နင်က လောကပါလနတ်မင်းရဲ့ သားတော်ပဲ
Vol. 108 Ch. 1505
သူ ဤနေရာသို့ ဖြတ်မသွားခင် ဆယ်နှစ်တုန်းက ဤမြေထုကား ကြယ်တာရာကောင်းကင်ထဲ၌ တည်ပင်မတည်ရှိခဲ့ကြောင်း မန်ဟို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရလေသည်။
ဤဧရိယာသည် ဗလာကျင်းနေခဲ့၏။
ထို့နောက် သူကြည့်နေစဉ် ကြယ်တာရာကောင်းကင်ထဲရှိ ထိုအမှတ်က လှိုင်းထလာ၏။ တခဏကြာသော် မြေထုကား .... ဘွားခနဲ ပေါ်လာတော့သည်။ မြင်လိုက်ရသည့်အရာက မန်ဟို့အား ချာချာလည်သွားစေသည်။
ဧရာမလက်ကြီးတစ်ဖက်က ၎င်းကို မည်သည့်နေရာကမှန်းမသိ ဆွဲထုတ်လိုက်သယောင်ပင်။
စုန့်တောက်စစ်၏စကားလုံးများ နားထဲတွင် ပဲ့တင်ထပ်လာသဖြင့် မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူသည် သွက်သွက်လက်လက် နောက်ဆုတ်လိုက်သော်လည်း ဤအခိုက်မှာပင် သက်ပြင်းချသံဖွဖွ ကြားလိုက်ရ၏။
“တာအိုရောင်ရင်းမန် ၊ ထပ်ဆုံရပြန်ပြီနော်”
တစ်ချိန်တည်းမှာပင် မန်ဟို သူ့ကိုယ်သူ ကာကွယ်ဖို့ ဖန်တီးခဲ့သော ချုပ်စည်းသည် အစိတ်စိတ်အမွမွ အက်ကွဲသွား၏။ စိတ်ဆန္ဒတစ်ခုက လမ်းတွင် ရှိသမျှ အရာအားလုံးကို နင်းချေရင်း ပတ်ဝန်းကျင်သို့ ဝင်ရောက်လာသည်။
ထို့နောက် သူ့ဆီ လမ်းလျှောက်လာနေသော မိန်းကလေးတစ်ယောက်ကို မန်ဟို မြင်လိုက်ရသည်။ သူမသည် လင်းလက်တောက်ပနေသော ကြယ်တာရာများ၊ ဂြိုဟ်များဖြင့် တန်ဆာဆင်ခြယ်မှုန်ထားသော ခရမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထား၏။ သူမက လှပချောမောပြီး မျက်ဝန်းများသည်လည်း အာကာပြင်ကျယ်စကြဝဠာပမာ ရွှန်းလက်နေပေသည်။
“ဟန်ပေ့”
ဤမိန်းကလေးသည် ဟန်ပေ့မှတစ်ပါး အခြားမဟုတ်ပေ။ သို့သော် ဤဟန်ပေ့သည် တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် သူ ဆုံတွေ့ခဲ့ရသော ဟန်ပေ့နှင့် တစ်ယောက်စီလို ကွဲပြားနေသည်။
ဤဟန်ပေ့ကား ပဟေဠိဆန်သော်လည်း သူ့အတွက် ကြက်ဥလေးတစ်လုံးလို အားနည်းလေသည်။ ကံဆိုးစွာနှင့် သူမ၏ဝိညာဉ်က ချူယွီယန်၏ဝိညာဉ်နှင့် ပေါင်းစည်းနေသည့်အတွက် သူမသေလျှင် ချူယွီယန်လည်း သေရလိမ့်မည်။ မဟုတ်ပါက မန်ဟို သူမအား တစ်ခုခုလုပ်ခဲ့ပြီးသည်မှာ ကြာလေပြီ။
သို့သော် ယခု သူ့ရှေ့၌ ရပ်နေသော ဟန်ပေ့သည် ကျင့်ကြံသူနှင့်မတူ၊ အာကာပြင်ကျယ်စကြဝဠာကြီးတစ်ခုလုံး အလားပင်။ ဟန်ပေ့သည် ထိုနေရာတွင် ရပ်ရုံသာရပ်နေသော်လည်း လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်ကို ကိုယ်စားပြု၍ လောကပါလစိတ်ဆန္ဒကို ဖြန့်ကျက်နေသယောင်ထင်ရသည်။
လောကပါလနတ်မင်း၏တမန်တော် စုန့်တောက်စစ်ထံမှလည်း ယခုလိုခံစားခဲ့ရသော်လည်း ထိုလူ့ကိုယ်ပေါ်ရှိ လောကပါလစိတ်ဆန္ဒက ဤအရာနှင့်မယှဉ်နိုင်ပေ။ ဤအခိုက်အတန့်တွင် ဟန်ပေ့သည် လောကပါလစိတ်ဆန္ဒ လူယောင်ဖန်ဆင်းထားသကဲ့သို့ ဖြစ်၏။
လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်အတွင်း နေထိုင်ကုန်သော သက်ရှိသတ္တဝါအားလုံး သူမကို ဦးညွှတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိသည့်အလား မန်ဟို့အား ခံစားရစေသည်။ သူမ၏တည်ရှိမှုကြောင့် မြေထုများမှစ၍ ဂြိုဟ်များ၊ ဝဲများအထိ မည်သည့်အရာမဆို တုန်ရီလာကြလိမ့်မည်။ သူတို့အားလုံးသည် လောကပါလစိတ်ဆန္ဒ၏ ဤလူအသွင်အား သစ္စာခံကြရလိမ့်မည်။
ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ ချီစီးကြောင်းမှာ ဟန်ပေ့ကို ဗဟိုပြုလျက် ကတော့ချွန်အသွင် ဖြစ်တည်လာသည်။
ထိုမြင်ကွင်းက မန်ဟို့မျက်လုံးများအား ကျဉ်းမြောင်းသွားစေ၏။ ထိုမျှသာမက ဟန်ပေ့သည် ယခုမှ ပေါ်လာခဲ့ခြင်း မဖြစ်တန်ရာ၊ သူ စုန့်တောက်စစ်ကို စတင်ဝိညာဉ်ဖွေရှာကတည်းက ရောက်နေခဲ့ခြင်း ဖြစ်လိမ့်မည်။
ဟန်ပေ့ကို ကြည့်နေစဉ် မန်ဟို့မျက်လုံးသည် လင်းလက်လာ၏။ သူမကလည်း သူ့ကို ပြန်ကြည့်ကာ ပြုံးသည်။ အပြုံးသည် ကြယ်တာရာကောင်းကင်နှင့် သဟဇာတဖြစ်နေသည့်အလား၊ နက်နဲသော လျှို့ဝှက်ချက်များကို မြှုပ်နှံထားသည့်အလား ဆန်းပြား၏။
“စိတ်ကစားပွဲတွေ တော်သင့်ပြီ” မန်ဟိုက လက်ကိုဝှေ့ယမ်း၍ ကျင့်ကြံခြင်းအခြေခံစွမ်းအား,အား ထုတ်ဖော်လျက် ပြောသည်။ ကြေးမုံ၏စွမ်းအားက ဝုန်းခနဲ ဖြာထွက်သွားပြီး အံ့ဖွယ်စစ်လက်နက် ဖြစ်လာသည်။ သို့သော် ဟန်ပေ့က တိုက်ကွက်ကို မရှောင်၊ ဆက်သာပြုံးနေသည်။
“ဒီနေရာမှာ တစ်ခုခုထူးဆန်းနေတာကို နင် သိသွားလည်း ကိစ္စမရှိဘူး။ ဘယ်လိုဖြစ်ဖြစ် ငါလည်း လျှို့ဝှက်ချက်တွေကို အကြာကြီးထိန်းသိမ်းထားဖို့ တွေးနေတာမှမဟုတ်တာ” ဟန်ပေ့က စစ်လက်နက်အား သူ့ကို ခုတ်ပိုင်းစေရင်း တိုးတိုးရယ်သည်။ သူမသည် တည်ပင်မတည်ရှိသည့်အလား စစ်လက်နက်၏စွမ်းအားက လေဟာနယ်ကို ဖြတ်လိုက်ရသကဲ့သို့ သူမအား ဖြတ်သွားကာ သူမအနောက်ရှိ ကြယ်တာရာကောင်းကင်သို့ အဆုံးမဲ့လှိုင်းဂယက်များ စီးဖြာသွားစေ၏။
“ဒီလိုလုပ်လည်း ဘာမှမထူးဘူး” သူမက ခေါင်းခါရင်း ပြောသည်။ “ဒါက ငါ့ကိုယ်အစစ်မဟုတ်ဘူး ပုံရိပ်ယောင်လေးတစ်ခုပဲ။ ပြီးတော့ ဒီနေရာဆီ ငါ့ကို လွှတ်ပေးခဲ့တာက ငါ့ကျင့်ကြံခြင်းအခြေခံစွမ်းအားမဟုတ်ဘဲ .... လောကပါလကြယ်တာရာကောင်းကင်ရဲ့ မဟာစိတ်ဆန္ဒပဲ”
မန်ဟို့မျက်လုံးများ ပြူးကျယ်သွားပြီး သူသည် သူမနှင့်သူ့အကြား အကွာအဝေးခြားသွားစေဖို့ ရှိရှိသမျှစွမ်းအားအလုံးစုံ ထုတ်ရင်း နောက်ဆုတ်သွား၏။
ဟန်ပေ့က အပြုံးမပျက် ခေါင်းခါကာ ပြောသည်။ “နင် မလွတ်နိုင်ဘူး။ ဒီနေရာက ... နင့်ကို ပျိုးထောင်ဖို့ လောကပါလစိတ်ဆန္ဒ ပြင်ဆင်ထားခဲ့တဲ့ အထူးနေရာတစ်နေရာလေ”
ထို့နောက် သူမသည် ညာလက်ကို ဆန့်၍ မန်ဟို့အား လက်ညှိုးထိုးလိုက်သည်။
မန်ဟို့စိတ်မှာ ချက်ချင်း ချာချာလည်သွားတော့သည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူ၏ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်လည်း လည်လာပြီး သူ မည်မျှထွက်ပြေးဖို့ ကြိုးစားကြိုးစား တစ်နေရာတည်းကိုသာ ပြန်ပြန်သွားနေတော့သည်။
ဟန်ပေ့က ပြုံးလျက် ပြောသည်။ “နင် ဒီနေရာကို ရှာတွေ့ခဲ့တဲ့ အကြောင်းရင်းက လောကပါလနတ်မင်း တွေ့စေချင်လို့ပဲ။ ဒါကြောင့် သူက နင် ဖြတ်သွားမယ့် နေရာတစ်နေရာမှာ ဒီအမှတ်ကို နေရာရွှေ့ပြောင်းပေးခဲ့တာ
“ဒီအမှတ်က လောကပါလကြယ်တာရာကောင်းကင်မှာ ရှိတဲ့ အားနည်းအမှတ်တွေထဲက တစ်မှတ်။ အခုတော့ မြေထုမရှိတော့မယ့် အားနည်းအမှတ်ကတော့ ကြယ်တာရာကောင်းကင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေသေးတုန်းပဲ
“ဒီအားနည်းအမှတ်ကနေမှတစ်ဆင့် တန်ခိုးရှင်အဆင့်တက်ခါနီး နင်လိုလူတွေဟာ အာကာပြင်ကျယ်စကြဝဠာရဲ့ အပြင်ကို ခြေချနိုင်မှာ
“မန်ဟို အပြင်က ဘာနဲ့တူလဲ နင် မသိချင်ဘူးလား။ နင် လုပ်ရမှာက ဒီအမှတ်ကနေ ထွက်သွားလိုက်ရုံပဲ။ ပြီးရင် သိလာရလိမ့်မယ်” သူမသည် လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်၏။ သူမအနောက်ရှိ ဟင်းလင်းပြင်မှာ ပုံပျက်ရှုံ့တွလာပြီးနောက် .... လောကပါလကြယ်တာရာကောင်းကင်၏ အစိတ်အပိုင်းတိုင်း၊ နေရာဒေသမျိုးစုံရှိ လောကပါလစိတ်ဆန္ဒတိုင်း ... မျက်လုံးတစ်လုံးကို ဖွင့်လိုက်လေသည်။
ဟန်ပေ့၏အနောက်တည့်တည့်၊ ကြယ်တာရာကောင်းကင်၌ ဒေါင်လိုက်မျဉ်းတစ်ကြောင်း ပေါ်လာသည်။ မျဉ်းသည် ဖြည်းဖြည်းချင်း ပွင့်လာပြီး မျက်လုံးတစ်လုံး ဖော်ပြလိုက်၏။
၎င်းက လောကပါလနတ်မင်း၏ စိတ်ဆန္ဒမှ ဖြစ်ပေါ်လာသော ကြယ်တာရာကောင်းကင်မျက်လုံးပင်။
မျက်လုံးပွင့်လာသည့်အခါ မိုးထစ်ချုန်းသံများ ပဲ့တင်ထပ်လာပြီး အရာအားလုံး တုန်ခါစပြုလာသည်။ ထို့နောက် ဟန်ပေ့ထံမှ မဖော်ပြနိုင်လောက်အောင် ကြီးမားသောစွမ်းအားလှိုင်းကြီး ပေါက်ကွဲထွက်လာ၏။
ထိုစွမ်းအားက ပတ်၀န်းကျင်ရှိ အရာအားလုံးကို ပြိုကျလာစေကာ ဧရာမတွင်းနက်ကြီးတစ်တွင်းအား ဖန်တီးလိုက်သည်။
ကြည့်ရသရွေ့ ထိုတွင်းနက်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်းအသင်္ချေက တစ်စုံတစ်ယောက်၏ ထိုးဖွင့်ခြင်း ခံခဲ့ရသယောင်ပင်။ ယခု ပြန်ပေါ်လာသည့်အခါ ၎င်း ထုတ်လွှတ်နိုင်သော ဆွဲအားသည် အင်မတန်ကြောက်စရာကောင်းနေ၏။
ထိုဆွဲအားက သူ့ကို ဆုပ်ကိုင်လိုက်သဖြင့် မန်ဟိုမှာ တုန်ရီသွားသည်။ ထို့နောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ တွင်းနက်ကြီးထဲသို့ အရှိန်ဟုန်ပြင်းစွာ ဆွဲချခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် လောကပါလကြယ်တာရာကောင်းကင်ထံမှ နှင်ထုတ်အားတစ်ရပ် ပေါ်ထွက်လာပြီး သူ့အား တွင်းနက်ကြီးထဲသို့ တွန်းချနေလေသည်။ မန်ဟိုမှာ မြန်သထက်မြန်မြန် အောက်သို့ကျနေသဖြင့် တုန်ရီနေတော့သည်။
သူက အံတင်းတင်းကြိတ်၍ ကျင့်ကြံခြင်းအခြေခံစွမ်အားအလုံးစုံကို ထုတ်လွှတ်လိုက်ကာ အရှိန်လျှော့ဖို့ စစ်လက်နက်ဖြင့် ဟိုဟိုသည်သည် ခုတ်ပိုင်းလိုက်သည်။ သို့သော် အကြောင်းမထူးပေ။ သူက သတ်ဖြတ်လိုသော မျက်၀န်းများဖြင့် ဟန်ပေ့ကို မော့ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် သူကြည့်နေသောအရာမှာ ဟန်ပေ့အစစ်မဟုတ်ဘဲ လောကပါလကြယ်တာရာကောင်းကင်၏ စိတ်ဆန္ဒဖြစ်ကြောင်း မန်ဟို နားလည်လိုက်လေပြီ။
“ခင်ဗျားကိုး” သူ၏စကားလုံးများက ပြင်းထန်သောသတ်ဖြတ်လိုစိတ်၊ အဆိပ်ပြင်းသော အမုန်းတရားတို့ဖြင့် ပြည့်နှက်လျက် ပဲ့တင်ထပ်သွားသည်။ “လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒ မင်းက ငါနဲ့ငါ့ဘ၀ကို ထိန်းချုပ်ဖို့လေးအတွက် အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကကို ကြိုးကိုင်ပြီး တောင်ပင်လယ်လောကကို ဖျက်ဆီးပစ်ခဲ့တယ်”
ဟန်ပေ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမအတွက် လောကပါလစိတ်ဆန္ဒ၏ထိန်းချုပ်မှုအောက်တွင် ကြာကြာနေရန် ခက်ခဲသည့်တိုင် သူမသည် အားတင်းတောင့်ခံထား၏။ ထို့နောက် ဟန်ပေ့က မန်ဟို့ကိုကြည့်ရင်း ပြုံးလိုက်သည်။
“ငါ နင့်ကို မေးဦးမယ်။ လောကပါလရဲ့စိတ်ဆန္ဒက နင်နဲ့ ဘယ်လိုပက်သက်နေတယ်ထင်လဲ”
မန်ဟို၏စိတ်အစဉ် ချာချာလည်သွားသည်။ ‘လောကပါလ’ဟူသော စကားလုံးသည် တောင်ပင်လယ်လောကတွင်လည်း တည်ရှိခဲ့ကြောင်း သူ ဟိုးတစ်ချိန်ကတည်းက သဘောပေါက်ပြီးသားဖြစ်၏။ လောကပါလမျိုးနွယ်စုတွင် ထိုစကားလုံးများ ပါ၀င်နေခဲ့သည်မဟုတ်ပါလော။
ထိုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပတ်သက်နေလိမ့်မည်ဟု သူ ခန့်မှန်းမိခဲ့သော်လည်း ဟန်ပေ့ပါးစပ်မှ ထွက်လာသော စကားလုံးများကို ကြားလိုက်ရခြင်းက သူ့မျက်လုံးများကို ပြူးကျယ်သွားစေသည်။
“ငါက လောကပါလနတ်မင်းရဲ့ သမီးတော်၊ နင်က .... လောကပါလနတ်မင်းရဲ့ သားတော်ပဲ
“ရုန်းကန်နေလည်း အလကားပဲ။ တကယ်တမ်း နင်က ရုန်းကန်ဖို့တောင် အရည်အချင်းမပြည့်မှီဘူး။ ငါ့အနေနဲ့ လောကပါလနတ်မင်းရဲ့ စိတ်ဆန္ဒကို နောင်နှစ်ရာချီတဲ့အထိ အခုလိုကိုယ်စားပြုနိုင်မှာတော့ မဟုတ်ဘူး။ ဒါမဲ့ အဲဒါက ကိစ္စမရှိပါဘူး
“နင် ပြန်လာမှာကို ... ငါ မျှော်နေပါ့မယ်။ ပြန်ရောက်လာရင် နင် လောကပါလသားတော်ဆိုတဲ့ နင့်ရဲ့အဆင့်အတန်းကို လက်ခံထားရလိမ့်မယ်။ အတိတ်ကိုလည်း မေ့သွားမယ်။ ဘာကိုမဆို မေ့သွားလိမ့်မှာ။ နင့်ကမ္ဘာကြီးကလည်း တောင်ပင်လယ်လောကရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်မှာမဟုတ်တော့ဘူး.... လောကပါလဆိုတာပဲ ရှိလိမ့်မယ်
“ပြီးရင် နင်ဟာ လောကပါလနတ်မင်းရဲ့ တမန်တော်အသစ်ဖြစ်လာမယ်။ တည်ရှိခဲ့ဖူးသမျှ တမန်တော်တွေထဲမှ အစွမ်းအထက်ဆုံးတောင် ဖြစ်လာနိုင်တယ်
“ဒါမှမဟုတ် ငါ့လို လောကပါလနတ်မင်းရဲ့ မဟာစိတ်ဆန္ဒအတွက် တာအိုစောင့်ရှောက်သူတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်လာလောက်မှာပေါ့” ဟန်ပေ့အပြုံးသည် ကလူမြူဆွယ်ဟန်ရှိမြဲဖြစ်သော်လည်း သူမခန္ဓာကိုယ်မှာတော့ သိသိသာသာ အားနည်းနေချေပြီ။
မန်ဟိုမှာ အရှိန်လျှော့ဖို့ စစ်လက်နက်ကို တရစပ်ဝှေ့ယမ်းနေသဖြင့် ကြယ်တာရာကောင်းကင်တွင် ထစ်ချုန်းသံများ ဆူညံနေသည်။ သို့သော် နှင်ထုတ်ခြင်းစွမ်းအားသည် သူ့ကို တွန်းချနေသလို၊ ဆွဲအားကလည်း မရပ်မနား ဆွဲချနေသဖြင့် မန်ဟိုမှာ တွင်းနက်ကြီး၏အတွင်းထဲသို့ တဝဲဝဲလည်လျက် ကျသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း သူကား ဝါးမြိုခံလိုက်ရလေပြီ။
တွင်းနက်ကြီးသည် လည်နေသော ဝဲသဖွယ်ဖြစ်လာပြီးနောက် တစတစ မှေးမှိန်ပျောက်ကွယ်သွား၏။ နောက်ဆုံးတော့ ကြယ်တာရာကောင်းကင်မှာ ပုံမှန်ပြန်ဖြစ်သွားချေပြီ။ တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်စကြဝဠာမှ နှင်ထုတ်အားသည် ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွား၏။
ဟန်ပေ့ထံမှ အရောင်အဝါများ ဖြာထွက်လာကာ သူမ၏ခန္ဓာကိုယ်က မှေးမှိန်သွားသော အလင်းမှုန်များ တစတစဖြစ်လာသည်။
သူမသည် မန်ဟို ဆွဲချခံခဲ့ရသော နေရာကို ကြည့်ပြီး ပြုံးမြဲပြုံးနေ၏၊ သူမ၏မျက်ဝန်းများက မျှော်လင့်ချက်တို့ဖြင့်ပင် တောက်ပနေသည်။
“မန်ဟို ... လောကပါလသားတော်” သူမက တိုးညင်းစွာ ပြောသည်။ “နင် ကြီးပြင်းလာတာ မြန်လွန်းတယ်။ မြန်လွန်းလို့ လောကပါနတ်မင်းရဲ့စိတ်ဆန္ဒတောင် သတိထားနေရတယ်။ ဒါကြောင့် မျိုးစေ့ဟာ မရင့်မှည့်သေးပေမယ့် ခူးဆွတ်ရမယ့် အချိန်ကျလာတာပဲ” ထို့နောက် သူမကား အမှောင်ထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
မကြာမီ ကြယ်တာရာကောင်းကင်သည် တိတ်ဆိတ်မှောင်မိုက်လျက်သာ ကျန်ခဲ့၏။
ထိုစဉ် အာကာပြင်ကျယ်ဂြိုဟ်၏ ပထမဂိုဏ်းထဲတွင် ဟန်ပေ့၏ ကိုယ်အစစ်သည် တင်ပျဉ်ခွေလျက် တရားထိုင်နေလေသည်။ ရုတ်တရက် သူမမျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သွေးများ သူမပါးစပ်မှ ပန်းထွက်သွား၏။ သူမမှာ သိသိသာသာ ရင့်ရော်သွားပြီး မျက်နှာတွင်လည်း သွေးမရှိတော့ပေ။
“နောက်နှစ်ရာချီတဲ့အထိ” သူမက ခပ်တိုးတိုးရေရွတ်သည်။ “လောကပါလနတ်မင်းရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်လို့မဖြစ်တော့ဘူး” ထိုသို့ပြောရင်း သူမသည် ကြယ်တာရာကောင်းကင်အား မော့ကြည့်၏။ “နင် ပြန်လာမှာကို ငါတကယ် မျှော်လင့်မိတယ်။ ပြီးရင် နင်နဲ့ငါနဲ့ ဒီအာကာပြင်ကျယ်ဂြိုဟ်ပေါ်မှာ မျိုးစေ့အသစ် စိုက်ပျိုးနိုင်ပြီ”