ကျားသစ်က သူ့နေရာကို ပြောင်းနိုင်တယ်လား
Vol. 61 Ch. 850
မန်ဟိုက တုံ့ခနဲ ရပ်၍ သူ့အရှေ့တွင် ရုတ်တရက် ပေါ်လာသော ဝိုးတိုးဝါးတား မြင်ကွင်းတစ်ခုကို ကြောင်စီစီ ကြည့်လိုက်သည်။ ရေတွင်း၏ အရှေ့တွင် ဝတ်ရုံအဖြူဝတ်ထားသော သတ်လတ်ပိုင်းအရွယ်လူတစ်ယောက် ထိုင်နေလေသည်။
ရေတွင်းကို ဝန်းရံထားသော တံတိုင်းမှာ ရုတ်တရက် အကောင်းပကတိအတိုင်း ဖြစ်သွားပြီး ဘူးနွယ်ရုံနေသော သာမန်တဲလေးတစ်တဲအား မြင်ရနိုင်သည်။
သက်လတ်ပိုင်းလူသည် အခိုက်အတန့်လေးတစ်ခုအထဲတွင် ထာဝရနစ်မြောနေသည့်အလား ရေတွင်းကို ငေးမောကြည့်နေ၏။
၎င်းက သာမန်မြင်ကွင်းလေးတစ်ခုသာ ဖြစ်သော်လည်း မန်ဟိုမှာ တုန်ရီသွားလေသည်။ သူ့နားထဲရှိ အသံက သူ၏စိတ်ထဲအထိ ဖောက်ဝင်လာပြီး သူ၏ဝိညာဉ်ကိုဖြတ်၍ ပဲ့တင်ထပ်သွားသည်။
အရာဝတ္ထုများ၊ လူများ၊ အကြောင်းကိစ္စများစွာ သူ တွေးလိုက်မိသည်။
မည်သည့်အချိန်လဲ မသိသော်လည်း အခိုက်အတန့်တစ်ခုတွင် သူသည် လမ်းလျှောက်သွားခဲ့ပြီး ရေတွင်း၏အရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ ၎င်းကို စိုက်ကြည့်နေမိလေပြီ။ ဤနေရာရှိ ရှေးဟောင်းအပျက်အစီးက သူ၏စိတ်စွမ်းအားကို နှောင့်ယှက်၍ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားစေသည့်အလား သူ၏စိတ်မှာ ရှုပ်ထွေးမှု ၊ လွန်ဆွဲနေမှုတို့ဖြင့် ပြည့်နှက်နေသည်။
စိတ်ထဲတွင် သူသည် ဖိအားကို တိုက်ခိုက်နေရပြီး သူ့စိတ်စွမ်းအား၏ ပြင်းအားအပေါ် အခြေခံ၍ လုံးလုံးလျားလျား စိတ်လွတ်မသွားအောင် သူ့ကိုယ်သူ ထိန်းထားလိုက်နိုင်၏။
နှစ်နာရီကြာသော် မန်ဟို့မျက်လုံးထဲရှိ ရှုပ်ထွေးနေမှုတို့ ဖြေးညင်းစွာ ပျောက်ကွယ်သွားပြီး စူးရှတောက်ပသော အလင်းရောင်ဖြင့် အစားထိုးခံလိုက်ရသည်။
"ဘယ်လောက် အံ့ဖွယ်ကောင်းလိုက်တဲ့ တာအိုအရိပ်လဲ" မန်ဟိုက တွေးသည်။ နဖူးမှ ချွေးများ စီးကျနေစဉ် သူက အသက်ပြင်းပြင်းတစ်ချက် ရှူ၍ စောစောက ကြောင်စီစီဖြစ်နေခဲ့မှုကို ပြန်တွေးရင်း ထိတ်လန့်သွား၏။ ဤပတ်ဝန်းကျင်တွင် ကံကြမ္မာကောင်းနှင့် ဉာဏ်အလင်းရနိုင်သည့်အခွင့်အရေးများအစား သေစေနိုင်သော အားတစ်ရပ်ရပ်သာ ရှိနေခဲ့လျှင် မန်ဟို ဒုက္ခအကြီးအကျယ် ရောက်သွားခဲ့ပြီဖြစ်သည်။
"နတ်ဘုရားအာရုံက ငါ့ကို ဒီလို အင်မော်တယ်အပျက်အစီးတွေကို ထပ်တွေ့အောင် ကူညီပေးပြီး ငါ့စိတ်စွမ်းအားက ဖိအားကို ပြန်တိုက်ခိုက်နိုင်စေတယ်။ ဗီဇစိတ်ကတော့ ငါ ဉာဏ်အလင်းရှာတဲ့နေရာမှာ လိုအပ်တဲ့အရာပဲ။ အဲ့ဒါက ... ဖန်တီးနိုင်စွမ်းကို ဖြစ်ပေါ်လာစေတာ"
တခဏ တိတ်ဆိတ်နေပြီးနောက် မန်ဟိုသည် ဆက်လက်၍ တင်ပျဉ်ခွေထိုင်နေရင်း စောစောက မြင်ခဲ့သောအရာများကို ပြန်မြင်ယောင်နေ၏။
"မြင်လိုက်တိုင်း တစ်စုံတစ်ယောက်ကို သတိရစေတဲ့ ပစ္စည်းတစ်ခုရှိရမယ်" သူက သိုလှောင်အိတ်ကို ဖွင့်၍ နတ်ဘုရားအာရုံဖြင့် မွှေနှောက်ရှာလိုက်သည်။ ရုတ်တရက် သူသည် ရပ်ပြီးနောက် အနေရခက်သွား၏။
"အာ...." သူက တခဏ ချီတုချတုံ ဖြစ်သွားပြီးနောက် သိုလှောင်အိတ်ထဲမှ စာရွက်တစ်ပုံတခေါင်း ထုတ်လိုက်လေသည်။
"ဒီ အကြွေးစာချုပ်ကို ကြည့်တိုင်း ထိုက်ယန်ကျစ်ကို တွေးမိတယ်...
"ပြီးတော့ ဒီစာရွက်ကျ ကျီရှောင်ရှောင်ကို သတိရမိတယ်
"ဒီတစ်ရွက်ကတော့ စုန့်လော့တန်
"ပြီးတော့ ဒီဟာက ... လီလင်းအာ။ ဒါက စွန်းဟိုက်။ ဖန်းတုံးအာဆီက အကြွေးစာချုပ်မရခဲ့တာ ဆိုးချက်ပဲ။ ကျီယင်လည်း ရေးမသွားဘူး" စာချုပ်များ လှမ်းကြည့်ပြီးနောက် သူသည် ခပ်ယဲ့ယဲ့ ပြုံး၍ သူ ရရှိခဲ့သည့် ဉာဏ်အလင်းမှာ ရေတွင်းအရှေ့ရှိ သတ်လတ်ပိုင်းလူနှင့် တူပုံမပေါ်ကြောင်း သဘောပေါက်လိုက်သည်။
အဘိုးကြီးက သိသိသာသာပင် မိတ်ဆွေ သို့မဟုတ် သွေးသောက်ညီအစ်ကိုတစ်ယောက်ကို လွမ်းဆွတ်နေပုံရ၏။ မန်ဟို့အတွေ့အကြုံကတော့ ယင်းနှင့်မတူပေ။
မန်ဟိုသည် သက်ပြင်းရင်း အကြွေးစာချုပ်များအား သိုလှောင်အိတ်ထဲ ပြန်ထည့်ကာ ထရပ်လိုက်၏။ အပျက်အစီးများကို နောက်ဆုံးအကြိမ် ကြည့်ပြီးနောက် သူကား အဝေးသို့ ထွက်သွားတော့သည်။
"ဒီနေရာရဲ့ ဉာဏ်အလင်းက ငါနဲ့ ကိုက်မယ်မထင်ဘူး" သူက ခေါင်းခါရင်း တွေးလိုက်သည်။ "ကိုက်ညီရင် မိတ်ဆွေတစ်ယောက်ယောက်ကို သတိရရမယ့်အစား ဘယ်လိုလုပ် အကြွေးစာချုပ်တွေကို တွေးမိလိမ့်မှာတုန်း" သူက အဝေးသို့ ထွက်သွားသောအလင်းတန်းအသွင် ပြောင်းသွားလေသည်။
မှန်ပါသည်၊ သူ၏နတ်ဘုရားအာရုံကို အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းက အထောက်အပံ့ပြုပေးထားခြင်းဖြစ်သည့်အတွက် အခြားအပျက်အစီးများကို လျင်မြန်စွာ ရှာတွေ့သွားပြီး ထိုအရပ်မျက်နှာဘက်သို့ ပျံသန်းသွား၏။
သူ တွေ့လိုက်ရသည့်အရာမှာ ရေခမ်းနေသော မြစ်ဟောင်းတစ်စင်းပင်။
မြစ်ကြမ်းပြင်သာ ကျန်ရစ်ခဲ့ပြီး မန်ဟိုအနားကပ်လာလျှင် ဖိအားက နောက်တစ်ကြိမ် ဖြာထွက်လာပြန်သည်။ ဤတစ်ခေါက်တွင် ဖိအားမှတစ်ပါး မည်သည့်အသံမှမရှိပေ။ ဖိအားသည် ရေတွင်းမှာတုန်းက ခံစားခဲ့ရသည်ထက် အားကောင်း၏။
သူက မြစ်ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်ပြီးနောက် ဖိအားနှင့် တစ်နာရီခန့် လုံးထွေးသတ်ပုတ်လိုက်သည်။ ပုံမှန်အခြေအနေပြန်ရောက်သောအခါ သူ့မှာ ဟောဟဲလှိုက်နေပြီး သူ့နဖူးမှ ချွေးများစွာ စီးကျလာသည်။
"ဒီလိုအပျက်အစီး ၉၉ ခုအပြင် အင်မော်တယ်စံအိမ်တစ်လုံးလည်း ရှိတယ်ဆိုရင် ဉာဏ်အလင်းများများရလေ၊ ငါ့နတ်ဘုရားစွမ်းရည် ဖန်တီးတဲ့အခါ ရလဒ်ပိုကောင်းမွန်လေလေ ဖြစ်မှာပဲ
"ဒါပေမဲ့ ... ဒုတိယအပျက်အစီးမှာတင် အင်မတန် ခက်နေပြီ။ တခြားသူတွေ အပျက်အစီးဘယ်နှခုလောက်မှ ဉာဏ်အလင်းရပြီလဲ မသိဘူး" မန်ဟိုက မျက်မှောင်ကြုတ်၍ မြစ်ကြမ်းပြင်ကို ကြည့်လိုက်သည်။ သူသည် စိတ်စွမ်းအားဖြင့် ဖိအားကို တန်ပြန်တိုက်ခိုက်ရင်း ထင်ရှားသော မြင်ကွင်းကို ပုံဖော်နေ၏။
ကောင်းကင်ထက်သို့ စီးဆင်းနေသော ရေများနှင့် အကန့်အသတ်မရှိသော လှိုင်းများကို မြင်လိုက်ရသည်။ ဤမြစ်သည် ကောင်းကင်နှင့်မြေကြီးအား ကိုင်လှုပ်နိုင်သယောင်ပင်။ ၎င်း အပေါ်သို့ စီးဆင်းနေစဉ် ၎င်းက ကောင်းကင်၌ အကွဲကြောင်းကြီးတစ်ကြောင်း ကွဲထွက်နေစေသည်။
"ငါ ဒီမြစ်ကို နားလည်နိုင်ရင်" သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "ရေအလျဉ်နဲ့ပတ်သက်တဲ့ နတ်ဘုရားစွမ်းရည်တစ်မျိုး ဖန်တီးနိုင်မှာ လောင်းရဲတယ်။ ထုတ်လွှတ်လိုက်တဲ့အခါ နတ်မြစ်တစ်စင်းက ငါ့ကို လွှမ်းခြုံရင်း ပေါ်လာပြီး အရာအားလုံးကို လွှမ်းခြုံသွားလိမ့်မယ်" ဤအခြင်းအရာကို တွေးပြီးနောက် သူသည် ထိုကဲ့သို့နတ်ဘုရားစွမ်းရည်မျိုးက သေချာပေါက် အစွမ်းထက်လိမ့်မည်ဟု ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ဉာဏ်အလင်းရဖို့ ကြိုးစားရင်း တင်ပျဉ်ခွေဆက်ထိုင်လိုက်သည်။
သို့သော် ခြောက်နာရီကြာသော် သူသည် မချင့်မရဲဖြစ်လျက် မျက်လုံးများဖွင့်လိုက်သည်။ ထိုအချိန်အတွင်း သူ့မှာ အတွေးများကိုပင် အစဉ်တကျဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။
"ငါ မြစ်ကို ကြည့်ရင် နတ်ဘုရားစွမ်းရည်နဲ့ပတ်သက်ပြီး ဉာဏ်အလင်းရမှာ သိပေမယ့် တာ့ချင်းတောင်အောက်က မြစ်မှာ စာရွက်တစ်စထည့်ထားတဲ့ ဘူးသီးခြောက် မျှောခဲ့တာကို မတွေးဘဲ မနေနိုင်ဘူး" သူက ခေါင်းကို တဗြင်းဗြင်း ကုတ်ရင်း သူ၏ရည်မှန်းချက်အကြီးကြီးကို ထိုစာရွက်အပေါ်တွင် ရေးခဲ့ပြီး ယခုထက်ထိ ထိုရည်မှန်းချက်မအောင်မြင်သေးကြောင်း သတိရလိုက်သည်။ သူ့မှာ သက်ပြင်းမချမိဘဲ မနေတော့ပေ။
"ဒီနေရာကလည်း ငါနဲ့ မကိုက်ဘူးထင်တယ်" သူက တွေးရင်း ထရပ်ကာ အပျက်အစီးများ ထပ်ရှာဖို့ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြန်သည်။
ထိုစဉ် နဝမတောင်နှင့်ပင်လယ်ရှိ လူတိုင်းမှာ အနုသုခုမရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် တာအိုရှာဖွေခြင်းရှေးဟောင်းလမ်းများအပေါ်တွင် ဖြစ်ပေါ်နေသောမြင်ကွင်းအမျိုးမျိုးကို စောင့်ကြည့်နေကြသည်။ မှန်ပါသည်၊ အရာအားလုံး အတော်လေး ဝေဝါးနေ၏။ ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများပင်လျှင် မည်သည်တို့ဖြစ်ပျက်နေသလဲ သဲသဲကွဲကွဲ မမြင်ရပေ။
အင်မော်တယ်အပျက်အစီးများမှာ မယုံကြည်နိုင်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်မဟုတ်ပါလော။ ပြိုင်ပွဲဝင်များ သူတို့၏နောက်ဆုံး နတ်ဘုရားစွမ်းရည်ကို မဖန်တီးနိုင်မချင်း အပြင်လောကရှိ လူများသည် ဖြစ်ပျက်နေသောအရာကို မြင်နိုင်မည်မဟုတ်ပေ။
သို့သော် ပရိသတ်များသည် ရှေးဟောင်းလမ်းသုံးလမ်းကိုတော့ မြင်ရပြီး ပြိုင်ပွဲဝင်အားလုံး အပျက်အစီးများမှ ဉာဏ်အလင်းရဖို့ ကြိုးစားနေကြောင်း သိကြ၏။
ကြယ်တာရာကောင်းကင်နန်းတော်ထက်တွင် ခေါင်းဆောင်ကြီးများသည် မှန်သားပြင်ပေါ်ရှိ မြင်ကွင်းများနှင့်ပတ်သက်၍ ဆွေးနွေးနေကြသည်။
"ပြိုင်ပွဲဝင်အများစုက သူတို့ရဲ့ ပထမဆုံးအင်မော်တယ်အပျက်အစီးကို လေ့လာရာမှာ ဈာန်ဝင်စားနေသေးတဲ့ပုံပဲ။ အများဆုံးလေ့လာနိုင်တဲ့သူ ဘယ်လိုဉာဏ်အလင်းမျိုး ရသွားမလဲ သိချင်မိတယ်"
"အင်း အဲ့ဒါ ဘယ်သူပဲဖြစ်ဖြစ် သေချာပေါက် လက်ဖျားခါလောက်အောင် အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်လိမ့်မယ်။ အဲ့ဒီလောက်ကတော့ သေချာတယ်"
"ဟုတ်တယ် နဝမပင်လယ်နတ်လောကက ဆရာဖန်းဆိုရင် အင်မော်တယ်အပျက်အစီး ၉၁ ခု ကနေ ဉာဏ်အလင်းရခဲ့တာ။ အဲ့ဒီလိုကနေ ပြိုင်ဘက်ကင်းတဲ့ သေမျိုးပင်လယ် အင်မော်တယ်ဖြစ်လေကို ဖန်တီးနိုင်သွားတာပဲ။ အဆုံးသတ်မှာ သူက ကျောက်တိုင် ၁၉ တိုင် ရခဲ့တယ်လေ"
"နတ်ဘုရားစွမ်းရည်တွေ ဖန်တီးတာက လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အများကြီးသက်ဆိုင်တယ်။ ကြီးမြတ်ပြီး ခမ်းနားတဲ့လူတွေဟာ သူတို့ပင်ကိုယ်စရိုက်နဲ့ ကိုက်ညီတဲ့ နတ်ဘုရားစွမ်းရည်တွေကို ဖန်တီးနိုင်ပြီး အမြင်ကျဉ်းတဲ့လူတချို့ကျပြန်တော့ တစ်ဖက်စွန်းရောက်တဲ့ နတ်ဘုရားစွမ်းရည်တွေကို ဖန်တီးလေ့ရှိတယ်။ လူအမျိုးမျိုး နတ်ဘုရားစွမ်းရည်အထွေထွေပေါ့ဗျာ"
ဤအခိုက်အတန့်တွင် အမွှေးနံ့သာအစည်းအရုံးမှ ခေါင်းဆောင်ကြီးက ရုတ်တရက် မန်ဟို၏မှန်သားပြင်ကို လှမ်းကြည့်လိုက်သည်။ "ဟမ် ဖန်မုက အင်မော်တယ်အပျက်အစီးနှစ်ခုကနေ ဉာဏ်အလင်းရပြီးသွားပြီတဲ့လား"
အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟို့မှန်သားပြင်အပေါ်တွင် တောက်ပနေသော အစက်နှစ်စက်အား မြင်ရနိုင်လေသည်။
ထိုစဉ် အနုသုခုမရုပ်ခန္ဓာ ရှေးဟောင်းလမ်းအပေါ်တွင် ဖက်တီးသည် သစ်သားပုံတစ်ပုံဘေးတွင် ကြောင်စီစီ ထိုင်နေ၏။ သစ်သားပုံမှာ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား ရှေးကျပြီး မီတာသုံးရာကျော်မြင့်လေသည်။
သစ်သားပုံ၏ထိပ်တွင် မှော်မှိုပွင့်တစ်ပွင့် ရှိသည်။
မှော်မှိုပွင့်သည် ခရမ်းရောင်အတိပြီးလျက် ကြိတ်ဆုံကျောက်ပုံသဏ္ဌာန်ရှိပြီး သင်းပျံ့သော မွှေးရနံ့ကို ထုတ်လွှတ်နေ၏။ ဖက်တီးက တံတွေးမြိုချလိုက်ပြီး မျက်လုံးများ တောက်ပလာလေသည်။
"အဲဒီကောင်က ရတနာပဲ... အနံ့ခံလိုက်ရုံနဲ့ နတ်ပစ္စည်းလား၊ လောကဓာတ်ရတနာလား ပြောနိုင်တယ်" သူက သိုလှောင်အိတ်ထဲမှ ဓားပျံတစ်လက်ထုတ်၍ မှော်မှိုပွင့်ဆီ စေစားလိုက်သည်။ ၎င်းအနားရောက်လျှင် ဓားမှာ တုန်ခါသွားပြီး ထန်ခနဲ မြည်ကာ ပြန်ကန်ထွက်လာသည်။ မှိုကား တုပ်တုပ်မှမလှုပ်။
ဖက်တီး၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပနေပြီး သူက မှော်ပစ္စည်းတချို့ ထပ်ထုတ်ကာ သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် အားပါပါ တွန်းထုတ်လိုက်သည်။ တစ်နာရီကြာသည့်တိုင် သူ့မှာ မှို၏အရေပြားကိုပင် မဖောက်နိုင်သေးပေ။
"မယုံနိုင်ဘူး" သူက ခုန်ရင်း ပြောသည်။ သူသည် အံတင်းတင်းကြိတ်ရင်း မှော်မှိုကြီးဆီသို့ ပျံတက်သွားပြီး ပါးစပ်ကြီးဖြဲကာ ကိုက်ချလိုက်၏။
ကိုက်ချလိုက်သောအခါတွင် သူ့မှာ နာကျင်စွာ မအော်မိဘဲ မနေပဲ နောက်လွင့်ထွက်သွားတော့သည်။ သူ့မျက်လုံးထဲတွင် ကြယ်လများမြင်သွားပြီး သူ့သွားများမှာလည်း ကျိုးကြေတော့မည့်အလားပင်။ မျက်ရည်များက သူ၏ပါးပြင်တစ်လျှောက် စီးကျနေပြီး သူ့အမူအရာမှာ ဇီယွင်ဂိုဏ်းမှာတုန်းက မန်ဟို သူ့ကို အထူးဆေးလုံးအား စားခိုင်းခဲ့စဥ်တုန်းက အမူအရာအတိုင်းပင်။
"ငါ လက်မလျှော့ဘူး" သူက ဟိန်းဟောက်ရင်း ထပ်မံပျံတက်ပြီး ကျင့်ကြံခြင်းအခြေခံမှ ထုတ်နိုင်သမျှစွမ်းအားအလုံးစုံကို ဆင့်ခေါ်ပြီး သူ၏ သွားထဲ ထည့်လိုက်သည်။ သူကား မှော်မှိုအား နောက်တစ်ကြိမ် ကိုက်ချလိုက်ပြန်သည်။
နာကျင်မှုက လွှမ်းခြုံသွားသော်လည်း ဖက်တီးက တောင့်ခံပြီး စွမ်းအင်များ ဟုန်းဟုန်းတောက်လာသည်။
"ဘိုးဘိုးဖက်တီး မကိုက်နိုင်တာမရှိဘူး" သူက မျက်လုံးနီနီကြီးများဖြင့် အော်ပြီး ပို၍ပင် ရက်ရက်စက်စက် ကိုက်ချလိုက်သည်။ မည်သူမျှ ဖြစ်ပျက်နေသောအရာကို မမြင်၍ တော်သေးသည်။ မဟုတ်လျှင် ဆွံ့အသွားကြလိမ့်မည်သာ။
တစ်ယောက်ယောက်သာ ဤမြင်ကွင်းကို ဆေးခြယ်လျှင် သွားများဖြင့် မှိုကို ကိုက်ဖဲ့နေသော ခွေးကြီးသဖွယ် ဖက်တီးကို ဖော်ပြလိမ့်မည်။
တစ်နာရီကြာသည်အထိ ထပ်ခါတလဲလဲ ကိုက်ပြီးနောက် ဖက်တီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက်ဆုံး မှော်မှိုမှ အစလေးတစ်စကို ကိုက်ဖဲ့နိုင်လိုက်လေသည်။
သူသည် မျက်ထောင့်နီကြီးများဖြင့် မှော်မှိုကို ဒေါသတကြီး ဝါးပြီး မြိုချလိုက်၏။ သူ ဆက်လက်အားထုတ်တော့မည့်အချိန် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး နောက်ပြန်လဲကျကာ သတိလစ်သွားတော့သည်။
နှစ်နာရီကြာ မလှုပ်မယှက် လဲနေပြီးနောက်မှ သူသည် မျက်လုံးများ ဖွင့်လိုက်ပြီး ကြောင်စီစီဖြစ်နေ၏။
"ဘယ်လောက်ခမ်းနားတဲ့ အိပ်မက်လဲ" သူက တွေးသည်။ "နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးနေတဲ့ ငါ့ကိုယ်ငါ မြင်ခဲ့ရတယ်..." တခဏကြာသော် သူ၏မျက်လုံးများသည် တောက်ပလာပြီး မှော်မှိုအား နောက်တစ်ကြိမ် ကိုက်ဖဲ့၍မရမချင်း ဖဲ့ပြီးနောက် သတိလစ်သွားပြန်သည်။
ဤသို့ဖြင့် သံသရာလည်နေပြီး ဖက်တီးကိုယ်တိုင်ပင် မည်မျှကြာသွားပြီလဲ မသိတော့ပေ။ နောက်ဆုံးတော့ သူသည် မှော်မှို၏ တစ်ဝက်ခန့် စားလိုက်နိုင်၏။
ထပ်မံ၍ အနုသုခုမရုပ်ခန္ဓာရှေးဟောင်းလမ်းအပေါ်တွင် ချန်ဖန်းသည် ဧရာမကျောက်ဆောင်ကြီး၏ အရှေ့၌ တိတ်ဆိတ်စွာ ရပ်နေ၏။ စုတ်တံတစ်ချောင်းအား သူ့လက်ထဲတွင် မြင်ရနိုင်ပြီး သူကား စိတ်ကူးထဲတွင် နစ်မြောနေသည့်အလား ကြောင်စီစီဖြစ်နေသည်။ နောက်ဆုံးတော့ သူက လက်ဆန့်ထုတ်၍ အမျိုးသမီးတစ်ဦး၏ ပုံရိပ်တစ်ခုကို ရေးဆွဲလိုက်သည်။
၎င်းကား သူ၏ ချစ်ဇနီး၊ ရှန်လင်းမှတစ်ပါး အခြားမဟုတ်ပေ။
"ငါ့စိတ်ဝိညာဉ်ဟာ မှောင်မိုက်အုံ့ဆိုင်းနေတယ်" သူက ရေရွတ်လိုက်သည်။ "ဒါပေမဲ့ အချစ်ကိုတော့ တစ်ဘဝလုံး ဘယ်တော့မှ မမေ့ဘူး"
နောက်တစ်နေရာတွင် ဝမ်ယိုချိုင်ရှိသည်။ သူ၏အရှေ့၌ကား အလွန်အမင်းရှေးကျပုံရသော ဧရာမကြေးမုံကြီးတစ်ချပ်။ သူက ကြေးမုံထဲရှိ သူ၏ပုံရိပ်ကို စိုက်ကြည့်ရင်း တင်ပျဉ်ခွေထိုင်နေလေသည်။
တစ်ခါတရံ တွေဝေငေးကြောင်သွားတတ်လိုက်၊ တစ်ခါတလေ ဉာဏ်အလင်းသွားသောအမူအရာပြောင်းသွားလိုက် ဖြစ်နေသည့် ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခုကို သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။ သူ ထိုင်နေသည်မှာ ကြာလှလေပြီ။
သူက ခပ်ဩဩ အသံဖြင့် ပြောသည်။ "လောကကြီးကို ကြည့်တဲ့အခါ၊ ကောင်းကင်နဲ့မြေကြီးကို ကြည့်တဲ့အခါ ၊ ငါ အနာဂတ်ကို မြင်တယ်၊ အတိတ်ကို မြင်တယ်... ဒါပေမဲ့ ငါ့ရဲ့ ဒီမျက်လုံးတွေက အဲဒီထက်ပိုမြင်နိုင်တာ ငါ သိတယ်" သူကား ရူးတော့မည့်ပုံပင်။
ထိုနှစ် မန်ဟို၊ တုန်းဟူနှင့် ဝမ်ယိုချိုင်တို့ မှီခိုရာဂိုဏ်းသို့ ဝင်ရောက်ခဲ့စဉ်က မန်ဟို့ကို အကင်းပါးသူ၊ တုန်းဟူကို အလေးအနက်ထားတတ်သူ၊ ဝမ်ယိုချုင်ကို ခေါင်းမာသူအဖြစ် သတ်မှတ်နိုင်လေသည်။
***