စုန့်တောက်စစ်
Vol. 108 Ch. 1504
ဝိညာဉ်ဖွေရှာခြင်း စတင်သည့်အခါ မန်ဟို့စိတ်ထဲတွင် တဂျုန်းဂျုန်း မြည်သံများ ပြည့်နှက်သွား၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် မည်သည့်မှတ်ဉာဏ်ကိုမှ မမြင်ရဘဲ အသံတစ်သံသာရှိသည်။
“အခုကစပြီး မင်းက လောကပါလနတ်မင်းရဲ့တမန်တော်ပဲ” ထိုအသံသည်သာ ဤပုဂ္ဂိုလ်၏စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ မည်သူသည် မည်သည့်အချိန်က ထိုစကားလုံးများကို ပြောခဲ့မှန်း မပြောတတ်သော်လည်း ၎င်းတို့က မန်ဟို၏အသိစိတ်ကို နင်းချေခံလိုက်ရသကဲ့သို့ ချာချာလည်သွားစေသည်။
ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်ကား အသံတွင် မန်ဟိုဆီသို့ပင် ထိုးဖောက်နေသော စွမ်းအားတစ်ရပ် ပါရှိနေ၏။ မျက်စိတစ်မှိတ်အတွင်း အသံက သူ့စိတ်ထဲ၌ပင် ပဲ့တင်ထပ်နေချေသည်။
၎င်းက ချုပ်နှောင်စည်းတစ်ခုသဖွယ် သူ့ခန္ဓာကိုယ်အတွင်းတွင် လောင်မြိုလက်သောင်းကျန်းလျက် မန်ဟို့အား လောကပါလတမန်တော်အသစ် ဖြစ်လာစေသည်။
မန်ဟို့ခန္ဓာကိုယ်မှာ တုန်ရီနေပြီး မျက်နှာဖုံးအောက်ရှိ သူ၏မျက်လုံးများက ကြက်သွေးရောင်စူးရဲတောက်ပနေတော့သည်။ မိစ္ဆာချီက ဝုန်းခနဲ ထွက်ပေါ်လာပြီး သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေသော အသံကို ဖိနှိပ်ဖို့ ကြိုးစားသည်။
အပြင်ကြယ်တာရာကောင်းကင်မှ ကြည့်လျှင်တော့ မန်ဟိုက လောကပါလတမန်တော်၏လည်မျိုကို ဆုပ်ကိုင်ထားသည်ကို မြင်ရလိမ့်မည်။ ထူးထူးဆန်းဆန်း ဖြစ်နေသည့်ပုံစံမရှိပေ။ သို့သော် တကယ့်တော့ မန်ဟိုသည် သူ၏ဝိညာဉ်ကိုပင် ခြောက်လှန့်နေသော ကြောက်မက်ဖွယ်အန္တရာယ်ကို ရင်ဆိုင်နေရခြင်းဖြစ်၏။
ဝိညာဉ်ဖွေရှာခြင်းက အန္တရာယ်များနိုင်သည်ကို မန်ဟို မသိရှိခြင်းမဟုတ်။ ရွေးချယ်စရာမရှိ၍သာ။ ဤပုဂ္ဂိုလ်က လောကကပါလနတ်မင်း၏တမန်ဝောာ်ဟု ဆိုပြီး သူ့ကိုယ်ပေါ်တွင် ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒတချို့ပင် ရှိနေ၏။ ထိုအရာအားလုံးနှင့် အာကာပြင်ကျယ်ကျောင်းတော်၏သင်္ချိုင်းထဲတွင် သိရှိခဲ့ရသော အရာများကြောင့် မန်ဟိုသည် အရိပ်အမြွက် ခန့်မှန်းလိုက်နိုင်၏။
အာကာပြင်ကြယ်စကြ၀ဠာ၏ကြယ်တာရာကောင်းကင်တွင် စိတ်ဆန္ဒတစ်ခုရှိပြီး ထိုစိတ်ဆန္ဒက လောကပါလနတ်မင်း၏စိတ်ဆန္ဒမှတစ်ပါး အခြားမဟုတ်ပေ။
‘လောကပါလက အင်မော်တယ်ကို ကြောက်သည်’ ။ ထိုမျှသာမက လောကပါလနတ်မင်းသည် အတုမရှိမိစ္ဆာကို ဖွားမြင်လာစေချင်၏။
မည်သည့်အတွက်ကြောင့် တောင်ပင်လယ်လောက ပျက်သုဉ်းခဲ့ရကြောင်း မန်ဟို သုံးသပ်နားလည်သွားသည်။
သူ့တွင် အဖြေအတိအကျမရှိသော်လည်း သဲလွန်စများစွာတော့ ရှိသည်။ ထို့အပြင် ဤတမန်တော်သည် သူ့အတွက် အကျိုးအမြတ်ထွက်စေ၏။ ဤလူ့စိတ်ထဲမှ အဖြေတချို့ကိုသာ ဆွဲထုတ်နိုင်လျှင် အမှန်တရားကို များစွာရှင်းရှင်းလင်း သူ နားလည်နိုင်လိမ့်မည်။ နောက်တစ်ချိန် အနိုင်ယူနိုင်မည့် အခွင့်အရေးလည်း များလာစေမည်။
“မင်းက ငါ့ကို လောကပါလတမန်တော် ဖြစ်လာစေချင်တယ်တဲ့လား။ မင်းမှာ .... အရည်အချင်းမရှိဘူး” မန်ဟိုက မာန်အပြည့်ဖြင့် ဟစ်ကြွေးလိုက်ပြီး သူ၏ချပ်၀တ်တန်ဆာသည် တုန်ခါစပြုလာ၏။ ကြေးမုံ၏စွမ်းအားကား ပေါ်ထွက်လာကာ မန်ဟိုမိစ္ဆာချီနှင့် ပေါင်းစည်း၍ အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားသော လေဆင်နှာမောင်းတစ်လုံးအား ဖန်ဆင်းလိုက်သည်။ လေဆင်နှာမောင်းသည် ချုပ်နှောင်စည်းကို တွန်းထုတ်၍ စိစိညက်ညက်ခြေမွကာ ရှင်းလင်းပစ်လိုက်လေသည်။
အတိတ်တုန်းက ထိုချုပ်နှောင်စည်းသည် မည်မျှအင်အားကြီးမားခဲ့စေကာမူ တမန်တော်၏ကိုယ်အတွင်းမှ ထွက်လာပြီးနောက် သိသိသာသာ အားနည်းသွားခဲ့၏။ မန်ဟိုက အစွမ်းထက်ဆုံးအခြေအနေတွင် ရှိသည့်အချက်ကို ထည့်တွက်လျှင် သူ တိုက်ခိုက်လိုက်သည်နှင့် ထိုချုပ်နှောင်စည်းကား မုချပျက်စီးရလိမ့်မည်သာ။
အသံတိုး၀င်ပျောက်ကွယ်နေစဉ် လောကပါလတမန်တော်မှာ တုန်ရီလာပြီး မျက်လုံးများတောက်ပစပြုလာ၏။ သူ့ခေါင်းပေါ်ရှိ ဆံပင်အားလုံး ဖြူဆွတ်လာပြီး အသားအရေလည်း ခြောက်ကပ်လာသည်။ အချိန်တိုလေးအတွင်း သူကား အဘိုးကြီးဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် ချုပ်နှောင်စည်းက သူ၏စိတ်ကို ထိန်းချုပ်မနေတော့သဖြင့် မရေမတွက်နိုင်သော မှတ်ဉာဏ်များ ပြန်လည် စီးမြောဝင်ရောက်လာသည်။ ဝိညာဉ်ဖွေရှာဆဲခုလတ်တွင် ဖြစ်နေသေးသည့်အတွက် မန်ဟိုလည်း ထိုမှတ်ဉာဏ်အားလုံးကို မြင်ရလေသည်။
တောင်ပင်လယ်လောကလည်း မဟုတ်၊ အင်မော်တယ်နတ်ဘုရားလောကလည်း မဟုတ်၊ နတ်ဆိုးလောကလည်း မဟုတ်သော ကမ္ဘာတစ်ကမ္ဘာကို သူ မြင်လိုက်ရသည်။ ၎င်းက သင်္ချိုင်းထဲတွင် သူ မြင်ခဲ့ရသော ကမ္ဘာလည်း မဟုတ်ပေ။
ထူးဆန်းသောနယ်မြေတစ်ခု ဖြစ်သည့်တိုင် လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်အတွင်း၌ပင် တည်ရှိကြောင်း သိသာသည်။
၎င်းသည် စည်ကားသိုက်မြိုက်သော ကမ္ဘာတစ်ကမ္ဘာဖြစ်ပြီး အင်အားကြီးမားသော အဆင့်အထိတော့ မရောက်သေးသော်လည်း အစွမ်းထက်ပညာရှင်များစွာ ရှိသေးလေ၏။ အရေးကြီးဆုံးအနေဖြင့် ထိုကမ္ဘာတွင် အင်မော်တယ်ဒဏ္ဍာရီများ ရှိ၏။ တောင်ပင်လယ်လောက သို့မဟုတ် အာကာပြင်ကျယ်ဂြိုဟ်နည်းတူ ဤကမ္ဘာ၏ ကျင့်ကြံသူများသည် သင့်တော်သောကံတရားကို ပိုင်ဆိုင်ထားပါက အင်မော်တယ်အမြစ်တစ်မြစ်ကို ဖော်ဆောင်ပေးမည့် အင်မော်တယ်အမျှင်များရှိကြ၏။
တစ်နည်းဖြင့် ပြောရလျှင် ၎င်းသည် အတုမရှိအင်မော်တယ် ပေါ်ထွန်းလာနိုင်သည့် နေရာတစ်နေရာဖြစ်၏။
ဤနေရာတွင် အင်မော်တယ်ဆိုသည့်စာလုံးသည် အင်မော်တယ်အဆင့်ကို ရည်ညွှန်းခြင်းမဟုတ်။ လောကပါလနတ်မင်း ကြောက်သည့် အတုမရှိအင်မော်တယ်ကို ညွှန်းခြင်းဖြစ်ပေသည်။
မန်ဟိုသည် ထိုကမ္ဘာထဲ၌ လောကပါလတမန်တော်ကို မြင်လိုက်ရ၏။ သူက လူငယ်လေးအရွယ်သာ ရှိသေးသည်။ သူသည် ကျင့်ကြံအားထုတ်၍ အရွယ်ရောက်ကြီးပြင်းလာ၏။
ထိုအချိန်တုန်းက လောကပါလတမန်တော်သည် ယခုလိုမဟုတ်ပေ။ ပန်းတိုင်များကို တစိုက်မတ်မတ် ရှေ့ရှုသူဖြစ်ပြီး အများ၏အာရုံစိုက်ရာလည်း ဖြစ်သည်။ ထို့နောက် တစ်နေ့တွင် ကောင်းကင်၏အလွန်မှ အပြင်သူများ ပေါ်လာသည်။ စစ်ပွဲကြီး စတင်ကာ ထိုကမ္ဘာ ပျက်စီးသွား၏။ သက်ရှိအားလုံး သေဆုံးကုန်ကြသည်။
တမန်တော်ဖြစ်လာမည့်လူမှာ ခေါင်းနောက်လှန်ကာ ခံပြင်းနာကျည်းစွာ ဟိန်းဟောက်လိုက်၏။ ရန်သူများဖြင့် ပတ်ပတ်လည်မှ အဝိုင်းခံထားရသည့်အချိန်တွင် သူ့ထံမှ ... မိစ္ဆာချီများ ထွက်ပေါ်လာသည်။
သူကား အင်မော်တယ်အဖြစ်မှ မိစ္ဆာအဖြစ်သို့ အတင်းအကြပ် ကူးပြောင်းခံလိုက်ရပြီးနောက် မိစ္ဆာချီကို အသုံးချကာ ရန်သူများကို သုတ်သင်တော့သည်။ ထို့နောက် မိုးကောင်းကင်သို့ ပျံတက်သွားပြီး သူ၏တစ်ခုတည်းသောပန်းတိုင်က .... လက်စားချေဖို့သာ ဖြစ်လာ၏။
လက်စားချေရမယ်။ လက်စားချေရမယ်။ လက်စားချေရမယ်။
ထိုအတွေးမှာ အင်မတန်ပြင်းထန်လွန်းသည့်အတွက် ဝိညာဉ်ဖွေရှာနေရင်းတန်းလန်းမှာပင် မန်ဟို့အား မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း တုန်လှုပ်လာစေသည်။ ရုတ်တရက် မန်ဟိုသည် .... ဤလောကပါလတမန်တော်၏ ဘဝက သူ့ဘဝနှင့် များစွာဆင်ကြောင်း သဘောပေါက်လိုက်သဖြင့် မှင်သက်သွားတော့၏။
သူ ဝိညာဉ်ဖွေရှာနေသည်နှင့်အမျှ တမန်တော်မှာ တုန်ရီလာသည်။ သူ့မျက်လုံးများတွင် တွေဝေငေးကြောင်မှုများသာ စိုးမိုးမနေတော့ပေ။ သူကား နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်မောကျနေပြီးနောက် နိုးထလာနေသည့်အလားပင်။
မန်ဟို့ကို ကြည့်နေစဉ် သူ၏မျက်လုံးများသည် ရှင်းလင်းတောက်ပလာ၏။ ထို့အပြင် ဝိညာဉ်ဖွေရှာမှုကို မတွန်းလှန်ရုံသာမက အလိုက်သင့်ပူးပေါင်းဖို့ပင် ကြိုးစားသည်။ သူက မှတ်ဉာဏ်များကို ဖွင့်ကာ မန်ဟို့အား ကြည့်ခွင့်ပေးလိုက်သည်။
ထိုသို့လုပ်နေစဉ် တမန်တော်၏မျက်ဝန်းများတွင် လွမ်းဆွေးမှုတို့ အရောင်လဲ့နေသည်။ သူ့မှတ်ဉာဏ်များအတွင်း၌ အလျှော့မပေးနိုင်သော နှလုံးသားတစ်ခု ရှိသည်။ နောင်တလည်း ကိန်းအောင်းနေသည်။ ထို့အပြင် ကလဲ့စားချေလိုစိတ်လည်း သောင်းကျန်းနေ၏။ ထိုအရာအားလုံးထက်ပင် ပိုသည်ကတော့ ... ခါးသီးနေသော ရယ်သံပင်။
သူက အသံမထွက်ဘဲ ရယ်နေသည်။ သူ၏ဆံပင်ဖြူများသည် သူ့ခေါင်းမှ အထွေးလိုက် ကျွတ်ကျလာ၏။ သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်လာပြီး ဖုန်ဖြစ်နေချေပြီ။ သူသည် အချိန်စီးကြောင်း၏အမှတ်တစ်နေရာတွင် ရပ်တန့်နေခဲ့၍ အချိန်က သူ့ကို မေ့လျော့သွားခဲ့သကဲ့သို့ ဖြစ်သော်လည်း .... ယခုတော့ ထိုအချိန်နှစ်များကား သူ့ကို ပြန်လည်တိုက်စားနေတော့သည်။
မန်ဟိုမှာ လောကပါလတမန်တော်၏မှတ်ဉာဏ်များကို ကြည့်ရင်း တုန်လှုပ်လာသည်။ လက်စားချေလိုစိတ်တစ်ခုတည်းဖြင့်သာ ကောင်းကင်ဘုံထဲ ဝင်ရောက်သွားပြီးနောက် တမန်တော်သည် အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသလို၊ ကံကြမ္မာကောင်းများစွာကိုလည်း ရရှိခဲ့၏။ သူ၏ကျင့်ကြံခြင်းအခြေခံက ယခင်ထက်များစွာ အစွမ်းထက်လာခဲ့သည်။ တန်ခိုးရှင်အဆင့်ရောက်ဖို့ပင် ... ခြေလှမ်းတစ်ဝက်သာ လိုတော့လေသည်။
ထိုအဆင့်သည် လက်ရှိတန်ခိုးရှင်အဆင့်အောက် အစွမ်းထက်ဆုံးဖြစ်သော မန်ဟို့အဆင့်ထက်ပင် မြင့်မားသော ကြောက်မက်ဖွယ်ရာအဆင့်တစ်ဆင့် ဖြစ်၏။
တန်ခိုးရှင်အဆင့်သို့ တစ်ဝက်ရောက်နေပြီဟု ဖော်ပြနိုင်ခြင်းမှာ... တန်ခိုးရှင်အဆင့်တက်နိုင်သော ဧရိယာသုံးခု ရှိသည်။ ထိုဧရိယာများသည် ဝိညာဉ်၊ အနှစ်သာရနှင့် ခန္ဓာကိုယ်ဟူ၍ ဖြစ်၏။ ထိုဧရိယာတစ်ခုတွင် တန်ခိုးရှင်အဆင့်တက်နိုင်သော မည်သူ့ကိုမဆို ... တန်ခိုးရှင်တစ်ပိုင်းဟု ခေါ်ဆိုနိုင်ပေသည်။
တမန်တော်သည် တောင်ပင်လယ်လောကမှ ပါရာဂွန်ကိုးတံဆိပ်နည်းတူ ခန္ဓာကိုယ်တွင် တန်ခိုးရှင်အဆင့်သို့ တက်ရောက်ခဲ့၏။
ထိုအဆင့်သို့ ရောက်ရှိပြီးနောက် သူ့အိမ် အဖျက်စီးခံခဲ့ရသော အကြောင်းရင်းက လောကပါလကြယ်တာရာကောင်းကင်နှင့် လောကပါလနတ်မင်းအမည်ရသည့် စိတ်ဆန္ဒကြောင့် ဖြစ်ကြောင်း တမန်တော် သဘောပေါက်လာခဲ့၏။
လောကပါလနတ်မင်းက အင်မော်တယ်ကို ပေါ်ထွန်းမလာစေချင်ပေ။ မိစ္ဆာကိုသာ မွေးဖွားစေချင်ခဲ့သည်။
တမန်တော်ဖြစ်လာမည့်လူသည် လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်ထဲ၌ အားနည်းအမှတ်ကို ရှာတွေ့ဖို့ များစွာပေးဆပ်ခဲ့ရ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူက အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရောက်အောင် အားထုတ်နိုင်ခဲ့လေသည်။
ထိုနေရာတွင် မှတ်ဉာဏ်များ ရုတ်တရက် ရပ်သွားသည်။ အာကာပြင်ကျယ်စကြဝဠာ၏အပြင်၌ မည်သည့်အရာပဲဖြစ်ခဲ့စေကာမူ မမြင်ရတော့ပေ။ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့သည်။ ထို့နောက် တစ်နှစ်တွင် သူ ပြန်ပေါ်လာ၏။ သို့သော် သူ့စိတ်နှင့်သူ မဟုတ်တော့။ လောကပါလနတ်မင်း၏တမန်တော် ဖြစ်လာခဲ့ချေပြီ။
မန်ဟိုသည် လည်မျိုအား ဆုပ်ကိုင်ထားသည်ကို ဖြေလျော့လိုက်ရင်း တုန်ရီနေ၏။ သူက အသက်ပြင်းစွာရှူရင်း နောက်ဆုတ်သွားသည်။ လောကပါလတမန်တော်ကို ကြည့်လိုက်သည့်အခါ သူ၏မျက်နှာအပေါ်တွင် ရှုပ်ထွေးနေသောခံစားချက်များကို မြင်ရနိုင်ပေသည်။
တမန်တော်၏ခန္ဓာကိုယ်မှာတော့ လုံးလုံးလျားလျား ပြိုကွဲတော့မည်ဖြစ်သည်။ သူ့တွင် စိတ်ဆိုးစိတ်ညစ်တို့ မရှိတော့သော်လည်း အားနည်းပြီး ခံပြင်းနေ၏။ ကလဲ့စားချေဖို့အတွက်သာ ရှင်သန်ခဲ့သော်လည်း အဆုံးသတ်တွင် မအောင်မြင်ရုံသာမက သူ ကလဲ့စားချေလို့သည့် ပုဂ္ဂိုလ်အတွက် တမန်တော်သာ ဖြစ်ခဲ့ရသည်။
မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေ၏။
တမန်တော်သည် ပျောက်ကွယ်နေသော သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်ပြီးနောက် မန်ဟို့ကို ပြန်မော့ကြည့်သည်။
“မင်းက ငါ့လိုပဲဆိုတာ ငါ ခံစားနေရတယ်” သူ့အသံသည် အက်ကွဲပြီး ရှေးဆန်၏။
“အဲဒီတုန်းက ငါ မအောင်မြင်ခဲ့ပေမယ့် ... မင်း အောင်မြင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်” သူက သက်ပြင်းချ၍ ကြယ်တာရာကောင်းကင်ကြီးအား ငေးကြေည့်နေသည်။ ထို့နောက် သူ့မျက်ဝန်းများသည် ခက်ထန်သွား၏။
“ငါက လောကပါလနတ်မင်းရဲ့ တမန်တော်မဟုတ်ဘူး။ ခုနစ်စင်မြေလောကက စုန့်တောက်စစ်
“လောကပါလနတ်မင်း မင်း အသေဆိုးနဲ့ သေကိုသေရလိမ့်မယ်” စုန့်တောက်စစ်သည် ခေါင်းနောက်လှန်၍ ဟားတိုက်ရယ်၏။ ရယ်သံမှာ ငိုနေသလိုလည်း ထင်ရသည်။ သူ့ခန္ဓာကိုယ်သည်လည်း ဖြည်းဖြည်းချင်း ပြာကျနေချေပြီ။ နောက်ဆုံးတော့ သူ၏မျိုးနွယ်ဝင်များ၊ သူ၏မိသားစု၊ သူ၏မိတ်ဆွေများနှင့် ပြန်ပေါင်းစည်းနိုင်တော့မည့်အလား သူ့မျက်ဝန်းများတွင် အမှတ်တရတို့ ပြည့်နှက်လာ၏။
သို့သော် မပျောက်ကွယ်ခင် သူကား ဝိညာဉ်ကို ဖြစ်ညစ်ခံလိုက်ရသကဲ့သို့ မျက်လုံးများစူးရှလာပြီး မယုံနိုင်သောအမူအရာဖြင့် မန်ဟို့ကို ကြည့်သည်။ မန်ဟို့ကို ပြောရမည့် အရေးကြီးကိစ္စရှိသော်လည်း အချိန်မရတော့သည့်အလား သူ့မှာ စိတ်စောနေသယောင်ပင် ရှိ၏။ ဖုန်အဖြစ် လွင့်မျောနေသည့်အချိန်မှာပင် သူသည် မန်ဟို့အား စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်နိုင်ခဲ့လေသည်။
“ငါ အခု မှတ်မိပြီ။ အဲဒီနှစ်တုန်းက အာကာပြင်ကျယ်စကြဝဠာမှာ ငါ ရှာတွေ့ခဲ့တဲ့ အားနည်းအမှတ်က .... ဒီနေရာပဲ
“ငါ အခုမှတ်မိပြီ။ ဒီနေရာကို ငါ မတော်တဆတွေ့ခဲ့တာမဟုတ်ဘူး။ တစ်ယောက်ယောက်က ပြောပြခဲ့တာ....
“နေဦး ဘာလို့ အဲဒီလူကို ငါ မမှတ်မိတော့တာပါလိမ့်။ သူက မိန်းမတစ်ယောက်ဆိုတာ သေချာတယ်...
“သူက .. သူက င့ါကို ဒီနေရာအကြောင်း ပြောပြခဲ့တာ....
“တာအိုရောင်ရင်း လောကပါလနတ်မင်းရဲ့ စိတ်ဆန္ဒက ဒီကြယ်တာရာကောင်းကင်ရဲ့ နေရာတိုင်းကို ကြီးစိုးနေတာ။ မင်း ဘာကြောင့် ဒီနေရာကို ရွေးချယ်ခဲ့တာလဲ”
ထို့နောက် ထိုလူကား မရှိတော့ပေ။
မန်ဟိုမှာ ထိုလူပျောက်ကွယ်သွားခဲ့သော နေရာကို တအံ့တဩစိုက်ကြည့်လျက် ကျန်ခဲ့သည်။ ထိုလူ့မျက်လုံးများနှင့် ထိုလူ့နောက်ဆုံးစကားအား ကြားပြီးနောက် မန်ဟို့နှလုံးသားမှာ စိမ့်အေးလာတော့သည်။
ကြေးမုံကို ဆင့်ခေါ်ဖို့ ဤနေရာအား ရွေးချယ်ခဲ့သော အကြောင်းရင်းမှာ တစ်စုံတစ်ယောက် သူ့အား ပြောပြခဲ့၍မဟုတ်ပေ။ မှန်ကွဲစများကို ရှာနေစဉ်အတောအတွင်း ဤနေရာမှ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်လာခဲ့၍ ဤနေရာတွင် အာကာပြင်ကျယ်စကြဝဠာ၏စွမ်းအားများ နည်းပါးကြောင်း ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ နှင်ထုတ်နေသလိုလို၊ ပိုင်းခြားနေသလိုလို အထိအတွေ့လည်း ရှိနေခဲ့သည်။
ထိုလူ၏ပြောစကားကို ကြားပြီးနောက်တွင်တော့ မန်ဟို့နှလုံးသားသည် တဒိန်းဒိန်း ခုန်စပြုလာ၏။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်၍ ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း ချက်ချင်း နောက်ဆုတ်သည်။ ထို့နောက် မြေထုတည်ရှိခဲ့သော နေရာသို့ လက်ညှိုးထိုးလိုက်၏။
ထိုအခါ အတိတ်မှ ပုံရိပ်များ ပေါ်ထွက်လာသည်။ သို့သော် မည်သူမှမမြင်ရ၊ မန်ဟိုတစ်ယောက်တည်းသာ မြင်ရလိမ့်မည်။
သူနှင့် တမန်တော် တိုက်ခိုက်နေသည်ကို သူ တွေ့ရပြီး ထူးထူးဆန်းဆန်းသတ္တဝါများဖြင့် အဝိုင်းခံထားရသော သူ့ကိုယ်သူ မြင်လိုက်ရသည်။ သို့သော် ထိုအရာအားလုံး မှေးမှိန်ပျောက်ကွယ်သွား၏။ ထို့နောက် ပုံရိပ်ထဲရှိ မန်ဟိုကား မြေထုအပေါ်၌ အကာအကွယ်များကို နေရာချနေလေပြီ။
အချိန်များစွာ နောက်ပြန်စီးသွားသည်။ နှစ်နှစ်ဆယ်၊ နှစ်တစ်ရာ...
မြေထုသည် ကြယ်တာရာကောင်းကင်ထဲတွင် မပြောင်းမလဲ ပျံဝဲနေ၏။ ဤနေရာမှ ဖြတ်သွားပြီး မြေထုအား ပထမဆုံး သတိထားမိလိုက်သည့် သူ့ကိုယ်သူကို မြင်လိုက်ရသဖြင့် မန်ဟို မျက်မှောင်ကြုတ်သွားသည်။
လပေါင်းများစွာ နောက်ရောက်သွားပြန်သည်။ ထို့နောက် မန်ဟို မြေထု၏တည်နေရာကို ရှာမတွေ့ခင် ဆယ်နှစ်တုန်းက ထူးခြားသောတစ်စုံတစ်ခု ဖြစ်ပျက်သွား၏။