← Chapters

လျှမ်းလျှမ်းတောက် ကြယ်တစ်စင်း

Vol. 61 Ch. 845

လျှမ်းလျှမ်းတောက် ကြယ်တစ်စင်း

Vol. 61 Ch. 845

ဤအခိုက်အတန့်တွင် မျက်လုံးအားလုံး မန်ဟို့အပေါ် ကျရောက်လာသည်။

အပြင်လောကမှ ကြည့်နေကြသူများသာ မဟုတ်။ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်၌ ကျန်ရှိခဲ့သောကျင့်ကြံသူများမှာ မန်ဟို့ကို လှည့်မကြည့်မိဘဲ မနေတော့ပေ။ လူတိုင်းမှာ တစ်ယောက်ထံမှ တစ်ယောက် အကွာအဝေး‌ အတော်လေးခြားနေသော်လည်း တာအိုရှာဖွေခြင်းရှေးဟောင်းလမ်း၏ အာကာသဟင်းလင်းပြင်ထဲ၌ သူတစ်ယောက်တည်းသာ မီတာ သုံးသောင်းအတွင်းရှိ လူတိုင်းကို ရှင်းပစ်နိုင်ခဲ့ခြင်းဖြစ်၏။ ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေရန် လုံလောက်လေသည်။

စောစောက ပထမဖြစ်ခဲ့သော မျက်နှာဖုံးနှင့်လူငယ်ပင်လျှင် မီတာနှစ်သောင်းပတ်လည်ကိုသာ ရှင်းလင်းနိုင်ခဲ့သည်။

ယခုတွင် ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်း၊ အထွတ်အမြတ်မြေငါးမြေနှင့် မျိုးနွယ်စုလေးစု၏ အဆင့်မြင့်ကျင့်ကြံသူများပင် စိတ်နှလုံးတုန်လှုပ်သွားကြသည်။ သူတို့၏မျက်လုံးများက တလက်လက် တောက်ပလာပြီး အသံပေါင်းများစွာအား ကြားရနိုင်၏။

"အဲ့တစ်ယောက်ကို ကမ်းလှမ်းစာပို့ဖို့ ဘာမဆို လုပ်ကြ။ သူ ဘာပဲတောင်းဆိုတောင်းဆို ၊ ‌အမွှေးနံ့သာအစည်းအရုံးကို ဝင်အောင်လုပ်"

"ပထမအဆင့်မှာ ပထမနေရာရတာက သိပ်အဟုတ်ကြီးတော့ မဟုတ်ဘူး။ နောက်ထပ်အဆင့်တွေ ရှိသေးတာမလို့ သေချာပေါက် ထွန်းတောက်လာမယ့် တခြားသူတွေ ရှိလိမ့်မယ်။ လောလောဆယ်မှာ ဒုတိယနေရာက ‌ပုဂ္ဂိုလ်က သိပ်စိတ်ဝင်စားစရာမကောင်းသေးဘူး။ ဒါမဲ့ .... ပထမနေရာကလူကတော့ ပထမအဆင့်မှာတင် ဒီလိုအံ့ဖွယ်ခွန်အားမျိုး ပြသနိုင်တယ်ဆိုတော့ အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းအနေနဲ့ သူ့ကို ဂိုဏ်းသားအဖြစ် စည်းရုံးမှဖြစ်မယ်။ ချက်ချင်း ကမ်းလှမ်းစာ ပို့လိုက်"

"သူ့အတိုက်အခိုက်စွမ်းရည်က ရင်သပ်ရှုမောဖွယ်ကောင်းပြီး သူ့စိတ်နေစိတ်ထားက ရက်စက်ကြမ်းကြုတ်တယ်။ အဲ့ဒီလိုလူမျိုးက သွေးသစ်ခွဘုရားကျောင်းကို ဝင်ရောက်ဖို့ အသင့်တော်ဆုံးပဲ"

ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းကို ဖွဲ့စည်းထားသော အင်အားစုအတော်များများသည် မန်ဟို၏ စွမ်းအားခင်းကျင်းပြသမှု‌အား အလွန်တရာ မျက်စိကျသွားကြ၏။

အထွတ်အမြတ်မြေငါးမြေ၊ မျိုးနွယ်စုကြီးလေးစုနှင့် တာအိုဆရာအစည်းအရုံးသုံးခုမှာမူ အံ့အားသင့်နေကြသော်လည်း ‌မှတ်ချက်တစ်စုံတရာမပြုကြပေ။ သို့သော် သူတို့က သူ့ကို အခြားသူများနှင့် မတူညီသောအမြင်ဖြင့် ကြည့်နေကြလေပြီ။

ဝဲမှန်သားပြင်များအပေါ်မှတစ်ဆင့် ရှေးဟောင်းလမ်းများကို စောင့်ကြည့်နေကြသူများအထဲတွင် မန်ဟို့မိဘနှစ်ပါးလည်း ပါသည်။ သူတို့သည် အရှေ့ဘက်နယ်မြေ၊ ဖန်မျိုးနွယ်စုထဲမှ‌နေ၍ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို မော့ကြည့်နေကြ၏။ မန်ဟိုက ရုပ်ပြောင်းထားသော်လည်း ဖန်ရှုံ့ဖုန်းနှင့်မန်လီမှာ သူ့ကို ချက်ချင်း မှတ်မိနိုင်သေးလေသည်။

သူ ပထမအဆင့်တွင် ပထမနေရာရသွားသည်ကို မြင်သော် သူတို့နှစ်ယောက်လုံး ပြုံးလိုက်ကြသည်။ ထိုအပြုံးတွင် ဂုဏ်ယူမှုနှင့် မျှော်လင့်ချက်တို့ ပြည့်နှက်နေ၏။ မှန်ပါသည်၊ မန်ဟို့အမေ၏ အပြုံးတွင် စိုးရိမ်ပူပန်မှုအနည်းငယ်ကိုလည်း ပါဝင်နေသည်။ သို့သော် မန်ဟို့လမ်းမှာ ... သူကိုယ်တိုင် လျှောက်ရမည့်လမ်းဖြစ်ကြောင်း သူမ သိ၏။

ခွန်လွန်အစည်းအရုံးတွင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာသည် တာအိုရှာဖွေခြင်းဝဲမှန်သားပြင်ကို စောင့်ကြည့်လျက်ရှိသည်။ အခြားမည်သူမှ မန်ဟို့ကို မမှတ်မိကောင်း မမှတ်မိနိုင်သော်လည်း ဆေးလုံးမိစ္ဆာအနေဖြင့် တစ်ခါက ဖန်မုဖြစ်ခဲ့သော သူ့တပည့်ကို မည်ကဲ့သို့ မသိဘဲ နေမည်နည်း။

ချူယွီယန်လည်း ‌ဆေးလုံးမိစ္ဆာဘေးတွင် ရပ်ရင်း တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမနှလုံးသားထဲတွင် သူမ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော၊ မေ့လည်း မမေ့ချင်သော ခံစားချက်များ ရှိ၏။ တစ်ချိန်လုံး သူမမှာ မန်ဟို့ကို ‌အဝေးမှ ငေးကြည့်နေရခြင်းနှင့် အသားကျနေခဲ့ပြီမဟုတ်ပါလော။

သူမသည် ဆေးလုံးမိစ္ဆာ၏ တပည့်ဖြစ်သော်လည်း ခွန်လွန်အစည်းအရုံးတွင် ဆေးလုံးမိစ္ဆာသည် တာအိုဆရာခွန်လွန်၏ တပည့်အဖြစ် တိုက်ရိုက်လက်ခံခံခဲ့ရသဖြင့် ချက်ချင်း ထွန်းတောက်လာသော နေတစ်စင်းဖြစ်လာခဲ့သည်။ ထိုအကြောင်းကြောင့် ချူယွီယန်လည်း သူမတူသော နေရာကို ပိုင်ဆိုင်ခဲ့၏။ သူမအတွက် ထိုနေရာရှိ ရွေးချယ်ခံများစွာနှင့် သဟဇာတဖြစ်ရန် သိပ်မကြာလိုက်ပေ။ ထိုမျှသာမက သူမ၏ ထူးခြားသောအလှတရားကြောင့် မရေမတွက်နိုင်သော ခွန်လွန်အစည်းအရုံးဂိုဏ်းသားများသည် သူမကို ပိုးပန်းလာကြ၏။

လောကကြီးပေါ် သူမအမြင်မှာလည်း ပြောင်းလဲသွားခဲ့သည်။ ယခု သူမ၏ခေါင်းအထက်တွင် ကောင်းကင်မရှိတော့ဘဲ ကြယ်တာရာများသာ ရှိချေသည်။ ဘေးဘီဝဲယာကို ကြည့်ပါလျှင် မိုးထိုးနေသော တောင်တန်းများအစား ဂြိုဟ်များ၊ ကြယ်များကို မြင်နေရလေပြီ။

သို့ထိတိုင် တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ ဖြစ်ပျက်ခဲ့သမျှ အမှတ်တရအားလုံးသည် သူမနှလုံးသားတင်မက ဝိညာဉ်အထိ နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိ၏။

**

ပထမအဆင့် ပြီးဆုံးသွားသည်။ အနုသုခုမရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းတို့မှ ပြိုင်ပွဲအမြောက်အမြား အထုတ်ခံလိုက်ရလေပြီ။ ကျော်ဖြတ်နိုင်ခဲ့သူများမှာ ယခုတွင် ပင်ပန်းနွမ်းနယ်ပြီး စိုးရိမ်ကြောင့်ကြမှုများဖြင့် ဒုတိယအဆင့်ကို စောင့်နေကြ၏။

ထို့နောက် ရှေးဟောင်းလမ်းသုံးလမ်း၌ ရှေးဆန်သောအသံကြီးများက စကားပြောလိုက်ကြသည်။ စကားများက မတူသော်လည်း အဓိပ္ပာယ်ကတော့ တူသည်။ ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်‌ကြောင်း အသိပေးပြီး တစ်ချိန်တည်းမှာပင် ... ပြိုင်ပွဲဝင်တစ်ဦးချင်းစီ ခြေလှမ်းမည်မျှ သွားနိုင်မည်လဲ ကြေညာသည်။

"ပထမအဆင့်မှာ ဖယောင်းတိုင် အတိုင်ငါးဆယ်နဲ့အောက် ငြှိမ်းနိုင်တဲ့လူတွေက ခြေလှမ်းသုံးထောင် ဆက်သွားရမယ်။ တစ်ရာနဲ့အောက်က ခြေလှမ်းငါး‌ထောင်

"နှစ်ရာနဲ့အောက်က ခြေလှမ်းခုနစ်ထောင်။ သုံးရာနဲ့အောက်က ခြေလှမ်းကိုးထောင် ... ‌ဖယောင်းတိုင်ငါးရာကတော့ ခြေလှမ်းတစ်သောင်း" ပထမ‌ဆုံးအနေဖြင့် နဝမပင်လယ်နတ်လောကမှ လင်းယွင်ကျစ်သည် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ပေါ်လာ၏။ သူက ပိန်ပါးပြီး အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ဖြူဆွတ်သော မျက်ခုံးမွှေးများ ပိုင်ဆိုင်ထားပြီး နဖူးပေါ်တွင် သမုဒ္ဒရာတစ်စင်းလုံးပါဝင်နေပုံရသော အပြာရောင်အမှတ်တစ်ခုအား မြင်ရနိုင်သည်။

သူ ထိုနေရာတွင် ရပ်နေစဉ် သူ၏ ကြီးမြတ်သော အရှိန်အဝါမှာ သူ့အား ကြယ်ပင်လယ်တစ်စင်းနှင့် တူနေစေတော့သည်။

အံ့ဩဖွယ်ကောင်းစွာနှင့် သူ့အနောက်တွင် ခေါင်းကိုးလုံးပင်လယ်နဂါးတစ်ကောင်ကို မြင်ရနိုင်သည်။ ၎င်းသည် ပုံရိပ်ယောင်ဖြစ်သော်လည်း မန်ဟို ၎င်းကို ကြည့်လိုက်သောအခါ နတ်ခွန်အားတစ်ရပ်ကို ကြည့်နေသကဲ့သို့ ခံစားရ၏။

လင်းယွင်ကျစ်ကား နဝမတောင်ပင်လယ်တစ်ခုလုံးတွင် အစွမ်းထက်ဆုံး ထိပ်တန်းပညာရှင်များထဲက တစ်ယောက်အဖြစ် မှတ်ယူ၍ရနိုင်သည်။

သူ၏မျက်လုံးသည် ပတ်ဝန်းကျင်တွင် ဖြတ်ပြေးသွားရင်း မန်ဟို့အပေါ်၌ တခဏ ရစ်ဝဲနေ၏။

လင်းယွင်ကျစ်က စကားပြောပြီးသော် အင်္ကျီလက်စကို ခါလိုက်ရာ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်ရှိ လူတိုင်းအား ‌ပျောက်ကွယ်သွားစေသည်။ သူတို့သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ‌စောစောက ကြေညာခဲ့သော ခြေလှမ်းအရေအတွက်အတိုင်း ရွေ့လျားနေကြရ၏။

လမ်းတစ်လျှောက်လုံး မည်သည့်ဖယောင်းတိုင်မှ၊ မည်သည့်စင်မြင့်မှ မကြုံတွေ့ရဘဲ တစ်လှမ်းပြီးတစ်လှမ်း သူတို့ ရှေ့ဆက်သွားကြသည်။ သူတို့သည် အဆုံးမရှိ ဆန့်တန်းနေသော အပျက်အစီးတန်းကြီးတစ်တန်းဆီသို့ မရောက်မချင်း အာကာသဟင်းလင်းပြင်ဖြတ်၍ မျောလွင့်လာခဲ့၏။ ထိုနေရာတွင် အဆောက်အဦးများ၏ အကြွင်းအကျန်အပျက်အစီးများအပြင် ရှေးဟောင်းရုပ်တုများ၊ ခြောက်ကပ်နေသော တောများ၊ မြစ်များနှင့် တောင်တန်းများကို မြင်ရနိုင်သည်။

သူတို့ကား ယခု ... နဝမတောင်ပင်လယ်၏ အင်မော်တယ်အပျက်အစီးများနယ်သို့ ရောက်နေလေပြီ။

စောစောက ဟင်းလင်းပြင်မှာ ဝင်ပေါက်လေးမျှသာ ဖြစ်ခဲ့၏။

ဤနယ်ပယ်ကို ဖော်ပြရန် အသုံးပြုနိုင်သော စကားလုံးများမှာတော့ - အသက်မဲ့၊ ရှေးဆန်၊ ရှေးကျ၊ လျှို့ဝှက်ဆန်းကြယ်၊ တိတ်ဆိတ်ပြီး ကြီးမားသည်ဟူ၍။

အင်မော်တယ်အပျက်အစီးနယ်ကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်သော ပြိုင်ပွဲဝင်တိုင်း၏ ခေါင်းထဲတွင် ထိုစာလုံးခြောက်လုံးပေါ်လာသည်။ နောက်ဆုံးစာလုံးမှာတော့ သူတို့ခံစားချက်များကို အလွှမ်းမိုးဆုံးဖြစ်၏။

ဤနေရာကား လမ်းလား၊ ဘာလား ပြောဖို့ မ‌ဖြစ်နိုင်သလောက်ပင်။ ထင်းနေသည့်အရာဆို၍ အဝေး၌ စီတန်းနေသော ယဇ်ပလ္လင်များသာ ရှိသည်။ ၎င်းတို့သည် ရှေးဆန်သောအငွေ့အသက်များဖြင့် ပြည့်နှက်နေပုံရ၏။ မည်သူမှ နားမလည်နိုင်အောင် ရှုပ်ထွေးဆန်းပြားသော မှော်သင်္ကေတများအား ၎င်းတို့အပေါ်တွင် ရေးထွင်းထားသည်။ ပို၍ဝေးဝေးရှိ ပလ္လင်များမှာမူ မှော်သင်္ကေတများ ပိုမိုထူထပ်ပြီး မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ပေးစွမ်းနေ၏။

ဤနေရာကို လမ်းတစ်လမ်းဟု ခေါ်ရမည်ဆိုလျှင် ..... ယဇ်ပလ္လင်များ စီးတန်းနေသောပုံစံက လမ်း၏ ပုံသဏ္ဌာန်ကို မြင်သာလာစေခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။

ယဇ်ပလ္လင် မည်မျှရှိသလဲ ပြောဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့က မျက်စိတဆုံး စီတန်းလျက်ရှိ၏။

ပထမဆုံးကြည့်လျှင်ကြည့်ချင်း ပလ္လင်များကား သိပ်ကြီးလှပုံမပေါ်ချေ။ သို့သော် ... တကယ်တမ်း ဧရာမကြီးများဖြစ်သည်။ အမှန်တွင် ၎င်းတို့အားလုံးအနက် အသေးဆုံးမှာ ‌သူတို့စောစောက ရှိနေခဲ့သော ဟင်းလင်းပြင်တစ်ခုလုံး၏ သုံးဆယ်ရာခိုင်နှုန်းခန့် ရှိလေသည်။

ပလ္လင်တစ်ခုချင်းစီသည် အဆမတန် ကြီးမားလှသည်သာ။

ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်အပျက်အစီးများနယ်သည် မည်မျှအံ့အားသင့်ဖွယ်ကောင်းကြောင်း ‌စိတ်ကူးကြည့်နိုင်၏။ မန်ဟို ရရှိသော ခံစားချက်အရ ဤနေရာကို ကျင့်ကြံသူများအသုံးပြုဖို့မဟုတ်ဘဲ ဘီလူးကြီးများ၏ ဧရာမပြိုင်ပွဲကြီးများအတွက် တည်ဆောက်ထားခြင်း ဖြစ်တန်ရာသည်။

သို့သော် သူ့မှာ အရှေ့ဘက်နယ်မြေ၊ တောင်တန်းများထဲရှိ အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းတွင် မြင်ခဲ့ရသော အရာကို ... ပြန်တွေးမိလိုက်သဖြင့် ရုတ်တရက် စိတ်ပြောင်းသွားလေသည်။ ထိုစဉ်က သူ၏အမြင်အာရုံတွင် ရှေး‌ခေတ်၌ ထိုကဲ့သို့အရာများစွာ တည်ရှိကြောင်း မြင်ခဲ့ရ၏။ တကယ်တမ်း ဘီလူးကြီးများနှင့် ကျင့်ကြံသူများမှာ တစ်မျိုးတစ်စားတည်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

‌ခြေလှမ်း ၃၀၀၀ ၌ ရပ်လိုက်ရသော အဖွဲ့သည် အတော်လေး သေးငယ်၏။ သူတို့အားလုံး ယဇ်ပလ္လင်တစ်ခုတွင် နေရာယူလိုက်ကြရပြီး ပြွတ်ကြပ်နေခြင်းမရှိပေ။ အများဆုံးအဖွဲ့မှာတော့ ခြေလှမ်း ၅၀၀၀ အမှတ်သို့ သွားနိုင်သူများပင်။ လူအရေအတွက်များသည့်တိုင် ပလ္လင်၏အထက်တွင် ချောင်ချောင်ချိချိ ရှိ‌ကြ၏။

ထို့နောက် ခြေလှမ်း ၇၀၀၀ ရွေ့နိုင်သူများ။ ထိုအဖွဲ့တွင် အရေအတွက်ပိုနည်းပြီး တစ်ယောက်ကို တစ်ယောက် အကဲခတ်ရင်း ပလ္လင်ထက်၌ လူစုခွဲနေကြသည်။

ခြေလှမ်း ၉၀၀၀ သို့ ရောက်လျှင် မျက်နှာဖုံးလူငယ်နှင့် အရွယ်ပြောင်းနိုင်သောလူသာ ရှိ၏။ လောလောဆယ်တွင် သူသည် အဘိုးကြီးအဖြစ်မှ လူငယ်အဖြစ် ပြောင်းထားလေသည်။ သူနှင့် မျက်နှာဖုံးလူငယ်က ဧရာမပလ္လင်ကြီးတစ်ခုတွင် ဖြစ်သည်။

မန်ဟိုမှာမူ‌ နောက်ဆုံးမှ ရပ်ရသူဖြစ်၏။ သူက ယစ်ပလ္လင်တစ်ခုလုံးကို သိမ်းပိုက်ထားသည့် တစ်ယောက်တည်းသောလူပင်။

အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းတို့တွင်လည်း တူညီသောမြင်ကွင်းများ ဖြစ်ပေါ်နေသည်။

"ဒုတိယအဆင့်က သတ်ဖြတ်ခြင်းအဆင့်" လင်းယွင်ကျစ်က အေးတိအေးစက် ပြောသည်။

"ပထမအဆင့်က မှော်တိုက်ပွဲမှာ မင်းတို့ရဲ့ စွမ်းဆောင်နိုင်ရည်ကို စမ်းသပ်တာပဲ။ ကျင့်ကြံသူတွေဆိုတာ တိုက်ခိုက်ဖို့ ကျင့်ကြံရတာ။ ငါတို့က လူတွေကို တိုက်ခိုက်တယ်။ ကောင်းကင်ကို တိုက်ခိုက်တယ်။ မြေကြီးကို တိုက်ခိုက်တယ်။ တိုက်ခိုက်မှပဲ ငါတို့ဟာ မိုးကောင်းကင်ကို ဖီဆန်နေတဲ့ ကံတရားကို သိမ်းပိုက်နိုင်မှာဖြစ်တယ်

"ဒီ သတ်ဖြတ်ခြင်းဒုတိယအဆင့်က မင်းတို့ တာအိုရှာဖွေခြင်းအဆင့်မှာ ဘယ်လောက်အစွမ်းထက်လဲ စစ်ဆေးတာပဲ

"ဒီအဆင့်က ပထမအဆင့်နဲ့ တူသယောင်ထင်ရပေမယ့် တကယ်တမ်း အင်မတန် ကွဲပြားတယ်။ ပထမအဆင့်မှာ မင်းတို့အားလုံး မတူတဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်ကြရတယ်မလား။ တချို့က အားနည်းမယ်၊ တချို့က သန်မာမယ်။ မင်းတို့ ဘယ်လောက်အစွမ်းထက်လဲ အတိအကျဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး

"ဒုတိယအဆင့်မှာ မင်းတို့တိုက်ခိုက်ရမှာက မင်းတို့နဲ့ လက်ရည်တူတဲ့ ရန်သူကိုပဲ

"ငါတို့ကျင့်ကြံသူတွေအတွက် တာအိုက အရေးအကြီးဆုံးဖြစ်တယ်။ ငါတို့မှော်ကျင့်စဥ်တွေဆိုတာ ငါတို့ရဲ့ တာအိုတွေကို ကာကွယ်ဖို့။ လုံလောက်တဲ့မှော်အစွမ်းမရှိဘဲ ဘယ်လိုလုပ် တာအိုကို ရရှိနိုင်မလဲ။ ဒါကြောင့် ဒုတိယအဆင့်မှာ ထုတ်နိုင်သမျှအစွမ်းကုန် ထုတ်တိုက်ကြပါ

"ဒီအဆင့်မှာ အချိန်ကန့်သတ်ချက်က အမွှေးတိုင်တစ်တိုင်ထွန်းစာ။ ဒီစမ်းသပ်မှုက မင်း ဘယ်လောက်သတ်နိုင်လဲဆိုတာ မဟုတ်ဘဲ ဘယ်လောက်မြန်မြန် သတ်နိုင်လဲဆိုတာပဲ

"မြင်မြင်သမျှ အကုန်သာသတ်။ အမွှေးတိုင်တစ်တိုင်ထွန်းစာအတွင်း ပြီးဆုံးအောင် မသတ်နိုင်တဲ့ ဘယ်သူမဆို အထုတ်ခံရမယ်။ ဒီဒုတိယအဆင့်မှာ မင်းတို့ အသက်အန္တရာယ်ရှိတယ်။ ဆန္ဒရှိရင် အခုချက်ချင်း လှည့်ထွက်သွားနိုင်တယ်" လင်းယွင်ကျစ်၏ မျက်လုံးများက လူအုပ်ကြီးကိုဖြတ်၍ ရွေ့လျားသွားသော်လည်း မည်သူမှ နောက်ဆုတ်ဖို့ မရွေးချယ်ကြပေ။ သူက အေးစက်သော မျက်နှာအမူအရာထားဖြင့် အင်္ကျီလက်စကို ခါလိုက်ရာ ချက်ချင်း‌ဆိုသလို ပလ္လင်များအပေါ်ရှိ မှော်သင်္ကေတများသည် လင်းလက်တောက်ပလာ၏။ ဂျိန်းခနဲ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားပြီး စူးရှတောက်ပသောအလင်းရောင်က နေရာအနှံ့ စီးဖြာသွားလေသည်။

အလင်းရောင်က လူတစ်ဦးတစ်ယောက်စီကို လွှမ်းခြုံရင်း ပလ္လင်အားလုံး၏ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွား၏။

မန်ဟို့အနောက် ခြေလှမ်းတစ်ထောင်အကွာတွင် မျက်နှာဖုံးနှင့်လူငယ်သည် မန်ဟို အလင်းရောင်၏လွှမ်းခြုံခြင်း ခံနေရသည်ကို မမှိတ်မသုန် ကြည့်နေ၏။ ‌မန်ဟို ပျောက်ကွယ်နေစဉ် သူ၏မျက်လုံးများမှာ ကြမ်းကြုတ်စွာ ‌တောက်ပလာလေသည်။

"မင်းက ပထမအဆင့်ကို အနိုင်ရသွားပေမယ့် ဒုတိယအဆင့်က မင်းအပိုင်မဖြစ်စေရဘူး"

အရွယ်ပြောင်းလဲစွမ်းရည်နှင့် အဘိုးကြီးကား ယခုတွင် ဆယ်ကျော်သက်လူငယ်ဖြစ်နေပြီး ထိုနည်းတူ မျက်လုံးများ တောက်ပနေသည်။

သူတို့၏အနောက်တွင် ပထမအဆင့်၌ မြင့်မားသောအဆင့်များ ရရှိခဲ့သော အခြားပြိုင်ပွဲဝင်များရှိသည်။ တစ်ယောက်ချင်းစီသည် အလျှော့မပေးနိုင်သည့် မျက်လုံးများဖြင့် မန်ဟို၏ပျောက်ကွယ်နေသော ပုံရိပ်ကို ကြည့်နေကြ၏။

"စောစောက သူ နောက်ဆုံးအချိန်မှ ပရိယာယ်တစ်ခုခုသုံးခဲ့တာ သေချာတယ်။ ဒီတစ်ခေါက်တော့ ... သူရဲ့ပုံစံအမှန်ကို မဖြစ်မနေ ပြရတော့မှာပဲ"

တစ်ချိန်တည်းမှာပင် အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းများအပေါ်ရှိ လူတိုင်းလည်း စူးရှတောက်ပသော အလင်းရောင်ဖြင့် လွှမ်းခြုံခံလိုက်ရသည်။ မကြာမီ တစ်ယောက်ကိုမှ မမြင်ရတော့ပေ။ မြင်ရသည့် တစ်ခုတည်းသောအရာမှာ တလက်လက် တောက်ပနေသော အလင်းရောင်အတွင်းရှိ နာမည်စာရင်းကိုသာ ဖြစ်၏။

နာမည်တစ်ခုစီ၏အနောက်တွင် သူတို့ မည်မျှသတ်ဖြတ်နိုင်ခဲ့သည်လဲ ညွှန်ပြနေသော ကိန်းဂဏန်းတစ်ခု ရှိသည်။

မန်ဟို့ပလ္လင်ပေါ်တွင် သူ၏နာမည်ကို မေးနေသည့် အေးစက်စက် အသံတစ်သံက ရုတ်တရက် သူ့နားထဲတွင် ဟိန်းထွက်လာသည်။ မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး တခဏ တွေးပြီးနောက် "ဖန်မု" ဟု တုံ့ပြန်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း ဖန်မု 方木 ဆိုသော စာလုံးများ ပလ္လင်၏အလင်းရောင်ထဲတွင် ပေါ်လာသည်။ ချက်ချင်းပင် နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်း ၎င်းကို မြင်လိုက်ကြလေသည်။

"သူ့နာမည်က ဖန်မုတဲ့"

"ဖန်မျိုးနွယ်စုနဲ့ ပတ်သက်နေမလား။ ဒါပေမဲ့ ဖန်မျိုးရိုးဆိုတိုင်းလည်း ဖန်မျိုးနွယ်စုနဲ့ ပတ်သက်နေတာမဟုတ်ဘူး"

"ဖန်မု။ ဖန်မု .... သူက ပထမအဆင့်မှာ ပထမနေရာရခဲ့တယ်။ ဒုတိယအဆင့်မှာ ဘယ်လိုများ ‌အစွမ်းပြမလဲ မသိဘူး..."

"သိပ်အများကြီး မတွေးနဲ့။ ပထမအဆင့်မှာ ပထမနေရာခဲ့တဲ့ သူက ဒုတိယအဆင့်မှာ မရနိုင်ဘူး။ သူက နောက်ဆုံးအခိုက်အတန့်ကျမှာမှ တားမြစ်ထားတဲ့ တာအိုမှော်ကျင့်စဉ်တစ်မျိုးမျိုး သုံးထားတယ် ထင်တာပဲ။ မဟုတ်ရင် ဘယ်တော့မှ ပထမအဆင့်မှာ ရှေ့ဆုံးရောက်လာမှာမဟုတ်ဘူး။ ဒါကြောင့် နောက်ဆုံးအခိုက်အတန့်ကျမှ ဗြုန်းခနဲ အားကုန်ထုတ်လိုက်တာ"

"ဒါပေမဲ့ အဲ့ဒါလည်း အဲ့ဒါပေါ့။ သူသာ ပထမနေရာထပ်ရသွားရင် ‌တကယ့်ကို အံ့ဩဘနန်းဖြစ်မှာ။ ဂိုဏ်းတွေ အုတ်အော်သောင်းနင်းဖြစ်သွားမှာ သေချာတယ်"

***

All Chapters