နားလည်မှုလွဲရုံလေးတင်ပါ...
Vol. 60 Ch. 842
ကောင်းကင်ထက်ရှိ ဝဲကြီးများသည် တဝေါဝေါ လည်နေရာ ထစ်ချုန်းသံကြီးများအား အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေစေသည်။ နဝမတောင်ပင်လယ်၏ နယ်ပယ်အားလုံးနီးပါးရှိ လူများကား ဝဲများထဲသို့ ပျံသန်းဝင်ရောက်နေကြသည်။ သို့သော် ထိုလူများအနက် အတော်များများက ဝင်ဝင်ချင်း သူတို့၏ပုံပန်းသွင်ပြင်များအား ပြောင်းလဲလိုက်ကြ၏။
သူတို့တွင် သူတို့မည်သူဖြစ်သည်လဲ တခြားသူများအား မသိစေချင်သော အကြောင်းပြချက်အမျိုးမျိုး ရှိလေသည်။ ယခုလို ကြီးကျယ်ခမ်းနားသောပွဲကြီးတစ်ပွဲက နဝမတောင်နှင့်ပင်လယ်တစ်ခုလုံး၏ အာရုံကို ဆွဲဆောင်လိမ့်မည် မဟုတ်ပါလော။
မန်ဟိုက ဝင်လိုက်လျှင်ချင်း အသားဂျယ်လီဆီသို့ နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။ အသားဂျယ်လီက ဗြစ်တောက်ဗြစ်တောက် ငြီးငြူရင်း မန်ဟို့ကို ဇီယွင်ဂိုဏ်းတွင် နေထိုင်ခဲ့သော ဖန်မုပုံစံပြောင်းပေးလေ၏။
မန်ဟိုသည် နတ်မီးလျှံစမ်းသပ်ပွဲအတွက်သာ ဤပွဲကို တက်ရောက်နေခြင်းဖြစ်ပြီး တောင်ကောင်းကင်ဂြိုဟ်၏ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွင် အစွမ်းများစွာ ပြသခဲ့၍ ယခုတွင် သူတစ်ယောက်တည်း ဂြိုဟ်မှ ထွက်ခွာလာခဲ့သည်ကို ထည့်တွက်လျှင် ဖန်မုအဖြစ်နေခြင်းက ပို၍သက်တောင့်သက်သာရှိမည်ဟု သဘောပေါက်လိုက်၏။
ထိုမျှသာမက တာအိုဆရာအစည်းအရုံးသုံးခုမှ ဦးဆောင်ကျင်းပသော ဤနတ်မီးလျှံစမ်းသပ်ပွဲတွင် ဒုတိယနာမည်နှင့် ထင်ရှားကျော်ကြားလာခြင်းထက် ပိုကောင်းမွန်သောအခွင့်အရေးမရှိတော့ပေ။
“ငါ့ ဒုတိယကိုယ်အစစ်က အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်ကြောင့် ယာယီအစွမ်းမဲ့သွားတာ ဆိုးလွန်းတယ်” သူက တွေးလိုက်သည်။ “ဒါပေမဲ့ အဲ့ဒါက အဲဒီလောက် ဆိုးတော့ မဆိုးပါဘူး” မန်ဟိုက အသွင်ပြောင်းပြီးနောက် မျက်လုံးများ တောက်ပလာပြီး သူ့ကို ဝန်းရံနေသော အမှောင်ထုအား လှမ်းကြည့်လိုက်သည်။ သူသည် သူ့ကို ဝန်းရံလှည့်ပတ်နေသော ဝဲတစ်ခုနှင့် ရံဖန်ရံခါ မြင်ကွင်းထဲ ပေါ်လာကာ သူ့ကို ရစ်သိုင်းလည်ပတ်သွားသော မှိန်ပျပျအလင်းတန်းများကို မြင်သည်ဆိုရုံကလေး မြင်နေရ၏။
ဆွဲငင်ခံရနေသော အာရုံမှာ ပို၍အားကောင်းလာပြီး သူ့အပေါ် သက်ရောက်နေသော ဖိအားတိုးလာသည်ကို ခံစားနေရသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် အရှေ့ရှိ အမှောင်ထုထဲ၌ တောက်ပနေသော အလင်းရောင်တစ်ရောင်အား မြင်သာလာသည်။ ၎င်းသည် တောက်ပသထက် တောက်ပလာပြီး မကြာခင် မန်ဟို့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့၏။
အမြင်အာရုံ ပြန်လည်ရှင်းလင်းလာသောအခါ မန်ဟိုသည် မရေမတွက်နိုင်သောစင်မြင့်များ ပွတ်သိပ်ကြပ်နေသော ဟင်းလင်းပြင်တစ်ခုကို လှမ်းကြည့်နေမိကြောင်း တွေ့လိုက်ရသည်။ တချို့က မီတာသုံးဆယ်မျှ ကျယ်ပြီး တချို့က မီတာသုံးရာ၊ တချို့က မီတာသုံးထောင်။
အရွယ်အစားက အမျိုးမျိုးပင်။ စင်မြင့်တစ်ခုစီ၏ အလယ်တွင် မြေပုံတစ်ခုအား မြင်ရနိုင်သော ကျောက်တိုင်တစ်တိုင်စီ ရှိသည်။ ကျောက်တိုင်တစ်တိုင်စီအောက်တွင်ကား ဖယောင်းတိုင်ထွန်းရာ ခွက်များရှိသည်။ ဖယောင်းတိုင်များမှာ မီးသေနေသည့်အတွက် ကျောက်တိုင်များအပေါ်ရှိ မြေပုံများကို အမှောင်ထု၏ခြုံထည်အောက် ရောက်နေစေ၏။
စင်မြင့်မည်မျှရှိသလဲဆိုရာတွင်မူ မန်ဟိုမှာ မရေနိုင်ပေ။ သူ၏နတ်ဘုရားအာရုံမှာ အံ့ဖွယ်ဖိအားကြီး၏သက်ရောက်မှုအောက်တွင် ဖြစ်၍ ဝေးဝေးလံလံ ဖြန့်ကျက်မရပေ။ မန်ဟို ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်နေစဉ် တစနှင့်တစ လူများအား မြင်လာရသည်။ အများစုက မန်ဟို့နည်းတူ စင်မြင့်များကို တအံ့တဩ ငေးကြည့်နေကြချေသည်။
သူတို့အားလုံးသည် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ပညာရှင်များဖြစ်ကြပြီး သူ ရင်ဆိုင်ခဲ့ဖူးသော ရွေးချယ်ခံများနှင့် မယှဉ်နိုင်သော်လည်း အလွန်နီးကပ်နေသော တချို့ပင် ရှိသည်။
သူတို့အားလုံးက မတူကွဲပြားသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ပုံပန်းသွင်ပြင်အမျိုးမျိုး ရှိကြ၏။ ယောက်များ၊ မိန်းမ၊ လူကြီး၊ လူငယ် စုံသည်။ တချို့က လူများနှင့်ပင် မတူဘဲ သားရဲကြီးများအလားပင်။ မန်ဟို ပြောနိုင်သည်အရ သူ၏အနီးပတ်ဝန်းကျင်တွင် အရေအတွက် ရာဂဏန်းများရှိပြီး အဝေးတွင်လည်း လူထပ်မံပေါ်လာနေလေသည်။
မည်သူ ပထမဆုံး ပျံထွက်သွားသလဲ ပြောရခက်သော်လည်း မကြာမီ မီတာသုံးထောင်အကျယ်စင်မြင့်တစ်ခုစီအား ကျင့်ကြံသူတစ်ယောက်စီ သိမ်းပိုက်ထားလေပြီ။ ထို့နောက် ဟင်းလင်းပြင်တွင် ပေါ်လာခဲ့သော ကျင့်ကြံသူအားလုံး စင်မြင့်များဆီသို့ အမြန်ဆုံး ပျံသန်းသွားကြ၏။ တစ်ယောက်ချင်းစီ စင့်မြင်တစ်ခုစီအား သိမ်းပိုက်လိုက်ကြသည်။ တိုက်ပွဲဖြစ်ပွားသော်လည်း အထိန်းအချုပ်ရှိသည်။ ရှေးဟောင်းလမ်းနတ်မီးလျှံစမ်းသပ်ပွဲကို ရောက်သည့်အခိုက်အတန့်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်စရာအကြောင်းမရှိပေ။ ၎င်းက မတန်။
ထို့အပြင် မည်သည့်ပိုင်ရှင်မဲ့စင်မြင့်မဆို ၎င်းအပေါ် ပထမဆုံးခြေချလိုက်သော လူနှင့် ဆက်သွယ်မှုတစ်ခုအား ဖန်တီးလိုက်ပြီး မီးသေနေသော ဖယောင်းတိုင်က ကျောက်တိုင်အပေါ်ရှိ မြေပုံကို အလင်းရောင်ပေးရင်း တောက်လောင်လာပေမည်။
သို့သော် တိုက်ခိုက်မှုကား သိပ်မများ။ ဦးသူလာ၊ ဦးသူရဆိုသော စကားပုံအတိုင်းပင်။ ရည်ရွယ်ထားသည့် စင်မြင့်အား မရလိုက်သော မည်သူမဆို နောက်တစ်ခုအား လျင်မြန်စွာ သွားရှာမည်ဖြစ်သည်။
မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ မီတာသုံးရာနှင့် မီတာသုံးထောင်စင်မြင့်များမှာ သူ့ထံမှ အတော်လေး အလှမ်းဝေးပြီး သူနှင့်အနီးဆုံးမှာ မီတာသုံးဆယ်စင်မြင့်တစ်ခုဖြစ်သည့်အတွက် ထိုတစ်ခုထံသို့ အလျင်အမြန် သွားလိုက်လေသည်။
သို့သော် သူ ၎င်းအပေါ်သို့ ခြေချတော့မည့်အခိုက်အတန့်မှာပင် အနီးနားရှိ လူတစ်ယောက်လည်း သူနှင့်အကြံတူနေပုံပင်။ ၎င်းသည် ခြေထောက်အောက်တွင် လှိုင်းများ ဖြာထွက်လျက်ရှိသော ထောင်ထောင်မောင်းမောင်း လူထွားကြီးတစ်ဦးဖြစ်၏။ လှိုင်းများကို အနီးကပ်ကြည့်လျှင် ကူးခတ်နေသော ငါးသုံးကောင်ရှိနေသည့် ပုံရိပ်ယောင်ပင်လယ်ရေနှင့်တူချေသည်။ ထိုအခြင်းအရာက လူထွားကြီးကို လက်ဖျားခါလောက်အောင် အထင်ကြီးဖွယ် ကောင်းစေသည်။
သူနှင့်မန်ဟို နှစ်ယောက်လုံး စင်မြင့်ပေါ် တစ်ပြိုင်တည်း ခြေချတော့မည့်အချိန်တွင် လူထွားကြီးက အေးစက်စက် နှာမှုတ်လိုက်သည်။ အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် တလက်လက် တောက်ပနေ၏။
“ထွက်သွားစမ်း” သူက ပြောသည်။
ထို့နောက် သူ၏ညာလက်က မန်ဟို့ထံသို့ အားကုန်ပစ်ပေါက်လိုက်သောလှုပ်ရှားမျိုး လုပ်လိုက်သည်။ ငါးများသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရေတွင် ကူးခတ်လာပြီး ကြီးမားသောဖိအားကြီးတစ်ခု ဖြာထွက်လာကာ ပါးစပ်ကြီးဟလျက် မန်ဟို့ကို ဝါးမြိုရန် ပြင်ရင်း မန်ဟို့ထံ ပြေးဝင်သွားသော ပုံရိပ်ယောင်ပင်လယ်နဂါးကြီးတစ်ကောင်အသွင်ပြောင်းသွား၏။
မန်ဟို၏အမူအရာမှာ တည်ငြိမ်မြဲ တည်ငြိမ်နေသော်လည်း သူသည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပင်လယ်နဂါးအနားမှ ဖြတ်သွားကာ လူထွားကြီးထက် အသက်တစ်ရှိုက်စော၍ စင်မြင့်အပေါ်သို့ ခြေချလိုက်၏။
ထိုအခိုက်အတန့်တွင် စင်မြင့်ပေါ်ရှိ ဖယောင်းတိုင်မှာ လင်းထိန်လာကာ အရပ်လေးမျက်နှာသို့ အလင်းရောင်ဖြန့်ကျက်လိုက်သည်။ လူထွားကြီးက အောက်သိုးသိုးမျက်နှာထားဖြင့် မန်ဟို့ကို စိုက်ကြည့်ရင်း အေးစက်စက် နှာတစ်ချက်မှုတ်ကာ အနီးနားရှိ စင်မြင့်နောက်တစ်ခုထံ ဦးတည်သွားတော့သည်။
မန်ဟိုက အေးဆေးတည်ငြိမ်စွာဖြင့် လူထွားကြီးကို လျစ်လျူရှုပြီး မြေပုံကို လေ့လာရန် ကျောက်တိုင်အရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ မြေပုံသည် ဧရာမဧရိယာကြီးတစ်ခု ပါရှိသော်လည်း ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ အမှောင်ဖုံးနေရာ ဆယ်ရာခိုင်နှုန်းခန့်သာ ရှင်းရှင်းလင်းလင်း မြင်ရနိုင်၏။
ထိုသေးသေးလေး မြင်နေရသော ဧရိယာတွင် သူ ယခု ရှိနေသည့်နေရာကို မူလဇစ်မြစ်အဖြစ်ထား၍ လမ်းကျဉ်းပေါင်းများစွာ ဖြာထွက်နေကြောင်း မန်ဟို ခံစားလိုက်ရသည်။ လမ်းအားလုံး၏ အဆုံးသတ်ရာနေရာမှာ မြေပုံပေါ်ရှိ အမှောင်ဖုံးဧရိယာအနားရှိ နေရာတစ်နေရာဖြစ်သည်။
ဟင်းလင်းပြင်ထဲတွင် ဖယောင်းတိုင်တစ်တိုင်ပြီးတစ်တိုင် အသက်ဝင်လာသည်။ ကြည့်ရသရွေ့ ဤနေရာရှိ စင်မြင့်အရေအတွက်သည် ရောက်ရှိလာခဲ့သောအရေအတွက်နှင့် ညီမျှသယောင်ပင်။ မကြာမီ ကျင့်ကြံသူအားလုံး စင်မြင့်တစ်ခုစီ သိမ်းပိုက်ထားကြပြီးလေပြီ။
ကံဆိုးစွာနှင့် ကံဆိုးသောကျင့်ကြံသူလက်တစ်ဆုပ်မျှမှာ တိုက်ပွဲများအတွင်း သေဆုံးကား နိဂုံးချုပ်သွားခဲ့၏။
စောစောက လူထွားကြီးမှာမူ မန်ဟို့ညာဘက်ရှိ စင်မြင့်အား ရယူနိုင်ခဲ့သည်။ သူ့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် မန်ဟို့ကို ရံဖန်ရံခါ လှမ်းကြည့်တတ်လေသည်။ သူတို့နှစ်ယောက်အကြား ကတောက်ကဆဖြစ်ခဲ့ခြင်းက သူ့အား စိတ်တိုစေခဲ့ကြောင်း သိသာသည်။
မန်ဟိုမှာတော့ လူထွားကြီးကို သတိမထားမိဘဲ မြေပုံကိုသာ စိတ်ဝင်တစား အာရုံစိုက်နေပုံပင်။
အမွှေးတိုင်တစ်တိုင်ထွန်းစာမျှကြာသော် အရာအားလုံး တိတ်ဆိတ်သွားသည်။ နောက်ဆုံးတော့ ရှေးဆန်သောအသံတစ်သံ ဟင်းလင်းပြင်တွင် ဟိန်းထွက်လာ၏။
“ငါက နဝမပင်လယ်နတ်လောကရဲ့ လင်းယွင်ကျစ်။ အခု ... တာအိုဂိတ်ဝ ပွင့်လာခဲ့ပြီး ရှေးဟောင်းလမ်း ဖြစ်ပေါ်လာခဲ့ပြီ။ မင်းတို့အားလုံး လမ်းကို လျှောက်ရမယ်... မင်းတို့ရဲ့ တာအို ခိုင်မာစေဖို့၊ မင်းတို့ရဲ့ ကံတရားခိုင်မာစေဖို့ အဲ့ဒါကို အသုံးချပါ
“လမ်းဟာ ထင်းလင်းမြင်သာပေမယ့် အန္တရာယ်တွေအပြည့်ပဲ။ လျှောက်လှမ်းတဲ့ ဘယ်သူမဆို အဆုံးစွန်အထိ သတိရှိနေမှဖြစ်မယ်
“ဒီအခိုက်အတန့်မှာ မင်းတို့ နောက်ပြန်လှည့်ချင်ရင် လှည့်လို့ ရသေးတယ်။ ဒါပေမဲ့ ရှေ့တက်လိုက်တာနဲ့ ... ပြန်လှည့်ကြည့်ရင်တောင်မှ ဘေးကင်းလုံခြုံမှုကို အာခံမပေးနိုင်တော့ဘူး” သူ၏အသံသည် စင်မြင့်အားလုံးဆီသို့ ရောက်ရှိလာ၏။ နတ်မီးလျှံစမ်းသပ်ပွဲရှိ တာအိုခွဲထွက်ခြင်းအဆင့်ပြိုင်ပွဲဝင်များအားလုံး ကြားလိုက်ကြရသည်။
မန်ဟိုမှာ နဝမပင်လယ်နတ်လောကဟု ကြားကြားချင်း မော့ကြည့်လိုက်မိသည်။ ၎င်းက သူ့ကို ဖန်းတုံးအာအား ချက်ချင်း သတိရလိုက်စေပြီး ရင်ထိတ်ခနဲ ဖြစ်သွားစေသည်။ သူသည် ပုံစံပြောင်းထားကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သော်လည်း စိုးထိတ်မှုကား လျော့ကျသွားခဲ့ပေ။ သူက ကြက်တူရွေး ရရှိခဲ့သော အနက်ရောင်ငှက်မွှေးကို တိတ်တိတ်လေး ထုတ်၍ ဝတ်ရုံအရှေ့ပိုင်းရှိ ထုတ်ရပြုရလွယ်သော နေရာတစ်နေရာတွင် ထားလိုက်သည်။
“မင်းတို့ အခု လမ်းထဲ ဝင်လို့ရပြီ။ ဒါဟာ နတ်မီးလျှံစမ်းသပ်ပွဲတစ်ပွဲ ဖြစ်တဲ့အတွက်ကြောင့် အရင်ဆုံး မသင့်တော်တဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ဘယ်သူမဆို နှင်ထုတ်ခံရမယ်။ အသင့်တော်ဆုံးပြိုင်ပွဲဝင်တွေပဲ ကျန်ခဲ့မှာ ဖြစ်တယ်
“အဲဒါပြီးရင် လမ်းကို မင်းတို့လျှောက်ချင်သလို လျှောက်လို့မရတော့ဘူး။ အဆင့်တစ်ဆင့်တိုင်း လမ်းတစ်လျှောက်လုံး မင်းတို့ စစ်ဆေးစမ်းသပ်ခံရမယ်စမ်းသပ်ခံရမယ်
“စမ်းသပ်နေတဲ့အတောအတွင်း မင်းတို့လုပ်ဆောင်ချက်အပေါ် အခြေခံပြီး ငါက မင်းတို့ ဆက်သွားရမယ့် အဆင့်တွေကို စီစဉ်ပေးမှာ ဖြစ်တယ်။ မင်းတို့ ဒီနေရာမှာ လုပ်သမျှအကုန်လုံးကို အပြင်ကနေ ကြည့်နေကြတဲ့သူတွေ မြင်နေရတာမလို့ ငါ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး မမျှတမှာ မစိုးရိမ်နဲ့
“ကဲ အခု ပထမအဆင့် - တိုက်ပွဲအဆင့် စကြစို့
“မင်းတို့အနေနဲ့ အမွှေးတိုင်တစ်တိုင်ထွန်းစာအတွင်း ဖယောင်းတိုင်များများ ငြှိမ်းနိုင်ဖို့ ဘယ်လိုလှည့်ကွက်မဆို ၊ ပရိယာယ်မဆို သုံးလို့ရမယ်။ သေစေနိုင်တဲ့တိုက်ကွက်တောင် ရတယ်။ ငြိမ်းသွားတဲ့ ဖယောင်းတိုင်မီးရဲ့ ပိုင်ရှင်ဟာ ရှေ့ဆက်သွားနိုင်ခွင့် ဆုံးရှုံးမယ်။ အသတ်ခံရတဲ့ ဘယ်သူမဆို ဖယောင်းတိုင်အငြှိမ်းခံရတယ်လို့ သတ်မှတ်ခံရမယ်” တာအိုရှာဖွေခြင်းနတ်မီးလျှံစမ်းသပ်ပွဲရှိ နဝမတောင်ပင်လယ်ကျင့်ကြံသူအားလုံး လင်းယွင်ကျစ်၏ စကားလုံးများကို ကြားသည်နှင့် ရင်တဒိန်းဒိန်း ခုန်လာကြပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ ပေါက်ကွဲထွက်လာတော့သည်။
သူတို့အားလုံး ယူဆထားခဲ့သည်မှာ ရှေးဟောင်းလမ်းကို ပြိုင်ပွဲဝင်အကုန်လုံး ဝင်ရောက်ခွင့်ရှိပြီး အဆုံးသို့ ဦးစွာ ရောက်ရှိခဲ့သူများအနက်မှ အမြန်ဆုံးလူတစ်သောင်းက ရှေ့ဆက်သွားနိုင်မည်ဟူ၍ဖြစ်သည်။ နတ်မီးလျှံစမ်းသပ်ပွဲက ယခုလို စလိမ့်မည်ဟု သူတို့ဘယ်တော့မှ မထင်ထားခဲ့ပေ။
ပထမအဆင့်၏ အဓိကအချက်က လူတစ်ယောက်၏ဖယောင်းတိုင် မီးမငြိမ်းသွားအောင် ကာကွယ်ဖို့နှင့် တစ်ချိန်တည်းမှာပင် အခြားသူများ၏ ဖယောင်းတိုင်းများကို လိုက်ငြှိမ်းဖို့ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း လူများသည် သူတို့၏ဓမ္မကိုယ်ပွားများအား အခြားစင်မြင့်များဆီ စေလွှတ်လိုက်ကြ၏။ ချက်ချင်း အညှာအတာမရှိသော တိုက်ပွဲများဖြစ်ပွားတော့သည်။ နတ်ဘုရားစွမ်းရည်များ၊ မှော်သိုင်းများက အရာရာတိုင်းကို ထစ်ချုန်းတုန်ခါနေစေ၏။ တစ်နေရာလုံးမှာ ဝရုန်းသုန်းကား ဖြစ်သွားပြီး ရှိရှိသမျှလူတိုင်း၏နားထဲတွင် ပေါက်ကွဲသံများ ပြည့်နှက်နေတော့သည်။ အသက်ထွက်ခါနီး အော်သံများ ကြားရရန် တခဏသာ ကြာလိုက်သည်။
မန်ဟို့မျက်လုံးများ အေးစက်စက် လင်းလက်နေသည့်အချိန်မှာပင် သူ့ကို သတ်ဖြတ်လိုစွာ ကြည့်နေခဲ့သော သူ၏ညာဘက်ရှိ အဘိုးကြီးက မထီမဲ့မြင် ရယ်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခု ပျံထွက်လာပြီးနောက် သူ၏ဖယောင်းတိုင်ကို ကာကွယ်ရန် ပျံ့နှံ့လာသော မန္တန်အစီအရင်တစ်ခုအသွင်ပြောင်းသွားသည်။ ထို့နောက် လူထွားကြီးကား မန်ဟို့ဆီ ပျံထွက်လာလေပြီ။
“ငါ တာအိုရှာဖွေခြင်းအထွတ်အထိပ်ပညာရှင်တွေ အများကြီး သတ်ခဲ့ပြီးပြီ” သူက ပြောသည်။ “မင်းက ငါနဲ့ လာရှုပ်ရဲမှတော့ ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ မင်းက ငါ ပထမဆုံးသတ်တဲ့လူ ဖြစ်စေရမယ်” သူ မန်ဟို့စင်မြင့်အပေါ်သို့ ခြေချလိုက်စဉ် သူ့ခြေထောက်အောက်ရှိ ပုံရိပ်ယောင်ပင်လယ်ရေမှာ မို့မောက်တက်လာသည်။ သူသည် မုဒြာလက်ကွက်တစ်ကွက်အား လျင်မြန်စွာ ဖော်လိုက်ကာ ပင်လယ်နဂါးအား မန်ဟို့ထံ ဟိန်းဟောက်လျက် ပြေးဝင်သွားစေသည်။
မန်ဟိုက ဖယောင်းတိုင်၏ဘေးတွင် တင်ပျဉ်ခွေထိုင်နေပြီး သူက တည်ငြိမ်အေးဆေးစွာ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် သွေးအေးသောအရိပ်အယောင်ပင် ရှိမနေ။ သူက လူထွားကြီးကို အေးအေးလူလူ မော့ကြည့်ပြီးနောက် လက်ကို လေတွင်ခွင်းကာ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ကြယ်ခူးသိုင်းကား ထုတ်လွှတ်ခံရလေသည်။
၎င်း ပထမဆုံး ဖမ်းဆုပ်လိုက်သည့်အရာမှာ ပင်လယ်နဂါးဖြစ်သည်။ ပင်လယ်နဂါးမှာ ပြန်မတိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားပြီး တခဏ ရုန်းကန်သော်လည်း မန်ဟိုက လက်ချောင်းကို စုကာ ၎င်းအား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေသည်။ လူထွားကြီး၏မျက်လုံးများ ပြူးကျယ်သွား၏။ ပင်လယ်နဂါးတွင် သူ့စုစုပေါင်းစွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း သူ ကောင်းကောင်းသိလေသည်။ ပြောရလျှင် နဝမပင်လယ်၌ ဤပင်လယ်နဂါးကို ရှောင်တိမ်းနိုင်သော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူအနည်းအကျဉ်းသာ ရှိ၏။
သို့သော် သူ ကြည့်နေသည့်အချိန်မှာပင် သူ၏ပြိုင်ဘက်က သာမန်ကာလျှံကာ လက်ဝှေ့ယမ်း၍ ၎င်းအား တစစီခြေပစ်လိုက်ချေပြီ။ ထိုအခိုက်အတန့်တွင် လူထွားကြီးမှာ ခေါင်းနပန်းကြီးသွားပြီး လိပ်ပြာလွင့်မတတ် ကြောက်သွားတော့၏။
“မကောင်းတော့ဘူး” သူက တွေးလိုက်သည်။ “မဟုတ်မှ ဒီကောင်က ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်း၊ မျိုးနွယ်စုတစ်စုစုက အဲဒီလူမဟုတ်တဲ့ငကြောင်တွေထဲက တစ်ကောင်များလား။ မဖြစ်နိုင်ဘူး။ အဲဒီလူတွေကို ငါမြင်ဖူးပေမယ့် ဒီကောင့်ကို တစ်ခါမှ မမြင်ဖူးဘူး”
လူထွားကြီးသည် မျက်နှာပျက်သွားပြီး ချက်ချင်း အဆုတ်ကွဲမတတ် အော်လိုက်တော့၏။ “နားလည်မှုလွဲတာပါ။ တာအိုရောင်ရင်း ဒါ နားလည်မှုလွဲရုံလေးတင်ပါ....”
သူသည် ပြောပြောဆိုဆို အမြန်ဆုံး နောက်ဆုတ်သွား၏။ သို့ရာတွင် မန်ဟို၏ကြယ်ခူးသိုင်းက သူ့အပေါ် ကျဆင်းလာပြီး သူ့ကို ဖမ်းဆုပ်လိုက်သည်။ လူထွားကြီး၏မျက်နှာတွင် အကြောက်တရားတို့ ပြည့်နှက်နေသော်လည်း မန်ဟိုက ခံစားချက်မဲ့သော မျက်နှာထားဖြင့် ဖြစ်ညစ်လိုက်သည်။
ဖောင်း
လူထွားကြီး အသံဗြဲကြီးဖြင့် မအော်နိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်သည် တစစီ ကြေမွသွားပြီး သူကား စိတ်ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ သေဆုံးသွားတော့၏။ သူသေသွားသောအခါ သူ့ဖယောင်းတိုင်မှာ ချက်ချင်း မီးငြိမ်းသွားလေသည်။
အသေတိုက်ကွက်ကို ထုတ်လွှတ်ပြီးနောက် မန်ဟိုသည် လူထွားကြီး၏ဖယောင်းတိုင်အား ဖုံးကွယ်ထားသော ဖုန်းရွှေသံလိုက်အိမ်မြှောင်အား လက်ညှိုးထိုးလိုက်၏။ ၎င်းမှာ တုန်ခါလာပြီး မန်ဟို့ဆီ ပျံသန်းလာတော့မည့်အချိန် အနက်ရောင်အတန်းတစ်တန်းက ၎င်းဆီ ပြေးဝင်လာသည်။ အတန်းသည် ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို လှမ်းဆွဲလိုက်သော အနက်ဝတ်လူငယ်တစ်ဦးအသွင်ပြောင်းသွား၏။
သို့သော် သူ့လက် ပစ္စည်းအပေါ် ရောက်လုဆဲဆဲ မန်ဟို၏အေးစက်စက် နှာမှုတ်သံက ပဲ့တင်ထပ်လာသည်။ ၎င်း လူငယ်၏နားထဲ ဝင်ရောက်လာသောအခါ သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီလာပြီး မန်ဟို့ကို အလိုအလျောက် လှမ်းကြည့်မိလိုက်သည်။ နှစ်ယောက်အကြည့်ချင်းဆုံသောအခါ သူ့စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွား၏။
သူ့အတွက် မန်ဟို့အကြည့်မှာ ဓားချွန်ချွန်နှစ်လက်အလား သူ့မျက်လုံးများကို ထိုးဖောက်၍ သူ၏စိတ်ကို တစစီ ခုတ်ပိုင်းရင်း ဦးနှောက်မှ ဝိညာဉ်ထဲထိ စိုက်ဝင်သွားသယောင်ပင်။
လူငယ်မှာ မျက်မှောင်ကြုတ်သွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ သူ၏မျက်နှာက ဖြူဆုပ်သွားပြီး သူသည် ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို လှမ်းဆွဲမည့်အကြံအားလုံးကို စွန့်လွှတ်လိုက်တော့၏။
“တာအိုရောင်ရင်း” သူက အက်ကွဲကွဲအသံဖြင့် ကမန်းကတန်း အော်သည်။ “ဗွေမယူပါနဲ့”
***