံးလိုက်”
“စီနီယာကြီးဆေးလုံးမိစ္ဆာ၊ ကျုပ်ရဲ့ မှော်ပစ္စည်းကိုလည်း ယူလိုက်ပါ”
“ဆေးလုံးမိစ္ဆာ၊ ဒါက ခင်ဗျား ပြစ်ဒဏ်ကို ကျော်လွှားနိုင်စေဖို့ ကျုပ် ပြင်ထားတဲ့ ရတနာပဲ”
အောက်ရှိလူအုပ်ကြီးကြားမှ အတော်များများက မှော်ပစ္စည်းမျိုးစုံ ထုတ်လိုက်ကြသည်။ သူတို့သည် ၎င်းတို့နှင့် သူတို့၏ဆက်သွယ်မှုကို ဖြတ်တောက်ပြီးနောက် ကောင်းကင်သို့ လှမ်းပစ်လိုက်ကြသည်။
မှော်ပစ္စည်းများက အလင်းတန်းများသဖွယ် ဆေးလုံးမိစ္ဆာဆီ ဦးတည်သွားကြပြီးနောက် သူ့ကို ဝိုင်းရံလှည့်ပတ်လိုက်ကြ၏။ ဤအရာအားလုံးကား မိုးကြိုးဒဏ်ခံပစ္စည်းများဖြစ်ပြီး အတိုင်းထက်အလွန် တန်ဖိုးရှိလေသည်။
ဤအခိုက်အတန့်တွင် သူတို့သည် ၎င်းတို့အား ဆေးလုံးမိစ္ဆာဆီ ပေးဖို့ လက်တွန့်နေခြင်းမရှိပေ။ ဆေးလုံးမိစ္ဆာမှာ တုန်ရီသွားပြီး ကျေးဇူးအထူးတင်မိသွား၏။ သို့သော် ယခုအချိန်မှာ စကားပြောနေရမည့်အချိန်မဟုတ်ပေ။ သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီး လူအုပ်ကြီးအား လက်ယှက်အရိုအသေပေးပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ မှော်ပစ္စည်းရာပေါင်းများအား အင်မော်တယ်ပြစ်ဒဏ်ကို တန်ပြန်တိုက်ခိုက်လိုက်သော အနန္တအလင်းရောင်အား ထုတ်လွှတ်စေလိုက်သည်။
မန်ဟိုက မြင်ကွင်းကို စောင့်ကြည့်ရင်း လေတွင် ပျံဝဲနေသည်။ သူလည်း လက်ကို ဝှေ့ယမ်းကာ သူ၏သားရဲလက်သည်းကို ပစ်လွှတ်လိုက်သည်။ ၎င်းသည် စူးရှသောအလင်းရောင်ကို ထုတ်လွှတ်လျက် ဆေးလုံးမိစ္ဆာအနားရှိ မှော်ပစ္စည်းများနှင့် ပူးပေါင်းကာ ထူးဆန်းသောအလင်း အသွင်ပြောင်းသွားသည်။
မန်ဟို့ မျက်လုံးများသည် သူ့ဆရာ အစစ်အမှန်အင်မော်တယ်ဖြစ်လာမည်ကို မျက်မြင်တွေ့လိုသော မျှော်လင့်ချက်များဖြင့် တောက်ပနေတော့၏။
ဂျိန်းးးးးးး
အင်မော်တယ်မိုးကြိုးတန်းတစ်တန်းပြီးတစ်တန်းက ရပ်နားခြင်းမရှိ ပစ်ချနေသည်။ မကြာမီ ၎င်းတို့သည် အလွန်များပြားလှ၍ မိုးကြိုးအိုင်ကြီးတစ်အိုင်သဖွယ် ဖြစ်လာသည်။ တွင်းကြီးတစ်တွင်း ကောင်းကင်တွင် ပေါက်ထွက်သွားသည့်အလားဖြစ်ပြီး မိုးကြိုးများက သဲကြီးမဲကြီး တဝေါဝေါ ရွာကျနေလေသည်။
ဆေးလုံးမိစ္ဆာ၏ပုံရိပ်မှာ ကြည့်ရှူနေသူများ မမြင်ရတော့သည့်တိုင်အောင် မိုးကြိုးများထဲ နစ်မြုပ်နေတော့သည်။ မန်ဟိုသာလျှင် သူ့ကို မြင်သည်ဆိုရုံကလေး မြင်နေရ၏။
ထိုးနှက်ချက်များက အင်မော်တယ်တံခါးကို ဆက်လက်ဝင်ဆောင့်နေသည်။ ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း ....
ဆေးလုံးမိစ္ဆာကို ဝန်းရံလျက်ရှိသော မှော်ပစ္စည်းများမှာ ကြေမွစပြုလာသည်။ တံခါး ခြောက်ဆယ်ရာခိုင်နှုန်း ပွင့်သွားသည့်အခိုက်အတန့်တွင် မန်ဟို့သားရဲလက်သည်းပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။ မှော်ပစ္စည်းအားလုံး ဖျက်စီးခံလိုက်သောအခါတွင် ဆေးလုံးမိစ္ဆာမှာ မီးသေတော့မည့် မီးအိမ်အလားပင်။ သူက ခါးခါးသီးသီး ရယ်၍ အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးကို မော့ကြည့်ပြီးနောက် ခြောက်ဆယ်ရာခိုင်နှုန်းသာ ပွင့်သေးသော အင်မော်တယ်တံခါးကို ပြန်ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်၏။
“အစစ်အမှန်အင်မော်တယ်ဖြစ်ဖို့က တကယ် စိန်ခေါ်မှုတစ်ရပ်ပဲ...” သူက နာကျင်မှုတို့ ပြည့်နှက်နေသော အသံဖြင့် ပြောသည်။ “နှစ်တစ်သောင်းမှ တစ်ကြိမ်ပဲ လာတဲ့ အခွင့်အရေး၊ မယုံနိုင်လောက်အောင် ခက်ခဲတယ်.... ငါ အကောင်းဆုံး အားထုတ်ခဲ့ပြီးတာတောင် လေးဆယ်ရာခိုင်နှုန်း လိုနေသေးပါလား” ကောင်းကင်သည် ထစ်ချုန်းသွားပြီး မိုးကြိုးအိုင်ကြီးက အော်မြည်လာသည်။ ၎င်းက အရာအားလုံးကို ဖျက်စီးခြင်းစွမ်းအားဖြင့် လွှမ်းခြုံလျက် အင်မော်တယ်တံခါးအရှေ့၌ ရပ်နေသော ဆေးလုံးမိစ္ဆာအပေါ်သို့ ထိုးဆင်းလာနေသယောင်ပင်။
သို့သော် ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ အသားဂျယ်လီပေါ်လာပြီး ၎င်းမတုံ့ပြန်နိုင်ခင် မန်ဟိုက ၎င်းကို လေထဲ ပစ်ပေါက်လိုက်သည်။ ၎င်းမှာ စူးစူးဝါးဝါးအော်ရင်း ဆေးလုံးမိစ္ဆာနှင့် မိုးကြိုးအိုင်ကြီးဆီ ဦးတည်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့၏။
“ဆရာ တံခါးကို ဆက်ပြီး ထိုးနှက်နေ” မန်ဟိုက အော်လိုက်သည်။ အသားဂျယ်လီမှာ မိုးကြိုးအိုင်ကြီးဆီ ရောက်သည်နှင့် ဆဲဆိုပြီး ပါးစပ်ကြီးဟလိုက်၏။ ၎င်းက ရှူသွင်းလိုက်ရာ မိုးကြိုးအိုင်ကြီးမှာ တုန်ရီလာပြီး အသားဂျယ်လီထံ ရွေ့လျားလာတော့သည်။
အသားဂျယ်လီထံမှ တဖောက်ဖောက် မြည်သံများ ကြားလိုက်ရပြီး ၎င်းကား မျက်စိတစ်မှိတ်အတွင်း မည်းခြစ်သွားတော့၏။
“မန်ဟို ခွေးမသား လူယုတ်မာ။ မင်း လွန်လွန်းသွားပြီ။ မ...မင်... မင်း ။ သခင်သုံး မင်းကို ပြောင်းလဲပစ်မယ်”
ဆေးလုံးမိစ္ဆာက တုန်လှုပ်သွားသော်လည်း အင်မော်တယ်တံခါးကို ထိုးနှက်ဖို့ တစ်ချက်လေးပင် တုံ့ဆိုင်းမနေပေ။ အသားဂျယ်လီသည် မိုးကြိုးများကို ဆက်လက်စားနေသည့်အတွက် လောလောဆယ်တွင် မည်သည့်မိုးကြိုးမှ ကျရောက်လာခြင်းမရှိ။ ဆေးလုံးမိစ္ဆာက အင်မော်တယ်တံခါးကို ဖွင့်ဖို့ နှစ်ဘဝစွမ်းအားကို ပေါင်းစည်းရင်း အားကုန်ထိုးချလိုက်သည်။
ခုနစ်ဆယ်ရာခိုင်နှုန်း...
ရှစ်ဆယ်ရာခိုင်နှုန်း။
တံခါးရှစ်ဆယ်ရာခိုင်နှုန်းပွင့်သွားသောအခါ အကန့်အသတ်မရှိသော အင်မော်တယ်အလင်းရောင်နှင့်အတူ သိပ်သည်းသော အင်မော်တယ်ချီများ လျှံထွက်လာသည်။ ချက်ချင်းပင် မိုးကောင်းကင်သည် အင်မော်တယ်ဗိမာန်သဖွယ်ဖြစ်လာပြီး လေထုတွင် မဟာတာအိုများ၏တေးသွားများအပြင် ကျမ်းစာရွတ်ဖတ်သံများ ပြည့်နှက်လာသည်။
အောက်ရှိ ကျင့်ကြံသူများနှင့် ဇီယွင်ဂိုဏ်းသားများမှာ အင်မော်တယ်အလင်း၏ လွှမ်းခြုံခြင်း ခံလိုက်ရလေပြီ။ သူတို့သည် ကံကြမ္မာကောင်းကို ရရှိသွားသဖြင့် ကျင့်ကြံခြင်းအခြေခံများ ချက်ချင်း လည်ပတ်လာကြ၏။
သို့သော် ဤအခိုက်အတန့် အသားဂျယ်လီက နာကျင်စွာ အော်လိုက်၏။ ၎င်းသည် တုန်ရီလာပြီး မရေမတွက်နိုင်သော အကွဲကြောင်းများ ၎င်း၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည်။ ၎င်းသည် မိုးကြိုးစားနိုင်သော်လည်း သိပ်ခံနိုင်ရည်မရှိပေ။။ နောက်ဆုံးတွင် ၎င်းသည် တောင့်ခံနိုင်စွမ်းမရှိတေ့ဘဲ စူးစူးဝါးဝါး အော်ရင်း ပျံပြေးသွားတော့သည်။
မိုးကြိုးအိုင်ကြီးက အောက်သို့ ထပ်မံထိုးဆင်းလာရင်း ဆေးလုံးမိစ္ဆာကို လွှမ်းခြုံလိုက်သည်။ ဆေးလုံးမိစ္ဆာက ဟိန်းဟောက်၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝထုတ်ဖော်ကာ တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး ဆရာကြီးဇီတုန်၏ရုပ်တုမှာ ပြိုကွဲပြုလာတော့သည်။
မန်ဟိုမှာ အလွန်စိုးရိမ်နေ၏။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုက သူ့အား အသက်ပြင်းပြင်း ရှူသွင်းမိလိုက်စေသည်။ သူသည် တုံ့ဆိုင်းမနေဘဲ ဒုတိယကိုယ်အစစ်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် လက်ကို ဆန့်တန်း၍ လက်ညှိုးထိုးလိုက်ရာ ဒုတိယကိုယ်အစစ်မှာ တုန်ရီသွား၏။ ထို့နောက် သူ၏ဝိညာဉ်က ခေါင်းထိပ်မှ ထွက်သွားသဖြင့် သူ့မျက်လုံးများ မှေးမှိန်သွားလေသည်။
ဤသည်မှာ ... အစစ်အမှန်အင်မော်တယ် ဝိညာဉ်ပင် ။
အတိတ်တုန်းက ဤဝိညာဉ်သည် ပြစ်ဒဏ်ကို ကျော်လွှားရာ၌ ထူးဆန်းစွာ အစွမ်းအာနိသင်ရှိကြောင်း သွေးမိစ္ဆာဂိုဏ်းချုပ်မှ ဖော်ပြခဲ့ဖူး၏။ ထိုစဉ် သူ မည်မျှ စဉ်းစားပြီး မည်မျှလေ့လာခဲ့စေကာမူ အသုံးဝင်မည့်ပုံမပေါ်ခဲ့ပေ။ တခြားရွေးချယ်စရာမရှိတော့၍ မန်ဟိုက ဝိညာဉ်ကို ထုတ်လိုက်တော့သည်။
အစစ်အမှန်အင်မော်တယ်ပေါ်လာသော အခိုက်အတန့်တွင် ဆေးလုံးမိစ္ဆာကို ထိုးနှက်နေသည့် မိုးကြိုးအားလုံး တုံ့ခနဲ ရပ်သွားသည်။ ထို့နောက် ၎င်းတို့က ဆေးလုံးမိစ္ဆာကို ထားရစ်ကာ မန်ဟို့ထံ ပြေးဝင်လာကြ၏။ အတိအကျပြောရလျှင် အစစ်အမှန်အင်မော်တယ်၏ဝိညာဉ်ဆီသို့ပင်။
ဤဝိညာဉ်ကား အမှန်တကယ်ပင် .... အင်မော်တယ်ပြစ်ဒဏ်မိုးကြိုးကို ဆွဲငင်နိုင်လေသည်။
မိုးကြိုးများက ဂျလိန်းဂျလိန်း ထစ်ချုန်းရင်း ရှေ့ထွက်သွားသည်။ အစစ်အမှန်ဝိညာဉ်သည် အမိန့်တစ်ခုခုကို ကျူးလွန်ဖောက်ဖျက်ထား၍ မိုးကြိုးများ၏လက်တွင် အသေဆိုးနှင့်သေဖို့ ထိုက်တန်သည့်အလား မိုးကြိုးများက ၎င်းကို ဝိုင်းလိုက်လေသည်။
သူ့ကို ပစ်ချနေသော မိုးကြိုးများ မရှိတော့၍ ဆေးလုံးမိစ္ဆာသည် မျက်လုံးများ နီရဲလျက် အားကုန်ထုတ်လိုက်၏။ သူနှင့် အောက်ရှိ ဓမ္မစောင့်ရှောက်သူအကုန်လုံး တတ်နိုင်သမျှ အရင်းအမြစ်အလုံးစုံ သုံးစွဲခဲ့ပြီးလေပြီ။ ဤသည်မှာ သေရေးရှင်ရေးအခိုက်အတန့်ဖြစ်၏။ ယခု မအောင်မြင်လျှင် ရလဒ်က သေဆုံးခြင်းသာ။
ဆေးလုံးမိစ္ဆာက ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ မီးဟုန်းဟုန်းတောက်လာသည်။ သူသည် အသက်စွမ်းအားကို လောင်ကျွမ်းလိုက်သလို သူ့အောက်ရှိ ဆရာကြီးဇီတုန်၏ ရုပ်တုလည်း ထိုနည်းတူပင်။ ဤသည်ကား နှစ်ဘဝကျင့်ကြံခြင်းစွမ်းအားဖြစ်၏။
မီးတောက်များအတွင်းတွင် ဆေးလုံးမိစ္ဆာသည် ကြယ်တံခွန်ကြီးသဖွယ် အင်မော်တယ်တံခါးကို ဦးတည်သွား၏။ သူကား သူ၏အသက်စွမ်းအားအလုံံးစုံဖြင့် ၎င်းကို ဝင်တိုက်ပေတော့မည်။
အင်မော်တယ်တံခါး ပို၍ပင် ပွင့်သွားသဖြင့် အလွန်ကြီးမားသော ထစ်ချုန်းသံကြီးက တောင်ပိုင်းဒေသတစ်ဝန်းလုံး ရိုက်ခတ်သွားပြီး တကယ်တမ်း တောင်ကောင်းကင်တစ်ခုလုံးဖြစ်သည်။
ကိုးဆယ်ရာခိုင်နှုန်း
ဆရာကြီးဇီတုန်၏ရုပ်တုမှာ ဂျိန်းခနဲ ပြိုကျသွားသည်။ ဆေးလုံးမိစ္ဆာကား ကြောက်စရာကောင်းလောက်အောင် အိုမင်းသွားပြီး အသက်ဆုံးတော့မည့်အလားပင်။ သို့သော် သူသည် လက်လျှော့လိုခြင်းမရှိ။ အဆုတ်ကွဲလုမတတ် ဟိန်းဟောက်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံဖြင့် မီးထဲဝင်တိုးနေသော ပိုးဖလံပမာ အင်မော်တယ်တံခါးကို ထပ်မံဝင်တိုက်လိုက်ပြန်သည်။
ဝုန်း
အသံကြီးက တောင်ကောင်းကင်ဂြိုဟ်တစ်ဝန်းလုံးအား တုန်ခါသွားစေပြီး ကြယ်တာရာကောင်းကင်အထိပင် လိမ့်ထွက်လာရာ ကျော်ဖြတ်သွားနိုင်ဖို့ မန်ဟို့အဖေကို တိုက်ခိုက်နေသောလူတိုင်း ကြားလိုက်ရကြသည်။
အသံကို ကြားရသောအခါ ... လူတိုင်းသည် ခေါင်းလောင်းထိုးသံများဖြင့် စိတ်များ တုန်ခါနေသည့်အလား ခံစားလိုက်ရ၏။
အင်မော်တယ်တံခါးကား ... ကိုးဆယ်ရာခိုင်နှုန်း ပွင့်သွားခဲ့ချေပြီ.... အပြည်အဝပွင့်ဖို့ နည်းနည်းလေးသာ လိုတော့သည်။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်မှာ အုံကြွလာပြီး လေများက တဝေါဝေါ တိုက်ခတ်ကာ မြူများ တဖွေးဖွေး လှုပ်လာ၏။
ဤသည်မှာ ပြစ်ဒဏ်မိုးကြိုးပြီးလျှင် ရောက်လာမည့် ဒုတိယအဆင့်ပြစ်ဒဏ်၊ စိတ်ဝိညာဉ်သုတ်သင်ခြင်းပြစ်ဒဏ်လေပင်။
လေတိုက်သောအခါ မီးငြိမ်းတော့မည့် ဖယောင်းတိုင်သဖွယ် ဖြစ်နေသော ဆေးလုံးမိစ္ဆာ ၊ ပျက်စီးသွားခဲ့ပြီဖြစ်သော ဆရာကြီးဇီတုန်ရုပ်တုပိုင်ရှင် ဆေးလုံးမိစ္ဆာမှာ ပျောက်ကွယ်စပြုလာတော့သည်။
သူကား ရှုံးနိမ့်သွားခဲ့လေပြီ။
ဤအခိုက်အတန့်တွင် နယ်မြေအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး စောင့်ကြည့်နေသူတိုင်းမှာ ဝမ်းနည်းလှိုင်းများ ဆို့တက်လာသည်ကို ခံစားလိုက်ရသည်။ ငိုရှိုက်သံများက ဇီယွင်ဂိုဏ်းမှ ပျံ့လွင့်လာ၏။
ဆေးလုံးမိစ္ဆာ၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်လာနေသည်။ သူ့အနောက်ရှိ အင်မော်တယ်တံခါးမှာလည်း မှေးမှိန်လာသည်....
ဆေးလုံးမိစ္ဆာက သက်ပြင်းချလိုက်သည်။ မည်သည့်ခါးသီးမှုကိုမှ သူ မခံစားရပေ။ သို့သော် ကမ္ဘာကြီး မခွဲချင်မခွာချင်ဖြစ်နေသော အရိပ်အယောင်အား သူ့မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။ သူ့မှာ အောက်ရှိ သူ၏အသိမိတ်ဆွေများကို မထားခဲ့ချင်ပေ။ သူ့တပည့်ကို နှုတ်ဆက်စကားမပြောချင်သလို၊ သူ့တာအိုကိုလည်း မစွန့်ပစ်ချင်။ သို့သော် သူကား အဆုံးသို့ ရောက်နေလေပြီ။
ဆေးလုံးမိစ္ဆာမှာ တစ်ခုခုပြောချင်သော်လည်း ဤအခိုက်အတန့်တွင် စကားမပြောနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်သည် ဝေဝါးလာပြီး ကိုယ်တစ်ပိုင်းမှာ ပြာကျသွားခဲ့ပြီဖြစ်သည်။ ကျန်အပိုင်းမှာလည်း ပြာအဖြစ်ပြောင်းလဲနေ၏။ သူ့အရေပြားတို့ ကွာကျလာပြီး သူ့မှာ ပျောက်ကွယ်ပေတော့မည်။
သူသည် အောက်ရှိ လူအုပ်ကြီးအား ဆုတောင်းမေတ္တာပို့သဖို့ သူ့အကြည့်ကိုသာ အသုံးပြုနိုင်လေသည်။
မန်ဟိုမှာ တဆတ်ဆတ် တုန်နေပြီး မျက်လုံးများ နီရဲနေသည်။ အင်မော်တယ်တံခါး ပျောက်ကွယ်ပြီး ဆေးလုံးမိစ္ဆာ သေဆုံးတော့မည်ကို မြင်လျှင် သူ့မှာ သည်းမခံနိုင်တော့ပေ။ သူက တဟုန်ထိုး ရှေ့ထွက်သွား၏။
“ဆရာ ကျွန်တော် လာကယ်မယ်”
***