← Chapters

တက်လမ်းကား ဤဂြိုဟ်တွင် မဟုတ်၊ ကြယ်တွေကြားမှာ ရှိလေသည်

Vol. 60 Ch. 840

တက်လမ်းကား ဤဂြိုဟ်တွင် မဟုတ်၊ ကြယ်တွေကြားမှာ ရှိလေသည်

Vol. 60 Ch. 840

စိတ်ဝိညာဉ်သုတ်သင်ခြင်းပြစ်ဒဏ်လေသည် အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်၏ ဒုတိယပုံစံဖြစ်ပြီး စောစောက ပြစ်ဒဏ်မိုးကြိုးထက် အဆများစွာ ပို၍အားပြင်း၏။  လေတိုက်လိုက်သည်နှင့်တစ်ပြိုင်နက် အပြင်အားကိုယ်မှာ ပျက်စီးပြိုကွဲကာ ဝိညာဉ်ပျောက်ကွယ်သွားမည်ဖြစ်သည်။

ဆေးလုံးမိစ္ဆာ၏ ခန္ဓာကိုယ် ပျောက်ကွယ်စပြုလာသည့်အခိုက်အတန့်တွင် မန်ဟိုက တုံ့ဆိုင်းခြင်းမရှိ ရှေ့ဆက်သွားသည်။ သူ့မှာ အန္တရာယ်ကို ခေါင်းထဲ မထည့်နိုင်သလို ဤလုပ်ရပ်များက နောင်တစ်ချိန်တွင် သူအပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိမည်လဲ စဉ်းစားရန် အချိန်မရှိပေ။ ဤအခိုက်အတန့်တွင် သူ စဉ်းစားနိုင်သည့် တစ်ခုတည်းသောအရာမှာ ... သူ့ဆရာဆေးလုံးမိစ္ဆာ သူ့အား မည်ကဲ့သို့ နူးညံ့ကြင်နာစွာ ဆက်ဆံပေးခဲ့သည်ကိုသာ။

ထိုကြင်နာမှုသည် ဇီယွင်ဂိုဏ်းမှာတကတည်းက အစပြုခဲ့ပြီး နောက်ပိုင်းဖြစ်ပျက်ခဲ့သော အသေးအဖွဲကိစ္စလေးများနှင့်အတူ ကြီးထွားလာခဲ့သည်။ ၎င်းသည် ဆရာတစ်ဦးနှင့်တပည့်တစ်ဦး၏ ပတ်သက်မှုပင်။

သူ့အဖေနှင့်အမေ ဘယ်ဆီရောက်၍ဘယ်‌ပျောက်နေမှန်း မသိခဲ့စဉ်တုန်းက၊ ခဲယွင်ယိုင်ထံမှ အဖေနှင့်သားခံစားချက်ကို မရရှိခဲ့စဉ်တုန်းက ဆေးလုံးမိစ္ဆာသည်သာ သူ့ကို ဂရုစိုက်သော မိဘသဖွယ်ဖြစ်ခဲ့သည်။

ထို့ကြောင့် မန်ဟိုကား တုံ့ဆိုင်းခြင်းမရှိ ‌ချီတက်သွားလေပြီ။

စိတ်ဝိညာဉ်သုတ်သင်ခြင်းပြစ်ဒဏ်လေထဲ ဝင်ရောက်လိုက်လျှင်ချင်း သူ၏အပြင်အားကိုယ်မှာ ပျက်စီးလာပြီး သူ၏ဝိညာဉ်လည်း ဝေဝါလာကာ သူ၏စိတ်မှာလည်း လွတ်ချင်လာသည်။ သို့သော် သူ့မှာ ထိုအရာတစ်ခုကိုမှ ဂရုမစိုက်အား။

အချိန်လွန်သွားပုံရသော်လည်း မန်ဟိုက ခိုင်မာပြတ်သားမှုအပြည့်အဖြင့် သူ့ကို ထိုးကျင့်နေသော သေမင်းလေကြောင့် နာကျင်မှုကို ပြန်တွန်းလှန်ရင်း ဆေးလုံးမိစ္ဆာအနား ချဉ်းကပ်လိုက်သည်။ ထို့နောက် ဆေးလုံးမိစ္ဆာကို ဆွဲ၍ အင်‌မော်တယ်တံခါးကို အတင်း ဝင်ဆောင့်လိုက်တော့၏။

ခေါင်းနှင့် ဦးစွာ တိုက်ချလိုက်သည်။

ဒုန်း

အင်မော်တယ်တံခါးမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သော်လည်း ယခုတွင် တုန်ခါသွားလေပြီ။ မပွင့်ဘဲ ကျန်နေခဲ့သော အပိုင်းသေးသေးလေးကား ယခုတွင် မရှိတော့ပေ။ တံခါးကား အပြည့်အဝပွင့်သွားတော့သည်။ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး ကြီးကျယ်ခမ်းနားသော အင်မော်တယ်အလင်းရောင် ဖြာထွက်လာသည်။ မန်ဟိုက နောက်ဆုံးလက်ကျန်စွမ်းအားအလုံးစုံကို သုံး၍ ဆေးလုံးမိစ္ဆာအား အင်‌မော်တယ်တံခါးထဲသို့ တွန်းပို့လိုက်၏။

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့တစ်ကိုယ်လုံးမှာ ပျောက်ကွယ်လုနီးပါး ရုပ်ပျက်ဆင်းပျက် ခြောက်သွေ့သွားသည်။ ယခုတွင် သူ့မှာ မြေကြီးထံသို့ အမြန်ဆုံးနှုန်းဖြင့် ပြုတ်ကျနေချေပြီ။

အရာအားလုံး အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသည့်အတွက် အောက်ရှိလူတိုင်းမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ မန်ဟိုမှာ မြေကြီးနှင့် မိတ်ဆက်ပြီး လိမ့်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ တစစီနီးပါး ဖြစ်သွားပြီး သူ့အသားတို့ ပုပ်သိုးလာကာ အရှိန်အဝါမှာ မယုံနိုင်လောက်အောင် အားနည်းသွားတော့သည်။ သို့သော် သူသည် နောင်တကင်းသော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်နေ၏။

အပေါ်ထက်တွင် ဆေးလုံးမိစ္ဆာအား အင်မော်တယ်တံခါးထဲ၌ မြင်နိုင်သည်။ သူ၏မျက်လုံးများသည် ပထမတွင် ကြောင်နေသော်လည်း တံခါးထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံးသည် အကန့်အသတ်မရှိသော အင်မော်တယ်ချီတို့ဖြင့် တဟုန်းဟုန်း တောက်လာသည်။ ၎င်းက သူ့ကို ရစ်သိုင်းရင်း သူ၏ခန္ဓာကိုယ်ကို အသစ်ဖန်တီးပေးနေ၏။ တစ်ချိန်တည်းမှာပင် ပြစ်ဒဏ်မြူများသည် ပြစ်ဒဏ်များအား ထပ်မံမပစ်ချတော့ဘဲ အင်မော်တယ်တံခါးဆီသို့ လွင့်မျောသွားကြလေသည်။

တစ်ချိန်တည်းမှာပင် အကန့်အသတ်မရှိသော အင်မော်တယ်အလင်းရောင်က ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ အင်မော်တယ်ချီများ တဖွေးဖွေး လှုပ်လာပြီး တာအိုတေးသွား ပျံ့လွင့်လာသည်။ ဆေးလုံးမိစ္ဆာမှာ အလင်းရောင်များဖြင့် ဝန်းရံခံနေစဉ် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ အရှိန်အဝါက သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာ၏။

“ငါဟာ အရင်ဘဝတုန်းက ဇီတုန်ဖြစ်ခဲ့ပြီး ဒီဘဝမှာ ‌ဆေးလုံးမိစ္ဆာဖြစ်ခဲ့တယ်။ တစ်သက်လုံး ဆေးဝါးတာအိုကို ကျင့်ကြံဖို့ အရာအားလုံးကို အာရုံစိုက်ခဲ့တယ်... အခု ငါဟာ အစစ်အမှန်အင်မော်တယ်တစ်ဦးဖြစ်လာပြီး အစစ်အမှန်အင်မော်တယ်ဆေးလုံးချီကို ဖော်ဆောင်နိုင်ခဲ့ပြီ... ဒီချီမှာ ငါ့အသက်စွမ်းအား ပါဝင်ပြီး အဲ့ဒါကို ငါ့ခန္ဓာကိုယ်ထဲမှာ ချုပ်တည်းမထားတော့ဘူး။  အဲဒီအစား ငါ့တပည့်ကို ပေးမယ်...” ‌ဆေးလုံးမိစ္ဆာက အောက်ရှိ မန်ဟို့ကို ငုံ့ကြည့်လိုက်ပြီး သူ၏အမူအရာသည် နူးညံ့ကြင်နာပြီး ကျေးဇူးတင်နေသော ပုံစံရှိ၏။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ ရုတ်တရက် အစိမ်းရောင်ချီတန်းတစ်တန်းက မန်ဟို့ထံ ပြေးဝင်သွားတော့သည်။

၎င်းကို လေကို ခွင်းလာစဉ် ပန်းပွင့်များ ပွင့်လာပြီး အိပ်ပျော်နေသောတိရစ္ဆာန်များ နိုးထလာကာ သက်တံ့များ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ မြေခပ်သိမ်းတွင် ခမ်းနားသော ဆေးရနံ့များ ပြည့်နှက်သွား၏။ ဤသည်မှာ ဆေးလုံးမိစ္ဆာ အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာသည့်အခါ ဖြစ်ပေါ်လာသော သက်စောင့်အားဆေးလုံးချီပင်။ ၎င်းသည် အင်မော်တယ်ဆေးလုံးတစ်လုံးထက်ပင် သာသေး၏။

မန်ဟိုမှာ ဤဆေးလုံးကို ငြင်းဆန်ချင်လျှင်တောင်မှ မငြင်းဆန်နိုင်ပေ။ ၎င်း သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားသောအခိုက်အတန့်တွင် သူ၏ဒဏ်ရာအားလုံး ပျောက်ကင်းလာသည်။ ထိုမျှသာမက ဘယ်တော့မှ အကောင်းပကတိအတိုင်း ပြန်ဖြစ်မလာခဲ့သော သူ၏ ထာဝရအလွှာလည်း အကောင်းအတိုင်းပြန်ဖြစ်သွားလေပြီ။

ထာဝရအလွှာ အကောင်းအတိုင်း ပြန်ဖြစ်သွားသည်နှင့် မန်ဟို့ခန္ဓာကိုယ်သည် ထစ်ချုန်းသံများဖြင့် ပြည့်နှက်လာသည်။ သူ၏ဒဏ်ရာများက ပကတိအတိုင်း သက်သာလာပြီး သူက ထရပ်လိုက်သည်။ သူသည် ကောင်းကင်ရှိ သူ့ဆရာကို မော့ကြည့်ပြီး လက်ယှက်၍ အလေးအနက် အရိုအသေပေးလိုက်လေသည်။

ဆေးလုံးမိစ္ဆာ အင်မော်တယ်တံခါးအတွင်း၌ ရပ်နေစဉ် ပို၍များပြားသော အင်မော်တယ်ဆီတို့က စတင်စုဝေးလာသည်။ ရှိသမျှ လူတိုင်းသည် ကောင်းချီပေးခံနေရသည့်အလား အင်မော်တယ်ချီတချို့က သူတို့ကို လွှမ်းခြုံသွားပြီး ကျင့်ကြံအဆင့်တိုးတက်မှုများ ကြုံတွေ့သွားကြ၏။ တချို့ဆိုလျှင် ၎င်းကြောင့် နောက်တစ်ဆင့်သို့ပင် ‌တက်လှမ်းသွားကြသည်။

ဆေးလုံးမိစ္ဆာ၏ ပတ်ပတ်လည်ရှိ အစစ်အမှန်အင်မော်တယ်တစ်ဦး၏ အရှိန်အဝါမှာ ပို၍သိပ်သည်းလာသည်။ အသက်ဆယ်ရှိုက်ကြာသော် ထစ်ချုန်းသံကြီး လေတွင်ပြည့်နှက်သွားပြီး ဆေးလုံးမိစ္ဆာထံမှ မန်ဟိုနှင့်တူညီသော ခမ်းနားသည့်ဖိအားတစ်ရပ် ထုတ်လွှတ်လာသည်။

အစစ်အမှန်အင်မော်တယ်

သူ၏စွမ်းအင်များ တဖွေးဖွေး လှုပ်နေစဉ် အစစ်အမှန်အင်မော်တယ်စိတ်ဆန္ဒသည် မန်ဟိုနှင့် ကွဲပြားသော်လည်း သိသာထင်ရှားလာ၏။ အကန့်အသတ်မရှိသော အလင်းရောင်တို့ ဆေးလုံးမိစ္ဆာထံမှ ဖြာထွက်လာသည်။ သူ၏ဝိညာဉ်သည် အစစ်အမှန်တစ်ဦး၏ ဝိညာဉ်ဖြစ်လာပြီး သူ၏တာအိုကား အစစ်အမှန်အင်မော်တယ်တစ်ဦး၏ တာအိုဖြစ်လာချေပြီ။

သူ၏ခန္ဓာကိုယ်သည်လည်း ... အစစ်အမှန်တစ်ဦး၏ခန္ဓာကိုယ် ဖြစ်လာသည်။

ဤအခိုက်အတန့်တွင် သူကား မည်သည့်ကဏ္ဍတွင်မဆို အစစ်အမှန်အင်မော်တယ်ဖြစ်နေလေပြီ။

အင်မော်တယ်တံခါးလည်း ထစ်ချုန်းသွားသည်။ ကြည့်ရသရွေ့ အခြားသူများ မမြင်နိုင်သော လောကတစ်ခု ၎င်းအထဲ၌ ရှိနေသယောင်ပင်။ မန်ဟိုပင်လျှင် အသေးစိတ်မမြင်ရ။ ဆေးလုံးမိစ္ဆာတစ်ယောက်သာ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်ရပြီး အင်မော်တယ်တံခါးအတွင်းရှိ ထိုလောကကို ကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။

ထို့နောက် တံခါးထဲမှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ၎င်းအတွင်း၌ကား စာလိပ်တစ်လိပ်။ စာလိပ်ပြေသွားလျှင် မရေမတွက်နိုင်သော နာမည်များအား ၎င်းအပေါ်တွင် ရေးသားထားကြောင်း မြင်ရပေမည်။

နာမည်တချို့မှာ ယခုအချိန်တွင် သေဆုံးသွားပြီဖြစ်သော လူများ၏ နာမည်များအလား မှေးမှိန်နေသည်။ သို့သော် တချို့ကတော့ နေလုံးကြီးများပမာ တောက်ပနေသည်။ အရေအတွက် မည်မျှရှိသလဲ အတိအကျမမြင်ရပေ။ ဤအရာအားလုံးသည် .... နဝမတောင်ပင်လယ်သမိုင်းကြောင်းတစ်လျှောက် တည်ရှိခဲ့သော အစစ်အမှန်အင်မော်တယ်များ ဖြစ်ချေ၏။

များပြားသယောင် ထင်ရသော်လည်း နဝမတောင်နှင့်ပင်လယ်ရှိ လူအရေအတွက်နှင့်ယှဉ်လျှင် အစစ်အမှန်အင်မော်တယ်များသည် ... ဖီးနစ်ငှက်မွှေးများနှင့် ချီလင်ချိုများလို ရှာရခက်၏။

တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းမှာ နှစ်တစ်သောင်းကြာမှ တောင်ပင်လယ်တစ်ခုလျှင် တစ်ယောက်စီ၊ စုစုပေါင်း အစစ်အမှန်အင်မော်တယ်ကိုးယောက်တည်းကိုသာ ‌ထုတ်လုပ်ပေးမည်မဟုတ်ပါလော။

မှန်ပါသည်၊ အင်မော်တယ်လမ်းပြနွယ်ပင်များလည်း ရှိသည့်အတွက် အရေအတွက်က ထို့ထက်များနိုင်သည်။ သို့သော် နှစ်တစ်သောင်းကြာတိုင်း တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းတွင် ပေါ်ထွန်းလာမည့် အစစ်အမှန်အင်မော်တယ်အရေအတွက်မှာ တစ်ရာထက်မကျော်ပေ။

ယခုတွင် ထိုစာလိပ်ပေါ်၌ နာမည်အသစ်ပေါ်လာသည် ...  ဆေးလုံးမိစ္ဆာ။

ဤအခြင်းအရာက ဆေးလုံးမိစ္ဆာသည် အစစ်အမှန်အင်မော်တယ် အမှန်ဖြစ်ပြီဟု ဆိုလို၏။

ထိုမျှသာမက လာမည့်နှစ်တစ်သောင်းအတွင်းတွင် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းအတွင်း၌ ‌အစစ်အမှန်အင်မော်တယ်ဖြစ်လာဖို့ အင်မော်တယ်လမ်းပြနွယ်များကို အသုံးပြုမည့် ရွေးချယ်ခံများ ရှိသည်။ သူတို့၏နာမည်များလည်း စာလိပ်ပေါ်တွင် ပေါ်လာမည်ဖြစ်သော်လည်း မည်သူမှ ထိုအခြင်းအရာအား မြင်ရမည်မဟုတ်ပေ။ နောက်နှစ်တစ်သောင်းကြာပြီးနောက်မှ အင်မော်တယ်ကံတရားကို သိမ်းပိုက်၍ အစစ်အမှန်အင်မော်တယ်ဖြစ်လာသော တစ်စုံတစ်ယောက်သာ ၎င်းတို့ကို မြင်ရလိမ့်မည်။

အင်မော်တယ်တံခါးသည် ‌အသံမထွက်ဘဲ ကောင်းကင်သို့ ထိုးတက်၍ အာကာသထဲ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းရင်း ပျောက်ကွယ်သွား၏။ ကြယ်တာရာကောင်းကင်၌ တောင်ကောင်းကင်သို့ ဝင်ရောက်ဖို့ ကြိုးစားနေ‌သော လူအုပ်ကြီးမှာ သက်ပြင်းချ၍ ရပ်လိုက်ကြသည်။ ဘယ်သူမှ ဘာမှမပြောတော့ဘဲ နောင်တများဖြင့် လှည့်ပြန်သွားကြလေသည်။

မှန်ပါသည်၊ သူတို့အတွက် ဖန်ရှုံ့ဖုန်းနှင့် အစစ်အမှန်အင်မော်တယ် ဖြစ်သွားသော အောက်ရှိ ပုဂ္ဂိုလ်အား မခံပြင်းဘဲနေဖို့ မဖြစ်နိုင်ပေ။

ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်၌ နေရာရွှေ့ပြောင်းခြင်းမုခ်ဝကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ စူးရှသောရောင်စဉ်တန်းများက အရာအားလုံးကို လွှမ်းနိုးသွားပြီး သမင်ဖြူတစ်ကောင်စီးထားသော အဘိုးကြီးတစ်ဦးပေါ်လာသည်။

အဘိုးကြီး၏ပုံပန်းသွင်ပြင်မှာ ပုံမှန်သာဖြစ်ပြီး သူက အပြုံးတစ်ခုကို ဆင်မြန်းထား၏။ သူစီးထားသော သမင်ဖြူတွင် ခံ့ညားသောချိုတစ်စုံရှိပြီး ၎င်းမျက်လုံးများက သွေးအေးရက်စက်စွာ တောက်ပနေသည်။ ၎င်းသည် သမင်ဖြူတစ်ကောင်သာ ဖြစ်သည့်တိုင် ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေ၏။ အဘိုးကြီးပေါ်လာသောအခါ အရာအားလုံးတုန်ခါသွားပြီး ကြယ်တာရာကောင်းကင်မှာ မှေးမှိန်သွားလေသည်။ ထွက်ခွာနေသော လူအုပ်ထဲရှိ အဘိုးကြီးကို မှတ်မိသူများမှာ ချက်ချင်း ပင့်သက်ရှိုက်သွားကြ၏။

“ခွန်လွန်အစည်းအရုံးက တာအိုဆရာခွန်လွန်”

“ခွန်လွန်အစည်းအရုံးက ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းမှာ အလျှို့ဝှက်ဆုံးထဲက တစ်ခု။ တာအိုဆရာခွန်လွန်က သူတို့ရဲ့ဂိုဏ်းခေါင်းဆောင်လ”

“သူ တကယ်ပဲ ဒီမှာပေါ်လာတာ မယုံနိုင်ဘူး... အဲ့ဒီသမင်ဖြူက လွန်ခဲ့တဲ့ နှစ်ငါးသောင်းတုန်းက နဝမတောင်မှာ သောင်းကျန်းခဲ့တဲ့ သမင်ရိုင်းကြီးဖြစ်မယ်”

ဖန်ရှုံ့ဖုန်း၏မျက်လုံးများ တောက်ပသွားပြီး သူ၏သူငယ်အိမ်များ အတန်ငယ် ကျုံ့သွားသည်။

“ဂါဝရပြုပါတယ် တာအိုဆရာခွန်လွန်” ဖန်ရှုံ့ဖုန်းသည် မည်မျှပင်အစွမ်းထက်စေကာမူ လက်ယှက်၍ တာအိုဆရာခွန်လွန်ကို အရိုအသေပေးလိုက်၏။

“ရှုံ့ဖုန်း” အဘိုးကြီးက ပြုံးလျက်ပြန်ပြောသည်။ “ငါ ငါ့တပည့်ကို ပြန်ခေါ်ဖို့ ဒီရောက်လာခဲ့တာပဲ။ သူဟာ ငါ့အိပ်မက်တစ်ခုကနေတစ်ဆင့် ငါ့အယူအဆတွေကို သင်ကြားခဲ့တယ်။ သူ့နာမည်က ဇီတုန်တဲ့။ အခု အစစ်အမှန်အင်‌မော်တယ်အဆင့် တက်သွားပြီဆိုတော့ သူ့အတွက် ပြန်ဖို့ အချိန်ကျလာပြီ” ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အံ့ဩမှင်သက်စွာ ကြည့်နေကြတော့သည်။ အတော်များများ မျက်လုံးပြူးသွားကြပြီး ယခုလေးတင် အစစ်အမှန်အင်မော်တယ်ဖြစ်လာခဲ့သော လူအပေါ် မုန်းတီးမှုတို့ တစ်စက်မကျန် ပျောက်ကွယ်သွားတော့၏။

ခွန်လွန်အစည်းအရုံးသည် ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းထဲမှ ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်၏။ သူတို့ကား အလွန်သိုသိပ်လွန်းလေသည်။ ထိုမျှသာမက သခင်ကျီ ကောင်းကင်ကို ပြောင်းလဲခဲ့စဉ်တုန်းကသာ ခွန်လွန်အစည်းအရုံးမှ ကူညီပေးခဲ့လျှင် ၎င်းသည် အထွတ်အမြတ်မြေတစ်မြေဖြစ်လာပြီး အထွတ်အ‌မြတ်ငါးမြေထက်ပိုသွားမှာ ဖြစ်၏။

ဖန်ရှုံ့ဖုန်း၏မျက်လုံးများမှာ ပြူးကျယ်နေသော်လည်း သူက ဘာမှမပြောပေ။ တာအိုဆရာခွန်လွန်က သူ့ကို ဖိအားမပေးဘဲ ပြုံးနေသည် ။

တခဏကြာသော် ‌တောင်ကောင်းကင်ဂြိုဟ်၏အပြင်တွင် ဖန်ရှုံ့ဖုန်း၏ကိုယ်အစစ် ဖြစ်ပေါ်လာပြီးနောက် တာအိုဆရာခွန်လွန်ကို ဖိတ်မန္တကပြုလိုက်သည်။ တာအိုဆရာခွန်လွန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“ဒီကျေးဇူးကို မမေ့ပါဘူး” သူက ပြောသည်။ လူတိုင်း စောင့်ကြည့်နေစဉ်မှာပင် သမင်ဖြူကြီးသည် တောင်ကောင်းကင်ဂြိုဟ်သို့ ချဉ်းကပ်သွားပြီးနောက် တောင်ပိုင်းဒေသရှိ ဇီယွင်ဂိုဏ်းထဲတွင် ပေါ်လာသည်။

မန်ဟိုမှာ သမင်ဖြူစီးလာသော အဘိုးကြီးကို မြင်လျှင် ပါးစပ်အဟောင်းသားဖြစ်သွား၏။

လေလယ်တွင် ဆေးလုံးမိစ္ဆာမှာ အဘိုးကြီးကို မြင်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် ပြန်မှတ်မိသွားသည့်အလား တွေဝေသွားသော အရိပ်အယောင်အား သူ့မျက်နှာအပေါ်တွင် မြင်နိုင်သည်။ သူက အဘိုးကြီးအနား ‌ချဉ်းကပ်သွားပြီး လက်နှစ်ဖက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

“အခုမှတ်မိပြီလား” အဘိုးကြီးက ပြုံးရင်း ပြောသည်။

“မှတ်မိပါပြီ၊ ဂါဝရပြုပါတယ် ဆရာ”

“မင်းအရင်ဘဝရဲ့ ကလေးအရွယ်မှာတုန်းက ငါဟာ မင်းရဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီး သင်ကြားရင်း ဆေးဝါးတာအိုလမ်းကို ညွှန်ပြပေးဖို့ မင်းရဲ့အိပ်မက်တွေထဲမှာ ပေါ်လာခဲ့ဖူးတယ်။ အဲဒီဘဝ၊ မင်းရဲ့ နိဗ္ဗာနပြန်လည်မွေးဖွားခြင်းမတိုင်ခင် ငါ ထွက်သွားတော့ မင်းက ငါ့ကို ဘယ်အချိန်ပြန်တွေ့နိုင်မလဲ မေးခဲ့တယ်

“အဲဒီအချိန်တုန်းက မင်း အစစ်အမှန်အင်မော်တယ်အဆင့်တက်လှမ်းတဲ့အခါ ငါ့ရဲ့အမွေခံတပည့်ဖြစ်လာမယ်လို့ ငါ ပြောခဲ့တယ်

“ဒီနေ့ ငါ မင်းကို လက်ခံဖို့ ရောက်လာခဲ့ပြီ” ‌အဘိုးကြီးက ပြုံးလိုက်သည်။

ဆေးလုံးမိစ္ဆာသည် အသက်ပြင်းပြင်းရှူပြီးနောက် ထပ်မံဦးညွှတ်လိုက်ပြန်သည်။

“ဆရာ ကျွန်တော့်တပည့်လေး .... “

“သူ့မှာ သူ့လမ်းနဲ့ သူ ရှိတယ်။ လာ ထွက်သွားဖို့ အချိန်ကျပြီ။ ဘယ်သူသိမလဲ မင်း နောင်တစ်ချိန် သူနဲ့ ပြန်တွေ့မလားဆိုတာ။ ဒါပေမဲ့ မင်း တည်ထောင်ထားတဲ့ ဂိုဏ်းထဲမှာ သင့်တော်တဲ့ ပင်ကိုယ်စွမ်းရည်နဲ့လူတချို့ ရှိတယ်။ သူတို့ကိုလည်း ငါတို့ ခေါ်သွားနိုင်တယ်” မန်ဟို့ကို တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြပြီးနောက် ‌တာအိုဆရာခွန်လွန်၏မျက်လုံးများသည် ဇီယွင်ဂိုဏ်းတစ်လျှောက် ပြေးလွှားသွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ချူယွီယန်အပါအဝင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် အူတူတူလေး မြောက်တက်လာကြသည်။

“ခွဲခွာကြစို့။ မင်းဟာ ခွန်လွန်ရဲ့လမ်းစဉ်ကို လျှောက်ပြီး ခွန်လွန်ရဲ့တာအိုကို မိန့်ကြားရမယ်။ အခုကစပြီး မင်းရဲ့ကျင့်ကြံခြင်းဟာ ခွန်‌လွန်အရှေ့မှာ ဝပ်တွားလိုစိတ်နဲ့ ထွက်သွားရမယ်”

တာအိုဆရာခွန်လွန်က ရယ်၍ အင်္ကျီလက်စကို ခါကာ ဆေးလုံးမိစ္ဆာ၊ ချူယွီယန်နှင့် အခြားသူများကို ခေါ်ရင်း ပြန်ရန် လှည့်လိုက်၏။

ဆေးလုံးမိစ္ဆာက အားပေးနေသော အကြည့်ဖြင့် မန်ဟို့ကို ပြန်လှည့်ကြည့်သည်။

ချူယွီယန်လည်း ပြန်လှည့်ကြည့်သော်လည်း တွေဝေဆဲ တွေဝေနေမြဲပင်။ မန်ဟို့ကို လှည့်ကြည့်နေစဉ် ရှုပ်ထွေးနေသော ခံစားချက်များအား သူမမျက်ဝန်းများ၌ မြင်ရသော်လည်း သူမမျက်ဝန်းများသည် တည်ငြိမ်လာ၏။ သူမက မန်ဟို့ကို ခေါင်းညိတ်ပြပြီးနောက် ပြန်လှည့်သွားတော့သည်။

မန်ဟိုမှာ ဆေးလုံးမိစ္ဆာ၊ ချူယွီယန်နှင့် အခြားသူများအား တာအိုဆရာ‌ခွန်လွန် ခေါ်သွားသည်ကို တအံ့တဩ ကြည့်နေသည်။ တဖြေးဖြေး သူတို့ကား ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။

ထို့နောက် သူ့အဖေက သူ့ဘေးတွင် ပြန်ပေါ်လာသည်။

“တောင်ကောင်းကင်ဆိုတာက သေးလွန်းတယ် ငါ့သား” သူက ညင်သာစွာ ပြောသည်။ “မင်းနဲ့ မင်းဆရာ၊ အဲဒီကလေးမလေးမှာတောင်မှ လျှောက်ရမယ့် လမ်းကိုယ်စီ ရှိတယ် ... ဒီဂြိုဟ်မှာမဟုတ်ဘူး အပြင်ဘက် ကြယ်တွေထဲမှာ

“သူတို့ကို လွမ်းရင်း အချိန်မဖြုန်းနဲ့။ နဝမတောင်ဆိုတာလည်း သိပ်ကြီးလှတဲ့နေရာကြီးမဟုတ်ပါဘူးကွာ။ သား တစ်နေ့ သူတို့နဲ့ ပြန်ဆုံရမှာပါ”

***

All Chapters