ပထမအဆင့် ပထမနေရာ
Vol. 61 Ch. 844
မန်ဟိုက လေအသွင်ပြောင်းလိုက်သည်။
လေဆင်နှာမောင်းကြီးဖြစ်သွား၏။
တဝေါဝေါ ဆူညံနေသော လေဆင်နှာမောင်းကြီးက မိုးထစ်ချုန်းသံများနှင့်အတူ ဟင်းလင်းပြင်ကို ဖြတ်၍ အရပ်လေးမျက်နှာသို့ တိုက်ခတ်လိုက်သည်။ လာနေသောကျင့်ကြံသူရှစ်ယောက်ဆီသို့ အားကောင်းသော လေလှိုင်းကြီးတစ်လုံး ဝုန်းဒိုင်းကြဲ ပြေးဝင်သွားနေသည့်အလားပင်။
လေမုန်တိုင်းကြီး သူတို့ကို ရိုက်ချလိုက်သောအခါ သူတို့၏နတ်ဘုရားစွမ်းရည်များ တုန်ခါသွားပြီး သူတို့၏အမူအရာမှာ အံ့ဩသွားသောအမူအရာ ဖြစ်လာသည်။ သူတို့မှာ ထိတ်လန့်မှုတို့ဖြင့် ရင်တဒိန်းဒိန်း ခုန်သွားကြ၏။ ဤလူအားလုံးသည် စင်မြင့်များအကြားမှ တိုက်ခိုက်သတ်ဖြတ်လာခဲ့သူများဖြစ်၍ အထူးသဖြင့် အစွမ်းထက်ဆုံး ဖြစ်ကြလေသည်။ အပြင်လောကတွင် သူတို့သည် စိတ်ဝိညာဉ်နယ်ပယ်အတွင်း၌ တစ်ယောက်ကို တစ်ယောက် အနိုင်ယူရန်ပင် ခက်ခဲသည်အထိ အလွန်တရာ အင်အားကြီးမားကြ၏။
မည်သူတစ်ဦးတစ်ယောက်မှ သူတို့နှင့် ရင်ဘောင်မတန်းနိုင်သလို၊ စွမ်းအားအရာ၌လည်း မယှဉ်နိုင်ပေ။ သို့ထိတိုင် မန်ဟို၏လက်သီးတစ်ချက်က သူတို့ကို လေဆင်နှာမောင်းကြီးနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားချက်မျိုး ရစေခဲ့ချေပြီ။
ဤသည်မှာ သူတို့ တန်ပြန်တိုက်ခိုက်ခြင်းသော်လည်းကောင်း၊ ခုခံခြင်းသော်လည်းကောင်း မပြုနိုင်သော လေဆင်နှာမောင်းကြီးတစ်လုံးဖြစ်၏။ ဤလေဆင်နှာမောင်းကြီးတွင် ... ကောင်းကင်နှင့်မြေကြီးကို သစ်ကိုင်းခြောက်များသဖွယ် အလွယ်တကူ ဖျက်စီးနိုင်သော အဆုံးမဲ့ဖျက်စီးခြင်းစွမ်းအား ပါရှိလေသည်။
ဤသည်ကား .... လုံးလုံးလျားလျား ချေမှုန်းခြင်းစွမ်းအား ဖြစ်ချေ၏။
ကျယ်လောင်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွားပြီး လေဆင်နှာမောင်းကြီးက အဆုံးမရှိသော မိုးကြိုးများအပြည့်ဖြင့် တဂျိန်းဂျိန်း အော်ရင်း ကျင့်ကြံသူရှစ်ယောက်အား တဟုန်ထိုး ဝင်ဆောင့်လိုက်လေသည်။ ကျင့်ကြံသူရှစ်ယောက်၏စိတ်အစဉ်မှာ တဝုန်းဝုန်းမြည်သံကြီးများ၊ စူးရှသောအလင်းရောင်တို့ဖြင့် ပြည့်နှက်သွား၏။ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကြီးက စစ်မြေပြင်ပေါ်ရှိ အခြားလူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် နတ်မီးလျှံစမ်းသပ်ပွဲကို စောင့်ကြည့်နေသော အပြင်လောက နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်းသည် ဝဲမှန်သားပြင်သုံးခုကို မမှိတ်မသုန် အာရုံစိုက်နေကြချေ၏။
အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းပေါ်တွင်မူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအား မြင်ရနိုင်သည်။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းလည်း ထိုနည်းတူပင်။ ဖက်တီးသည် ထိုနေရာတွင် သွေးသံရွှဲလျက် ရန်သူတစ်ယောက်၏ လည်မြိုကို သွားဖြင့် ခဲရင်း ရှိနေ၏။ သူ၏မျက်လုံးများက သွေးချင်းနီရဲနေပြီး သွားများက တောက်ပနေသည်။ ရန်သူ၏ ဖယောင်းတိုင်မီးငြိမ်းသွားသည့်အခါ သူက ဟိန်းဟောက်လိုက်သည်။
ဖက်တီးကိုယ်တိုင်ပင် သူ မည်မျှကြမ်းကြုတ်ပြီး ရက်စက်သည့်ပုံပေါ်နေသလဲ သတိမထားမိပေ။ သူကား ဂိုဏ်းအတော်များများ၏ အာရုံကို ဆွဲဆောင်ထားခဲ့ပြီဖြစ်၏။
ထို့နောက် ချန်ဖန်း၊ ဝမ်ယိုချိုင်၊ လီရှိချီနှင့် တောင်ကောင်းကင်ဂြိုဟ်မှ မန်ဟို့အသိများလည်း ရှိသည်။ သူတို့အားလုံးကား အနုသုခုမရုပ်ခန္ဓာ ရှေးဟောင်းလမ်းအပေါ်တွင်ပင်။ တချို့က သေသွားသည်။ တချို့က ထုတ်ခံရသည်။ တချို့ကား ... အဆုံးအထိ တိုက်ခိုက်နေကြ၏။
ချန်ဖန်းက ဓားတစ်လက်ကို လက်တွင် ကိုင်ထား၏။ သူ၏ မျက်နှာထားသည် အသက်မရှိသည့်အလား မှိုင်းညို့နေသည်။ သူ့မှာ ဗလာသက်သက်နှင့် စိတ်ဓာတ်ကျနေပုံရရာ ယင်းက တစ်ဖန် သူ၏တိုက်ကွက်များအပေါ် သက်ရောက်ပြီး ၎င်းတို့အား တူညီသောမှိုင်းညို့မှုဖြင့် ပြည့်နှက်နေစေ၏။ သို့သော် အနက်ရောင်အရှိန်အဝါတစ်ခုက သူ၏ဓားကို ရစ်သိုင်းနေပြီး ၎င်းကို ရင်ဆိုင်ရသည့် မည်သူမဆို ခံစားချက်များ ရုတ်တရက် လွှမ်းမိုးခံလိုက်ရကြောင်း ခံစားရပေမည်။ ထို့ကြောင့် ချန်ဖန်းလည်း အနုသုခုမရုပ်ခန္ဓာ ရှေးဟောင်းလမ်းတွင် ထူးခြားနေရာ အတော်များများက သူ့ကို အာရုံစိုက်နေကြ၏။
ဖက်တီးနှင့် ချန်ဖန်းနှစ်ယောက်လုံး သတိပြုခံခဲ့ရပြီး များစွာသောအခြားလူများလည်း ထိုနည်းတူပင်။ ဤသည်မှာ ပြိုင်ပွဲ၏အစသာ ရှိသေးသည့်အတွက် အသက်ရှူမှားဖွယ်ကောင်းလောက်အောင် ဆက်လက်တင်ဆက်နိုင်လျှင် သို့မဟုတ် အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းပေါ်၌ ပထမနေရာသိမ်းပိုက်နိုင်လျှင်ပင် သေချာပေါက် ကံကြမ္မာကောင်းတစ်ခုတော့ ရနိုင်၏။
မှန်ပါသည်၊ မျက်စိကျဖွယ်အကောင်းဆုံးမှာတော့ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းဖြစ်သည်။ ထိုနေရာရှိ တိုက်ပွဲက သွေးမုန်တိုင်းတို့ ထန်၍ သွေးမိုးတို့ ရွာကျစေသည်အထိ အရေးအကြီးဆုံးအခိုက်အတန့်သို့ ရောက်လာခဲ့ပြီဖြစ်ရာ ပရိသတ်အများစုအတွက် သေချာပေါက် အာရုံစိုက်ရာနေရာ ဖြစ်လာ၏။
အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းများ၏ ဝရုန်းသုန်းကား အခြေအနေများနှင့် တခြားစီဖြစ်ကြောင်း အလွယ်တကူ မြင်ရနိုင်သည်။ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းမှာ အံ့ဩထိတ်လန့်ဖွယ် အသတ်အဖြတ်အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေသည်။ ယခင် ဧရိယာတစ်သောင်းကျော်အနက် တစ်ခုစီအား အစွမ်းထက်ပညာရှင်တစ်ယောက်စီ ထိန်းချုပ်ထားပြီး အကုန်လုံးက တစ်ယောက်ကို တစ်ယောက် မညှာမတာ တိုက်ခိုက်ရင်း ဖယောင်းတိုင်များအား ငြှိမ်းဖို့ ကြိုးစားနေကြသည်။
ထိုကဲ့သို့ တိုက်ပွဲများတွင် အသက်ရှိုက်စာအနည်းငယ်မျှဖြင့် အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုအား ဆုံးဖြတ်ပေးနိုင်၏ ။ မကြာမီ ကြီးမားသောအပြောင်းအလဲများအား စစ်မြေပြင်ပေါ်တွင် မြင်လာရသည်။
"ဖယောင်းတိုင် ၉၃ တိုင် ငြှိမ်းထားတယ်။ အဲ့ဒါ ဘယ်သူလဲ။ တစ်ခါမှ ဒီလိုမျိုး မမြင်ဘူး"
"မျက်နှာဖုံးနဲ့ အဲဒီလူကို ကြည့်စမ်း။ သူက အခြားသူတွေထက် ပိုများတယ်။ တစ်ရာကျော်ကို ပထမဆုံး ငြှိမ်းနိုင်တဲ့လူပဲ"
"ကြည့် လီမျိုးနွယ်စုက ရွေးချယ်ခံလည်း တစ်ရာကျော် ငြှိမ်းထားပြီးပြီ"
လူတိုင်း အုတ်အော်သောင်းနင်းဖြစ်နေပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြသည်။
"နှစ်ရာ။ ပထမနေရာက လူက ဖယောင်းတိုင် အတိုင်နှစ်တိုင် ငြှိမ်းထားတယ်"
"မြန်လိုက်တာဟ။ ရင်ခုန်လွန်းလို့ သေတော့မှာပဲ။ မျက်နှာဖုံးနဲ့ လူက …. သူ... သူက .... အတိုင်သုံးရာကျော် ငြှိမ်းထားပြီးပြီ"
"သူက အတိုင်သုံးရာကျော်တဲ့ တစ်ယောက်တည်းသော လူပဲ။ သူ့အနောက်က လေးယောက်က နှစ်ရာပတ်လည်စီ ရှိကြတယ်။ အဲဒီငါးယောက်က ဒီအဆင့်မှာ အစွမ်းထက်ဆုံးဆိုတာ သေချာတယ်"
"အချိန်ပြည့်တော့မယ်"
စကားသံများ ဆူညံပွက်လောရိုက်နေကြ၏။
တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်တွင် အခြားကျင့်ကြံသူများထံမှ အာရုံအများဆုံးဆွဲဆောင်နိုင်ခဲ့သော လူငါးယောက်ရှိသည်။ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းနှင့် တာအိုဆရာအစည်းအရုံးသုံးခုမှ ကျင့်ကြံသူများသည် ထူးဆန်းစွာ တောက်ပနေသော မျက်ဝန်းများဖြင့် မှန်သားပြင်များကို ရှုစားနေကြ၏။။ ထိုလူငါးယောက်လုံးတွင် တူညီသောအရာတစ်ခုရှိသည် ....
သူတို့က ပြောင်တလင်းခါနေသော ပတ်ဝန်းကျင်ရှိ သူတို့၏သက်ဆိုင်ရာဧရိယာထဲတွင် တစ်ကိုယ်တည်း ရပ်နေကြချေသည်။
ထိုငါးယောက်အနက် အထင်းဆုံးမှာ ပိတ်ပိတ်ပိန်း နက်မှောင်နေသော မျက်နှာဖုံးကို ဝတ်ထားသည့် လူငယ်တစ်ဦးဖြစ်၏။ သူ၏အနက်ရောင်ဆံနွယ်များသည် သူ့ကိုယ်တစ်ဝိုက်တွင် ပျံ့လွင့်နေပြီး သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူကား အရိပ်တစ်ခုနှင့်တူပြီး အေးစက်စက်နှင့် အထီးကျန်၍ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
သူ၏တိုက်ကွက်များက တိကျပြတ်သားပြီး သူသည် မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ သုံးပုံမရပေ။ လက်ချောင်းလေးတစ်ချောင်း ဝှေ့ရုံမျှဖြင့် အခြားတာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများ၏ နတ်ဘုရားစိတ်ဆန္ဒ ဖျက်စီးခံရပြီး သူတို့၏အနုသုခုမရုပ်ခန္ဓာများ ကြေမွကာ သေဆုံးကြရ၏။
ငါးယောက်အထဲမှ နောက်တစ်ယောက်မှာ မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် ပါးလွှာသော ခရမ်းရောင်ဂါဝန်လေးကို ဝတ်ထားရာ သူမအား ပန်းလှလှလေးတစ်ပွင့်နှင့် တူစေ၏။ အမည်မသိပညာရပ်တစ်ခုဖြင့် မျက်နှာကို ဖုံးကွယ်ထားသည့်အတွက် သူမမည်သည့်ပုံစံရှိသလဲ မမြင်ရပေ။ သူမသည် နူးညံ့ပျော့ပျောင်းပုံပေါ်သော်လည်း ညှာတာမှုမရှိ တိုက်ခိုက်တတ်၏။ မရေမတွက်နိုင်သော ခရမ်းရောင်ပွင့်ချပ်များက သူမကို ဝန်းရံထားပြီး အဆိုပါပွင့်ချပ်တစ်ချပ်စီအပေါ်တွင် သွေးစက်တစ်စီအား မြင်ရနိုင်သည်။ ၎င်းသည် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
ငါးယောက်အဖွဲ့ရှိ သုံးယောက်မြောက်မှာ ကောင်လေးတစ်ဦးဖြစ်သည်။ သူသည် ပိန်ပါးပြီး ကတုံးနီးပါး ခေါင်းမွှေးပြောင်နေသော်လည်း လက်ဖျားခါဖွယ် အမြန်နှုန်းကို ပိုင်ဆိုင်ထား၏။ ထိုမျှသာမက သူ၏ခန္ဓာကိုယ်မှာ ချုပ်နှောင်အင်းကွက်သဖွယ် အပြာရောင်အဆင်တန်ဆာပုံစံကွက်များဖြင့် ဖုံးလွှမ်းခံထားရသည်။ ၎င်းတို့မှာ တမင်ရေးဆွဲထားခြင်းမဟုတ်ဘဲ သဘာဝအတိုင်း ဖြစ်ပေါ်နေသယောင်ပင်။
သူသည် သူ့ထံမှ ထုတ်လွှတ်နေသည့် ကြမ်းကြုတ်သော လူရိုင်းအရှိန်အဝါတစ်ခုကို အတတ်နိုင်ဆုံး ဖုံးကွယ်နေ၏။ သို့သော် သူ၏သွေးများက သွေးကြောများတစ်လျှောက် စီးဆင်းနေသည့်အတွက် အရှိန်အဝါသည် စိမ့်ထွက်လာပြီး သူ့အား ကျင့်ကြံ့သူတစ်ယောက်အစား တောနက်ထဲမှ သားရဲရိုင်းကြီးတစ်ကောင်နှင့် တူစေသည်။
လေးယောက်မြောက်မှာတော့ သက်လတ်ပိုင်းအဘိုးကြီးတစ်ဦးဖြစ်သည်။ သူ၏အမူအရာသည် အေးစက်ပြီး မောက်မာဟန်ရှိကာ သူက ဝတ်ရုံအဖြူကို ဝတ်ဆင်ထား၏။ သူ့ကို တစ်ကောင်လျှင် လက်သီးဆုပ်အရွယ်ရှိသော အညိုရောင်ခြင်အုပ်ကြီးက ဝန်းရံထားသည်။ ၎င်းတို့၏နှာမောင်းကြီးများက ရှည်လျားချွန်ထွက်နေပြီး သူ့ကို လှည့်ပတ်နေသဖြင့် တဝီဝီ မြည်သံများအား ကြားရနိုင်လေသည်။ ထိုမြင်ကွင်းက လူတိုင်းကို ခေါင်းနပန်းကြီးသွားစေဖို့ လုံလောက်၏။
ခြင်ညိုကြီးများ၏ မျက်လုံးနီနီကြီးနှင့် သွေးဆာနေသော အသွင်အပြင်က လူတိုင်းကို ကြောက်လန့်တုန်ရီသွားစေနိုင်သည်။
ငါးယောက်မြောက်ပုဂ္ဂိုလ်ကတော့ အတိုင်းထက်အလွန် ထူးခြားသည်။ တစ်ခါတစ်ရံ သူသည် လူအိုကြီးလိုဖြစ်သွားတတ်ပြီး တစ်ခါတရံ သက်လတ်ပိုင်းသယောင်ယောင်။ တစ်ခါတလေကျ ဆယ်ကျော်သက်လူငယ်လေးနှင့် တူသွားပြန်သည်။ သူ့အရွယ်မှာ အဆက်မပြတ် ပြောင်းလဲနေသည့်အလားပင်။ ပြောင်းလဲသွားတိုင်း သူ၏အတိုက်အခိုက်စွမ်းရည်သည် ထိုးတက်သွားတတ်၏။ သူကား ထူးခြားဆန်းကြယ်သော တာအိုမှော်ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံထားကြောင်း သိသာချေသည်။
ဤလူများသည် လောလောဆယ်တွင် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်၌ အာရုံအစိုက်ခံရဆုံးဖြစ်၏။ တစ်ယောက်စီက ဖယောင်းတိုင် အတိုင်နှစ်ရာကျော် ငြှိမ်းထားခဲ့ပြီး မျက်နှာဖုံးနက်နှင့်လူငယ်ကတော့ သုံးရာကျော်သည်။
သူတို့အနောက်တွင် သိပ်အာရုံအစိုက်မခံရသော ရွေးချယ်ခံများစွာ ရှိသည်။ သို့သော် ဤသည်မှာ ပထမအဆင့်သာ ရှိသေးသည့်အတွက် အဆုံးသတ်တွင် မည်သို့မည်ဖုံ ရှိမည်လဲ ပြောရခက်၏။
"အသက်အရှိုက်သုံးဆယ်တောင် မကျန်တော့ဘူး"
"ဒီလူတွေက အားကြီးတဲ့သူတွေထဲကမှ အားအကြီးဆုံးတွေပဲ။ အသက်အရှိုက်သုံးဆယ်ပဲ ကျန်တော့တာဆိုတော့ ရလဒ်ကို ပြောင်းလဲဖို့ ခက်လိမ့်မယ်။ ပထမအဆင့် ပြီးသွားပြီလို့ ဆိုရမှာပဲ။ ရလဒ်တွေ ပေါ်လာခဲ့ပြီ" အများစုသည် ဤအတိုင်းတွေးနေကြ၏။ အဓိကဂိုဏ်းကြီးများမှ ကျင့်ကြံသူများပင်လျှင် ဤအတိုင်း ခံစားနေရလေသည်။
အချိန်ကုန်တော့မည့်ပုံရသော်လည်း ဤအခိုက်အတန့်တွင် မန်ဟို့လက်သီးမှ ဖန်တီးလိုက်သော လေဆင်နှာမောင်းက သူ့ကို တိုက်ခိုက်နေသည့် လူရှစ်ယောက်ကို လွှမ်းခြုံသွား၏။
"မဖြစ်နိုင်ဘူး" အမျိုးသမီးက အော်သည်။ သူမမျက်လုံးများတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားပြီး သူမက တန်ပြန်တိုက်ခိုက်ရန် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူမ ထုတ်လိုက်သမျှ စွမ်းအားအလုံးစုံသည် လေဆင်နှာမောင်းကို ပိတ်ကာဆီးလိုက်သော မြူထုအသွင် ပြောင်းသွား၏။ သို့သော် မြူများမှာ ချက်ချင်းဆိုသလို ပြိုကွဲသွားပြီး အမျိုးသမီးမှာ သွေးပျက်မတတ် အော်ရင်း ပထမဆုံး တုန်ရီလာပြီးနောက် လေမုန်တိုင်း၏တစစီ စုတ်ဖြဲခံလိုက်ရကာ စိတ်ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ သေဆုံးသွားတော့သည်။
လေဆင်နှာမောင်းသည် သူမ၏အော်သံနက်ကြီးကို သယ်ဆောင်ရင်း ပြန့်ကားလာ၏။ နောက်ထပ်လူသုံးယောက်လည်း ကျင့်ကြံခြင်းအခြေခံစွမ်းအား အလုံးစုံ ထုတ်လိုက်ကြသည့်တိုင် လေမုန်တိုင်း၏ ချေမှုန်းခြင်းစွမ်းအားကို တောင့်မခံနိုင်ကြပေ။ သူတို့လည်း သုတ်သင်ခံလိုက်သဖြင့် တဖောက်ဖောက်မြည်သံ ကြားလိုက်ရသည်။
ကျန်ရစ်သူလေးယောက်မှာ လိပ်ပြာလွင့်မတတ် ကြောက်သွားကြ၍ ထွက်ပြေးချင်ကြသော်လည်း မပြေးနိုင်ပေ။ လေဆင်နှာမောင်းကြီးက သူတို့ကို ဝန်းရံလိုက်ပြီး သေမင်းအရိပ်က စိုးမိုးလာချေပြီ။ သူတို့၏မူလရည်ရွယ်ချက်မှာ မန်ဟို့ကို သတ်ဖြတ်ရန် ဖြစ်သော်လည်း သူ၏ တန်ပြန်တိုက်ကွက်က သူတို့ကို ကြောက်စိတ်တို့ မွှန်ထူသွားစေသည်။
အသက်ချမ်းသာပေးရန် အသနားခံတော့မည့်အချိန် လေဆင်နှာမောင်းက သူတို့ကို လွှမ်းခြုံသွားလေ၏။ သူတို့နှစ်ယောက်မှာ စကားပြောရန်ပင် အချိန်မရတော့ဘဲ တစစီ ဖြစ်သွားတော့သည်။ သူတို့၏ဖယောင်းတိုင်များ ငြိမ်းသွား၏။
"လက်မခံနိုင်ဘူး" သင်းခွေချပ်ကြီးက ဟိန်းဟောက်လိုက်သည်။ သူ၏အပြင်အားကိုယ်သည် သူတို့အကြား၌ အသန်မာဆုံးဖြစ်သော်လည်း သူပင် အသက်လေးတစ်ရှိုက်သာ ခံပြီးနောက် အကြေးခွံများ လန်သွားကာ အသားများစုတ်ပြဲသွားတော့သည်။ တခဏအတွင်း သူကား အရိုးစုကြီးထက် မပိုတော့ပေ။
ကျင့်ကြံသူရှစ်ယောက်လုံး သေဆုံးသွားလေပြီ။
ထိုအခိုက်အတန့်တွင် မန်ဟို ငြှိမ်းထားသော ဖယောင်းတိုင်အရေအတွက်သည် တစ်ရာအမှတ်ကို ကျော်၍ နှစ်ရာသို့ တက်သွားလေ၏။
လေဆင်နှာမောင်းကား အားလျော့မသွားပေ။ မန်ဟိုက ၎င်း၏ဗဟိုတွင် နေလျက် အေးဆေးစွာဖြင့် အောက်သို့ လက်သီးသုံးချက်ထပ်မံ ထိုးချလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသွင်းပြီး နောက်ထပ်သုံးချက် ထပ်ထိုးလိုက်လေသည်။
လေဆင်နှာမောင်းသည် ဝုန်းခနဲ အရွယ်အစားသုံးဆ ကြီးလာ၏။ ကြီးမားသော မိုးကြိုးများ ထစ်ချုန်းလာပြီး မိုးခြိမ်းသံမှာ နားကွဲလုမတတ်ပင်။ ဧရာမလေမုန်တိုင်းကြီးက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားပြီး အသက်ဆယ်ရှိုက်အတွင်း မီတာသုံးထောင်အရွယ်အစားသို့ ရောက်လာလေသည်။
ယခုအချိန်တွင် အပြင်လောကရှိ လူများပင် ဝဲမှန်သားပြင်များအပေါ်ရှိ မိုးကြိုးများပြည့်နေသော ဧရာမလေဆင်နှာမောင်းကြီးကို သတိထားမိသွားကြလေပြီ။
"အဲ့ဒါ ဘာကြီးလဲ"
"အရင်က သတိမထားမိခဲ့ဘူး။ အဲဒီလောက်ကြီးတဲ့ လေဆင်နှာမောင်းကြီး ဘယ်ကနေလာတာလဲ"
"ဘုရားရေ အဲဒီလေဆင်နှာမောင်းကြီးက ကြီးလာနေတုန်းပဲလား"
ယခုတွင် လူအုပ်ကြီးသာ လေဆင်နှာမောင်းကြီးကို အာရုံစိုက်နေခြင်းမဟုတ်ပေ။ နဝမပင်လယ်နတ်လောကမှ လင်းယွင်ကျစ်ပင်လျှင် ၎င်းကို ကြည့်နေ၏။ လောလောဆယ်တွင် ပထမအဆင့်ပြီးဆုံးဖို့ အသက်သုံးရှိုက်သာ ကျန်တော့၏။
သုံး နှစ် တစ်
ဂျိန်း ဂျိန်း ဂျိန်း
ပထမအဆင့် နိဂုံးချုပ်သွားသည့်အချိန်မှာပင် မန်ဟို၏ လေဆင်နှာမောင်းကြီးက မီတာသုံးသောင်းအရွယ်အထိ ပြန့်ကားလာခဲ့သည်။ တစ်ဆက်တည်းမှာပင် ၎င်းသည် မရေမတွက်နိုင်သော မချိတင်ကဲ အော်သံများ၊ အထိတ်တလန့် ငိုသံများ၊ ခံပြင်းပြင်း ဟိန်းဟောက်သံများဖြင့် ပြည့်နှက်သွား၏။
ထိုမျှသာမက မန်ဟို့နာမည်ဘေးရှိ ဖယောင်းတိုင်အရေအတွက်မှာ လျင်မြန်စွာ မြင့်တက်လာသည်။
၂၀၀
၃၀၀
၄၀၀
၅၀၀
ဧရာမ မီတာသုံးသောင်းလေဆင်နှာမောင်းကြီးထဲ ပိတ်မိသွားသော ကျင့်ကြံသူတစ်ယောက်မကျန် အပြတ်ရှင်းခံလိုက်ရလေသည်။ မျက်စိတစ်မှိတ်အတွင်း လေဆင်နှာမောင်း၏ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်တလင်း ခါသွားတော့၏။ တစ်ယောက်တည်း ကျန်ခဲ့သူမှာတော့ .... မန်ဟိုပင်။ သူသည် ဆံပင်များ တလွင့်လွင့် ပျံ့လွင့်နေပြီး တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လေလယ်တွင် ရပ်နေ၏။ သို့သော် အပြင်ရှိ ပရိသတ်ကြီးပင်လျှင် ထိုတည်ငြိမ်အေးဆေးမှုအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုကို ခံစားရလေသည်။
ထိုအခိုက်အတန့်တွင် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းတစ်လမ်းလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွား၏။ အပြင်ရှိ ပရိသတ်ကြီးမှာတော့ ဝဲမှန်သားပြင်များမှတစ်ဆင့် ပြောင်ရှင်းနေသော ကွက်လပ်ကြီး၏အလယ်တွင် မန်ဟို ရပ်နေသည်ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြလေသည်။
သူကား နောက်ဆုံးအခိုက်အတန့်တွင် အနောက်မှ တက်လာပြီး ပထမအဆင့် ပထမနေရာကို သိမ်းပိုက်လိုက်လေပြီ။
***