← Chapters

အမြန်ဆုံး

Vol. 61 Ch. 846

အမြန်ဆုံး

Vol. 61 Ch. 846

ရှေးဟောင်းလမ်းသုံးလမ်းမှာ လူတိုင်းကို ဖုံးလွှမ်းသွားသော ရောင်စုံအလင်းရောင်ဖြင့် ပြည့်နှက်နေသည်။ မြင်ရသည့် တစ်ခုတည်းသော အရာမှာ နာမည်စာရင်းများသာ ဖြစ်ချေ၏။ တချို့နာမည်များက အစစ်ဖြစ်ပြီး တချို့ကတော့ အတုများပင်။

မကြာမီ မန်ဟိုသည် တောက်ပနေသောအလင်းရောင်ကိုသာ မြင်လိုက်ရပြီးနောက် ကောင်းကင်ကြီးအပါအဝင် အရာအားလုံး ပြောင်းလဲသွား၏။ ပလ္လင်မှာ ဧရာမမန္တန်အစီအရင်ကြီးတစ်ခု ဖြစ်လာသည်။ အသက်ရှိုက်စာအနည်းငယ်သာ ကြာပြီးနောက် အလင်းမှာ ပျောက်ကွယ်သွားတော့သည်။

သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။ အပေါ်တွင် ကြယ်စင်တာရာများမှအပ မည်သည့်ကောင်းကင်မှ မရှိချေ။ ခြေထောက်အောက်တွင်လည်း မီတာ (၃၀၀၀) အရှည် ရှေးသားရဲကြီးတစ်ကောင်မှအပြင် မည်သည့်မြေကြီးမှ ရှိမနေ။

ထိုသားရဲကြီးက အကြေးခွံများ၊ ဒဏ်ရာဒဏ်ချက်အပြည့် ကိုယ်လုံးကြီးဖြင့် မည်းနက်နေသော ဧရာမစပါးအုံမြွေကြီးတစ်ကောင်ဖြစ်၏။ တချို့နေရာများတွင် ၎င်း၏အရိုးများပင် ပေါ်နေပြီး အခြားနေရာများတွင်ဆိုလျှင် ထုတ်ချင်းဖောက်၍ပင် မြင်နိုင်လေသည်။

၎င်းမှာ အသက်စွမ်းအားများ ယုတ်လျော့နေရင်း ပျံသန်းရန်ပင် အားအင်လုံလုံလောက်လောက် မရှိတော့သည့်အလား သေအံ့ဆဲဆဲဖြစ်နေပုံရသည်။ ၎င်းမှာ အသက်ငင်နေသယောင် ရှိသော်လည်း မန်ဟို့ကိုပင် တုန်လှုပ်သွားစေသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက ၎င်းကို ဝန်းရံထားသေး၏။ ၎င်းသာ ပေါ်ထွက်လာခဲ့လျှင် အစစ်အမှန်အင်မော်တယ်တစ်ဦးပင် ထိုအရှိန်အဝါ၏ဟပ်မှုကြောင့် သေဆုံးသွားရနိုင်သည်။

မန်ဟိုက ရှေးစပါးအုံမြွေကြီး၏ ခေါင်းပေါ်တွင် ရပ်နေသည်။ သူသည် မြွေကြီးနှင့် ဆက်သွယ်နေသည့်အလား ၎င်းကို ထိန်းချုပ်နိုင်နေ၏။

၎င်းကို တခဏ အံ့ဩမှင်သက်စွာ စိုက်ကြည့်နေပြီးနောက် မန်ဟိုသည် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ရာ ချပ်ဝတ်တန်ဆာတစ်စုံ ဝတ်ထားကြောင်း မြင်လိုက်ရလေသည်။ ချပ်ဝတ်တန်ဆာမှာ အသစ်ကျပ်ချွတ်ဖြစ်ပြီး သိမ်မွေ့သောစွမ်းအင်တစ်ရပ်ကို ထုတ်လွှတ်နေ၏။ သူသည် ဤနေရာသို့ လူကောင်လိုက် ရောက်လာပုံရသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်လည်း ဖြစ်နေသယောင်ပင်။ ထိုမျှသာမက သူ၏အရှေ့တွင်ကား ဂြိုဟ်တစ်လုံး။

၎င်းသည် တောင်ကောင်းကင်ဂြိုဟ်ထက် များစွာ သေးငယ်ပြီး တကယ်တမ်း ဂြိုဟ်ဟု ခေါ်ရလောက်အောင်ပင် မကြီးလှ။

မန်ဟို အနက်ရောင်ဂြိုဟ်အပေါ် အကြည့်ရောက်သွားသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော အလင်းစက်များသဖွယ် မျက်လုံးများ ပေါ်လာသည်။ မျက်လုံးအားလုံးက ဖွင့်၍ မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်လေသည်။

ကြီးမားသောအန္တရာယ်အာရုံကြီး မန်ဟို့စိတ်ထဲတွင် ပြည့်နှက်သွားပြီး သူ၏စိတ်နှလုံး တုန်ရီသွားသည်။ ရုတ်တရက် တရွှီးရွှီး လေတိုးသံများ ကြားလိုက်ရပြီး အံ့ဩဖွယ်ကောင်းစွာနှင့် အလင်းတန်းတစ်ထောင်က ဂြိုဟ်ထံမှ မန်ဟို့ဆီသို့ ပြေးဝင်လာကြသည်။

ဤအလင်းတန်းများအတွင်း၌ ပုံရိပ်များအား မြင်ရနိုင်သည်။ ပုံရိပ်များကား ကျင့်ကြံသူများမဟုတ်၊ ရုပ်သေးရုပ်များပင်။

မန်ဟိုတစ်ယောက်တည်းသာ ဤအခြင်းအရာများကို မြင်နေရခြင်းမဟုတ်။ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်ရှိ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ သူမတူသော ကိုယ်ပိုင်ကမ္ဘာတစ်ခုစီထဲတွင် ဖြစ်သည်။ သူတို့ မြင်နေရသော၊ ကြုံတွေ့နေရသောအရာမှာ မန်ဟိုနှင့် တစ်ထေရာတည်းပင်။

မန်ဟို၏မျက်လုံးများက အေးစက်စွာ တောက်ပနေပြီး သူက ချက်ချင်း မလှုပ်ရှားပေ။ ထိုအစား သူသည် သူ၏ပြိုင်ဘက် သူ့ဆီ ရောက်လာမည့်အချိန်ကို အခွင့်ကောင်းယူကာ ရှေးစပါးအုံမြွေကြီးကို ဆက်လက် လေ့လာနေ၏။ ၎င်းမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး သေအံ့ဆဲဆဲ ဖြစ်နေသော်လည်း နောက်ဆုံးတိုက်ကွက်ကို ထုတ်လွှတ်နိုင်စွမ်း ရှိသေးလေသည်။

ထိုကဲ့သို့တိုက်ကွက်မျိုးက သားရဲကြီးကို ခန္ဓာရော၊ ဝိညာဉ်ပါ သေချာပေါက် သေဆုံးသွားစေလိမ့်မည်။ သို့သော် နောက်ဆုံးတိုက်ကွက်မှာ သေချာပေါက် ရင်သပ်ရှုမောဖွယ်ကောင်းမည်ဖြစ်ကြောင်း မန်ဟိုပြောနိုင်သည်။

သူက မျက်မှောင်ကြုတ်ပြီး နတ်ဘုရားအာရုံဖြန့်ကျက်ကာ သက်ပြင်းချလိုက်သည်။ ဂြိုဟ်ထံမှ ပျံထွက်လာသော ရုပ်သေးရုပ်အားလုံးတွင် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်အရှိန်အဝါများရှိကြသော်လည်း တစ်ခုမှ အတုအယောင်အင်မော်တယ်နှင့် မနှိုင်းယှဉ်နိုင်ပေ။

သို့သော် ထိုအခိုက်အတန့်မှာပင် အရှိန်အဝါငါးခုက ဂြိုဟ်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ထိုအရှိန်အဝါငါးခုလုံးကား အတုအယောင်အင်မော်တယ်အဆင့် ဖြစ်ချေသည်။ ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် ထိုအခိုက်အတန့်တွင် အခြားအရာများထက်ပင် အစွမ်းထက်သော အရှိန်အဝါနောက်တစ်ခု ထွက်ပေါ်လာသည်။

ဂြိုဟ်တစ်ဂြိုဟ်လုံး တုန်ခါသွားပြီး လှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်လာသည်။ စွမ်းအင်သည် ဆထက်တိုး အားကောင်းလာရင်း မြင့်တက်လာ၏။ ၎င်းမှာ ပရမ်းပတာဖြစ်လျက် ဒေါသူပုန်ထနေသော ဂြိုဟ်တစ်လုံးနှင့် အလွန်တူလေသည်။

မန်ဟို့မျက်နှာ မည်းမှောင်သွားပြီး မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွား၏....

၎င်းကား အစစ်အမှန်အင်မော်တယ်ပင်။

"ရုပ်သေးရုပ်တစ်ထောင်၊ အတုအယောင်အင်မော်တယ်ငါးကောင်နဲ့ အစစ်အမှန်အသ်မော်တယ်တစ်ကောင် ... ဒါက နတ်မီးလျှံစမ်းသပ်ပွဲတဲ့လား

"လင်းယွင်ကျစ်ပြောပုံအရဆို အမွှေးတိုင်တစ်တိုင်ထွန်းစာတည်းနဲ့ ဒီကောင်တွေအကုန်လုံးကို ငါ သတ်ရမှာ။ အဲ့ဒါမှပဲ ဒီအဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မယ်။ သာမန်တိုက်ကွက်တွေနဲ့ ဘယ်လိုမှဖြစ်မှာမဟုတ်ဘူး"

မန်ဟို တစ်ယောက်တည်းရေရွတ်နေစဉ် ရုပ်သေးရုပ်များက သူနှင့် ပို၍ပင် နီးကပ်လာခဲ့လေပြီ။

"နတ်မီးလျှံစမ်းသပ်ပွဲက ဒုတိယအဆင့်ထဲနဲ့ ပြိုင်ပွဲဝင်အကုန်လုံးကို ဘယ်နည်းနဲ့မှ ထုတ်ပစ်မှာ မဟုတ်ဘူး..." မန်ဟိုက သူ့ခြေထောက်အောက်ရှိ ရှေးစပါးအုံမြွေကြီးကို ငုံ့ကြည့်ရင်း မျက်လုံးများ တောက်ပသွားသည်။

"ဒီရှေးသားရဲက အစွမ်းထက်တယ်... ဒီကောင်ကြီးမသေခင် နောက်ဆုံးတိုက်ကွက်က တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ရုပ်သေးရုပ်တစ်ထောင်ကို သတ်ဖို့ လုံလောက်တယ်။ ဒါမှမဟုတ် နည်းနည်းလောက်စောင့်လိုက်ရင် ဒါနဲ့ အတုအယောင်အင်မော်တယ်ငါးကောင်ကို သတ်နိုင်မယ်။ နောက်ဆုံးအထိ စောင့်လိုက်ရင် အစစ်အမှန်အင်မော်တယ်ကို သတ်နိုင်လိမ့်မယ်

"ငါ့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ် ...

"အဲ့ဒါက ငါတို့ပြိုင်ပွဲဝင်တွေကို ပေးထားတဲ့ ရွေးချယ်မှုပဲ" နားလည်သွားသောအလင်းရောင်က သူ၏မျက်လုံးများတွင် တောက်ပသွားသည်။

အခြားကမ္ဘာအသီးသီးတွင်လည်း တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်ရှိ ကျင့်ကြံသူများသည် တူညီသောအဖြစ်အပျက်ကို ကြုံတွေ့နေရပြီး လူကြားထဲ၌ ထင်ပေါ်နေအောင် မည်သို့လုပ်ဆောင်ရမည်လဲ တွေးနေကြ၏။ ပြိုင်ပွဲဝင်များအကြား ပုန်းကွယ်နေသော ရွေးချယ်ခံများစွာရှိပြီး သူတို့အားလုံးကား ဉာဏ်ကောင်းသောလူများ ဖြစ်လေသည်။ သူတို့အတွက် မန်ဟို့နည်းတူ သုံးသပ်မိရန် သိပ်မကြာလိုက်ပေ။

မျက်နှာဖုံးနှင့်လူငယ်က တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။ သူသည် တုံ့ဆိုင်းမနေဘဲ အစစ်အမှန်အင်မော်တယ်ကို သတ်ဖို့ ရှေးစပါးအုံမြွေကြီး၏ နောက်ဆုံးတိုက်ကွက်အား အသုံးပြုရန် ရည်ရွယ်ရင်း တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ရုပ်သေးရုပ်တစ်ထောင်ကျော်ကို တိုက်ခိုက်ရန် ပြေးထွက်သွားလေ၏။

ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုးက ရဲတင်းမှုနှင့် ယုံကြည်ချက်ခိုင်မာမှုမျိုး လိုအပ်လေသည်။

အသက်အရွယ်ပြောင်းလဲနိုင်စွမ်းနှင့် အဘိုးကြီးလည်း မျက်လုံးများ တလက်လက် တောက်ပနေလျက် ထိုနည်းတူ ရွေးချယ်လိုက်သည်။

သို့သော် ရှေးသားရဲကြီး၏ နောက်ဆုံးလက်ကျန်အစွမ်းကို ဦးစွာ သုံးရင်း တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ရုပ်သေးရုပ်များကို သတ်ဖြတ်လိုက်ကြသော ကျင့်ကြံသူအတော်များ၏။ ရုပ်သေးရုပ်များ တစ်ရုပ်မကျန် ရှင်းလင်းသွားပြီးနောက်မှ ကျင့်ကြံသူများသည် အတုအယောင်အင်မော်တယ်ငါးယောက်ကို သူတို့ဘာသာ တိုက်ခိုက်ရန် ရှေ့ဆက်သွားကြသည်။

သို့သော် ဤကမ္ဘာများအတွင်း ဖြစ်ပျက်နေသော တကယ့်အဖြစ်အပျက်များမှာ အပြင်ဘက် နဝမတောင်နှင့်ပင်လယ်မှ ပရိသတ်များ၏ အမြင်မှ ဖုံးကွယ်ခံထားရလေသည်။ သူ မြင်ရသည့် တစ်ခုတည်းသောအရာမှာ နာမည်စာရင်းနှင့် အဆိုပါနာမည်တစ်ခုစီ၏ ဘေး၌ လျင်မြန်စွာ မြင့်တက်လာနေသော ကိန်းဂဏန်းများပင်။ ထိုဂဏန်းများက သတ်ဖြတ်ခဲ့သောအရေအတွက်ကို ကိုယ်စားပြုလေသည်။

တာအိုဆရာအစည်းအရုံးသုံးခု၊ မျိုးနွယ်စုကြီးငါးစု၊ အထွတ်အမြတ်မြေငါးမြေနှင့် ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းမှ အဆင့်မြင့်ခေါင်းဆောင်ကြီးများတို့အားလုံးမှာမူ ဧရာမရှေးဟောင်းကြေးမုံတစ်ချပ်ကို စိုက်ကြည့်ရင်း ကြယ်တာရာကောင်းကင်ရှိ ဧရာမနန်းတော်ကြီးတစ်ခုတွင် တင်ပျဉ်ခွေထိုင်နေကြသည်။

ကြေးမုံကို အပိုင်းသုံးပိုင်းခွဲထားပြီး ထိုအတွင်း၌ ရှေးဟောင်းလမ်းသုံးလမ်းပေါ်တွင် ဖြစ်ပျက်နေသော အရာအားလုံး၏ ကြည်လင်ပြတ်သားသောပုံရိပ်များကို မြင်ရလေသည်။

"မျက်နှာဖုံးနဲ့ လူငယ်က အခက်ခဲဆုံးလမ်းကို ရွေးချယ်သွားပေမယ့် အဲ့ဒါကိုကြည့်ရသလောက် သူ့နှလုံးသားဟာ ကျောက်ဆောင်လို ခိုင်မာတာ ပြောနိုင်တယ်။ သေချာပေါက် အလားအလာကောင်းတဲ့ လူငယ်ပဲ"

"အဲဒီ အရွယ်ပြောင်းလဲအစွမ်းတွေနဲ့ ကျင့်ကြံသူက ခေါင်းဆောင်ကြီးတံလျှပ်ရဲ့ တပည့်ဖြစ်နိုင်ချေ ရှိတယ်။ သူက သင်းကွဲကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အချိန်ပြောင်းလဲမှော်သိုင်းကျင့်ထားတဲ့ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူတွေကို တွေ့ရခဲတယ်"

"ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ အလားအလာကောင်းတဲ့ ကြယ်ပွင့်တွေ အများသားပဲ...."

"သူတို့ကို ပေးထားတဲ့ ရွေးချယ်မှုသုံးခုအရ သူတို့ရဲ့ အကျင့်စရိုက်ကို သုံးသပ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုရွေးချယ်မှုပဲ လုပ်လုပ် ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် ရွေးချယ်ခံအဖြစ် သတ်ဖြတ်လို့ရတယ်"

ခေါင်းဆောင်အဘိုးကြီးများသည် သတိထားမိထိုက်သော လူများကို အကဲခတ်ဖို့ အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းများကို ရံဖန်ရံခါ ကြည့်ရင်း ထိုကိစ္စအား တည်ငြိမ်စွာ ဆွေးနွေးနေကြ၏။

မန်ဟိုလည်း သဘာဝအတိုင်း အာရုံတချို့စိုက်ခံရသည်။ သို့ထိတိုင် အပြင်ရှိ ဖန်မု၏နာမည်ဘေး၌ မည်သည့်ကိန်းဂဏန်းမှ ပေါ်မလာသေးပေ။

ထိုစဉ် ခေါင်းဆောင်ကြီးများသည် ဆက်လက်ဆွေးနွေးသုံးသပ်နေကြ၏။

"ဟမ် ခြင်အုပ်နဲ့ လူငယ်က မထင်မှတ်ထားတဲ့ အကွက်ကို ပထမဆုံး လှုပ်ရှားလိုက်ပါလား"

"ဝတ်ရုံအဝါနဲ့လူငယ်ရောပဲ။ သူလည်း သိသာတဲ့ရွေးချယ်မှုတစ်ခုမှ မလုပ်ရသေးဘူး"

နန်းတော်ထဲရှိ မျက်လုံးအားလုံးသည် ကြေးမုံ၏မျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသော မြင်ကွင်းတစ်ခုအား မမှိတ်မသုန် အာရုံစိုက်နေ၏။ ခြင်များနှင့်လူငယ်က လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ခြင်များအား စပါးအုံမြွေကြီးထံ ပျံသန်းသွားစေသည်။ ခြင်များက ၎င်းတို့၏နှာမောင်းများကို မြွေကြီး၏ကိုယ်ထဲသို့ ထိုးသွင်း၍ ၎င်း၏သွေးတို့ကို စတင်စုပ်ယူတော့သည်။

နောက်ပုံရိပ်တစ်ခုက ပထမအဆင့်တွင် သတိထားမိခြင်းမခံခဲ့ရသော လူငယ်တစ်ဦးကို ဖော်ပြနေသည်။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် ဝါးသွားပြီး မြွေကြီးအထဲ နစ်ဝင်ကာ တစ်သားတည်းဖြစ်သွားသည်။ သူက ၎င်းကို လျင်မြန်စွာ ထိန်းချုပ်ပြီး ရုပ်သေးရုပ်များနှင့် အတုအယောင်အင်မော်တယ်များ သတ်ဖြတ်ရန် မျှော်လင့်ရင်း ရှေ့တက်သွား၏။

များမကြာခင် အခြားကျင့်ကြံသူများလည်း ရွေးချယ်မှုသုံးခုနှင့် သွေဖယ်နေသော နည်းလမ်းပေါင်းစုံကို သုံးလာကြသည်။ နန်းတော်ထဲရှိ လူအုပ်ကြီးမှာ ဤအခြင်းအရာများကို အံ့ဩခြင်းမရှိဘဲ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားပြီးသည့်အလားပင်။

"ပြောင်မြောက်ပါပေတယ်။ အရင်နတ်မီးလျှံစမ်းသပ်ပွဲထက် ဒီတစ်ခေါက် ထူးထူးခြားခြားလုပ်နေတဲ့လူ ပိုများတယ်"

"ရှေးခေတ်ကနေ ဒီနေ့အထိ ရှေးဟောင်းလမ်း နတ်မီးလျှံစမ်းသပ်ပွဲမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အမြဲရှိခဲ့တယ်။ ဒီကျင့်ကြံသူအဖွဲ့ကတော့ လုံးဝမဆိုးဘူး"

"ဘယ်နှယ့်ကြောင့် ဖန်မုက ဘာမှမလုပ်သေးတာလဲ"

ဟေးလားဝါးလား ရယ်ကာမောကာဖြင့် စကားပြောနေကြစဉ် တချို့လူများသည် မန်ဟို့ကို တောက်လျှောက် အာရုံစိုက်နေခဲ့၏။ ချက်ချင်းပင် မျက်လုံးအားလုံးက မန်ဟိုကို ဖော်ပြနေသော ပုံရိပ်ဆီသို့ ရောက်လာသည်။ သူသည် ရုပ်သေးရုပ်တစ်ထောင် သူ့အပေါ် ထိုးဆင်းလာနေစဉ် မြွေကြီး၏အပေါ်၌ ကြောင်တောင်တောင် ရပ်နေ၏။ ၎င်းတို့ကား သူ့ထံမှ မီတာသုံးရာသာ ဝေးတော့လေပြီ။

"အဲဒီဖန်မုမှာ ဘာအစီအစဉ်မှ မရှိတဲ့ပုံပဲ။ ဆုံးဖြတ်ချက်ချတဲ့အခါ ကျင့်ကြံသူတွေအတွက် ဝေခွဲမရဖြစ်တာ အံ့ဩစရာတော့ မရှိပါဘူး"

"ဆိုးလွန်းတယ်။ ငါ သူ ဒုတိယအဆင့်မှာလည်း အစွမ်းကောင်းကောင်းပြနိုင်မယ် မျှော်လင့်ထားတာ"

"အဆင့်နှစ်ဆင့်လုံး ပထမနေရာဆက်တိုက်ယူနိုင်ဖို့ဆိုတာ တစ်ခါမှ မကြားခဲ့ဖူးတာ မဟုတ်ပေမယ့် အတွေ့လည်း သိပ်မများဘူး။ ကံဆိုးစွာနဲ့ သူက အဲ့ဒီလိုလုပ်နိုင်တဲ့လူ မဟုတ်ဘူးထင်တယ်"

ရုပ်သေးရုပ်များ သူ့ဆီ တရွှီးရွှီး လာနေစဉ် မန်ဟို၏မျက်လုံးများ တောက်ပလာပြီး သူ၏နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က သွေးအေးသောအပြုံးတစ်ခုအဖြစ် မဆိုစလောက် ကွေးတက်သွား၏။

"ရွေးချယ်မှုသုံးခုက မတူညီသယောင်ထင်ရပေမယ့် တကယ်တမ်း အတူတူပဲ။ မထင်မှတ်ထားတဲ့ လှည့်ကွက်နည်းနည်းပါးပါး သုံးရင် ရလဒ်ကို အတိုင်းအတာတစ်ခုအထိ ပြောင်းလဲဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမဲ့ ဒီအရာတွေအကုန်လုံးကို ရှင်းပစ်နိုင်ရင်တောင်မှ ဒီထက်ပို အရေးကြီးတဲ့တစ်စုံတစ်ခုကို မျက်စိသျှမ်းသွားပြီ"

"အဲ့ဒါက ဘာလဲဆိုရင် .... အဲဒီဂြိုဟ်ပဲ" ဂြိုဟ်ကို လှမ်းကြည့်နေစဉ် သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပသွား၏။

"တကယ်တော့ ဒီမြွေမှာ တိုက်ကွက်တစ်ကွက်အပြင် တခြားလုပ်ဆောင်ချက်တစ်ခု ရှိတယ်.... အဲ့ဒါက ပျံနိုင်စွမ်းပဲ

"ဒါမဲ့ ငါ ရှေ့မတက်ခင် ဒီကိုယ်ခန္ဓာကြီးက အစစ်ဟုတ်မဟုတ် စမ်းသပ်ဖို့ လိုတယ်" သူက မျက်လုံးများ ဝင်းလက်တောက်ပနေလျက် ရုတ်တရက် ညာလက်ကို ဆန့်တန်းပြီးနောက် ရင်ဘတ်ကို ခပ်ပြင်းပြင်း ပုတ်ချလိုက်သည်။

ဘုန်းခနဲ မြည်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် သူ၏မျက်လုံးများသည် စူးရှတောက်ပလာတော့၏။ ဤနေရာသို့ ဝင်ရောက်လာခဲ့တုန်းက တစ်ခုခုမူမမှန်ကြောင်း သူ ခံစားခဲ့ရသည်။ အရာအားလုံးက အစစ်ဟု ထင်ရစေသော်လည်း ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ ပုံရိပ်ယောင်လောကကို မြင်တွေ့ခဲ့ပြီးနောက်ပိုင်း ဤကဲ့သို့အရာများအပေါ် သူ၏နားလည်မှုမှာ နက်ရှိုင်းလာခဲ့လေသည်။

အခြားကမ္ဘာများတွင်တော့ လူတိုင်းသည် သဲကြီးမဲကြီး တိုက်ခိုက်နေကြ၏။

မန်ဟို့ကမ္ဘာထဲတွင် ရုပ်သေးရုပ်များကား နီးကပ်လာလေပြီ။ မန်ဟိုသည် ရုတ်တရက် တင်ပျဉ်ခွေထိုင်ပြီးနောက် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ရှေးစပါးအုံမြွေကြီး၏ ခေါင်းပေါ် တင်လိုက်သည်။

မြွေကြီး၏မျက်လုံးများ နီရဲလာပြီး ဟိန်းဟောက်လိုက်၏။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်သည် မီးထတောက်လာကာ နောက်ဆုံးလက်ကျန် အသက်စွမ်းအားသုံးရင်း မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ထွက်သွားတော့သည်။

မြေကြီးက ထိုးခွင်းလိုက်သဖြင့် ရုပ်သေးရုပ်များ ပြန့်ကြဲသွားသည်။ အတုအယောင်အင်မော်တယ် ငါးဦးပင် ၎င်းကို မဟန့်တားနိုင်ပေ။ ၎င်းသည် မန်ဟို့ကို ဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် သယ်ဆောင်သွားရင်း ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေ၏။

ဂြိုဟ်ထံ ရောက်လျှင်ရောက်ချင်း မြွေကြီးမှာ ပြာအဖြစ် တစစီ ပြိုကွဲပြီး ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဂြိုဟ်အတွင်းမှ အစစ်အမှန်အင်မော်တယ်တစ်ဦး၏ အရှိန်အဝါ ပေါ်ထွက်လာသည်။ ရွှေရောင်တောက်နေသော ပုံရိပ်တစ်ခုက ယခုလေးတင် ဂြိုဟ်ပေါ် ခြေချလိုက်သော မန်ဟို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာ၏။

၎င်း၏စွမ်းအင်က တဟုန်းဟုန်း တောက်နေပြီး ၎င်းသည် လေမုန်တိုင်းကြီးသဖွယ် မန်ဟို့အပေါ် ထိုးဆင်းလာသည်။

သို့သော် ၎င်း အနားရောက်လာသည့်အချိန်မှာပင် မန်ဟို့မျက်နှာအပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအရာပေါ်လာပြီး ကြယ်ခူးသိုင်းကို ထုတ်လွှတ်လိုက်၏။ လက်ကြီးတစ်ဖက်က ရွှေပုံရိပ်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်ပြီးနောက် မန်ဟိုက မျက်လုံးပိတ်လိုက်သည်။ သူသည် ရက်စက်သော ပြတ်သားမှုဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံကို ....

ပေါက်ကွဲစေလိုက်၏။

ခန္ဓာဖောက်ခွဲခြင်း၏ စွမ်းအားက ကြယ်ခူးလက်မှတစ်ဆင့် ရွှေပုံရိပ်ဆီသို့ တန်းတန်းမတ်မတ် စီးဆင်းသွားသည်။ ပုံရိပ်မည်မျှပင် မယုံနိုင်လောက်အောင် အစွမ်းထက်စေကာမူ ၎င်း၏ခန္ဓာကိုယ်မှာ ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်သွား၏။ မူလကတည်းက ပရမ်းပတာဖြစ်နေသော အရှိန်အဝါကြောင့် ခန္ဓာဖောက်ခွဲခြင်း၏စွမ်းအားက ၎င်း၏အတွင်းအရှိန်အဝါကို ပို၍ဖရိုဖရဲဖြစ်သွားစေရာ အဆိုပါပုံရိပ်လည်း မဖြစ်မနေ ....

ခန္ဓာဖောက်ခွဲလိုက်ရတော့သည်။

မန်ဟိုနှင့် ပုံရိပ်တို့အတူ ခန္ဓာဖောက်ခွဲလိုက်သဖြင့် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ရိုက်ညောင်းသွားသည်။ တစ်ဂြိုဟ်လုံးမှာ မတည်မငြိမ်ဖြစ်ကာ အစိတ်စိတ်အမြွှာမြွှာ ‌ကြေမွသွားတော့၏။ ထို့နောက် အပိုင်းအစများသည် အရာအားလုံးကို စုပ်ယူနေသော တွင်းနက်ကြီးတစ်တွင်းအသွင် ပြောင်းသွားသဖြင့် ကြီးမားသောဖျက်စီးခြင်းစွမ်းအားတစ်ရပ် ဖြစ်ပေါ်လာလေသည်။

ရုပ်သေးရုပ်များနှင့် အတုအယောင်အင်မော်တယ်များမှာ တန်ပြန်တိုက်ခိုက်ရန် အချိန်မရလိုက်ပေ။ သူတို့မှာ တွင်းနက်ကြီး၏ ချက်ချင်း ဝါးမြိုခြင်းခံလိုက်ရတော့၏။

ကြယ်တာရာကောင်းကင်ရှိ နန်းတော်ထဲတွင် လူအုပ်ကြီးကား ကြက်သေသေနေချေပြီ။

***

All Chapters