← Chapters

တစ်လမ်းလုံး အမြင့်ဆုံး‌နေရာအတွက် တိုက်ခိုက်ခြင်း

Vol. 61 Ch. 843

တစ်လမ်းလုံး အမြင့်ဆုံး‌နေရာအတွက် တိုက်ခိုက်ခြင်း

Vol. 61 Ch. 843

မန်ဟိုက လူငယ်ကို ချက်ချင်း မသတ်ပစ်ဘဲ ဖုန်းရွှေသံလိုက်အိမ်မြှောင်အား အေးအေးဆေးဆေး လက်ယပ်ခေါ်လိုက်ကာ သူ့ဆီ ပျံသန်းလာစေပြီး သူ့လက်ပေါ် ကျလာစေသည်။ လူထွားကြီး၏ သေဆုံးမှုကြောင့် ဤပစ္စည်းမှာ လောလောဆယ်တွင် ပိုင်ရှင်မဲ့သွားပြီဖြစ်သည့်အတွက် မန်ဟိုက ၎င်းအထဲသို့ နတ်ဘုရားအာရုံတချို့ ပို့လွှတ်၍ သူ့အပိုင်အဖြစ် တံဆိပ်ခတ်နှိပ်လိုက်လေသည်။

"ဒါက တော်တော့်ကို လျှို့ဝှက်ဆန်းကြယ်ပေမယ့်" သူက ပြောသည်။ "ကံဆိုးစွာနဲ့ သိပ်အစွမ်းမထက်ဘူး" သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြန်ရာ သူ၏ တစ်တိတစ်တိ လျော့နည်းလာသော ပိုင်ဆိုင်မှုထဲမှ သာလွန်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံး ထွက်လာသည်။ သူက ၎င်းတို့၏အရှိန်အဝါ ဖြာထွက်သွားပြီး အခြားသူများ သတိမထားမိနိုင်ခင် ၎င်းတို့ကို ဖုန်းရွှေသံလိုက်အိမ်မြှောင်အပေါ် ဖိချလိုက်၏။

မျက်စိတစ်မှိတ်အတွင်း ဖုန်းရွှေသံလိုက်အိမ်မြှောင်ကား ပြောင်းလဲသွားလေပြီ။ ၎င်းမှာ ပုံမှန်သာ ထင်ရသော်လည်း အဆများစွာပို၍ အင်အားကြီးမားသော မန္တန်ဝင်္ကပါကို ထုတ်လွှတ်လိုက်သည်။ မန်ဟိုက ၎င်းကို ဘေး၌ အလျင်အမြန် ချလိုက်ရာ မန္တန်ဝင်္ကပါမှ အလင်းရောင်သည် ဖယောင်းတိုင်ကို လွှမ်းခြုံသွားလေ၏။

"ထိုက်ယန်ကျစ် ဒါမှမဟုတ် ရွေးချယ်ခံတစ်ယောက်ယောက် ပေါ်မလာသရွေ့ ဒီဟာ‌အနေနဲ့ အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် တောင်ခံနိုင်သင့်တယ်။ သာမန်တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူတွေ ဒါကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး" သူက ထရပ်ပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။ ယခုတွင် အချိန်တစ်ဝက် ကုန်ဆုံးသွားပြီဖြစ်ပြီး သူ့မှာ ဖယောင်းတိုင်တစ်တိုင်တည်းကိုသာ မီးငြှိမ်းရသေးလေသည်။ ခပ်လှမ်းလှမ်းတွင် ခုနစ်တိုင်၊ ရှစ်တိုင် ငြှိမ်းထားပြီးသူများ ရှိ၏။ အဝေးရှိ လူများအနေဖြင့် သည့်ထက်ပို၍ပင် ငြှိမ်းပြီးကောင်း ငြှိမ်းပြီးလောက်သည်။

မန်ဟို သူ၏စင်မြင့်မှ ထွက်ခွာလာသည့်အချိန်မှာပင် အပြင်လောက ၊ နဝမတောင်နှင့်ပင်လယ်ရှိ လူများသည် တစ်ခါက လည်‌ရုံသာ လည်နေခဲ့သော်လည်း ယခုတွင် ဧရာမမှန်သားပြင်ကြီးများ ပါရှိနေပြီဖြစ်သော ဝဲများကို မော့ကြည့်နေ၏။

ထိုမှန်သားပြင်များသည် ရှေးဟောင်းလမ်းအပေါ်၌ ဖြစ်ပျက်နေသောအရာအားလုံးကို ‌ဖော်ပြနေသော်လည်း ပုံရိပ်များမှာ အလွန်သေးငယ်၏။ မှန်ပါသည်၊ လူတစ်ယောက်တွင် မြင့်မားသင့်သလောက် မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိလျှင် မှန်သားပြင်အပေါ်က လူများ မည်မျှပင် သေးငယ်စေကာမူ ရှင်းလင်းပြတ်သားစွာ မြင်ရနိုင်ပေသည်။

နဝမတောင်နှင့်ပင်လယ်အတွင်းရှိ မရေမတွက်နိုင်သော လူများသည် မှန်သားပြင်များကို ရှုစားနေကြ၏။ တာအိုဆရာအစည်းအရုံးသုံးခု၊ မျိုးနွယ်စုကြီး‌လေးစု၊ အထွတ်အမြတ်မြေငါး‌မြေနှင့် ဘုရားကျောင်းသုံးကျောင်း‌ဂိုဏ်းခြောက်ဂိုဏ်းအပြင် အစွမ်းထက်သင်းကွဲကျင့်ကြံသူများလည်း ရှိကြသည်။

အထူးသဖြင့် ဂိုဏ်းများက စိတ်ဝင်တစား ‌အာရုံစိုက်နေကြသည်။ သူတို့သည် မျိုးနွယ်စုများမဟုတ်သည့်အတွက် အပြင်မှ ဂိုဏ်းသားအသစ်များကို စုဆောင်းရ‌ပေမည်။ အတော်များများက နတ်မီးလျှံစမ်းသပ်ပွဲပြီးဆုံးသည်အထိ စောင့်နေမှာမဟုတ်ဘဲ ကြည့်နေစဉ်အတွင်း ဂိုဏ်းသားများကို စုဆောင်းမည်ဖြစ်၏။

မှန်ပါသည်၊ နဝမတောင်နှင့်ပင်လယ်အနှံ့အပြားရှိ လူအုပ်ကြီးများအကြားတွင် များစွာသော စကားသံများအား ကြားရနိုင်သည်။

"တာအိုဆရာအစည်းအရုံးသုံးခုက အင်မော်တယ်အပျက်အစီးများနယ်ထဲက ရှေးဟောင်းလမ်းသုံးလမ်းမှာ အဆင့်သုံးဆင့် ဖန်တီးထားတယ်။ တစ်ဆင့်စီမှာ အနာဂတ်ရဲ့ ရွေးချယ်ခံတွေပဲ ကျန်ခဲ့တဲ့အထိ ကောက်နုတ်ရွေးချယ်ပေးသွားမယ့် မတူညီတဲ့စမ်းသပ်မှုတစ်ခုစီ ပါဝင်တယ်"

"အထုတ်ခံလိုက်ရတဲ့လူတချို့မှာ အလားအလာကောင်းတွေ ရှိကောင်းရှိနိုင်ပေမယ့် အခုချက်ချင်း အထုတ်ခံလိုက်ရတာ ကံဆိုးတာပဲ"

"ကြည့် အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းပေါ်မှာ လက်ရှိဦးဆောင်နေတဲ့သူက ဖယောင်းတိုင် ၃၉ တိုင်တောင် ငြှိမ်းပြီးပြီ။ အနုသုခုမရုပ်ခန္ဓာကျင့်ကြံသူတွေရဲ့ ကျင့်ကြံအဆင့်က သိပ်မမြင့်မားပေမယ့် တိုက်ခိုက်လိုစိတ် ပြင်းပြကြပါပေတယ်"

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းလမ်းပေါ်မှာတော့ ငြှိမ်းခံလိုက်ရတဲ့ ‌ဖယောင်းတိုင်အရေအတွက်အများဆုံးက ၂၇ တိုင်"

"တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်က အဲ့ဒီမျက်နှာဖုံးနဲ့ လူလေးက ဘယ်သူတုန်း... ၁၉ တိုင်တောင် ငြှိမ်းပြီးသွားပြီ"

"တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းက စိတ်ဝင်စားစရာအကောင်းဆုံးမဟုတ်လား။ ဟိုတစ်ယောက်ကို မြင်တယ်ဟုတ်။ ကြည့်ရတာ လီမျိုးနွယ်စုရဲ့ ဂိုဏ်းသားဖြစ်လောက်တယ်။ ရုပ်ပြောင်းထားပေမယ့် သူသုံးနေတဲ့ နတ်ဘုရားစွမ်းရည်တွေကနေ ဘယ်သူလဲ မှန်းလို့ရတယ်။ သူက ဖယောင်းတိုင် ၁၅တိုင်တောင် ငြှိမ်းပြီးသွားပြီ"

ဆွေးနွေးငြင်းခုံမှုများ အပြင်တွင် ဖြစ်ပွားနေသည့်အချိန်မှာပင် မန်ဟိုသည် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်ရှိ မီတာသုံးဆယ်စင်မြင့်တစ်ခုဆီသို့ ပျံသန်းသွား၏။ သူ ၎င်းအပေါ် ခြေချလိုက်သည့်အချိန်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာပြီး ဆံပင်စုတ်ဖွားနှင့်အဘိုးကြီးတစ်ဦး ပေါ်လာသည်။ ‌‌ထိုအဘိုးကြီး မန်ဟို့ဆီ ပြေးတက်လာစဉ် ‌ဒေါသစိတ်ဆန္ဒတစ်ခုက ရိုက်ခတ်ဖြာထွက်လာသည်။

"သေစမ်း" သူက အက်‌ကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာစေသော မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း မာန်သွင်းဟိန်းဟောက်လိုက်ရာ အက်ကွဲကြောင်းကြီးသည် အပြားကြီးသော ဓားရှည်တစ်လက်အသွင် ပြောင်း၏။

"ဟင်းလင်းပြင်ဖျက်စီးခြင်း" သူ၏အသံ ထွက်လာရာတွင် ပတ်ဝန်းကျင်ရှိ အခြားသူများက အလန့်တကြား လှမ်းကြည့်ပြီး နောက်ဆုတ်သွားကြသည်။ မန်ဟိုက တည်တည်ငြိမ်ငြိမ်ပင် လာနေသော ဟင်းလင်းပြင်ဖျက်စီးခြင်းတိုက်ကွက်ကို ကြည့်သည်။ သူက နောက်ဆုတ်မသွားဘဲ ထိုအစား ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်အသွင် ပြောင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် သူ့ဝတ်ရုံထဲရှိ အနက်ရောင်ငှက်မွှေး၏စွမ်းအားကို သုံးလိုက်ရာ ရွှေရောင်သိမ်းငှက်ကြီးက ပိတ်ပိန်းအောင် မည်းနက်နေသော လင်းတကြီးတစ်ကောင်နှင့် တူသွားတော့သည်။

လင်းတကြီးက လာနေသော ဟင်းလင်းပြင်ဖျက်စီးခြင်းတိုက်ကွက်ထံသို့ ‌တဟုန်ထိုး ထွက်သွားသည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဝင်တိုက်လိုက်သောအခါ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာပြီး ဟင်းလင်းပြင်ဖျက်စီးဓားမှာ မန်ဟို့ဆံမွှေးလေးတစ်မွှေးကိုပင် မထိနိုင်ဘဲ ကြေမွပျက်စီးသွားတော့၏။ အဘိုးကြီးမှာ ဤအခြင်းအရာကို မြင်လျှင် ပါးစပ်အဟောင်းသားနှင့် ကမန်းကတမ်း နောက်ဆုတ်သွားသည်။ သို့သော် သူ ဝေးဝေးလံလံ မသွားနိုင်ခင် လင်းတကြီးအသွင်နှင့် မန်ဟိုက သူ့ထံ ထိုးဆင်းလာသဖြင့် လေပြင်းတစ်ချက်က သူ့ကို ဆောင့်တိုက်လိုက်သည်။ လင်းတကြီး၏ ခြေသည်းများ ဆန့်ထွက်လာပြီး အဘိုးကြီး၏ခေါင်းမှာ ရစရာမရှိအောင် ကြေမွသွားတော့သည်။ အသားတုံးတို့က ‌‌တဖြောက်ဖြောက် ရွာကျလာ၏။

ဤသည်မှာ နတ်မီးလျှံစမ်းသပ်ပွဲ၊ ကံကြမ္မာကောင်းအတွက် တိုက်ပွဲဖြစ်သည်။ ပြိုင်ဘက်ကို သင် မသတ်ပါက ပြိုင်ဘက်က သင့်ကို သတ်လိမ့်မည်။

မန်ဟိုသည် ထိုကဲ့သို့ ‌အနိဋ္ဌာရုံရက်စက်မှုများစွာကို ကြုံတွေ့ခဲ့ရပြီးသည့်အတွက် အသားကျနေလေပြီ။ အဆိုပါအရာလေးတစ်ခုအား သူ၏အတွင်းစိတ်အပေါ် သက်ရောက်ခွင့်ပြုမည်မဟုတ်ပေ။ အဘိုးကြီး သေဆုံးသွားသောအခါ သူ၏ဖယောင်တိုင်က ငြိမ်းသွားပြီး မန်ဟိုက နောက်စင်မြင့်တစ်ခုသို့ ဆက်သွားသည်။ ဘယ်သူမှ သူ့လမ်းကို မပိတ်လျှင် သူသည် ဖယောင်းတိုင်ကိုသာ ငြှိမ်းတတ်၏။ သူ့ကို သတ်ဖို့ ကြိုးစားလျှင်တော့ ထိုအတိုင်း ပြန်တုံ့ပြန်၍ သူတို့၏အသက်များကို အဆုံးသတ်ပေးမည်ဖြစ်သည်။

တခ‌ဏလေးအတွင်း မန်ဟိုကား တစ်နေရာလုံးတွင် သောင်းကျန်းနေလေပြီ။ တစ်ယောက်မှ အသက်တစ်ရှိုက်ထက်ပို၍ မခံနိုင်သည့်အပြင် သေလျှင်သေ၊ မသေလျှင် ဖယောင်းတိုင်မီး အငြှိမ်းခံရခြင်းနှင့် အဆုံးသတ်ကြရသည်။

မန်ဟိုက မြက်ခြောက်များအပေါ်မှ ဖြတ်လျှောက်နေသည့်အလား ဆက်သွားနေသည်။ သူ၏ကြီးမားသော စွမ်းအင်က သူ့ကို အခြားသူများ၏အထက်သို့ လျင်မြန်စွာ တက်သွားစေ၏။

ဖယောင်းတိုင်သုံးတိုင်၊ လေးတိုင်၊ ငါးတိုင် ....

မန်ဟိုက ညှာတာခြင်းမရှိ ၊ ပြတ်သားစွာ တိုက်ခိုက်သည်။ လောလောဆယ်တွင် သူ့ပတ်ဝန်းကျင်ရှိ လူတစ်ဒါဇင်ကျော် ကျင့်ကြံခြင်းအခြေခံများကို ချုပ်တည်းထားသော လူလေးငါးယောက်ရှိ၏။ မန်ဟို သူတို့ကို တိုက်ခိုက်သောအခါ သူတို့၏စွမ်းအားများ ထွက်ပေါ်လာသည်။ တစ်ယောက်မှ ထိုက်ယန်ကျစ်နှင့် အခြားရွေးချယ်ခံများ၏အဆင့်နှင့် တန်းတူမဟုတ်သော်လည်း ပြိုင်ဘက်ကင်းပြီး သူမတူသော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထား၏။

မြောက်ပိုင်းသဲကန္တာရမှ ရွေးချယ်ခံ လုပိုင်နှင့်တူညီသော စွမ်းအားများကို ထိန်းချုပ်ခြယ်လှယ်နေသည့် လူတစ်ယောက်ပင် ရှိသည်။ ဤလူက တိုက်ခိုက်လျှင် လုပိုင်နည်းတူ အချိန်နှင့်နေရာကို ရပ်တန့်ချုပ်နှောင်နိုင်သယောင်ပင်။

ယခုကဲ့သို့ အချိန်-နေရာအား ကြိုးကိုင်နိုင်သော တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ အခြားတာအိုစောင့်ရှောက်သူများအနေဖြင့် သေချာပေါက် သေဆုံးရလိမ့်မည်။ သို့သော် မန်ဟိုသည် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အတုအယောင်အင်မော်တယ်များကိုပင် သုတ်သင်နှိမ်နင်းနိုင်၏။ သူ ထုတ်လွှတ်သမျှ တိုက်ကွက်တစ်ကွက်စီတိုင်းက လူတစ်ယောက်ကို သတ်လျှင် သတ်၊ မဟုတ်လျှင် ဖယောင်းတိုင်ကို ငြှိမ်းပစ်ချေသည်။ ‌တ‌ဝုန်းဝုန်း ပေါက်ကွဲသံများကား ရိုက်ခတ်ညောင်းနေတော့၏။

သူ သေစေနိုင်သောအားဖြင့် ချက်ချင်း မတိုက်ခိုက်သည့် တစ်ခုတည်းသောအချိန်မှာ အချိန်ကို ထိန်းချုပ်နိုင်သည့် အဘိုးကြီးအား ရင်ဆိုင်ရသည့်အခါတွင်ဖြစ်သည်။ အတန်ငယ် အကဲခတ်ပြီးနောက် ဤအချိန်တာအိုသည် လုပိုင်နှင့် တိုက်ခိုက်ခဲ့တုန်းက အမျိုးအစားနှင့် တူညီကြောင်း သဘောပေါက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့မှာ ၎င်းအား မည်မျှစဉ်းစားစဉ်းစား ယခုထက်ထိတိုင်အောင် နားမလည်နိုင်သေးသဖြင့် မချင့်မရဲ ဖြစ်နေခဲ့ရလေသည်။

သူက တိုက်ခိုက်သောအခါ ရလဒ်များကို သေချာအာရုံစိုက်၏။ သူ့တွင် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းရှိကြောင်း ထည့်တွက်လျှင် သဲလွန်စတချို့အား ‌ဆက်စပ်စဉ်းစားကြည့်နိုင်လေသည်။ သူတို့ တိုက်ခိုက်နေစဉ် အဘိုးကြီးသည် တုန်လှုပ်သထက် တုန်လှုပ်လာပြီးနောက်ဆုံး လိပ်ပြာလွင့်မတတ် ကြောက်လာတော့၏။ သူ့ရှုထောင့်တွင် သူ တိုက်ခိုက်နေရသူမှာ သူ၏တာအိုကိုပင် သုံးသပ်နိုင်ပြီး တုပနေသော သာမန်လူငယ်တစ်ဦးဟု ထင်ရသူဖြစ်သည်။ တစ်နေရာတွင် ထိုလူငယ်က တူညီသောစွမ်းအားတချို့ကိုပင် အသုံးချနေပုံပေါ်လာရာ အဘိုးကြီးမှာ လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားတော့၏။

"လူမဟုတ်ဘူး။ ဒီလူက သေချာပေါက် ဒဏ္ဍာရီလာရွေးချယ်ခံတစ်ယောက်ထဲက တစ်ယောက်ပဲ" အဘိုးကြီးမှာ ရင်တုန်သွားပြီး အသက်ဆက်ရှင်နိုင်အောင် ရုတ်တရက် သူ၏‌ဖယောင်းတိုင်ကိုသူ ငြှိမ်းလိုက်၏။

အဘိုးကြီး၏ပြတ်သားမှုကြောင့် မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး ထပ်မံတိုက်ခိုက်ခြင်းမပြုတော့ပေ။ ဖယောင်းတိုင်ငြိမ်းသွားသော် သူက အဘိုးကြီးကို တစ်ချက်ကြည့်ပြီး အဘိုးကြီး‌၏ဘေးမှဖြတ်၍ နေရာရွှေ့ပြောင်းကာ ရှေ့ဆက်သွားတော့သည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာ၏ အချိန်သုံးပုံတစ်ပုံခန့် ကျသေးသည်။ မန်ဟိုကား ဖယောင်းတိုင် (၁၉) တိုင် ငြှိမ်းခဲ့ပြီးလေပြီ။

ပတ်ဝန်းကျင်ရှိ စင်မြင့်အများစုမှာ လူသူမရှိတော့ပေ။ အသတ်မခံရဘဲ ဖယောင်းတိုင်အငြှိမ်းခံလိုက်ရသော လူများမှာမူ တစ်ယောက်ပြီးတစ်ယောက်‌ ရှေးဟောင်းလမ်း၏စွမ်းအားဖြင့် နေရာရွှေ့နေရာရွှေ့ပြောင်းခံရကာ ပျောက်ကွယ်သွားပြီး နတ်မီးလျှံစမ်းသပ်ပွဲတွင် ဆက်လက်ပါဝင်နိုင်ခွင့် ဆုံးရှုံးသွားတော့၏။

အတော်များများမှာ ဤအခြင်းအရာကြောင့် တုန်လှုပ်သွားကြသည်။ သေသည်ဖြစ်စေ၊ ယှဉ်ပြိုင်ခွင့်ဆုံးရှုံးသည်ဖြစ်စေ၊ ထုတ်ပယ်ရမည်သာ။ ဤအခြင်းအရာက မြင့်မားသောရည်မှန်းချက်များဖြင့် ဤနေရာသို့ လာရောက်ခဲ့သူတိုင်းအတွက် ပြင်းထန်သော ထိုးနှက်ချက်ကြီးဖြစ်ချေသည်။

"ဒီတော့ အဲဒီအချိန်တာအိုက ငါ သုံးတဲ့ အချိန်စွမ်းအားနဲ့ ဆင်တာပဲ။ တူတာတွေရှိပေမယ့် တကယ်တမ်း ကွဲပြားတယ်" မန်ဟို့မျက်လုံးများက တည်ငြိမ်နေသော်လည်း အတွေးရိပ်တို့က သူ၏သူငယ်အိမ်များတွင် ဖြတ်ပြေးသွားသည်။ စောစောက တိုက်ပွဲမှာ မတိုတောင်းခဲ့သည့်အတွက် မန်ဟို့အနေဖြင့် အကျိုးအမြတ်အနည်းငယ် ရခဲ့လေသည်။

ယခုတွင် သူသည် စင်မြင့်တစ်ခုထက်တွင် ရပ်၍ သူ၏မျက်လုံးများက ပတ်ဝန်းကျင်တစ်လျှောက် ပြေးလွှားသွားသည်။ နောက်ဆုံးတော့ သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ မတူညီသောဘက်သို့ ထွက်သွားလေပြီ။

ဤအခိုက်အတန့်တွင် နဝမပင်လယ်နတ်လောကမှ လင်းယွင်ကျစ်၏ ရှေးဆန်သောအသံက ရုတ်တရက် ထပ်မံပဲ့တင်ထပ်လာသည်။

"အမွှေးတိုင်တစ်တိုင်ထွန်းစာမှာ အခု အသက်အရှိုက်တစ်ရာတောင် မကျန်တော့ဘူး... အသက်အရှိုက်တစ်ရာပြီးရင် ပထမအဆင့် ပြီးဆုံးပြီ။ အဲဒီအချိန်အတောအတွင်း ဖယောင်းတိုင်အများဆုံး ငြှိမ်းနိုင်တဲ့အပြင် ကိုယ့်ဖယောင်းတိုင်ကိုလည်း မငြိမ်းအောင် ကာကွယ်နိုင်ခဲ့တဲ့ လူတွေ အထူးဆုလာဘ်တစ်ခု ချီးမြှင့်ခံရမယ်"

ဤကြေညာချက်က တာအိုရှာ‌ဖွေခြင်းရှေးဟောင်းလမ်းတစ်လမ်းလုံးအား စိတ်လှုပ်ရှားမှုတို့ဖြင့် ဆူပွက်သွားစေသည်။ အလားတူကြေညာချက်များကို အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်း၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းတို့တွင်လည်း ထုတ်ပြန်‌၏။ ပြိုင်ပွဲဝင်ကျင့်ကြံသူများ၏ အသက်အဖြတ်စိတ်ဆန္ဒမှာ ချက်ချင်းဆိုသလို တဟုန်ထိုး မြင့်တက်သွားတော့သည်။

ထိုစဉ် အပြင်လောကတွင် များစွာသောလူအုပ်ကြီးသည် ဧရာမဝဲကြီးများအတွင်းရှိ မှန်သားပြင်သုံးခုအား အနီးကပ်အာရုံစိုက်နေကြ၏။ အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းမှာ ဝရုန်းသုန်းကား ဖြစ်နေသည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းမှာတော့ အေးအေး‌ဆေးဆေးပင်။

တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းမှာမူ တမူထူးခြား၏။ မှန်သားပြင်ပေါ်၌ ထင်ထင်ရှားရှား မြင်သာသည်မှာ အစွမ်းထက်ပညာရှင်တစ်ယောက်စီတိုင်း သူတို့၏အနီးနားရှိ ‌ဖယောင်းတိုင်တစ်တိုင်မကျန် ငြှိမ်းခဲ့သည့်အတွက် လေဟာနယ်ပမာ ဖြစ်နေသော ကွက်လပ်တစ်သောင်းကျော်ပင်။

အဆိုပါကွက်လပ်တစ်သောင်းကျော်အနက် တချို့သည် ကြီးမားပြီး တချို့က သေးငယ်၏။ သို့သော် ပြိုင်ပွဲဝင်များကြားမှ ဆန်အိတ်မှ ထိုးထွက်နေသော ဆူးချွန်တစ်ချောင်းလို ထွန်းတောက်လာနိုင်လျှင် ယင်းက သင်သည် အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်ကြောင်း သက်သေထူပေ၏။ မကြာမီ ပညာရှင်များ၏တိုက်ပွဲများ စတင်တော့သည်။

"တာအိုရှာဖွေခြင်းလမ်းမှာ ဖယောင်းတိုင် အတိုင် (၇၀) ငြှိမ်းထားပြီးတဲ့ သူရှိတယ်"

"အချိန်သိပ်မကျန်တော့ဘူး။ ဒီနတ်မီးလျှံစမ်းသပ်ပွဲက လုံးဝသက်ညှာမှု မရှိလိုက်တာ။ လူတွေအများကြီး အထုတ်ခံထားရပြီးပြီ"

အပြင်‌လောကတွင် ကျွတ်ကျွတ်ညံနေ၏။ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်တွင် လူများစွာမှာ မျက်လုံးများ ရဲတွတ်လာသည်အထိ ဒေါသထွက်နေကြသည်။ တချို့က သေစေနိုင်သောအားဖြင့် တိုက်ခိုက်နေကြပြီး တချို့က အောင်မြင်မှုများ လုံလုံလောက်လောက် ရထားပြီဖြစ်၍ အချိန်ကုန်အောင် စောင့်ရင်း ဝေ့လည်ကြောင်ပတ် လုပ်နေကြသည်။ မန်ဟိုက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ပြီးနောက် လူရှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တစ်ပြိုင်တည်း တိုက်ခိုက်နေသော အနီးပတ်ဝန်းကျင်သို့ ဦးတည်သွား၏။

အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့ထဲမှ တစ်ယောက်သည် ရက်စက်ကြမ်းကြုတ်သော သင်းခွေချပ်ကြီးဖြစ်၏။ ၎င်း၏ စူးရဲတောက်ပနေသောမျက်လုံးကြီးများက မည်သည့်လူသားမဆိုထက် အသိဉာဏ်မလျော့နည်းကြောင်း ဖော်ပြနေသည်။

နုပျိုသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း မျက်နှာတွင် အရေးအကြောင်းများ ဖုံးနေသော အမျိုးသမီးတစ်ဦးလည်း ရှိသည်။ သူမအနောက်တွင် ဓမ္မဆင်းတုတစ်ဆူ၏ စဦးပိုင်းအသွင်ဖြစ်သော ပန်းရောင်ပုံရိပ်ယောင်တစ်ခုအား မြင်ရနိုင်၏။

ဤခုနစ်ယောက်၊ ရှစ်ယောက်လုံးသည် ပြင်းထန်သော တိုက်ကွက်များထုတ်လွှတ်နေရာ အရပ်လေးမျက်နှာတွင် ပေါက်ကွဲသံများ ဆူညံနေတော့သည်။ သို့သော် တစ်ယောက်မှ အခြားတစ်ယောက် အနိုင်မယူနိုင်သည်သာမက တချို့က ပူးပေါင်းထားပုံရသည်။

မန်ဟို အနားရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့က သူ့ကို လှမ်းကြည့်ကြသည်။ တစ်ယောက်မှ မန်ဟို့ကို မသိကြသလို၊ အချင်းချင်းလည်း တစ်ယောက်နှင့်တစ်ယောက် မသိပေ။ သူတို့သည် နဝမတောင်နှင့်ပင်လယ်ရှိ မတူကွဲပြားသော နေရာများမှ ဖြစ်ကြ၏။ ကံကြမ္မာကောင်းအတွက် တိုက်ခိုက်ဖို့ ဤနေရာသို့ လာရောက်ခဲ့ကြသူများဖြစ်၍ မန်ဟို့ကို မြင်မြင်ချင်း သင်းခွေချပ်ကြီးက လေကိုခွင်းကာ သူ့ထံ ပြေးဝင်သွားလေသည်။ ကျန်ရှိသူများအနက်မှ တချို့လည်း မျက်လုံးများ တလက်လက် တောက်ပနေလျက် မန်ဟို့ထံ ပြေးဝင်လာကြသည်။

"ငါတို့ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက်၊ တစ်ယောက်ကို တစ်ယောက် အနိုင်မယူနိုင်ဘူး။ ဒါကြောင့် အချင်းချင်း တိုက်ခိုက်ရင်း အချိန်ဖြုန်းမယ့်အစား သူများတွေကို သတ်ကြစို့။ ကံကြမ္မာကောင်းက အသေသ‌တ်နိုင်တဲ့သူအတွက်ပဲ"

"ဟုတ်တယ်။ ဒီကောင်က ဒီကို လာတာလေ။ သူ့အတိုက်အခိုက်စွမ်းရည်က သာမန်ပဲဖြစ်လိမ့်မယ်။ မဟုတ်လို့ကတော့ သူ့ပတ်ဝန်းကျင်က လူတိုင်းကို ရှင်းပြီးသားဖြစ်မှာ"

"ကံ‌မကောင်းတဲ့ကောင်‌ပါကွာ။ သတ်စို့"

လူခုနစ်ယောက် ၊ ရှစ်ယောက်သည် သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ချီတက်လာကြသည်။ မှန်ပါသည်၊ သူတို့သည် အချင်းချင်းလည်း သတိထားနေသေး၏။ တခြားတစ်ယောက်ကို တိုက်ခိုက်ဖို့ ပူးပေါင်းနေကြပုံပေါ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ဟုလည်း မဆိုလိုပေ။

လူရှစ်ယောက် ချဉ်းကပ်လာနေစဉ် မန်ဟို့အမူအရာသည် တည်ငြိမ်နေပြီး တုံ့ခနဲ ရပ်လိုက်၏။ ယခုတွင် ဤအဆင့်ပြီးဆုံးဖို့ အသက် (၆၁) ရှိုက်ပင် မကျန်‌တော့ပေ။ အချိန်ကား လျင်မြန်စွာ ကုန်ဆုံးနေ၏။

မျက်စိတစ်မှိတ်အတွင်း လူရှစ်ယောက်က သူ့အပေါ် ထိုးဆင်းလာလေပြီ။ သင်းခွေချပ်ကြီး၏ မရေမတွက်နိုင်သော အကြေးခွံများ ထောင်မတ်လာကာ တောင်တစ်လုံးကို နှစ်ခြမ်းခြမ်းပစ်နိုင်လောက်အောင် အစွမ်းထက်ပုံရသော နတ်ဘုရားစွမ်းရည်တစ်ခု ထစ်ချုန်းထွက်လာသည်။ အမျိုးသမီးသည်လည်း လက်ကို ခါရမ်းလိုက်ရာ ပန်းရောင်အရှိန်အဝါတစ်ခုက သူမအနောက်မှ ဖြာထွက်လာပြီး ပန်းရောင်ဦးခေါင်းခွံတစ်ခုအသွင်ပြောင်းသွား၏။

အခြားသူများလည်း နတ်ဘုရားစွမ်းရည်အမျိုးမျိုးအား ထုတ်လွှတ်လိုက်ကြသည်။

မန်ဟိုက တည်ငြိမ်စွာ ကြည့်ပြီးနောက် ညာလက်သီးကို ဆုပ်၍ လေဟာနယ်ကို ခွင်းကာ သူတို့ထံ ပစ်သွင်းလိုက်သည်။

လက်သီး ကျရောက်လာသောအခါ မယုံကြည်နိုင်ဖွယ်လေပြင်းတစ်ချက်က တိုက်ခိုက်သူရှစ်ယောက်ကို ရိုက်ခတ်သွားသည်။ သူတို့မျက်နှာ ပျက်သွားစဉ် မန်ဟိုက လှုပ်ရှားလိုက်လေပြီ။

***

All Chapters