နတ်မီးလျှံစမ်းသပ်ပွဲ၏ ရှေးဟောင်းလမ်းဖွင့်ပြီ
Vol. 60 Ch. 841
“နောက်တစ်ခေါက် ဆုံရင်” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အပြင်ဘက် ကြယ်တာရာကောင်းကင်မှာ ဖြစ်လိမ့်မယ်” ဆေးလုံးမိစ္ဆာ၊ ချူယွီယန်နှင့် အခြားသူများ၏ ထွက်ခွာသွားမှုက အလွန်ရုတ်တရက်ဆန်လွန်းသဖြင့် သူ့အား ဟာတာတာဖြစ်ကျန်စေခဲ့လေသည်။
သူသည် သူ၏ကျင့်ကြံအားထုတ်ခဲ့သောနှစ်ပေါင်းရာချီကို ပြန်တွေးကြည့်သော် ထွက်သွားခဲ့ကြပြီး တောင်ကောင်းကင်ဂြိုဟ်တွင် မရှိတော့သူများပြားကြောင်း ထင်ရ၏။
မှီခိုရာဂိုဏ်းချုပ်လည်း ထွက်သွားပြီ။ ရှုချင်လည်း ထွက်သွားပြီ။ ဆေးလုံးမိစ္ဆာလည်း ထွက်သွားပြီ။ ချူယွီယန်လည်း ထွက်သွားချေပြီ....
ကံကောင်းထောက်မစွာနှင့် ဖက်တီး၊ ချန်ဖန်းနှင့် အခြားသူများ ရှိနေသေး၏။ မန်ဟို သေချာမပြောနိုင်သူများလည်း ရှိသည်။ ဥပမာ- ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၊ ချင်းလော်ဂိုဏ်းမှ ဟန်ပေ့နှင့် သူနှင့်အတူ တစ်ချိန်တည်း မှီခိုရာဂိုဏ်းသို့ ဝင်ရောက်ခဲ့သော တုန်းဟူ။
မန်ဟိုမှာ သက်ပြင်းချလိုက်တော့သည်။ သူသည် သူ့အဖေနှင့်တစ်ခါတည်း တောင်ပိုင်းဒေသမှ ထွက်မသွားပေ။ ထိုအစား ကျင်းဟန်ဂိုဏ်းသို့ သွားရောက်ပြီး ဖက်တီးနှင့် အရက်သွားသောက်၏။ ဖက်တီးက သူ၏ကိုယ်လုပ်တော်တစ်ရာကျော်ကို ထွက်သွားခိုင်းပြီး မန်ဟိုနှင့်သူသည် တောင်တစ်လုံး၏ထိပ်တွင် ထိုင်ကာ အရက်သောက်ရင်း အတိတ်တုန်းက အကြောင်းများကို ပြန်ပြောနေကြတော့သည်။
ကျိုးပြည်အကြောင်း၊ ယွင်ကျဲစီရင်စုအကြောင်း။ မှီခိုရာဂိုဏ်းနှင့် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအကြောင်း သူတို့ပြောကြသည်။ နောက်ဆုံးတော့ ညနေစောင်းလာပြီး ကြယ်များ တဖြေးဖြေး ထွက်လာ၏။ သူတို့ မည်မျှသောက်ပြီးပြီလဲ ပြောဖို့ မဖြစ်နိုင်ပေ။
“ငါ နဝမတောင်နဲ့ ပင်လယ်ရဲ့ တာအိုဆရာအစည်းအရုံးသုံးခုက ကျင်းပမယ့် ဂိုဏ်းသားအသစ်လက်ခံပွဲမှာ ဝင်ပြိုင်မယ်” ဖက်တီးက အရက်အိုးကို ဘေးသို့ ပစ်၍ မန်ဟို့ကို ခိုင်မာပြတ်သားစွာ ကြည့်ကာ ပြောသည်။ “ငါ တစ်ဘဝလုံး တောင်ကောင်းကင်ဂြိုဟ်မှာပဲ ပိတ်မိမနေချင်ဘူး။ ကြယ်တာရာကောင်းကင်ကို သွားချင်တယ်”
မန်ဟိုက ဖက်တီးကို ပြန်ကြည့်သည်။ သူကိုယ်တိုင်လည်း ကျင်ရှန်းဆီမှ တာအိုဆရာအစည်းအရုံးသုံးခု၏ ဂိုဏ်းသားအသစ်လက်ခံပွဲအကြောင်း ကြားထားပြီးလေပြီ။ ထိုသတင်းကား ယခုတွင် နဝမတောင်နှင့်ပင်လယ်အနှံ့အပြားတွင်သာမက ဤနေရာတောင်ကောင်းကင်ဂြိုဟ်အထိပင် ပျံ့နှံ့လာခဲ့၏။
ဖက်တီးသည် စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် မန်ဟို့ကို ကြည့်နေသည်။
“မင်း ဘာမှပြောစရာမလိုပါဘူး” ဖက်တီးက ဆက်ပြောသည်။။ “မင်းလည်း တောင်ကောင်းကင်ဂြိုဟ်မှာ အကြာကြီးမနေမှာ ငါသိတယ်။ မင်းရဲ့လမ်းက ကြယ်တာရာကောင်းကင်မှာ ရှိတာလေ။ ငါတို့ညီအစ်ကိုတွေပဲ မင်းသွားရင် ငါလည်း မနေခဲ့ချင်ဘူး။ ကြိုးစားကြည့်ချင်တယ်”
မန်ဟိုက ဦးစွာ ဘာမှမပြော။ သူ၏ဝိုင်ပုလင်းကိုသာ မြှောက်၍ တစ်ကျိုက်သောက်ကာ ဖက်တီးကို ကြည့်ပြီး ပြုံးလိုက်သည်။
ထို့နောက် သူက ပြော၏။ “မင်းရဲ့ အဲဒီသွားတွေနဲ့ဆိုရင် သေချာပေါက် ကံကောင်းမှာပါ”
ဖက်တီးက တဟားဟားရယ်ပြီး ဓားပျံတစ်လက်ထုတ်၍ သူ့သွားများကို တိုက်စားတော့သည်။ သူတို့နှစ်ယောက်သည် အတူတူ ရယ်မောရင်း မိုးစင်စင်လင်းသည့်တိုင်အောင် စကားပြောခဲ့ကြ၏။ မန်ဟိုက ထွက်မသွားခင် ဖက်တီးနှင့် ရက်ပိုင်းမျှ နေခဲ့သည်။ ထို့နောက် သူအလည်သွားသော နေရာတစ်နေရာကား ချန်ဖန်းဆီသို့ပင်။
ချန်ဖန်းသည် ထိုင်မြဲထိုင်နေကျအတိုင်း ကျောက်ဆောင်၏ဘေးတွင် ထိုင်နေ၏။ မန်ဟိုက သူ့ဘေးတွင် တိတ်ဆိတ်စွာ တရားထိုင်လိုက်လေသည်။ ချန်ဖန်းမှာ အရက်မသောက်တော့သော်လည်း သူ၏မေးစေ့တွင် မုတ်ဆိတ်မွှေးငုတ်တိုများ နေရာယူထားဆဲပင်။ နက်နဲသိမ်မွေ့သောအလင်းတစ်စက သူ့မျက်ဝန်းများ၏ အနက်ပိုင်းထဲတွင် စိုးမိုးနေသော်လည်း သူသည် အမှတ်တရများတွင် နစ်မျောနေသည့်အလား များသောအားဖြင့် ကျောက်ဆောင်ကိုသာ ကြည့်နေတတ်၏။
မန်ဟိုက သူ့ကို မနှောင့်ယှက်ဘဲ သူ့ဘေးတွင် ထိုင်နေခဲ့လေသည်။
နေထွက်လာ၍ မန်ဟို့အတွက် ပြန်ဖို့ အချိန်ကျလာသောအခါ ချန်ဖန်းက ရုတ်တရက် ပြောသည်။ “ငါ တာအိုဆရာအစည်းအရုံးသုံးခုကနေ ကျင်းပမယ့် နတ်မီးလျှံစမ်းသပ်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်”
မန်ဟိုက ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာလာသည်။
နောက်တစ်နေရာကား သွေးမိစ္ဆာဂိုဏ်းပင်။ သူသည် ဖက်တီးနှင့်ချန်ဖန်းနည်းတူ နတ်မီးလျှံစမ်းသပ်ပွဲတွင် စိတ်ဝင်စားနေသော ဝမ်ယိုချိုင်ကို တွေ့ခဲ့၏။
ဝမ်ယိုချိုင်လည်း အနာဂတ်တက်လမ်းအတွက် အခွင့်အရေးကို ဆုပ်ကိုင်ရန် ဆုံးဖြတ်ထားလေသည်။
မန်ဟိုသည် သွေးမိစ္ဆာဂိုဏ်းချုပ်အား မတွေ့ရပေ။ သွေးမိစ္ဆာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူအပြင်တွင် သိပ်သည်းနေသော သေခြင်းအရှိန်အဝါများကို သူ ခံစားလိုက်ရ၏။ သူက ထိုနေရာတွင် အကြာကြီး ရပ်နေပြီးနောက်မှ လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်လေသည်။
“စီနီယာ၊ နတ်ဆိုးကို ဖျက်စီးပြီး တာအိုရှာဖွေဖို့ ကူညီပေးခဲ့တဲ့ ကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး” သူက ထပ်မံဦးညွတ်အရိုအသေပေးလိုက်သည်။
မန်ဟို နောက်ဆုံး ပြန်ဖို့ လွှတ်လိုက်စဉ် သေခြင်းအရှိန်အဝါမှာ သိပ်သည်းဆဲ သိပ်သည်းမြဲဖြစ်၏။ မန်ဟိုသည် ခပ်လှမ်းလှမ်းတွင် သူနှင့်ရှုချင် နောက်ဆုံးနေ့ရက်များကို အတူတူ ကုန်ဆုံးခဲ့သော တောင်ကြားအပြင် သူတို့လက်ထပ်ခဲ့သော နေရာကို မြင်လိုက်၏။
အဆိုပါတောင်၏တစ်ဖက်တွင် ရှုချင်နှင့်ပတ်သက်၍ လှပသောအမှတ်တရများ ရှိခဲ့ပြီး အခြားတစ်ဖက်တွင်တော့ စစ်ပွဲဖြစ်ပွားခဲ့သည်။ ထိုနေရာတွင် သူနှင့် ရှုချင် လက်ထပ်ခဲ့လေသည်။
မန်ဟိုမှာ တောင်ကို ကြည့်ရင်း ရုတ်တရက်ကြီး အလွန်အထီးကျန်လာသည်။ အကြာမှ အကြာကြီး ငေးမောစိုက်ကြည့်နေပြီးနောက်ဆုံး သူ ထွက်လာသည်။
ယခုတွင် သူသည် မည်သည့်နေရာကို သွားရမလဲ မသိတော့ပေ။ သူလုပ်နိုင်သမျှမှာ ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်ရုံသာ။
“ငါ့အတွက်လည်း ထွက်ခွာဖို့ အချိန်ကျပြီထင်ပါရဲ့”
နှစ်လဆိုသော အတိုင်းအတာကား မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ မန်ဟိုသည် နဂါးငွေ့တန်းပင်လယ်၊ အနောက်ပိုင်းသဲကန္တာရ၊ မြောက်ပိုင်းသဲကန္တာရသို့ သွားရောက်ခဲ့ပြီး နောက်ဆုံး အရှေ့ဘက်နယ်မြေသို့ ပြန်ရောက်လာခဲ့လေသည်။ ထို့နောက် တစ်နေ့တွင် မိုးကောင်းကင်ကြီး ထစ်ချုန်းအော်မြည်စပြုလာပြီး မဟာတာအိုတစ်ပါး၏တေးသွားက အရပ်မျက်နှာတစ်ခွင် လွင့်ပျံ့လာ၏။ ကောင်းကင်ထက်တွင် ဧရာမရောင်စုံဝဲကြီးသုံးခု ပေါ်လာလေသည်။
ဝဲကြီးသုံးခု၏ တဝေါဝေါ လည်သံများက ပဲ့တင်ထပ်လာရာ တောင်ပိုင်းဒေသရှိ ကျင့်ကြံသူတစ်ယောက်မကျန် ကြားလိုက်ကြရသည်။ အနောက်ပိုင်းသဲကန္တာရ သို့မဟုတ် တောင်ပိုင်းဒေသဖြစ်စေ၊ မြောက်ပိုင်းသဲကန္တာရ သို့မဟုတ် အရှေ့ဘက်နယ်မြေဖြစ်စေ၊ ထိုအခိုက်အတန့်တွင် အကုန်လုံး ကောင်းကင်ထက်၌ ထူးခြားဆန်းကြယ်ဝဲကြီးသုံးခုကို လှမ်းမြင်လိုက်လေပြီ။
ဝဲကြီးများသည် ကောင်းကင်ထက်တွင် တည်ရှိပုံပေါ်သော်လည်း တကယ်တမ်း လူတိုင်း၏မျက်လုံးထဲ၌ တည်ရှိခြင်းဖြစ်၏။
ကျင့်ကြံသူများအနေဖြင့် မည်သည့်နေရာတွင် ရှိနေစေကာမူ ကျင့်ကြံခြင်းအခြေခံများက သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး သူတို့တွင် တာအိုရှာဖွေလိုသော စိတ်သန္တန်၊ ကံကြမ္မာကောင်းရှာဖွေလိုသော ဇွဲဆန္ဒတို့ ရှိနေသရွေ့ ဝဲထဲ ဝင်ရောက်နိုင်လေသည်။
ဝဲများ ပေါ်လာသည့်တစ်ချိန်တည်းမှာပင် ၎င်းတို့ထဲမှ ရှေးဆန်သောအသံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။ အရာအားလုံး တုန်ခါလာပြီး မည်သည့်သဘာဝနိယာမမှ ထိုအသံကြီးအား ဟန့်တားနိုင်ခြင်းမရှိပေ။ ၎င်းသည် အကုန်လုံး၏နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ရင်း ရှေးခေတ်မှ ပဲ့တင်ထပ်လာနေသည့်အလားပင်။
“နတ်မီးလျှံစမ်းသပ်ပွဲကို တာအိုအဖွဲ့အစည်းသုံးခု၊ အထွတ်အမြတ်မြေငါးမြေနဲ့ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းက တည်ထောင်ခဲ့တယ်
“နဝမတောင်နဲ့ပင်လယ်ရှိတဲ့ ဘယ်သူမဆို မည်သည့်နောက်ခံပဲရှိရှိ၊ မည်သည့်အသက်အရွယ်ပဲဖြစ်ဖြစ်၊ ကျင့်ကြံခြင်းအခြေခံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီသရွေ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမယ်
“ဝဲသုံးခုက အနုသုခုမရုပ်ခန္ဓာအဆင့်၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နဲ့ တာအိုရှာဖွေခြင်းအဆင့်တွေအတွက်ပဲ
“ပထမဆုံး ရှေးဟောင်းလမ်းကို လျှောက်ပါ။ လမ်းဆုံးကို အမြန်ဆုံး ရောက်လာတဲ့ လူတစ်သောင်းအနေနဲ့ မဟာနတ်မီးလျှံစမ်းသပ်ပွဲမှာ ဝင်ပြိုင်ခွင့်ရလိမ့်မယ်
“လူတစ်သောင်းအနက် ခုနစ်ထောင်က အနုသုခုမရုပ်ခန္ဓာအဆင့်၊ နှစ်ထောင်က စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နဲ့ တစ်ထောင်က တာအိုရှာဖွေခြင်းအဆင့်အသီးသီး ဖြစ်မယ်။ နဝမတောင်နဲ့ပင်လယ်က ကျင့်ကြံသူအပေါင်းတို့ ... နတ်မီးလျှံစမ်းသပ်ပွဲကို စတင်ကြလော့”
တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံး တုန်ခါသွားသည်။ တာအိုဆရာအစည်းအရုံးသုံးခုမှ ဦးဆောင်ကျင်းပသော ဂိုဏ်းသားအသစ်လက်ခံခြင်းနတ်မီးလျှံစမ်းသပ်ပွဲကြီးကား .... ယခု စတင်နေပြီဖြစ်ကြောင်း လူတိုင်း သိလိုက်ကြလေပြီ။
မရေမတွက်နိုင်သော ကျင့်ကြံသူများကား ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေကြ၏။ သူတို့သည် မျက်စိရှေ့ရှိ အလားအလာအခွင့်အလမ်းကို ကြည့်ရင်း သွေးတို့ပွက်ပွက်ဆူလာကြသည်။ အင်မော်တယ်မဖြစ်ဘဲ ကြယ်တာရာကောင်းကင်တွင် လျှောက်လှမ်းဖို့ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်လျှင် သူတို့အနေဖြင့် တဟုန်ထိုး မြင့်တက်သွားပြီး ပင်လယ်မှ ကောင်းကင်ဘုံသို့ ခုန်တက်သွားသော ငါးတစ်ကောင်နှင့် တူလိမ့်မည်။
တစ်ဆက်တည်းမှာပင် မြောက်ကျူပင်ဂြိုဟ်၊ အရှေ့အောင်ပွဲဂြိုဟ်နှင့် အနောက်ပျော်ရွှင်ဂြိုဟ်တို့အပေါ်တွင်လည်း အလားတူဝဲများနှင့်အတူ အလားတူစကားလုံးများနှင့် ထိုအသံကြီး ပေါ်လာခဲ့သည်။ နဝမတောင်နှင့် နဝမပင်လယ်တွင်လည်း ထိုအတိုင်းပင်။ နဝမတောင်နှင့်ပင်လယ်တစ်ခွင်လုံး အသံကြီးက ပဲ့တင်ထပ်သွားပြီး ဝဲကြီးသုံးခုပေါ်လာ၏။
နဝမတောင်နှင့်ပင်လယ်မှာ အုတ်အော်သောင်းနင်းဖြစ်နေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တာအို ရှာဖွေဖို့အတွက် ပြင်းပြသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကြ၏။ သူတို့ကား ရောက်ရာအရပ်အသီးသီးမှ ဝဲများထံသို့ ပျံတက်သွားကြလေပြီ။
တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်တည်းမှ ပျံတက်လာသူ တစ်သောင်းကျော်သည်။ အများစုက အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းကို လျှောက်လှမ်းရန် အနုသုခုမရုပ်ခန္ဓာဝဲသို့ ပျံဝင်သွားနေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ဖြစ်ကြလေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းဝဲထဲသို့ ပျံဝင်သွားသူများမှာတော့ ထို့ထက်နည်းပါး၏။
အနည်းဆုံးအုပ်စုကား ... တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းကို လျှောက်လှမ်းမည့်အဖွဲ့ပင်။
နဝမတောင်ပင်လယ်တစ်ခုလုံးသာဆိုလျှင်တော့ ရှေးဟောင်းလမ်းများအား လျှောက်လှမ်းမည့်လူအရေအတွက် မည်မျှရှိသလဲ ပြောရန် မဖြစ်နိုင်သာ။
ဤသည်မှာ နဝမတောင်နှင့်ပင်လယ်တစ်ခုလုံးအတွက် ကြီးကျယ်ခမ်းနားသောပွဲကြီးတစ်ပွဲဖြစ်သည့်အတွက် တာအိုဆရာအစည်းအရုံးသုံးခု၊ အထွတ်အမြတ်မြေငါးမြေ၊ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းတို့အားလုံးမှ သူတို့လူများကို ရှေးဟောင်းလမ်းများအား စောင့်ကြပ်ဖို့ လွှတ်လိုက်လေသည်။
ဤလမ်းသုံးလမ်းတွင် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ ၎င်းတို့အား ရှေးဟောင်းလမ်းများဟု ခေါ်ကောင်းခေါ်ကြသော်လည်း နဝမတောင်နှင့်ပင်လယ်အတွင်း၌ ကြေမွနေသော ရှေးဟောင်းအပျက်အစီးအစုအဝေးတစ်စုအဖြစ် ပါဝင်လေသည်။ ထိုအပျက်အစီးများထဲတွင် မရေမတွက်နိုင်သော ကံကြမ္မာကောင်းများ တည်ရှိပြီး နဝမတောင်နှင့်ပင်လယ်ထက်ပင် သက်တမ်းကြာပုံရသည်။
အမှန်တွင် လမ်းသုံးလမ်းသည် တာအိုဆရာအစည်းအရုံးသုံးခု ထိန်းချုပ်ထားသော ပို၍ကြီးမားသည့်အပျက်အစီးအစုအဝေးကြီး၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။ ယခုတွင် လမ်းများ ပွင့်နေသည့်အချက်က နဝမတောင်နှင့်ပင်လယ်အတွင်းရှိ မရေမတွက်နိုင်သော လူများ၏ ရည်မှန်းချက်များကို နိုးဆွပေးလိုက်ချေပြီ။
အထူးသဖြင့် ... ဤအပျက်အစီးများကို အင်မော်တယ်အပျက်အစီးများဟု ခေါ်ပြီး အတိတ်တုန်းက ထိုနေရာတွင် အင်မော်တယလမ်းပြနွယ်ပင်များကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ ယင်းက နဝမတောင်နှင့်ပင်လယ်ရှိ အစစ်အမှန်အင်မော်တယ်ဝါဒ၏ တည်ဆောက်ပုံတစ်ခုလုံးကို ပြောင်းလဲပေးခဲ့သောအရာပင်။ ထိုမျှသာမက ကျန်တောင်ရှစ်လုံးနှင့် ပင်လယ်ကိုးစင်းတွင်လည်း ထိုနည်းတူအပျက်အစီးများရှိ၏။
အပျက်အစီးနယ်အတွင်းရှိ ဧရိယာအများစုမှာ တားမြစ်ဧရိယာများဖြစ်ကြသည်။ အထူးသဖြင့် အပျက်အစီးများ၏ အနက်ဆုံးနေရာများ။ ထိုနေရာများကို ဝင်ရောက်လိုက်ပါက သေဖို့ သေချာသလောက်ရှိသည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတစ်လျှောက်လုံး အစွမ်းအထက်ဆုံးပညာရှင်များသာ အင်မော်တယ်အပျက်အစီးများ၏ အနက်ပိုင်းထဲ ဝင်ရောက်ရဲခဲ့ကြပြီး အကုန်လုံးနီးပါး အသက်ရှင်လျက် ပြန်မထွက်လာခဲ့ဖူးပေ။
ကောလဟာလများအရ သခင်လီသည် အပျက်အစီးများ၏အနက်ပိုင်းထဲသို့ ခရီးထွက်ခဲ့သည်ဟု ဆိုသည်။ ထိုနေရာတွင် မည်သည့်အရာဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်နှင့်ပတ်သက်၍ မည်သူမှ မသိကြပေ။ သူ ချန်ခဲ့သော ဓမ္မကိုယ်ပွားက မိုးကောင်းကင်ဆီသို့ ကံကြမ္မာကို ပြန်လည်အပ်နှင်းကြောင်း ဓမ္မအမိန့်ထုတ်ပြန်ခဲ့သည်ကိုသာ သိကြ၏။
ထိုဓမ္မအမိန့်ကြောင့်ပင် နောက်ရက်များတွင် သခင်ကျီက မိုးကောင်းကင်ကို အစားထိုးခဲ့ရာ ယင်းက နဝမတောင်နှင့်ပင်လယ်ရှိ အင်အားစုအများစု၏ ထောက်ခံမှုကို ရရှိခဲ့လေသည်။
နောက်ကောလဟာလတစ်ခု ရှိသေးသည်။ ကြီးမြတ်သော တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းတွင် မည်သည်တောင်နှင့်ပင်လယ်မှဖြစ်စေ အင်မော်တယ်အပျက်အစီးများ၏ လျှို့ဝှက်ချက်နှင့်စပ်လျဉ်း၍ ဉာဏ်အလင်းရသွားသော မည်သူမဆို တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံး၏ တောင်ပင်လယ်အရှင်သခင်ဖြစ်လာမည်ဟူ၍။
ဤသည်မှာ ယေဘုယျသိထားကြသော အချက်တစ်ချက် ဖြစ်သော်လည်း မည်သူမှ အမှန်တကယ် မအောင်မြင်နိုင်ပေ။ စတုတ္ထတောင်နှင့်ပင်လယ်၏ သခင် ခိတိဂဗ္ဗပင် မအောင်မြင်နိုင်။
ယခုတွင် နတ်မီးလျှံစမ်းသပ်ပွဲစတင်ပြီဖြစ်၍ မရေမတွက်နိုင်သော ပုံရိပ်များကား ဝဲသုံးခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ဖက်တီး၊ ချန်ဖန်း၊ ဝမ်ယိုချိုင်နှင့် အခြားသူများအားလုံး ကံကြမ္မာကောင်းတချို့ ရယူဖို့ စိတ်ပိုင်းဖြတ်ထားကြ၏။
မန်ဟိုကမူ အရှေ့ဘက်နယ်မြေ၊ ဖန်မျိုးနွယ်စုထဲရှိ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်တွင် ဧရာမဝဲကြီးသုံးခုကို မော့ကြည့်ရင်း တင်ပျဉ်ခွေထိုင်နေ၏။ တဖျပ်ဖျပ် လက်နေသော ဝဲကြီးသုံးခုကို တိတ်ဆိတ်စွာ ခဏထိုင်ကြည့်နေပြီးနောက် ထူးဆန်းသောအလင်းရောင်တစ သူ၏မျက်လုံးများတွင် ပေါ်လာသည်။
“သားမှာ အင်မော်တယ်ရှေးတာအိုဆရာများတံဆိပ်ပြားရှိတဲ့အတွက် အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့ကို ဝင်ရောက်ချင်ရင် နတ်မီးလျှံစမ်းသပ်ပွဲမှာ ဝင်ပါစရာမလိုဘူး” အသံသည် သူ့အနောက်မှ လမ်းလျှောက်လာနေသော မန်ဟို့အဖေ၊ ဖန်ရှုံ့ဖုန်းဆီမှ လာသည်။ သူက မန်ဟို့အနောက်တွင် ရပ်၍ စကားဆက်ပြောသည်။ “ပြီးတော့ နတ်မီးလျှံစမ်းသပ်ပွဲမှာ အသက်ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်တွေ ရှိတယ်။ သား မကြောက်ဘူးလား”
“တာအိုဆရာအစည်းအရုံးထဲက တစ်ခုခုကို ဝင်တာအပြင် တခြားကံကြမ္မာကောင်းရော မရှိဘူးလား” မန်ဟိုက မေးသည်။
“ရှိတာပေါ့” သူ့အဖေက ပြန်ဖြေသည်။ “ပထမနေရာရရင် အဖိုးထိုက်ရတနာတစ်ပါးကို ရယူနိုင်တယ်။ တာအိုဆရာအစည်းအရုံးသုံးခုမှာရှိတဲ့ အရင်းအမြစ်တွေကို ထည့်စဉ်းစားရင် အဖေတောင်မှ သူတို့ဆီက မှော်ပစ္စည်းတစ်ခုလောက်ရဖို့ကို စိတ်လှုပ်ရှားမိမှာ
“ဒါ့အပြင် အဖေ သားကို လျှို့ဝှက်ချက်နောက်တစ်ခု ပြောပြမယ်။ တာအိုဆရာအစည်းအရုံးသုံးခုရဲ့ တည်ထောင်သူတွေအပြင် မျိုးနွယ်စုကြီးလေးစု၊ အထွတ်အမြတ်မြေငါးမြေနဲ့ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းရဲ့ တည်ထောင်သူတွေအကုန်လုံး ... အင်မော်တယ်အပျက်အစီးရှေးဟောင်းလမ်းကို လျှောက်ခဲ့ဖူးတယ်
“အဲဒီမှာ စိတ်ကူးလို့တောင် မရနိုင်တဲ့ ကံကြမ္မာကောင်းတွေ ရရှိခဲ့တာကြောင့် သူတို့ရဲ့ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေကို တည်ထောင်နိုင်ခဲ့တာပဲ
“ဖန်မျိုးနွယ်ဘိုးဘေးကြီးလည်း အဲ့လိုပေါ့။ အဲဒီနေရာက သူ နဝမတောင်နဲ့ပင်လယ်မှ ဖန်မျိုးနွယ်စု ခေါင်းမော့ရင်ကော့နိုင်စေတဲ့ သွေးဆက်ကို ရရှိခဲ့တဲ့ နေရာ။ အဲ့ဒါက ... ဖန်မျိုးနွယ်စုရဲ့ လေးဘဝနိုးထခြင်းဆိုတာပဲ”
“အဖေရော သွားခဲ့လား” မန်ဟိုက မေးသည်။
ဖန်ရှုံ့ဖုန်းက ချက်ချင်း ပြန်မဖြေ။ အတန်ကြာမှ ခေါင်းခါလိုက်သည်။
“အစတုန်းက သားအမေနဲ့ အဖေ သား ကြီးပြင်းလာတာ စောင့်ပြီးမှ အဲဒီကို အလည်သွားဖို့ ကြံခဲ့တာ”
မန်ဟိုသည် အဖေ့ကိုကြည့်ရင်း နောင်တကို ခံစားလိုက်ရ၏။ သူက ဝဲကြီးသုံးခုကို ပြန်မော့ကြည့်လိုက်ပြီး ခိုင်မာပြတ်သားမှုက သူ၏မျက်လုံးများတွင် တောက်ပလာတော့သည်။
“အဖေ ကျွန်တော် သွားချင်တယ်”
“သွားချင် သွား။ အဖေတို့ ကျင့်ကြံသူတွေဆိုတာ သေရမှာ မကြောက်သင့်ဘူး” ဖန်ရှုံ့ဖုန်းသည် မန်ဟို့ကို ကြည့်နေပြီး သူ၏ချစ်ခြင်းမေတ္တာနှင့် အားပေးတိုက်တွန်းမှုမှာ ထင်ရှားချေသည်။
“ရှေးဟောင်းလမ်းရဲ့အဆုံးမှာ ပြိုင်ကွင်းတွေရှိတယ်။ တကယ်တော့ ... အဖေလည်း သားကို ဒီပွဲမှာ ဝင်ပါစေချင်နေတာ
“သားအဖေ နာမည် ဘာကြောင့် နဝမတောင်နဲ့ပင်လယ်တစ်ခွင် ကျော်ကြားတဲ့အပြင် အခြားတောင်နဲ့ပင်လယ်က လူတွေပါ သိကြလဲ သိလား။ ဘာကြောင့်လဲဆိုတော့ အဖေက စိတ်ဝိညာဉ်နယ်ပယ်မှာကတည်းက အဆင့်တူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့ ဘယ်ဝောာ့မှ လက်မတွန့်ခဲ့လို့ပဲ။ အဖေက အခု ဒီနေရာရောက်တဲ့အထိ တိုက်ခိုက်သတ်ဖြတ်လာခဲ့တာ။ မျိုးဆက်တူတွေအကုန်လုံးကို ကျော်တက်၊ ဖိနှိပ်ပြီး ကံတရားကို ဖမ်းဆုပ်ခဲ့တယ်။ အဲဒီလိုနဲ့ အစွမ်းထက်လာခဲ့တာပဲ
“ဘယ်တော့မှ မမေ့နဲ့ ။ ကျင့်ကြံခြင်း 修行 ဆိုတဲ့ စကားလုံးမှာ စာလုံးနှစ်လုံးပါတယ်။ သင်ယူလေ့ကျင့့်ခြင်း 修 နဲ့ လက်တွေ့လုပ်ဆောင်ခြင်း 行 ။ သင်ယူလေ့ကျင့်ခြင်း 修 တစ်လုံးနဲ့ မလုံလောက်ဘူး။ လက်တွေ့လုပ်ဆောင်ခြင်း 行 လည်း ရှိရမယ် ... သား အမြဲ ရှေ့ဆက်လျှောက်နေရမယ်။ အဲ့ဒါမှ ထိပ်ဆုံးကို တက်လှမ်းနိုင်မှာ”
မန်ဟိုက ခြောက်ကပ်ကပ် ချောင်းဆိုးပြီး ရှက်ကိုးရှက်ကန်းအပြုံးတစ သူ၏မျက်နှာအပေါ်တွင် ပေါ်လာသည်။
“အဖေ ၊ အဖေ့လမ်းစဥ်ကိုတော့ ကျွန်တော် နားမလည်ဘူးဗျ.... နဝမတောင်နဲ့ပင်လယ်က ရွေးချယ်ခံတွေကို အကုန်လုံး ကျွန်တော့်အပေါ် အကြွေးတင်အောင်လုပ်တာ အကောင်းဆုံးပဲထင်တယ်”
ဖန်ရှုံ့ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားစဉ် မန်ဟိုက မခိုးမခန့် ရယ်၍ လေပေါ် ပျံတက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကား ရိပ်ခနဲ တာအိုရှာဖွေခြင်းဝဲထံသို့ ပျံသွား၏။ သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီး တုံ့ဆိုင်းမနေတော့ဘဲ ဝင်ရောက်လိုက်လေပြီ။
***