← Chapters

ပါရမီ ၊ ကျင့်ကြံခြင်း ၊ အသက်အရွယ်

Vol. 61 Ch. 847

ပါရမီ ၊ ကျင့်ကြံခြင်း ၊ အသက်အရွယ်

Vol. 61 Ch. 847

နဝမတောင်ပင်လယ်အနှံ့အပြားမှ ‌လူအုပ်ကြီးသည် ဝဲမှန်သားပြင်များမှတစ်ဆင့် မြင်ကွင်းများကို စောင့်ကြည့်နေကြ၏။

တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်တွင် စောစောတုန်းက ဖန်မု၏နာမည်ဘေး၌ မည်သည့်အရေအတွက်မှ မရှိခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း ရုတ်တရက် ဂဏန်းတစ်ခု ပေါ်လာသည်.... ၁၀၀၆။

ဂဏန်းသည် ဗြုန်းစားကြီး ပေါ်လာခဲ့သည့်အတွက် လူအုပ်ကြီးမှာ စိတ်ကို ပြင်ဆင်ရန်ပင် အချိန်မရလိုက်မီ ဂဏန်းနှင့် ဖန်မုနာမည်ကား ပျောက်ကွယ်သွားတော့၏။

မန်ဟို ရပ်နေသော ပလ္လင်ကို လွှမ်းခြုံနေသော အလင်းရောင်သည် တစတစ မှေးမှိန်ပျောက်ကွယ်သွားကာ တင်ပျဉ်ခွေထိုင်နေသော မန်ဟို့ကို ဖော်ပြလိုက်၏။

သူက ဤအဆင့်ကို....

ပထမဆုံးအောင်မြင်သွားသူ ဖြစ်ချေသည်။

"အဲ့ဒါ.... အဲ့ဒါ မဖြစ်နိုင်ဘူး"

"အခုလေးတင် ဘာဖြစ်သွားတာလဲ။ စောစောက ဖန်မုနာမည်ဘေးမှာ ဘာကိန်းဂဏန်းမှ မရှိခဲ့ဘူးလေ။ အဲ့ဒါက သူ ရန်သူတစ်ယောက်မှ မသတ်ရသေးဘူးလို့ ဆိုလိုတာမလား။ ဒါမဲ့ ငါ မျက်တောင်လေး ခတ်ရုံရှိသေးတယ်၊ သူက အောင်သွားပြီတဲ့"

"စောစောက ဂဏန်းတွေ အများကြီးပေါ်လာပြီး ပျောက်သွားတယ်။ ပြီးတော့ ဖန်မု အောင်သွားတာပဲ။ သူက ... တစ်ချက်တည်းနဲ့ ရန်သူတွေအကုန်လုံးကို သတ်လိုက်တာများ ဖြစ်နိုင်မလား"

"ဘုရားရေ သူက ဒုတိယအဆင့်မှာလည်း ပထမနေရာရသွားပြန်ပြီ။ အသက်အရှိုက်တစ်ရာတောင် မကုန်သေးဘူးလေ"

"သူက ပထမအဆင့်မှာ ပထမနေရာရခဲ့တဲ့အပြင် ဒုတိယအဆင့်မှာလည်း ပထမနေရာ ရပြန်ပြီတဲ့လား" အပြင်ဘက် နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်းမှာ လုံးလုံးလျားလျား အံ့ဩတုန်လှုပ်နေကြသည်။ လူအများ ကြည့်ရှုနေကြသော ‌နေရာအားလုံးမှ တအံတဩ ရေရွတ်သံများ ထွက်လာပြီး စကားသံများ ချက်ချင်း ဆူညံပွက်လောရိုက်သွားတော့သည်။

အရှေ့ဘက်နယ်မြေတွင် ဖန်ရှုံ့ဖုန်းနှင့် မန်လီမှာ မှန်သားပြင်ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ပင်လျှင် မန်ဟို ဘာလုပ်ခဲ့သည်လဲ သေချာမသိကြပေ။

ဆေးလုံးမိစ္ဆာနှင့် ချူယွီယန်လည်း ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးများဖြင့် မှန်သားပြင်အပေါ်ရှိ မန်ဟို့ကို မှင်သက်စွာ ကြည့်နေကြသည်။

နဝမတောင်နှင့်ပင်လယ်ရှိ လူအုပ်ကြီးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေချေပြီ။

"ဒီဖန်မုက သေချာပေါက် ဒီနတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံးရဲ့ ကြယ်ပွင့်ပဲ"

"သူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ။ တကယ်ပဲ.... တကယ်ပဲ တစ်ချက်တည်းနဲ့ ရန်သူတွေအကုန်လုံးကို သတ်ခဲ့တာလား"

"သူ ဘာလုပ်ခဲ့တာလဲ မြင်ချင်လိုက်တာ။ ကျိန်းသေ ရင်သပ်ရှုမောစရာ ကောင်းလိမ့်မယ်"

ထိုစဉ် အရှေ့အောင်ပွဲဂြိုဟ်မှ သိပ်မလှမ်းမကမ်းတွင် ဧရာမလိပ်ကြီးတစ်ကောင်သည် ကျောတွင် ဧရာမကုန်းမြေကြီးတစ်ခုကို သယ်ရင်း ကြယ်တာရာကောင်းကင်တွင် လွင့်မျောနေ၏။ သူကား အောက်ရှိ အရှေ့အောင်ပွဲဂြိုဟ်အပေါ်မှ ဝဲမှန်သားပြင်သုံးခုကို တအံ့တဩ စိုက်ကြည့်နေလေသည်။

"သေစမ်း၊ သူပဲဖြစ်ရမယ်။ အဲ့ဒီခွေးသူတောင်းစားလေး ဖုန်ဘဝရောက်သွားရင်တောင် ငါ ဂိုဏ်းချုပ် မှတ်မိဦးမှာ

"ဒါမဲ့ ... သူ ဘာလုပ်လိုက်တာတုန်း။ မျက်စိတစ်မှိတ်အတွင်း ပထမနေရာရသွားတယ်ဟ" ဤဧရာမလိပ်ကြီးကား မှန်ပါသည်၊ မှီခိုရာဂိုဏ်းချုပ်မှတစ်ပါးအခြားမဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ကြယ်တာရာကောင်းကင်ထဲရှိ နောက်တစ်နေရာ၊ ဆံပင်စုတ်ဖွားနှင့် လူတစ်ဦးသည် ဂြိုဟ်တစ်လုံးအပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ဝဲမှန်သားပြင်သုံးခုကို မော့ကြည့်နေသော်လည်း စူးရှတောက်ပသော အလင်းရောင်အား သူ၏မျက်လုံးများတွင် မြင်ရနိုင်လေသည်။

"ငါ မသေတာ ထင်တောင်မထားဘူး .... မန်ဟို တောင်ကောင်းကင်ဂြိုဟ်ဆိုတာ ငါ့ဘဝရဲ့ ပထမအပိုင်းပဲ ရှိသေးတယ်။ ငါ့ကို နားလည်အောင် အများကြီး ကူညီပေးခဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်။ နောင်နှစ်တွေမှာ မင်းကို သေချာပေါက် ကျေးဇူးပြန်ဆပ်ဖို့ နည်းလမ်းရှာပါ့မယ်"

နဝမတောင်ပင်လယ်ရှိ လူတိုင်း တုန်လှုပ်နေသည့်အချိန်မှာပင် ကြယ်တာရာများအကြားရှိ နန်းတော်ထဲတွင် တိတ်ဆိတ်မှုက မင်းမူနေသည်။ အမျိုးမျိုးသော ဂိုဏ်းများနှင့် မျိုးနွယ်စုများ၏ ခေါင်းဆောင်ကြီးများ၊ တာအိုဆရာအစည်းအရုံးသုံးခုမှ ကိုယ်စားလှယ်များပင် မျက်လုံးကြီးများပြူးလျက်၊ ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်။

အတော်လေးကြာမှ အဘိုးကြီးတစ်ယောက်က ခပ်ယဲ့ယဲ့ ပြုံးပြီး ပြောသည်။ "လူလည်ကျတာပဲ"

ဤလူများသည် အမှန်တကယ် ဖြစ်ပျက်သွားခဲ့သောအရာကို ရှင်းရှင်းလင်းလင်း မြင်ရသည့်လူများဖြစ်၏။

"အဲဒီလို အောင်မြင်မှုကို သိမ်းပိုက်ဖို့ တွေးမိတာက လူလည်ကျတယ် ဆိုနိုင်ပေမယ့် ဘယ်လိုနေနေ အံ့ဩစရာ‌ကောင်းပေတယ်"

"သူက ရန်သူနဲ့အတူ သူ့ကိုယ်သူ သတ်ပစ်‌ဖို့တောင် လက်မတွ့န်ဘူး။ အဲ့ဒီလို ရက်စက်မှုမျိုးက အောင်မြင်မှုကို ဆုပ်ကိုင်လိုက်တာပဲ"

"ဒီဖန်မုနဲ့ ယှဉ်ရင် ကျန်တဲ့သူတွေသုံးနေတာက သမာရိုးကျကနေ ကွဲထွက်နေတဲ့ နည်းလမ်းတွေလို့တောင် မဆိုနိုင်တော့ဘူး။ သူ့‌နည်းလမ်းတွေက တကယ် လက်ဖျားခါလောက်ပါပေတယ်။ ပြတ်ပြတ်သားသား ခန္ဓာဖောက်ခွဲပစ်တဲ့အပြင် ကြံကြံဖန်ဖန် ကိုင်တွယ်နိုင်တဲ့ စွမ်းဆောင်ရည် ... ဖန်မုဟာ ဒုတိယအဆင့်က ပုံရိပ်ယောင်လောကတစ်ခုဆိုတာ ပထမဆုံးသဘောပေါက်တဲ့လူလို့ အတပ်ပြောနိုင်တယ်"

"ဒါပေမဲ့ သူက ထုတ်ခံရသင့်တယ်။ အဲဒီလို မရိုးသားတဲ့နည်းလမ်းတွေဆိုတာ အင်မတန် သိက္ခာမဲ့တယ်"

"အမလေးဗျာ။ ခင်ဗျား တိတ်တိတ်လေး သူ့ကို ခင်ဗျားဂိုဏ်းထဲ ထည့်နိုင်အောင် အထုတ်ခံရစေချင်နေတာမလား။ အဲ့ဒါကို လူလည်ကျတယ်လို့ မခေါ်ဘူး။ တခြားပြိုင်‌ပွဲဝင်တွေက အဲဒီအကြံမရတာ၊ ဒါမှမဟုတ် ရရင်လည်း လုပ်နိုင်မှာ မဟုတ်လောက်ဘူး။ အဲ့ဒါ သူတို့ရဲ့ အားနည်းမှုသက်သက်ပဲ။ ဒီဖန်မုက သေချာပေါက် ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ"

နန်းတော်ထဲတွင် စကားသံများ ဆက်က်ဆူညံ့နေစဉ် တာအိုဆရာအစည်းအရုံးသုံးခု၏ အကြီးအကဲသုံးဦးအနက်မှ အရှေ့ဆုံးတွင် ထိုင်နေသော တစ်ဦးက မျက်လုံးဖွင့်လိုက်ရာ နန်းတော်တစ်ခုလုံး အလင်းရောင်များ လင်းထိန်သွား၏။

"ဖန်မု ၊ အောင်မြင်" သူသည် စကားလုံးလေးလုံးသာ ပြောလိုက်သော်လည်း ၎င်းတို့က နန်းတော်ထဲမှ ကြယ်တာရာကောင်းကင်သို့ ပဲ့တင်ထပ်သွားပြီးနောက် အထူးပညာရပ်တစ်မျိုးဖြင့် ရှေးဟောင်းလမ်းတစ်လျှောက်လုံး မြည်ဟည်းသွားကာ ကျန်နဝမတောင်ပင်လယ်တစ်ခုလုံးတွင် ဟိန်းထွက်သွားလေသည်။ ရုတ်တရက် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းတွင် အဆင့်ဇယားတစ်ခုပေါ်လာပြီး ပထမနေရာတွင်ကား ဖန်မုဆိုသော နာမည်ရှိနေ၏။ ဤအောက်ရှိ နေရာအားလုံးမှာတော့ ကွက်လပ်ဖြစ်နေသည်။

နဝမတောင်နှင့်ပင်လယ်မှာ ကျွတ်ကျွတ်ညံသွားပြီး နန်းတော်ထဲတွင် ထိုင်နေသော ခေါင်းဆောင်ကြီးအတော်များများသည် ကျောက်စိမ်းပြားများ ထုတ်ကာ ဖန်မုကို စည်းရုံးဖို့ သူတို့၏သက်ဆိုင်ရာဂိုဏ်းများဆီသို့ သတင်းပေးပို့လိုက်ကြ၏။

ဤအခိုက်အတန့်တွင် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်သည်။ စစချင်း ၎င်းတို့သည် တွေဝေငေးကြောင်နေသော်လည်း လျင်မြန်စွာ တောက်ပလာ၏။ ထိုနေရာတွင် တင်ပျဉ်ခွေလျက် မလှုပ်မယှက် ထိုင်နေစဉ် သူ၏အမူအရာသည် တည်ငြိမ်အေးဆေးလျက် ရှိချေသည်။

ဒုတိယအဆင့်သည် ပုံရိပ်ယောင်‌လောကသာ ဖြစ်ပြီး ပြိုင်ပွဲဝင်များအတွက် အသက်ဘေးအန္တရာယ်ရှိသည်ဆိုသည်မှာလည်း အမှန်မဟုတ်ပေ။ သို့သော် ပထမအဆင့်၏ ရက်စက်မှုကြောင့် အခြားပြိုင်ပွဲဝင်များသည် ဒုတိယအဆင့်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်ဟု အလိုလို ထင်မှတ်သွားကြခြင်းဖြစ်၏။

ယခုတွင် အမွှေးတိုင်ထွန်းစာတစ်ဝက် ကုန်ဆုံးသွားလေပြီ။ အံ့ဩဖွယ်ကောင်းစွာပင် ခြေလှမ်း ၃၀၀၀ တက်လှမ်းနိုင်ခဲ့သော အဖွဲ့မှ အပြာရောင်ဂါဝန်နှင့် မိန်းကလေးသည် ရုတ်တရက် သူမကို ဝန်းရံလျက်ရှိသော အလင်းရောင်ထဲတွင်‌ ပေါ်လာသည်။ သူမသည် ယုံကြည်ချက်တို့ ပြည့်ဝနေသော မျက်ဝန်းများဖြင့် အဆင့်ဇယားကို ကြည့်ပြီး ရုတ်တရက် အံ့ဩတုန်လှုပ်သွား၏။

"သူက တကယ်ပဲ ငါ့ထက် မြန်တယ်ဟ" သူမက တွေးသည်။ "ငါ့မှာ တာအိုဝိညာဉ်တွေ ပိုင်ဆိုင်ထားတာမလို့ ရုပ်သေးရုပ်တွေကို ထိန်းချုပ်လို့ ရခဲ့တာ။ ဒါပေမဲ့ ဖန်မုမှာ အဲဒီထက် ပိုအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တစ်မျိုး ပိုင်ဆိုင်ထားတာများလား။ အဲ့ဒါက ဘာများပါလိမ့်"

မိန်းကလေးပြီးလျှင် အဆင့်အောင်သွားသူများစွာ ထွက်လာကြသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကုန်သွားဖို့ သိပ်မကြာလိုက်ပေ။ ပြိုင်ပွဲဝင်သုံးပုံတစ်ပုံခန့်မှာ အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ပေ။ ကျော်ဖြတ်နိုင်ခဲ့သူများမှာတော့ နည်းပေါင်းစုံ အသုံးပြုခဲ့ရသည်။ အစစ်အမှန်အင်မော်တယ်နှင့် ပတ်သက်လျှင် အများစုသည် ၎င်းကို တစ်ချက်တည်းနှင့် ဖျက်စီးဖို့ မြွေကြီးကို အသုံးပြုခဲ့ကြ၏။

ဘယ်သူမှ မန်ဟိုကဲ့သို့ နည်းလမ်းမျိုး မသုံးခဲ့ပေ။

လူအများသည် အဆင့်အောင်မြင်၍ ထွက်လာကြသော် အဆင့်ဇယားကို လှမ်းကြည့်လိုက်လျှင် အံ့ဩသွားကြသည်။

"ဖန်မုက ပထမအဆင့်မှာ ပထမနေရာရခဲ့တယ်။ အခု ဒုတိယအဆင့်မှာလည်း ပထမနေရာရသွားပြီ"

"သေစမ်း" မျက်နှာဖုံးနှင့်လူငယ်သည် ဒုတိယအဆင့်၌ နောက်ဆုံးမှ ထွက်လာသူဖြစ်၏။ မျက်နှာဖုံးနောက်ကွယ်က သူ၏မျက်နှာမှာ အတိုင်းထက်အလွန် ပျက်ယွင်းနေတော့သည်။ သူ၏ အမြင့်မှန်းထားသော မျှော်လင့်ချက်များမှာ ရိုက်ချိုးခံခဲ့ရလေပြီ။ အရွယ်ပြောင်းလဲနိုင်စွမ်းနှင့် အဘိုးကြီးမှာမူ သူလည်း မျက်နှာဖြူဖပ်ဖြူလျော်နှင့် မျက်‌မှောင်ကြုတ်နေသည်။

ပထမအဆင့်တွင် ထင်ရှားခဲ့သည့် ကျင့်ကြံသူအများစုမှာ ဒုတိယအဆင့်တွင် သိပ်ကောင်းကောင်းမလုပ်နိုင်ခဲ့ပေ။

ထိုစဉ် အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းများ အပေါ်တွင်လည်း ဒုတိယအဆင့် ပြီးဆုံးသွားလေပြီ။ ဖက်တီး ၊ ချန်ဖန်း နှင့် ဝမ်ယိုချိုင်တို့အားလုံး အောင်ခဲ့၏။ ချန်ဖန်းက ရင်သပ်ရှုမောဖွယ်အကောင်းဆုံး အစွမ်းပြနိုင်ခဲ့ပြီး ပထမနေရာမရခဲ့သော်လည်း ထိပ်ဆုံးတစ်ရာတွင် ပါဝင်ရာ အတော်လေးအံ့ဩစရာကောင်းသည်ဟု ဆိုရပေမည်။

ဖက်တီးနှင့် ဝမ်ယိုချိုင်မှာမူ ထိပ်ဆုံးတစ်ထောင်တွင် ပါဝင်သည်။

လီရှိချီကတော့ အောင်သည်ဆိုရုံကလေး ကပ်အောင်ခဲ့၏။

ဒုတိယအဆင့်သာ ဖြစ်ပါသော်လည်း ပြိုင်ပွဲဝင်အရေအတွက်မှာ ထက်ဝက်ခန့် လျော့ကျသွားခဲ့ချေပြီ။

မှန်ပါသည်၊ မန်ဟို၏ လုပ်ဆောင်မှုက နဝမတောင်နှင့်ပင်လယ်တွင် အကြီးအကျယ် ပွက်လောရိုက်သွားစေခဲ့ပြီး ဖန်မုဆိုသော နာမည်သည် ယခုတွင် လူတိုင်း၏ စိတ်ထဲ၌ စွဲထင်ကျန်ရစ်သွားပြီဖြစ်၏။ ယခုတွင် လူပေါင်းများစွာသည် သူ တတိယအဆင့်တွင်လည်း ပထမနေရာထပ်မံသိမ်းပိုက်နိုင်ဦးမည်လား ကြည့်ရဖို့ တက်ကြွနေကြတော့သည်။

တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်တွင် နဝမပင်လယ်နတ်လောကမှ ပုံရိပ်‌ယောင်အသွင်နှင့် လင်းယွင်ကျစ်သည် လူအုပ်ကြီးကို လှမ်းကြည့်နေ၏။ ဤတစ်ခေါက်တွင် သူ၏အကြည့်သည် ယခင်တစ်ခေါက်ထက်ပို၍ မန်ဟို့အပေါ်၌ ရစ်ဝဲသွား၏။

သူက စကားတစ်ခွန်းမဆိုဘဲ လက်ကို ဝှေ့ယမ်းလိုက်ကာ လူတိုင်း ပျောက်ကွယ်သွားစေသည်။ သူတို့ ပြန်ပေါ်လာသောအခါ ရှေးဟောင်းလမ်းအတွင်းပိုင်းထဲ ပိုရောက်သွား၏။ အကုန်လုံး ပလ္လင်များအပေါ်တွင် ရပ်နေကြဆဲဖြစ်သော်လည်း နေရာများတော့ ပြောင်းသွားလေပြီ။ ဦးဆောင်နေသော နေရာတွင် ရှိခဲ့သူတချို့မှာ နောက်ပို့ခံလိုက်ရပြီး အနောက်ရှိလူတချို့ ရှေ့ရောက်လာသည်။

မန်ဟိုတစ်ယောက်တည်းသာ လူတိုင်းနှင့် အတော်လေးလှမ်းလှမ်းရှိ သူ၏ပလ္လင်ပေါ်တွင် တစ်ယောက်တည်း ရပ်နေသည်။ သူ့အနောက်ရှိ တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူအားလုံးမှာ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် သူ့နောက်ကျောကို ကြည့်နေကြ၏။

"အရှေ့က အဆင့်နှစ်ဆင့်က မင်းတို့ရဲ့ အတိုက်အခိုက်စွမ်းရည်ကို စမ်းသပ်တာ" လင်းယွင်ကျစ်က အေးစက်စက် ပြောသည်။ "အခု မင်းတို့အနေနဲ့ တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်တွေကို တစ်ဆက်တည်း ဖြတ်ရမယ်။ အဲ့ဒီအ‌ဆင့်တွေက မင်းတို့ရဲ့ ပင်ကိုယ်ပါရမီ၊ ကျင့်ကြံခြင်းအခြေခံအတိမ်အနက်နဲ့ ... မင်းတို့ရဲ့အသက်အရွယ်အစစ်အမှန်ကို စစ်ဆေးမှာပဲ

"ပါရမီကောင်း‌လေလေ၊ ကျင့်ကြံခြင်းအခြေခံနက်ရှိုင်းလေလေ၊ အသက်ငယ်လေလေ ၊ ရလဒ်တွေက ပိုမိုကောင်းမွန်လေလေပဲ

"ဒါက အမျိုးမျိုးပေါင်းစည်းထားတဲ့ စမ်းသပ်ချက်။ မင်းတို့ ပထမဆုံးအဆင့်နှစ်ဆင့်မှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ရင်တောင်မှ ဒီတတိယအဆင့်မှာ ကောင်းကောင်းလုပ်နိုင်ရင် တခြားပြိုင်ပွဲဝင်တွေကို ကျော်နိုင်သေးတယ်" သူက ထိုသို့ပြောရင်း အင်္ကျီလက်စကို ခါလိုက်ရာ အရာအားလုံးကို တောက်ပသောအရောင်များဖြင့် ပြိုးပြိုးပြက်ပြက် လက်သွားစေပြီး လေတစ်ချက် တိုက်ခတ်လာသည်။ ရုတ်တရက် ဧရာမကျောက်တိုင်ကြီးသုံးတိုင်သည် ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီ၏ အရှေ့ရှိ ပလ္လင်များမှ မြင့်တက်လာကြ၏။

ကျောက်တိုင်တစ်တိုင်စီတွင် စာလုံးကြီးတစ်လုံးစီအား ရေးထိုးထား၏။

ပါရမီ ၊ ကျင့်ကြံခြင်း ၊ အသက်အရွယ်။

"မင်းတို့လက်ကို ကျောက်တိုင်အပေါ် တင်ပြီး သူ့ဆီက စွမ်းအားကို မင်းတို့ကိုယ်ထဲ ဝင်ရောက်ခွင့်ပေးလိုက်။ ကဲ စမ်းသပ်မှု စကြစို့"

တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်ရှိ ကျင့်ကြံသူအများစုသည် ရှေ့တက်၍ သူတို့၏လက်များကို 'ပါရမီ' ဆိုသော ကျောက်တိုင်အပေါ် တင်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း ‌ကျောက်တိုင်များမှ အလင်းတန်းများထွက်လာပြီး အမြင့်တစ်ခုသို့ ရောက်သွားကြ၏။ အများစုက မီတာ ၃၀ အမြင့်ပတ်ချာလည်သို့ ရောက်သည်။ သို့သော် တစ်တန်းက ရုတ်တရက် မီတာ ၆၀ အမြင့်သို့ တက်သွားရာ အတော်များများ၏ အာရုံကို ဆွဲဆောင်လိုက်လေသည်။

မည်သည့်ဂိုဏ်းမဆိုအတွက် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သော ပင်ကိုယ်ပါရမီသည် တကယ်တမ်း အတိုက်အခိုက်စွမ်းရည်ထက်ပို၍ အရေးပါ၏။

ထို့နောက် မီတာ ၉၀ အမြင့် အလင်းတန်းတစ်တန်း ပေါ်လာသည်။ မီတာ ၁၅၀ အမြင့်အလင်းတန်း၊ မီတာ ၁၈၀ အမြင့်သာမက မီတာ ၃၀၀ အလင်းတန်းတစ်တန်းပင် ပေါ်လာသည်။

ထိုမီတာ ၃၀၀ အမြင့်အလင်းတန်းသည် ဒုတိယအဆင့်တွင် မန်ဟို့အနောက်မှ ထွက်လာခဲ့သော မိန်းကလေး၏အပိုင်ဖြစ်၏။ သူမက ထုံးစံအတိုင်း တည်ငြိမ်သော မျက်နှာထားလေးဖြင့် အလင်းတန်းကို ကြည့်နေသည်။

သူမအပြင် နောက်ထပ် မီတာ ၃၀၀ အမြင့်အလင်းတန်းများ ပေါ်လာသည်။ မီတာ ၃၀၀ အလင်းတန်းပိုင်ဆိုင်သူများအနက် မျက်နှာဖုံးလူငယ်နှင့် ခြင်အုပ်ကြီးဖြင့်ကျင့်ကြံသူ ပါသည်။ ထိုနှစ်ယောက်နှင့် မိန်းကလေးမှာ လူသိပြီးသူများဖြစ်သည်။ မီတာ ၃၀၀ အမြင့်ရောက်ခဲ့သည့် ကျန်အလင်းတန်းပိုင်ရှင်များမှာ အရှေ့နှစ်ဆင့်တွင် သိပ်သတိထားခြင်းမခံခဲ့ရသော်လည်း ယခုတွင် အံ့ဖွယ်ပါရမီကို ပြသနေချေပြီ။

"မီတာ ၃၀၀ အလင်းတန်းက အံ့ဖွယ်ပင်ကိုယ်ပါရမီကို ပြသတယ်။ တာအိုရှာဖွေခြင်းအဆင့် နတ်မီးလျှံစမ်းသပ်ပွဲမှာ အဲဒီလိုပင်ကိုယ်ပါရမီတွေနဲ့ လူခုနစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်တောင်မထားခဲ့ဘူး"

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဖွဲ့မှာ ကိုးတန်း"

"အနုသုခုမရုပ်ခန္ဓာအဖွဲ့မှာ ပိုတောင်များသေးတယ်။ မီတာ ၃၀၀ အလင်းတန်း စုစုပေါင်း ၁၇ တန်းတောင်ဟ"

"ဖန်မု ဘယ်လိုဖြစ်မလဲမသိဘူး...." အပြင်ရှိ လူအုပ်ကြီး ဆွေးနွေးနေကြစဉ် အမျိုးမျိုးသော ဂိုဏ်းများနှင့် မျိုးနွယ်စုများကို ကိုယ်စားပြုသည့် ခေါင်းဆောင်ကြီးများသည် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။ သူတို့သည် သူမတူသော ပင်ကိုယ်ပါရမီများနှင့် ကျင့်ကြံသူများကို ကြည့်ပြီးနောက် မန်ဟို့ကို ကြည့်နေကြလေပြီ။

မန်ဟိုမှာ တခဏ ချီတုံချတုံ ဖြစ်နေသည်။ သူသည် သူ၏ပင်ကိုယ်ပါရမီကို သိပ်အာရုံမစိုက်ခဲ့သော်လည်း လက်မြှောက်၍ ကျောက်တိုင်အပေါ် တင်လိုက်သည်။

သူ ၎င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်တိုင်ထံမှ နူးညံ့သောစွမ်းအားတစ်ရပ်က သူ့ကိုယ်ထဲ ပျံ့နှံ့လာသည်။ ၎င်းသည် သူ၏ချီနှင့် သွေးလမ်းကြောင်းများထဲ လျင်မြန်စွာ စီးဆင်းလာကာ တစ်ကိုယ်လုံးတွင် လှည့်လည်သွား၏။ သို့သော် ဤအခိုက်အတန့်တွင် ကြေးဆီမီးအိမ်မှ ဖန်တီးခဲ့သော ပုံရိပ်ယောင်အင်မော်တယ်အကြောမှာ ရုတ်တရက် တုန်ရီသွားသည်။ ထို့နောက် ၎င်းသည် ဆွဲအားကို ထုတ်လွှတ်ကာ ... ကျောက်တိုင်မှ နူးညံ့သောအားကို ချက်ချင်း စုပ်ယူလိုက်တော့၏။

မန်ဟို့မျက်လုံးများ ဝိုင်းစက်သွားသည်။

***

All Chapters