စီနီယာကြီး နောက်တစ်တိုင် ပေးပါ
Vol. 61 Ch. 848
အနုသုခုမရုပ်ခန္ဓာ ရှေးဟောင်းလမ်းအပေါ်တွင် တလက်လက် တောက်ပနေသော အလင်းတန်းများ ထိုးတက်လာကြသည်။ ဖက်တီးသည် သူ့အရှေ့ရှိ ကျောက်တိုင်ကို ငိုင်တိုင်တိုင်နှင့် စိုက်ကြည့်နေ၏။ သူ့အလင်းတန်းကဲ့သို့ မမြင့်မားသည့် အခြားသူများ ရှိပါသော်လည်း သူ၏ အလင်းတန်းမှာ မီတာ ၉၀ အမြင့်သာ ရှိလေသည်။
"လခွမ်းလိုပဲ" သူက မျက်လုံးများ ဒေါသမီးဝင်းဝင်းတောက်နေလျက် တွေးလိုက်သည်။ "ငါ့ပင်ကိုယ်စွမ်းရည်တွေက လီးမလို့ အကောင်းဆုံးမဖြစ်တာလား။ သောက်အဓိပ္ပါယ်ကို မရှိဘူး။ ဟိုနှစ်တွေတုန်းက ကျင်းဟန်ဂိုဏ်းက ငါ့ပင်ကိုယ်စွမ်းရည်ဟာ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောခဲ့တာလေ" သူ့မှာ ဝမ်ယိုချိုင်၏ မီတာ ၁၅၀ အမြင့်အလင်းတန်းကို လှမ်းကြည့်ရင်း အထူးသဖြင့် စိတ်ဓာတ်ကျသွားတော့၏။။
ထို့နောက် ချန်ဖန်းကို လှမ်းကြည့်ပြီး ဖက်တီး၏မျက်လုံးများမှာ မယုံကြည်နိုင်စွာ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ ချန်ဖန်း၏အလင်းတန်းမှာ .... မီတာ ၃၀၀ အလင်းတန်းများထဲတွင် ပါဝင်လေသည်။
လီရှိချီ၏အလင်းတန်းသည် မီတာ ၃၀၀ မမြင့်သော်လည်း မီတာ ၂၅၀ တော့ ရှိ၏။
တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းတွင် ပြိုင်ပွဲဝင်များ သူတို့၏လက်များအား ကျောက်တိုင်များအပေါ် တင်ထားကြသဖြင့် ရောင်စုံအလင်းရောင်များကား ပတ်ဝန်းကျင်တစ်ခွင် စူးရှတောက်ပနေလေသည်။ မန်ဟို့ကျောက်တိုင်တစ်တိုင်တည်းသာ မည်သည့်အလင်းရောင်မှ မရှိပေ။ သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ကျောက်တိုင်အတွက် အလင်းတစ်စုံတရာ ထုတ်လွှတ်ရန် မဖြစ်နိုင်။ အကြောင်းမူ အလင်းရင်းမြစ်ဖြစ်သည့် နူးညံ့သောစွမ်းအားမှာ မန်ဟို၏ခန္ဓာကိုယ်ထဲမှ ကျောက်တိုင်ထဲသို့ ပြန်မဝင်ရောက်နိုင်တော့သည့်အတွက်ပင်။ ထိုအစား ၎င်းသည် သူ၏ကိုယ်အတွင်းရှိ အလွန်နူးညံ့သော အင်မော်တယ်အကြောမျှင်၏ ဝါးမြိုခြင်းခံလိုက်ရလေပြီ။
ယခုအချိန်တွင် အပြင်လောကရှိ ပရိသတ်အကုန်လုံး ဆူညံပွက်လောရိုက်နေကြသည်။ ပြိုင်ပွဲ၏ ပင်ကိုယ်ပါရမီအဆင့်သည် အတော်အသင့် အရေးပါ၏။ ပင်ကိုယ်ပါရမီမှာ ကျင့်ကြံသူများအတွက် အရေးပါသော အခြေခံဖြစ်၍ ဂိုဏ်းအားလုံးက ၎င်းကို အထူးအရေးထားလေသည်။ သာမန်မဟုတ်သော ပင်ကိုယ်ပါရမီပမာဏကို ပြသနိုင်ခဲ့သည့် ကျင့်ကြံသူများမှာ ချက်ချင်း သတိပြုခံရတတ်သည်။
မန်ဟို့ကို လှမ်းကြည့်နေကြသူ အတော်များလှသည်။ သူသည် ပထမအဆင့်နှစ်ဆင့်တွင် ပထမနေရာရရှိခဲ့သည်မဟုတ်ပါလော။ ဤတတိယအဆင့်တွင်လည်း ပထမနေရာရဦးမည်လား သိချင်နေကြလေသည်။ မှန်ပါသည်၊ သူ့ကို လှောင်ဖို့ စောင့်ရင်း သွေးအေးအေးပြုံးနေသော အခြားသူများလည်း ရှိ၏။
ယခုတွင် အနုသုခုမရုပ်ခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းတွင်ဖြစ်စေ၊ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းတွင် ဖြစ်စေ ကျောက်တိုင်အားလုံး လင်းထိန်နေလေပြီ။ ယခုတွင် လူတိုင်း မန်ဟို့ကို အာရုံစိုက်နေကြသည်....
အထူးသဖြင့် သူသည် ပထမအဆင့်နှစ်ဆင့်တွင် ပထမနေရာ သိမ်းပိုက်ခဲ့ပြီးနောက် ရှေးဟောင်းလမ်းပေါ်ရှိ လူတိုင်း၏အရှေ့ ရောက်နေသည့်အတွက်ကြောင့်ပင်။ သူ့အနားတွင် ကျင့်ကြံသူတစ်ယောက်မှ မရှိသဖြင့် သူ၏နေရာမှာ ပို၍ပင် ထင်းနေတော့သည်။
"ဖန်မု ဘာလုပ်နေတာလဲ"
"အီး ကျောက်တိုင်က ဘာအလင်းမှ ထွက်မလာပါလား။ ဘာဖြစ်နေတာတုန်း။ ပင်ကိုယ်ပါရမီတစ်စက်မှ မရှိတာတော့ မဟုတ်နိုင်ပါဘူး။ ညံ့ဖျင်းနေတယ်ဆိုရင်တောင်မှ အလင်းနည်းနည်းပါးပါး ထွက်လာဦးမှာ ဟုတ်တယ်မလား"
"စမ်းသပ်မှု မစရသေးတာများလား။ ဒါမဲ့ နေပါဦး သူ့လက်က ကျောက်တိုင်အပေါ်မှာလေ"
မကြာမီ အပြင်ရှိ လူတိုင်းသည် ဝဲမှန်သားပြင်များအပေါ်ရှိ မန်ဟို၏ပုံရိပ်ကို လှမ်းကြည့်ပြီး အံ့ဩနေကြသည်။
ဂိုဏ်းအမျိုးမျိုးမှ အစွမ်းထက်ပညာရှင်များလည်း ကြည့်နေကြပြီး အပေါ်ထက် ကြယ်တာရာကောင်းကင်၏ နန်းတော်ထဲရှိ လူတိုင်းလည်း ထိုနည်းတူပင်။ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်း၊ မျိုးနွယ်စုကြီးလေးစုနှင့် တာအိုဆရာအစည်းအရုံးသုံးခုမှ လူတိုင်း မန်ဟိုနှင့် သူ၏ မှေးမှိန်နေသော ကျောက်တိုင်ကို ကြည့်နေကြလေပြီ။
"အဲဒီခွေးသူတောင်းစားလေး ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်နေတာပါလိမ့်" မှီခိုရာဂိုဏ်းချုပ်က ဒေါသကြောင့် ရှုံ့မဲ့နေသော မျက်နှာကြီးဖြင့် တွေးနေသည်။ သူနှင့် မန်ဟိုကြားက ဆက်ဆံရေးမှာ ရှုပ်ထွေးပါသော်လည်း မန်ဟိုသည် မှီခိုရာဂိုဏ်း၏ တစ်ဦးတည်းသော အတွင်းစည်းဂိုဏ်းသားဖြစ်၏။ ထို့ကြောင့် ယခုဖြစ်ပျက်နေသော မြင်ကွင်းက မှီခိုရာဂိုဏ်းချုပ်ကို အတော်လေး အရှက်ရစေလေသည်။
အရှေ့ဘက်နယ်မြေတွင် ဖန်ရှုံ့ဖုန်းနှင့် မန်လီလည်း တအံ့တဩ ကြည့်နေကြသည်။ သူတို့သည် မန်ဟို့တွင် မည်ကဲ့သို့ပင်ကိုယ်ပါရမီမျိုး ရှိသလဲ အတိအကျသိသူများ မဟုတ်ပါလော။ သူသည် ခုနစ်နှစ်မြောက်ပြစ်ဒဏ်ကို ကြုံတွေ့ခဲ့သည့်တိုင် ဖန်မျိုးနွယ်စုတစ်စုလုံးတွင် ဒုတိယနှင့် တတိယအကြိမ်ပြန်မွေးဖွားခြင်းအား ဖြတ်သန်းခဲ့ရသည့် ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်၏။
ထိုအကြောင်းကြောင့် သူ၏သွေးဆက်က သန်မာခိုင်ခန့်ကြောင်း သူတို့ သိကြလေသည်။ ကျင့်ကြံသူတစ်ဦး၏ သွေးဆက်သည် သူတို့ပင်ကိုယ်ပါရမီ၏ လက္ခဏာသွင်ပြင်များထဲမှ တစ်ခုဖြစ်သဖြင့် သူတို့မှာ မန်ဟို့အရှေ့ရှိ ကျောက်တိုင် ဘာကြောင့် မလင်းလာသလဲ နားမလည်နိုင်တော့ပေ။
မန်ဟိုက ချောင်းဟန့်၍ အခြားသူများနှင့် သူတို့၏အလင်းတန်းများကို ကြည့်လိုက်သည်။ သူ့နောက်ကျောအပေါ် မျက်လုံးများအားလုံး စူးစိုက်နေကြောင်း ခံစားရသဖြင့် သူသည် လက်ကို ဖြေးဖြေးချင်း မြှောက်ပြီးနောက် ကျောက်တိုင်အပေါ် ဖိချလိုက်သည်။
နူးညံ့သောစွမ်းအားက နောက်တစ်ဖန် ပေါ်လာသော်လည်း ယခင်တစ်ခေါက်အတိုင်း အင်မော်တယ်အကြောက ၎င်းကို စားသုံးလိုက်လေသည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် စွမ်းအားကို စုပ်ယူပြီးနောက် အင်မော်တယ်အကြောမှာ အတန်ငယ်ကွဲပြားသွားကြောင်း သတိထားမိလိုက်၏။
သူက လက်ကို ပုံမှန်အတိုင်း ထပ်မြှောက်လိုက်ပြီးနောက် ဖိချလိုက်ရာ နူးညံ့သောစွမ်းအင်များစွာ သူ၏ကိုယ်အတွင်း၌ ပျံ့နှံ့သွားသည်။ မန်ဟို အလင်းကို အသက်သွင်းဖို့ ထပ်တလဲလဲ ကြိုးစားနေစဉ် ကြည့်ရှုနေကြသူများမှာ အံ့ဩမှင်သက်နေကြတော့သည်။
ခုနစ်ကြိမ် ၊ ရှစ်ကြိမ် စမ်းပြီးနောက်တွင် အင်မော်တယ်အကြောမှာ နူးညံ့သောစွမ်းအားတစ်နင့်တပိုး စုပ်ယူခဲ့ပြီးသည့်အပြင် ယခုတွင် ကျောက်တိုင်မှလည်း ထပ်မံထုတ်ပေးခြင်းမရှိတော့ပေ။ သို့သော် သူ၏ကိုယ်အတွင်းရှိ အင်မော်တယ်အကြောမှာ ယခင်ပုံရိပ်ယောင်အခြေအနေမှ ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်း၏ဆယ်ရာခိုင်နှုန်းကား အစိုင်အခဲ ဖြစ်နေချေပြီ။
ဤတိုးတက်မှုက မန်ဟို့ကို ထခုန်မတတ် ပျော်ရွှင်အူမြူးသွားစေပြီး ရင်တဒိန်းဒိန်း ခုန်လာစေသည်။ အင်မော်တယ်အကြော ပြည့်စုံသွားလျှင် အစစ်အမှန်အင်မော်တယ် ဖြစ်နိုင်ပြီမဟုတ်ပါလော။
သူသည် စိတ်လှုပ်ရှားမှုများကို ချုပ်တည်းရင်း အံ့အားသင့်သွားသောပုံစံဖမ်းပြီးနောက် ကျောက်တိုင်အပေါ်သို့ စမ်းသပ်သလိုလိုနှင့် ဖိချလိုက်ပြန်သည်။ သူက ဘေးဘီဝဲယာကို ကြည့်ပြီးနောက် အပေါ်သို့ မော့ကြည့်ကာ မချင့်မရဲဖြစ်နေဟန်ဖြင့် ဟင်းလင်းပြင်ထဲသို့ အော်လိုက်သည်။ "စီနီယာကြီးလင်းယွင်ကျစ် ရှိလားဗျိုး။ ဒီကျောက်တိုင်က အစုတ်ကြီးဗျ။ နောက်တစ်တိုင် ပေးလို့ရမလား
"တကယ်ဆို စီနီယာကြီးရယ်၊ အစုတ်တွေ ပါနေလောက်ရင်ဆိုပြီး လိုလိုမယ်မယ် အပိုလေးဘာလေး ယူလာတာ အကောင်းဆုံးပဲ။ အဲ့ဒါမှ မချင့်မရဲဖြစ်ရတာ သက်သာမှာပေါ့" သူက မျှော်လင့်နေသော မျက်နှာပေးဖြင့် ကြယ်တာရာကောင်းကင်အတွင်းသို့ မော့ကြည့်နေသည်။
အရာအားလုံး တိတ်ဆိတ်သွား၏။ တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်ရှိ ကျန်ကျင့်ကြံသူအားလုံး တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။
ကြယ်တာရာကောင်းကင်နန်းတော်တွင် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်ကြီးအကုန်လုံး မျက်မှောင်ကြုတ်နေကြသည်။ သို့သော် အင်မော်တယ်အပျက်အစီးနယ်သည် လျှို့ဝှက်ဆန်းကြယ်ကြောင်း သူတို့ သိကြ၏။ တာအိုဆရာအစည်းအရုံးသုံးခုပင်လျှင် ရှေးဟောင်းလမ်းများကို ထိန်းချုပ်ထားသည့်တိုင် သူတို့နားမလည်သောအရာများစွာ ရှိနေသေးသည်။ (တာအိုဆရာအစည်းအရုံးသုံးခု - နဝမပင်လယ်နတ်လောက၊ မြင့်မြတ်သော ရေစီးဓားဂူ ၊ အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့)
အချိန်အတော်လေးကြာသော် နဝမပင်လယ်နတ်လောက၏ ခေါင်းဆောင်ကြီးက ပြောသည်။ "တာအိုရောင်ရင်းလင်းယွင်ကျစ်၊ သူ့ကို နောက်တစ်တိုင် ပေးလိုက်ပါ"
အသံသည် တာအိုရှာဖွေခြင်းအဆင့် ရှေးဟောင်းလမ်းအတွင်းသို့ ပဲ့တင်ထပ်လာပြီး လင်းယွင်ကျစ်သည် ဟင်းလင်းပြင်ထဲမှ ရုပ်လုံးပေါ်လာ၏။ သူက မန်ဟို့ကို မထူးခြားနားစွာ ငုံ့ကြည့်ပြီးနောက် အင်္ကျီလက်စခါလိုက်ရာ မန်ဟို့အရှေ့ရှိ ကျောက်တိုင်ကို နေရာရွှေ့ပြောင်းခံလိုက်ရသည့်အလား ပျောက်ကွယ်သွားစေသည်။ အချိန်အနည်းငယ်ကြာသော် နောက်ထပ်ကျောက်တိုင်တစ်တိုင် ၎င်း၏နေရာတွင် အစားထိုးဝင်ရောက်လာသည်။
မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သူက လက်ကို လျင်မြန်စွာ ဆန့်ထုတ်ကာ ကျောက်တိုင်အပေါ် ဖိချလိုက်သည်။
"တောက်ပလိုက်" သူက မာန်ပါပါ ဟိန်းဟောက်လိုက်သည်။ နူးညံ့သောစွမ်းအားက သူ၏ကိုယ်ထဲသို့ နောက်တစ်ဖန် ဝင်ရောက်လာပြီး စီးဖြာသွား၏။ တစ်ချိန်တည်းမှာပင် သူသည် အသားဂျယ်လီနှင့် အနက်ရောင်ငှက်မွှေးကို အသုံးပြုကာ သူ့ကိုယ်အတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ဖုံးကွယ်လိုက်သည်။
အင်မော်တယ်အကြောက စွမ်းအင်ကို တစ်စက်မကျန် အလျင်အမြန် စားသုံးလိုက်သော်လည်း သက်ရောက်မှုကြီးကြီးမားမား ဖြစ်မသွားပေ။ မန်ဟိုက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ ထို့နောက် လင်းယွင်ကျစ် မျက်လုံးပြူး၍ ကြည့်နေစဉ် သူသည် ကျောက်တိုင်ကို ပြူးပြူးပြဲပြဲ ကြည့်ပြီး လက်တင်လိုက်၊ ပြန်ခွာလိုက် လုပ်နေ၏။ မကြာမီ ကျောက်တိုင်အတွင်းရှိ စွမ်းအားအကုန်လုံး အင်မော်တယ်အကြော၏ စုပ်ယူခြင်းခံလိုက်ရလေပြီ။
လင်းယွင်ကျစ်တစ်ယောက်တည်း အာရုံစိုက်နေခြင်းမဟုတ်။ ကြယ်တာရာကောင်းကင်ရှိ ပုဂ္ဂိုလ်များလည်း အနီးကပ်ကြည့်ရှုနေကြပြီး မျက်မှောင်ပိုကြုတ်သွားကြသည်။
"တစ်ခုခုတော့ မဟုတ်သေးဘူး"
"ကျေက်တိုင်က ချွတ်ယွင်းနေတာမဟုတ်ဘူး။ အကုန်လုံး ပုံမှန်ပဲ ဆိုရင်တောင်မှ သူ့ကိုယ်ထဲမှာ ထူးဆန်းတာတစ်ခုခု ဖြစ်နေတာ သေချာတယ်"
"သူ ပြိုင်ဘက်ကင်း တာအိုမှော်ကျင့်စဉ်တစ်ခုခု ကျင့်ထားတာဖြစ်မယ်..."
နန်းတော်ထဲတွင် စကားသံများ ဆူညံနေစဉ် ကြက်သွေးရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ဦးက ရုတ်တရက် ထရပ်လိုက်သည်။
"ထပ်စစ်ဆေးစရာမလိုပါဘူး" သူက ပြောသည်။ "ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းတို့၊ နေသူရိန်တောင်အနေနဲ့ ခင်ဗျားတို့ရဲ့သံသယတွေကို ဖယ်ရှားပေးရမှာ ဝမ်းသာမိပါတယ်။ သူ့ကို နေသူရိန်တောင်ကို ဝင်ရောက်စေလိုက်ရင် အကုန်ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်" သူက တဟားဟား ရယ်ရင်း ရှေ့လျှောက်သွားသော်လည်း သူ့လမ်းမှာ ရုတ်တရက် အပိတ်ခံလိုက်ရလေသည်။
"အထွတ်အမြတ်မြေနေသူရိန်တောင်ကို ဒုက္ခပေးစရာမလိုပါဘူး။ အမွှေးနံ့သာအစည်းအရုံးက သူ့ကို ခေါ်ပြီး စွန့်စားလိုစိတ် ပြင်းပြမိပါတယ်"
မျက်စိတစ်မှိတ်အတွင်း နန်းတော်ရှိ အခြေအနေသည် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ သူတို့ စကားနိုင်လုနေကြစဉ် မန်ဟိုသည် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းအပေါ်ရှိ ပလ္လင်ပေါ်တွင် ရပ်နေ၏။ သူက သက်ပြင်းချရင်း မျက်နှာထားတင်းမာနေသော လင်းယွင်ကျစ်ကို မော့ကြည့်လိုက်သည်။
"စီနီယာ... ဒီတစ်တိုင်လည်း အစုတ်ကြီးပဲ။ နည်းနည်းလောက် ထပ်ပေးပါဦးလား..."
လင်းယွင်ကျစ်က သူ့ကို တခဏ တိတ်ဆိတ်စွာ ကြည့်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။ 'ပါရမီ' ဆိုသော စာလုံးထွင်းထားသည့် ကျောက်တိုင်လေးတိုင် ဝုန်းခနဲ ပေါ်လာ၏။
မန်ဟိုမှာတော့ ရင်ခုန်သွားပြီး ချောင်းဖွဖွဆိုးကာ စတင်စမ်းသပ်တော့သည်။
"ဟမ် ဒါလည်း အစုတ်ကြီး
"အီး ဒါရော အစုတ်ကြီးလား။ သေစမ်း
"ဘုရားရေ၊ ဒီတစ်တိုင်လည်း စုတ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာတုန်း
"အမလေး ယုံ... ယုံတောင် မယုံနိုင်ဘူး။ ဒီတစ်တိုင်လည်း အစုတ်ဟ" မန်ဟိုက မိုးကောင်းကင်မှ သူ့ကို ရက်ရက်စက်စက် ကစားနေသဖြင့် နာကျင်နေသည့်အလား မသိနားမလည်သော မျက်နှာပေးဖြင့် မော့ကြည့်လိုက်သည်။ လင်းယွင်ကျစ်က အတိုင်းထက်အလွန် မအီမသာဖြစ်နေသော မျက်နှာထားဖြင့် ပြန်ကြည့်လေသည်။
စိတ်ထဲတွင် မန်ဟိုသည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေ၏။ စောစောက ကျောက်တိုင်ငါးတိုင်မှာ မယုံနိုင်လောက်အောင် ထိရောက်မှုမရှိခဲ့သော်လည်း ၎င်းတို့က သူ၏အင်မော်တယ်အကြောကို တစ်ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ ခိုင်မာစေခဲ့လေပြီ။
နဝမတောင်ပင်လယ်ရှိ လူအုပ်ကြီးမှာတော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။ မန်ဟိုကား ပထမနေရာတွင် မဟုတ်တော့သော်လည်း တကယ်တမ်း ပထမနေရာရတုန်းက အာရုံစိုက်ခံရသည်ထက်ပင် အာရုံစိုက်ခံနေရတော့သည်။
"စီနီယာ ကျုပ်ကို ဆယ်တိုင်လောက် မပေးချင်ဘူးလား" မန်ဟိုက မျှော်လင့်ကြီးစွာဖြင့် ပြောသည်။
လင်းယွင်ကျစ်၏မျက်ခွံများ လှုပ်သွားသည်။ သူက အေးစက်စက် နှာတစ်ချက်မှုတ်ရင်း အင်္ကျီလက်စခါပြီးနောက် တတိယအဆင့်၏ ပထမနေရာရရှိသူကို စိတ်မပါတပါ ကြေညာလိုက်သည်။
ထို့နောက် သူက ပြော၏။ "နောက်အဆင့်က ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးမှာ။ ကဲ စစ်ဆေးမှု စမယ်"
သူ၏စကားလုံးများ ဟိန်းထွက်သွားသည့်အခါ 'ပါရမီ' ကျောက်တိုင်အကုန်လုံး ပျောက်ကွယ်သွားသည်။
တတိယအဆင့်၏ ပထမနေရာရရှိသွားသူက မန်ဟို့ကို ခံပြင်းစွာ ကြည့်သော်လည်း ဒေါသထွက်ရုံမှတစ်ပါး တခြားမတတ်နိုင်ပေ။
"စီနီယာ" မန်ဟိုက စိတ်ပျက်လက်ပျက် အော်သည်။ "ဗျို့ စီနီယာကြီး။ ကျုပ် စစ်ဆေးတာ မပြီးသေးဘူးလေဗျာ။ မတရားဘူး"
လင်းယွင်ကျစ်က မန်ဟို့ကို အဖက်မလုပ်ဘဲ ပျောက်ကွယ်သွားသည်။
ဘယ်သူမှ မန်ဟို၏စောဒတက်မှုများကို အရေးလုပ်မနေပေ။ တစ်ချိန်တည်းမှာပင် တာအိုရှာဖွေခြင်းအဆင့်ရှေးဟောင်းလမ်းပေါ်ရှိ လူတိုင်းသည် 'ကျင့်ကြံခြင်း' ကျောက်တိုင်များဆီသို့ လျှောက်သွားကြသည်။ အပေါ်ထက်ကြယ်တာရာကောင်းကင်ရှိ ခေါင်းဆောင်ကြီးများက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ စောစောက သူတို့သည် စကားအချေအတင်ဖြစ်နေကြပုံပေါ်ခဲ့သော်လည်း သူတို့အစီအစဉ်အတိုင်း သွားနေကြခြင်းဖြစ်၏။
နဝမပင်လယ်ရှိ လူအုပ်ကြီးမှာမူ အစတုန်းက တတိယအဆင့်တွင် မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့သော်လည်း ဖန်မုဖြစ်ရပ်ပြီးနောက် ... စိတ်အခြေအနေကား မတူတော့ပေ။
"လုံးဝမတရားဘူး" မန်ဟိုက ငြီးတွားလိုက်သည်။ သူသည် 'ကျင့်ကြံခြင်း' ကျောက်တိုင်သို့ လျှောက်သွားပြီး လက်လှမ်းတင်လိုက်ရာ နူးညံ့သောစွမ်းအင်သည် ယခင်ထက်ပို၍အားကောင်းနေကြောင်း တွေ့လိုက်ရသဖြင့် ပျော်ရွှင်သွားတော့၏။ ၎င်း သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်၍ လည်ပတ်သွားသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်အကြောသည် တုန်ခါလာပြီး ၎င်းကို အငမ်းမရ စုပ်ယူလိုက်တော့သည်။
"သောက်ကျိုးနည်း။ ဒီတစ်တိုင်ကရော ဘယ်လိုလုပ် စုတ်နေရတာတုန်း" မန်ဟိုက စိတ်တိုနေသည့်အလား အော်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ အခြားကျောက်တိုင်များ လင်းထိန်နေစဉ် မန်ဟိုက မယုံကြည်နိုင်သကဲ့သို့ အလုပ်လုပ်အောင် ဆက်ကြိုးစားနေ၏။ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ကြိုးစားပြီးနောက်တွင် သူသည် သူ၏အင်မော်တယ်အကြောအား သုံးဆယ်ရာခိုင်နှုန်းခိုင်မာစေရန် ကျောက်တိုင်ထံမှ လုံလောက်သောစွမ်းအားကို စုပ်ယူခဲ့ပြီးလေပြီ။
သူ၏ အစစ်အမှန်အင်မော်တယ် စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းဖြင့် ကျင့်ကြံခြင်းအခြေခံလည်း အတန်ငယ် တိုးတက်သွားသည်။
မန်ဟိုက နှုတ်ခမ်းပါးနား သပ်၍ အကျယ်ကြီး အော်လိုက်ပြန်သည်။ "လုံးဝမတရားဘူး။ စီနီယာလင်းယွင်ကျစ်၊ ကျောက်တိုင်လဲပေးပါ",
လင်းယွင်ကျစ်မှာ သုန်မှုန်နေသော မျက်နှာထားဖြင့် ရုပ်လုံးပေါ်လာပြီး မန်ဟို့ကို ကြည့်၍ လက်ကို ဝှေ့ယမ်းလိုက်သည်။ 'ကျင့်ကြံခြင်း' ကျောက်တိုင်အားလုံး ပျောက်ကွယ်သွားပြီး လင်းယွင်ကျစ်၏ စိတ်ရှုပ်နေသောအသံ ဟိန်းထွက်လာသည်။
"တိတ်စမ်း။ ထပ်စကားဟရဲ ဟကြည့် ၊ အထုတ်ခံမယ်။ နောက်တစ်ဆင့် အသက်အရွယ်စစ်ဆေးမှု"
မန်ဟိုက မျက်တောင်ခတ်လိုက်သည်။ သူသည် အတန်ငယ် အပြစ်ရှိသလို ခံစားနေရရင်း 'အသက်အရွယ်' ကျောက်တိုင်ထံ လျှောက်သွားကာ ၎င်းအပေါ် ဖိချလိုက်၏။
***