← Chapters

ဖန်တီးနိုင်စွမ်း

Vol. 61 Ch. 849

ဖန်တီးနိုင်စွမ်း

Vol. 61 Ch. 849

အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်း‌တွင်တော့ အကုန်လုံးက ပုံမှန်အတိုင်းသာ။ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းပေါ်ရှိ ကျင့်ကြံသူများသည် မယုံနိုင်ဖွယ် တိုးတက်မှုများ ကြုံတွေ့ခဲ့၏။ ဤ ပါရမီ၊ ကျင့်ကြံခြင်း နှင့် အသက်အရွယ်စစ်ဆေးမှုအဆင့်သုံးဆင့်က လူတစ်ယောက်၏ အခြေခံကို အကဲဖြတ်ခြင်းဖြစ်ရာ အမျိုးမျိုးသော ဂိုဏ်းများနှင့် မျိုးနွယ်စုများအတွက် အလွန်အရေးပါလေသည်။ ဂိုဏ်းများ၏ မှတ်သားခြင်းခံရသော အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းများမှ လူများအတော်လေး များလှပြီဖြစ်သည်။ နောက်အဆင့်များတွင် ကောင်းမွန်စွာ ဆောင်ရွက်ပြနိုင်သရွေ့ သူတို့၏အနာဂတ်မှာ အာမ‌ခံချက်ရထားပြီးချေပြီ။

ချန်ဖန်းကား ထိုကဲ့သို့လူတစ်ယောက် ဖြစ်သည်။

ကံဆိုးစွာနှင့် ဖက်တီးနှင့်အခြားသူများသည် ယခုထက်ထိ မည်သည့်စာရင်းတွင်မှ မပါခဲ့သေးပေ။

ဆန့်ကျင်ဘက်တွင် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းမှာတော့ ပရမ်းပတာပင်။ အစီအစဉ်များက ပရမ်းပတာသွားနေခြင်းမဟုတ်ဘဲ ပါရမီ၊ ကျင့်ကြံခြင်းနှင့် အသက်အရွယ်စစ်ဆေးမှုတို့တွင် မည်သူပထမနေရာရသွားသည်သလဲ ဘယ်သူမှ အာရုံမရှိကြခြင်းကြောင့်ဖြစ်သည်။

နဝမတောင်နှင့်ပင်လယ်အနှံ့အပြား၌ စကားသံများ ဆူညံပွက်လောရိုက်နေသည်။

"ဖန်မုမှာ ဘယ်လိုပါရမီမျိုး ရှိနေတာလဲ။ ပြီးတော့ ကျင့်ကြံခြင်းအခြေခံကရော ဘာလဲ။ သူက အသက်ရော ဘယ်လောက်တုန်း"

"ကျောက်တိုင်အလုပ်မလုပ်တာ ယုံတောင်မယုံနိုင်ဘူး။ ကျောက်တိုင်တွေကိုတောင် လဲပေးရတယ်လေ။ ဖန်မုနဲ့ပတ်သက်ပြီး တစ်ခုခုက သေချာပေါက် ထူးခြားနေတယ်'

"ဪ ဟုတ်သား ပါရမီနဲ့ ကျင့်ကြံခြင်းစစ်ဆေးမှုမှာ ဘယ်သူ ပထမရသွားတာတုန်း"

"မသိဘူး။ အသက်အရွယ်စစ်ဆေးမှုကျောက်တိုင်က ဖန်မုအပေါ်မှာ သက်ရောက်မှုရှိမလားပဲ သိချင်နေတာ"

တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်တွင် မန်ဟိုမှာ လူတိုင်းကို မျက်စိဆံပင်မွှေးစူးစေသော အပြုအမူပုံစံများနှင့် ဖိတ်ခေါ်မခံရသော ဧည့်သည်တစ်ယောက်အလားပင်။ သူကား ယခုတွင် အားလုံး၏အာရုံစိုက်ရာ ဖြစ်နေပြန်လေပြီ။

ပထမနေရာမရသော်လည်း ... လက်ရှိပထမနေရာပြိုင်ပွဲဝင်မှာ လုံးဝအဖက်အလုပ်မခံရပေ။

မန်ဟို့အပေါ် စိတ်ဝင်စားလာသော ဂိုဏ်းများ တစတစ များပြားလာသည်။ အမှန်တွင် သူ၏နာမည်သည် ဘုရားကျောင်းသုံးကျောင်း၊ ဂိုဏ်းခြောက်ဂိုဏ်းအကုန်လုံး၏ မှတ်သားခြင်းခံထားရလေပြီ။ ထိုမျှသာမက ထိုစာရင်းအားလုံး၏ ပထမနေရာတွင် ဖြစ်သည်။

မန်ဟိုက 'အသက်အရွယ်' ကျောက်တိုင်အပေါ်သို့ ရှက်ကိုးရှက်ကန်း လက်တင်ရင်း နူးညံ့သောစွမ်းအားကို စုပ်ယူကာ သူ၏အင်မော်တယ်အကြောကို လေးဆယ်ရာခိုင်နှုန်း ခိုင်မာသွားစေသည်။

လင်းယွင်ကျစ်က အလွန်ကပ်စေးနည်းသည့်အတွက် မန်ဟိုမှာ အတော်လေးနှမြောတသ ဖြစ်နေမိသည်။ သူက ဝမ်းနည်းပက်လက် သက်ပြင်းချရင်း မည်မျှမတရားကြောင်း အော်ဖို့ တွေးလိုက်သော်လည်း ပါးစပ်ကို ပိတ်ထားရလေသည်။ သူသည် ဘာမှမပြောဘဲ အခြားသူများ၏ အလင်းတန်းများကို တိုင်းတာရင်း ရပ်နေ၏။ ထိုအလင်းတန်းများ မည်မျှမြင့်မားစေကာမူ လူတိုင်း၏မျက်နှာများမှာ အတိုင်းထက်အလွန် မသာမယာ ဖြစ်နေတော့သည်။

"အသက်အရွယ်စစ်ဆေးမှုအဆင့် ပြီးဆုံးပြီ" လင်းယွင်ကျစ်က အင်္ကျီလက်စတစ်ချက်ခါကာ ကြေညာသည်။ မန်ဟိုမှလွဲ၍ လူတိုင်း ပျောက်ကွယ်သွားပြီး ပို၍အဝေးရှိ ပလ္လင်များအပေါ်တွင် ပြန်ပေါ်လာသည်။

မန်ဟိုကား ယခုတွင် ပထမဆုံးမှ ဘိတ်ဆုံးဖြစ်သွား၏။

ဤအဖြစ်အပျက်က တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်ရှိ နတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်နေသူတိုင်းအား အလွန်စိတ်တိုသွားစေသည်။ သူတို့အားလုံးနီပါး လင်းယွင်ကျစ် မည်မျှသဘောကောင်းကြောင်း တွေးရင်း မန်ဟို့ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်ကြ၏။ သူတို့စိတ်ထဲတွင် မန်ဟို့လိုလူတစ်ယောက်သည် သေချာပေါက် ချက်ချင်း အထုတ်ခံရသင့်သည်။

"သူ့မှာ လုံလောက်တဲ့ ပါရမီမရှိလို့ ကျောက်တိုင်မလင်းအောင် အောက်တန်းကျတဲ့ နည်းလမ်းတစ်ခုခုနဲ့ လုပ်နေတာ အသိသာကြီး။ ဘယ်လောက်မျက်နှာပြောင်လိုက်သလဲ"

"သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ပတ်သက်ပြီး လူမသိစေချင်တဲ့ ထူးဆန်းတာ တစ်ခုခု ရှိလိမ့်မယ်။ အဲ့ပြဿနာကို ရှောင်ကွင်းဖို့ ဒီလိုနည်းလမ်းတွေ သုံးနေတာ တော်တော်ရွံဖို့ ကောင်းတာပဲ။ နောက်ဆုံးနေရာပို့ပေးလိုက်တာက တကယ်တမ်း သူ့ကို သက်ညှာပေးတာ"

"ငါတို့ဒေါသပြေအောင် သူ့ကို အပြစ်ပေးပါ"

တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်ရှိ လူတိုင်းမှာ မန်ဟို့ကို အလွန်ဒေါသထွက်နေကြသည်။ အထူးသဖြင့် ပထမအဆင့်နှစ်ဆင့်တွင် အဖက်အလုပ်မခံရသူများ၊ ပါရမီ၊ ကျင့်ကြံခြင်းနှင့် အသက်အရွယ်စစ်ဆေးမှုများတွင် ထူးချွန်ပြောင်မြောက်ခဲ့သူများမှာ ဒေါသထွက်နေကြတော့သည်။

"မတရားဘူး" မန်ဟိုက အော်သည်။

"မတရားဘူးဟုတ်လား" လင်းယွင်ကျစ်က သူ့ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်ရင်း ဖြေသည်။ "နောက်ဆုံးအဆင့်သုံးဆင့်မှာ ‌မင်းက ဘာအမှတ်မှ မရတဲ့အပြင် ‌ကျောက်တိုင်တွေကို ဖြုန်းတီးခဲ့တယ်။ အင်မော်တယ်အပျက်အစီးနယ်ရဲ့ အဖိုးထိုက်အရင်းအမြစ်တွေတောင် ပါတယ်ကွ။ မင်း အထုတ်မခံရတာ ကံကောင်းတယ်မှတ်။ ဆက်ပြီး ခွေးလိုဟောင်ရဲ ဟောင်ကြည့်"

မန်ဟို့နေရာတွင် မည်သူမဆို ‌ဤကဲ့သို့စကားများကို လက်ခံရပြီး လင်းယွင်ကျစ်၏ စိန်းစိန်းဝါးဝါး အကြည့်ခံရလျှင် ‌ချက်ချင်း ကြောက်ရွံထိတ်လန့်ပြီး စိုးရိမ်ပူပန်သွားမှာ ဖြစ်သည်။ သို့သော် မန်ဟိုကတော့ မည်သည့်ဂိုဏ်းကိုမှ ဝင်ရောက်ဖို့ လာခဲ့ခြင်းမဟုတ်။

"ကြီးမြတ်ပြီး အစွမ်းထက်လှတဲ့ စီနီယာကြီးခင်ဗျား" သူက ပြောသည်။ "ကျုပ်မှားတာ သိပါတယ်။ နားထောင် ဒီလိုဆို ဘယ်လိုလဲ။ ကျောက်တိုင်သုံးတိုင်ပဲ ထပ်ပေး။ အလုပ်မဖြစ်ရင် ဂျူနီယာ ကိုယ့်ကံတရားကိုယ် လက်ခံလိုက်ပါ့မယ်"

လင်းယွင်ကျစ်မှာ မန်ဟို့ကို ကြည့်ရင်း အလွန်စိတ်တိုလာသဖြင့် ရယ်ပစ်လိုက်ချင်နေတော့သည်။ မန်ဟို၏ ယခင်လုပ်ဆောင်မှုများက အပြင်မှ စောင့်ကြည့်နေသူအားလုံး၏ အာရုံကို ဆွဲဆောင်ခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် သူ့ကို ချက်ချင်း ထုတ်ပစ်မည်ဖြစ်သည်။ မန်ဟိုမှာ အမှန်တကယ် ခေါင်းကိုက်စရာကြီးပင်။ အဆုံးသတ်တွင် လင်းယွင်ကျစ်သည် မကြားချင်ယောင်ဆောင်လိုက်၏။

"ဆဋ္ဌမအဆင့်၊ သတ္တမအဆင့်၊ အဋ္ဌမအဆင့်တွေက မင်းတို့ရဲ့ နတ်ဘုရားအာရုံ၊ စိတ်စွမ်းအားနဲ့ ဗီဇစိတ်ကို စစ်ဆေးမယ်"

လင်းယွင်ကျစ်၏ စကားလုံးများကြောင့် မန်ဟိုက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ စိတ်ထဲတွင် သူသည် ဖန်းတုံးအာနှင့် နောက်တစ်ခါတွေ့လျှင် သေချာပေါက် ဘယ်သူက ဆရာကြီးလဲ သူမကို မြင်အောင်ပြပြီး လင်းယွင်ကျစ်အပေါ် ဒေါသတို့ကို သူမအပေါ် ပုံချပစ်မည်ဟု ကြိမ်းဝါးလိုက်၏။

"ဒီအဆင့်သုံးဆင့်ကို မင်းတို့ ဆက်တိုက်ဖြတ်ရမယ်။ တစ်ယောက်စီက မင်းတို့ရဲ့ ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်ကို ဖန်တီးဖို့ သုံးရမယ့် ပြိုင်ဘက်ကင်းပြီး ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တွေ အပြည့်နဲ့ ကမ္ဘာတစ်ခုစီကို ရောက်သွားမယ်

"ဖန်တီးမှုရလဒ်တွေအပေါ် မူတည်ပြီး ...." ဤအခိုက်အတန့်တွင် လင်းယွင်ကျစ်မှာ နောက်ဆုံးစကားလုံးများကို ဆက်ပြောဖို့ တွန့်ဆုတ်ဆုတ် ဖြစ်သွားသည်။

" ကျောက်တိုင်တွေ ချီးမြှင့်ခံရမယ်"

'ကျောက်တိုင်'ဆိုသော စကားလုံးများကို ကြားသည်နှင့် မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး မျက်လုံးများ တောက်ပလာတော့သည်။

လင်းယွင်ကျစ်က လက်ဝှေ့ယမ်းလိုက်ရာ ပလ္လင်အားလုံးကို တုန်ခါလာစေ၏။ မြူများက လူတိုင်းကို လွှမ်းခြုံရင်း တထောင်းထောင်း ထလာသည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်းစွမ်းအား ဖြာထွက်လာပြီး လူတိုင်းပျောက်ကွယ်သွားလေပြီ။

အပြင်ဘက် နဝမတောင်နှင့်ပင်လယ်တွင် လူတိုင်းသည် သူတို့၏ချီနှင့်စိတ်များကို တည်ငြိမ်စေလိုက်ပြီးနောက် ဝဲမှန်သားပြင်ပေါ်တွင် ဖြစ်ပျက်နေသော မြင်ကွင်းများအပေါ် အာရုံစိုက်လိုက်သည်။ ပထမဆုံးနှစ်ဆင့်မှာ တိုက်ခိုက်ခြင်းကို စမ်းသပ်ပြီး တတိယမှ ပဉ္စမအထိက အခြေခံကို စမ်းသပ်ခြင်းကို ဆိုနိုင်ရာသည်။ ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမအဆင့်တို့က ဖန်တီးနိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်သည်။

ကျင့်ကြံသူများအတွက် တီထွင်ဖန်တီးနိုင်ဖို့ရန် နတ်ဘုရားအာရုံ၊ စိတ်စွမ်းအားနှင့် ဗီဇစိတ်ကို လိုအပ်သည်။

တာအိုဆရာအစည်းအရုံးသုံးခု လူသစ်လက်ခံပွဲကျင်းပတိုင်း ပြိုင်ဘက်ကင်း ထူးချွန်သော ပြိုင်ပွဲဝင်များသည် မယုံနိုင်လောက်အောင် ထင်ရှား‌ကျော်ကြားလာမည့် နတ်ဘုရားစွမ်းရည်များကို ဤအဆင့်သုံးဆင့်တွင် ဖန်တီးခဲ့ဖူး၏။

လူတိုင်းလူတိုင်း ပြင်းပြသော မျှော်လင့်ချက်များဖြင့် ရှုစားနေကြလေသည်။

ကြယ်တာရာကောင်းကင်တွင် ခေါင်းဆောင်ကြီးများသည် တကျက်ကျက် စကားများမနေတော့ဘဲ စိတ်ဝင်တစား အာရုံစိုက်နေကြသည်။ အထွတ်အမြတ်မြေငါးမြေ၊ တာအိုဆရာအစည်းအရုံးသုံးခုတို့အားလုံး မှန်သားပြင်များနှင့် အနုသုခုမရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းရှေးဟောင်းလမ်းများအပေါ်ရှိ ကျင့်ကြံသူများကို သေသေချာချာ ကြည့်နေကြသည်။

ဂိုဏ်းအမျိုးမျိုး၏ နာမည်စာရင်းများအပေါ် မှတ်သားခံထားရသော လူများမှာ စေ့စေ့စပ်စပ် အာရုံစိုက်ရာများ ဖြစ်လာသည်။ သူတို့သည် ဤအဆင့်သုံးဆင့်အတွင်း‌ နေရာကောင်းများအား ထိန်းထားနိုင်သရွေ့ ရွေးချယ်ခံရမည်လား စိတ်ပူနေစရာမလိုပေ။

နာမည်စာရင်းအပေါ်၌ မှတ်သားမခံရသူများမှာဝောာ့ ဤအဆင့်သုံးဆင့်တွင် ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်လျှင် သေချာပေါက် သတိပြုခံရပြီး စာရင်းအပေါ်၌ နာမည်ရေးမှတ်ခံရလိမ့်မည်။

ကြယ်တာရာများအကြားရှိ နန်းတော်ထဲတွင် လူတိုင်းသည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချနေကြ၏။

"နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးတယ်ဆိုတာ ရိုးရှင်းတဲ့အရာမဟုတ်ဘူး။ အင်မတန် ခက်ခဲတယ်.... ဘယ်လို ပြောင်မြောက်တဲ့ နတ်ဘုရားစွမ်းရည်တွေ မြင်ရမလဲ မစောင့်နိုင်တော့ဘူး"

"တခြား‌နေရာမှာသာဆို ဒီအဖွဲ့မှာ နတ်ဘုရားစွမ်းရည်ဖန်တီးနိုင်တဲ့သူ ရှာတာထက်၊ ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချို‌တွေ သွားရှာတာကမှ လွယ်ကူဦးမယ်။ ဒါပေမဲ့ အင်မော်တယ်အပျက်အစီးနယ်က ပြိုင်ဘက်ကင်းတဲ့စွမ်းအားတစ်ရပ်နဲ့ အထူးနေရာတစ်နေရာပဲ။ ဒီမှာ ပုံမှန်ဆို အင်မတန် ရှားပါးတဲ့ အံဖွယ်အရာတွေ၊ အပြင်လောကမှ မတည်ရှိတဲ့အရာတွေ၊ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကို လှုံ့ဆော်ပေးပြီး လွှမ်းမိုးနိုင်တဲ့ အရာတွေ ရှိတယ်"

"ဟုတ်တယ်၊ သူတို့အတွက် ရှေးဟောင်းလမ်းတွေအပေါ်မှာ နတ်ဘုရားစွမ်းရည်တွေ ဖန်တီးဖို့ အများကြီး လွယ်ကူလိမ့်မယ်။ ဒီနေရာမှာတောင် မဖန်တီးနိုင်ရင် သူတို့ရဲ့အနာဂတ်လမ်း‌ဟာ သိပ်ဝေးဝေး မရောက်နိုင်ဘူးလို့ ဆိုလိုတယ်"

"နတ်ဘုရားစွမ်းရည်တွေကို ဖန်တီးတယ်ဆိုတာက ဖန်တီးသူရဲ့ ဗီဇစိတ်ကနေ အရင်းခံတဲ့ ဖြစ်စဉ်တစ်ခုပဲ။ စိတ်စွမ်းအားကို ဗီဇစိတ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လို့ရပြီး နတ်ဘုရားအာရုံကတော့ တာအိုစောင့်ရှောက်သူအဖြစ် ပြုမူပေးလိမ့်မယ်။ နောက်ဆုံးသုံးသပ်ရရင်တော့ တူညီတဲ့အရာဝတ္ထုတွေ၊ တူညီတဲ့စိတ်ကူးစိတ်သန်းလှုံ့ဆော်မှုတွေကို မတူညီတဲ့လူတွေက အမြင်အမျိုးမျိုးနဲ့ မြင်ကြပြီး ကွဲပြားခြားနားတဲ့ ဉာဏ်အလင်းပုံသဏ္ဌာန်တွေကို ဦးတည်နိုင်တယ်"

"ရှေးခေတ်ကနေ အခုအချိန်အထိ တာအိုဆရာအစည်းအရုံးတွေဟာ ဒီနတ်မီးလျှံစမ်းသပ်ပွဲကို ကြိမ်ဖန်များစွာ ဆင်နွှဲခဲ့ပြီးပြီ။ ပါဝင်ခဲ့ဖူးသမျှထဲ အစွမ်းအထက်ဆုံးကတော့ နဝမပင်လယ်နတ်လောကက ဆရာဖန်းပဲ။ အဲဒီနှစ်က သူ နတ်ဘုရားစွမ်းရည်ဖန်တီးခဲ့တုန်းက ယနေ့အထိ စံချိန်ချိုးမခံရသေးတဲ့ ကျောက်တိုင် ၁၉ တိုင်ကို ပေါ်လာစေခဲ့တယ်"

"သူက နောက်ပိုင်း တာအိုမှော်သိုင်းတစ်ခုတောင် ဖြစ်လာခဲ့တဲ့ သေမျိုးပင်လယ်အင်မော်တယ်ဖြစ်လေကို ဖန်တီးခဲ့တယ်လေ။ အဲ့ဒီသိုင်းက အစွမ်းထက်ဆုံးတွေထဲက တစ်ခုပဲ"

ကြယ်တာရာကောင်းကင်နန်းတော်ရှိ လူများ အတိတ်ကို ပြန်ပြောင်းတွေးတောရင်း သက်ပြင်းချနေစဉ် နေရာရွှေ့ပြောင်းခံလိုက်ရသူများအားလုံး မျက်လုံးများ ဖွင့်လိုက်ကြပြီး သူတို့ပတ်ပတ်လည်ရှိ မြင်ကွင်းမှာ ရှင်းလင်းပြတ်သားလာသည်။

၎င်းသည် တဟုန်းဟုန်း ပူခြစ်နေပြီး ကောင်းကင်ထက်တွင် နေကိုးစင်းက မြေပြင်များကို ရှုစားနေသော အင်မော်တယ်ကိုးပါးသဖွယ် စိုးမိုးနေသည်။

ဤနေရာသည် စွန့်‌ပစ်မြေတစ်မြေဖြစ်၏။

အဝေးတွင် မြေကြီးထဲ တစ်ဝက် နစ်မြုပ်နေသော အဆောက်အဦးများ ပြန့်ကြဲနေသည်။ မြေပေါ် တင်ကျန်နေသော အရာများမှာ ပြိုကျပျက်စီးလျက်ရှိသည်။ သို့ရာတွင် ၎င်းတို့၏ တစ်ချိန်က ဂုဏ်ကျက်သရေကို ဖော်ကျူးနေသော မင်္ဂလာသားရဲများ၏ အပြောက်အမွန်းများအား ၎င်းတို့၏မျက်နှာပြင်ပေါ်တွင် မြင်ရနိုင်သည်။

လေပြေညင်းက တဟင့်ဟင့် ငြီးလျက် မည်းနက်နေသော မြေကြီးကို ကျီစယ်လျက် ဖြတ်တိုက်သွားရာ ဝမ်းနည်းဖွယ်သံစဉ်လေးတစ်ခု ဖြစ်ပေါ်လာစေသည်။ ယင်းက လူတစ်ယောက်ကို အတိတ်က ထိုကဲ့သို့တေးသီချင်းတစ်ပုဒ်ကို နားထောင်ခဲ့သည့် လူတစ်ယောက်ကို သွားရှာလိုစိတ်များ ပြည့်နှက်သွားစေသော်လည်း ၎င်း မြေပြင်တစ်လျှောက် တိုက်ခတ်သွားစဉ် မရေမတွက်နိုင်သော ခေတ်များ၊ ရှေးရှေးတုန်းက အမှတ်တရများကို ဖြတ်လျက် ပျံ့လွင့်သွားသည့်အလားပင်။

မန်ဟိုသည် မြေပြင်ကျယ်ကြီးတွင် တစ်ယောက်တည်း ရပ်နေ၏။

သူတို့ကို အဖော်ပြုနေသည့်အရာများမှာ ငြီးငြူနေသော လေ၊ အရပ်လေးမျက်နှာတွင် မျက်စိတစ်ဆုံး ဆန့်တန်းနေသော အနက်ရောင်မြေကြီးများနှင့် ခပ်လှမ်းလှမ်းတွင် မြင်နေရသည့် အပျက်အစီးများသာ ဖြစ်သည်။

ဤကဲ့သို့ နေရာတွင် ရောက်နေရခြင်းက မန်ဟို့စိတ်အခြေအနေကို အုံ့မှိုင်းသွားစေပြီး သူ၏မျက်လုံးများကို ထူးဆန်းစွာ တောက်ပသွားစေသည်။

"ဒီတော့ ဒီနေရာက စိတ်ခံစားချက်တွေအပေါ် လွှမ်းမိုးနိုင်တာပဲ" သူက သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း တွေးလိုက်သည်။ ၎င်းက ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွားပြီး မြင်ခဲ့ပြီးသော အရာအားလုံးအပြင် သူ့အပေါ် သက်ရောက်နေသော ခပ်ပျော့ပျော့ ဖိအားတစ်ရပ်ကို ခံစားလိုက်ရ၏။

သူသာ နတ်ဘုရားအာရုံကိုသာ မဖြန့်ကျက်ခဲ့လျှင် ၎င်းကို ဘယ်တော့မှ သိရှိခဲ့မည်မဟုတ်ပေ ... ထိုမျှသာမက သူ၏နတ်ဘုရားအာရုံရပ်ဝန်းအတွင်း၌သာ ၎င်းကို သိနိုင်သည်။

ပတ်ဝန်းကျင်ကို လေ့လာနေစဉ် မန်ဟို့အမူအရာသည် တ‌ဖြေးဖြေး ပြောင်းလဲလာ၏။ ယခုတွင် ဖိအားမှာ အတိုင်းအတာအမျိုးမျိုး ရှိကြောင်း ခံစားနေရသည်။ အပျက်အစီးအမျိုးမျိုးမှ လာနေသော ဖိအားများအနက် တချို့က အားကောင်းသည်၊ တချို့က အားနည်းသည်။

ဤအခိုက်အတန့်တွင် လင်းယွင်ကျစ်၏အသံသည် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းပေါ်ရှိ လူတိုင်း ကြားရသည်အထိ ပဲ့တင်ထပ်လာ၏။ ၎င်းသည် အခြားကမ္ဘာမှ လာနေသည့်အလား လိုဏ်သံပေါက်နေသည်။

"ဆဋ္ဌမအဆင့် နတ်ဘုရားအာရုံ

"သတ္တမအဆင့် စိတ်စွမ်းအား

"အဋ္ဌမအဆင့် ဗီဇစိတ်

"မင်းတို့ ရောက်နေတဲ့လောကမှာ အပျက်အစီး ၉၉ ခုအပြင် အကောင်းပကတိနီးပါး ရှိနေသေးတဲ့ အင်မော်စံအိမ်တစ်လုံးပါတယ်။ မင်းတို့ နတ်ဘုရားအာရုံ အားကောင်းလေလေ၊ အင်မော်တယ်အပျက်အစီးများများ ရှာတွေ့လေလေ ဖြစ်ပြီး ဉာဏ်အလင်းများများ ရလေလေပဲ

"အင်မော်တယ်အပျက်အစီးတစ်ခုကို ရှာတွေ့ရင် မင်းတို့ စိတ်စွမ်းအားက အဲဒီက ဖိအားကို ခံနိုင်မလား မခံနိုင်ဘူးလား ဆုံးဖြတ်ပေးလိမ့်မယ်

"မင်းတို့ ဗီဇစိတ်က မင်းတို့ရဲ့ နောက်ဆုံးဉာဏ်အလင်းအမျိုးအစားနဲ့ အဲ့ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုး ဖြစ်လာမလဲ ဆုံးဖြတ်ပေးလိမ့်မယ်" လင်းယွင်ကျစ်၏အသံသည် စွန့်ပစ်မြေတစ်လျှောက် ပဲ့တင်ထပ်သွား၏။ သူ့အသံကား ရှေးခေတ်မှ ပုဂ္ဂိုလ်တစ်ခုကဲ့သို့ အသံပေါက်နေပြီး အပျက်အစီးများ၏ အိုမင်းမှုဖြင့် သက်ရောက်ခြင်းခံရကာ ပြိုင်ပွဲဝင်များ၏ နားထဲသို့ ကူးပြောင်းပေးပို့ခံလိုက်သည့်အလားပင်။

လေက တရှဲရှဲ ခြောက်လှန့်နေပြီး မြေမှာ ရှေးကျမြဲ ရှေးကျနေသည်။ မန်ဟိုသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီးနောက် တစ်လောကလုံးကို လွှမ်းခြုံ၍မရကြောင်း တွေ့လိုက်ရသဖြင့် မျက်လုံးများ တောက်ပ‌သွားသည်။ အပျက်အစီးခုနစ်ခုကိုသာ သူ မြင်လိုက်ရ၏။

အနီးဆုံးမှာ မီတာသုံးထောင်ခန့် ဝေးပြီး တံတိုင်းအပြိုအပျက်ခြင့် ဝန်းရံလျက်ရှိသော ရေခမ်းနေသည့် ရေတွင်းတစ်တွင်း ဖြစ်ပုံပင်။

မန်ဟိုက လမ်းလျှောက်လာပြီး ရေတွင်းမှ မီတာသုံးရာခန့် အကွာရောက်သော် သူ့အပေါ် ဖိနှိပ်နေသော ဖိအားကို အာရုံရလိုက်သည်။ ၎င်းကား လေမုန်တိုင်းကြီးတစ်လုံးသဖွယ် အားကောင်းလေသည်။

လေမုန်တိုင်းက လင်းယွင်ကျစ်၏ အသံနှင့်ယှဥ်လျှင် အမှန်တကယ် ရှေးခေတ်မှ လာပုံရသော အသံတစ်သံက သယ်ဆောင်ရင်း သူ့အပေါ် ဖိနှိပ်နေသည်။

"ငါ အဲ့ဒါကို မြင်တိုင်း မင်းကို တွေးမိတယ် ....

"အနာဂတ်မှာ ငါ့အသံကို ကြားတဲ့သူတိုင်း ငါ ခံစားရသလို ခံစားရလေသလား။ မင်းမှာလည်း တစ်စုံတစ်ယောက်ကို တွေးမိသွားတဲ့ ပစ္စည်းတစ်ခုခု ရှိနေသလား"

***

All Chapters