ကမ်းခြေပွဲ စတင်ခြင်း
Vol. 32 Ch. 435
အခန်း (၄၃၅) : ကမ်းခြေပွဲ စတင်ခြင်း
လင်းဖန်က အသင်္ချေအင်ပါယာကမ္ဘာသို့ ပြန်ရောက်လာလာချင်း သိုသိုသိပ်သိပ် မနေခဲ့ပေ။ ထိုစစ်ဆေးမှုက သူ့တာအိုနှလုံးသားအား အပြင်းအထန် လေ့ကျင့်ပေးထားခဲ့သော်လည်း သူ့သဘောထားတချို့ကမူ မပြောင်းလဲသေးပေ။ ထို့ကြောင့် သူက သူ ရရှိလာသည့် ကြမ္မာပမာဏအမြောက်အများကို ပြသလိုက်လေသည်။ ထိုစစ်ဆေးမှုမှ အဆုံးမဲ့ကမ္ဘာအတွင်း ထာဝရဧကရာဇ်တချို့ ဖန်တီးနိုင်သည့် အကြောင်းအရင်းတစ်ချက်မှာ ကြမ္မာစွမ်းအားကြောင့် ဖြစ်၏။
ကောင်းကင်ရွေးချယ်ခံအားလုံးက မွေးဖွားလာပြီးပြီးချင်း သေချာသည့် ကြမ္မာမျိုး ပိုင်ဆိုင်ထားကြသည်။ တစ်ယောက်နှင့် တစ်ယောက်ယှဉ်ပြိုင်ရင်း သူတို့က သူတို့၏ ကြမ္မာကို တိုးမြှင့်ဖို့ တခြားသူဆီမှ လုယူနိုင်သည်။ တိထျန်းက ဝမ်ဝေ့ကို လုပ်ခဲ့သလိုမျိုး ဖြစ်၏။
ပုံမှန်အားဖြင့် ကြမ္မာသည် ကံကောင်းမှုကို တိုးမြှင့်ပေးပြီး လူတစ်ယောက်၏ ကျင့်ကြံရေးလမ်းစဉ်ကို ချောမွေ့စေရုံမျှဖြစ်၍ အရမ်းအရေးမကြီးပေ။ သို့သော်လည်း ထာဝရဧကရာဇ် ပေါ်ထွက်လာနိုင်သည့် ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလမျိုးတွင် ကြမ္မာများများရှိလေလေ ထာဝရဧကရာဇ်ဖြစ်ဖို့ရာ အခွင့်အလမ်း ပိုမိုများပြားလာလေလေ ဖြစ်၏။
လင်းဖန်၏ အဖြစ်အပျက်ကမူ ထူးခြားလှသည်။ သတ်ဖြတ်ရေးစစ်ဆေးမှု တစ်လျှောက်လုံး သူက တခြားကောင်းကင်အလိုဆန္ဒကမ္ဘာမှ ကောင်းကင်ရွေးချယ်ခံများ၏ ကြမ္မာကို စုစည်းခဲ့သည်။ ဆိုလိုသည်မှာ ဤသည်က ဉာဏ်ရှိသည့်အပြုအမူ ဖြစ်၏။ သူက ထာဝရဧကရာဇ်ဖြစ်လာနိုင်သည့် အခွင့်အရေးအများဆုံး လူ ဖြစ်လာလေပြီ။
သူ အသင်္ချေအင်ပါယာကမ္ဘာသို့ ပေါ်ထွက်လာသည်နှင့် ကံကောင်းမှုစွမ်းအား အဆင့်တစ်ခု ရှိထားသည့်သူအားလုံးက သူ့တည်ရှိမှုကို ခံစားမိကြလိမ့်မည်။
လင်းဖန်က သူ စစ်ဆေးပွဲသို့ ထွက်သွားခဲ့စဉ်အခါက လျှို့ဝှက်ခန်းတွင် ရှိနေဆဲဖြစ်နေသည်ကို မြင်ကာ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး သူ့မျက်နှာအထက် အနည်းငယ် အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာသည်။ ကျောင်းတော်၏ အစီအရင်ဖြင့် သူက အထဲမှ ရောက်လာသည်ဖြစ်သည့်အတွက် ကူးသန်းပို့ဆောင်ရေးအစီအစဉ် သို့မဟုတ် အာကာပြင် ကူးပြောင်းမှုတို့ကို တားမြစ်ထားလိမ့်မည်။
သို့သော်လည်း ထိုအရာများက ယခုမူ သက်ရောက်မှု မရှိကြောင်း သက်သေပြသွားလေသည်။ လင်းဖန်က အနည်းငယ် သက်ပြင်းချကာ စစ်ဆေးမှု၏ စွမ်းအားကို ပိုမိုသိလာသည်။
သူ ထိုနေရာတွင် နေထိုင်စဉ်အတွင်း ပါဝင်ယှဉ်ပြိုင်သူအတွက် အရင်းအမြစ်တချို့က ကျောင်းတော်တွင် ရရှိနိုင်သည့်အရာ မဟုတ်ကြောင်း သဘောပေါက်လာခဲ့သည်။
“ ဟမ်” လင်းဖန်က တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် တည်နေရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။ သူက အဝေးတစ်နေရာမှ တစ်ယောက်ယောက်သည် သူ့အား စောင့်ကြည့်နေသည်ကို ခံစားမိလေ၏။
“ ကံကြိုးမျှင်လား” သူက လက်ဝှေ့လိုက်ပြီး သူ့အား စောင့်ကြည့်နေသည့် လူအား ရှာဖွေလိုက်သည်။ လင်းဖန်၏ မျက်ဝန်းအတွင်း သင်္ကေတများဖြင့် ပြုလုပ်ထားသည့် ကြိုးများ ပေါ်ထွက်လာကာ ထိုလူအား နောက်ယောင်ခံလိုက်၏။
“ အမွေခံသားတော် ဝမ်ဝေ့ … မင်းကိုး” လင်းဖန်က ခဲဖြူရောင်ဆံပင်နှင့် မျက်ဝန်းနှင့် လူငယ်အား ကြည့်ရင်း ပြောလိုက်သည်။
“ စည်းမျဉ်းပုံဖော်မှုလား” ဝမ်ဝေ့က ထိုလူ၏ မျက်ဝန်းမှ ကြိုးများကို မြင်ကာ ပြန်ပြောလိုက်သည် “ မင်းက အထွတ်အထိပ် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တောင် ရောက်နေပြီပဲ။ ကြည့်ရတာ သတ်ဖြတ်ရေးစစ်ဆေးမှုက ငါ သိထားတာထက် ပိုပြီးတော့ အဖိုးတန်နေတာပဲ”
လင်းဖန်က သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့နှစ်ဦးကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။
သူက သတ်ဖြတ်ရေးစစ်ဆေးမှုအကြောင်းကို ဘယ်လိုလုပ်သိနေတာလဲ
ဒါက သူနှင့် သူ့ဇနီး ရှုရှစ်နှင့် ကျောင်းတော်မှ လူတချို့သာ သိထားသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပေသည်။ သူက ထိုလူများသည် သူ၏ သတင်းအချက်အလက်ကို ပေါက်ကြားစေမည်မဟုတ်ကြောင်း သိလေ၏။
ထို့နောက် သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ လင်းဖန်က အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားမှုကို ထိန်းလိုက်သည်။ သူက ထိုစစ်ဆေးမှုအတွင်း သူ့ပြိုင်ဘက်တစ်ဦးဆီမှ ပြောခဲ့သည့်အရာကို အမှတ်ရနေသေးသည်။
“ ဒီစစ်ဆေးမှုရဲ့ နောက်ဆုံးအနိုင်ရရှိတဲ့သူဖြစ်လာဖို့ အဓိပ္ပာယ်ရှိတယ်များ ထင်နေလား။ ငါတို့ကမ္ဘာတွေမှာ တကယ့်မကောင်းဆိုးဝါးတွေက ထွက်မလာသေးဘူး။ ငါတို့အများစုက အိမ်ပြန်ရောက်တာနဲ့ သားကောင်က လွဲပြီး ဘာမှမဟုတ်ဘူး”
လင်းဖန်က သူ့ပြိုင်ဘက်သည် သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှုရှိစေဖို့ ပြောခဲ့ကြောင်း သိထားလေသည်။ သို့သော်လည်း ထိုလူ၏ စကားများတွင် အမှန်တရားတချို့ ကိန်းအောင်းနေနိုင်၏။ ထို့ကြောင့် သတိထားသည်က ပြဿနာ မဟုတ်ပေ။
ထိုအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက သူ့စံအိမ်မှ ထွက်လာပြီးနောက် တည်ငြိမ်အေးဆေးသည့်သဘာဝမျိုး ပြန်လည်ရရှိသွားသည်။
………………………
ယုမျိုးနွယ် နယ်မြေ၊ ဝေဟင်ထဲ
“ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက လင်းဖန်သည် သူ့ထက် အဆင့်တစ်ဆင့် မြင့်နေသည်ကို မအံ့ဩမိပေ။ သူ့အတွက် အနည်းငယ် အံ့အားသင့်သွားစေသည်က ထိုလူသည် ကံစည်းမျဉ်းကို နည်းနည်း နားလည်နေ၍ ဖြစ်သည်။
ထို့နောက် သူ့စိတ်ထဲ စိတ်ဝင်စားစရာကောင်းသည့် အတွေးတစ်ခု ပေါ်ထွက်လာပြီး စံအိမ်သို့ ပြန်ကာ စီစဉ်လိုက်သည်။ သူက သူ့ဇနီးကိုပင် အကူအညီ တောင်းခဲ့သေးသည်။
တစ်လကြာမြင့်ပြီးသည့်နောက်တွင်
အရှေ့ပိုင်းနဂါးပြာကုန်းမြေ၊ ကောင်းကင်ဆန္ဒနယ်မြေ၊ ယင်စန္ဒာနန်းဆောင်
ယင်စန္ဒာ သူတော်စင်မက သူမရှေ့မှ လူအား ကြည့်ကာ မေးလိုက်၏ “ ငါက တာအိုအခွင့်အလမ်းဂိုဏ်းကို ဘာလို့သွားရမှာလဲ”
“ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ငယ်လေးက နန်းဆောင် သူတော်စင်မနဲ့ သူတော်စင်မငယ်လေးကို ဖိတ်ကြားခိုင်းလိုက်လို့ပါ”
“ အဲလိုလား” ထို့နောက် သူမက တပည့်ဖြစ်သူအား ဆက်သွယ်ကာ ခေါ်လိုက်သည်။ ထို့နောက် ဆက်သားက သူတို့အား ကတ်တစ်ကတ် ထုတ်ပေးလာသည်။
စုယာက နားမလည်နိုင်သည့် အမူအရာမျိုးဖြင့် ဖွင့်ကာ ဖတ်ကြည့်လိုက်၏။
“ ချစ်ခင်ရပါသော မိန်းကလေးစုယာ …
နောက်သုံးရက်နေရင် ကျင်းပမဲ့ ကမ်းခြေပွဲကို တရားဝင်ဖိတ်ကြားချင်ပါတယ်။ တကယ်လို့ ပါဝင်ချင်တယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားဖို့အတွက်ရော၊ ပြီးတော့ တစ်ယောက်တည်းလား ဒါမှမဟုတ် တခြားသူ ပါဦးမှာလားဆိုတာရော ဆက်သားနဲ့အတူတူ အကြောင်းပြန်ပေးပါ”
ကမ်းခြေပွဲတဲ့လား … ဒါက ထောင်ချောက်တစ်မျိုးလား
ထို့နောက် သူမက ကမ်းခြေပွဲအကြောင်း ရှင်းပြထားသည့်စာကို ဆက်လက်ဖတ်ရှုလိုက်သည်။ ထိုပွဲအတွင်း ကောင်းကင်တာအိုကျမ်းသစ္စာပါ ပါဝင်နေလေ၏။ မည်သူကမှ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခွင့် မရှိပေ။
ဒါက သူ့တကယ့် အစီအစဉ်လား။ ငါတို့အားလုံးကို စုဝေးပြီးတော့ တစ်ဖက်လူရဲ့ တိုးတက်နှုန်းနဲ့ ခွန်အားကို စမ်းကြည့်ချင်တာလား။ ကြည့်ရတာ ရဲရဲတင်းတင်း ပြန်လာတဲ့ လင်းဖန်ကို ရည်ညွှန်းနေတာပဲ ဖြစ်ရမယ် …
ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် စုယာက မူလအဆီအနှစ်အား ဖိတ်ကြားချက်ထဲ ထည့်သွင်းလိုက်သည့်အခါ သူမရှေ့တွင် ပုံရိပ်ယောင်ကဲ့သို့ ထူးထူးဆန်းဆန်း အဝတ်အစားများ ပေါ်ထွက်လာသည်။
“ ဒါက သူ ခေါ်တဲ့ ရေကူးဝတ်စုံလား။ မျက်စိရှက်စရာကောင်းလိုက်တာ” သူမက ထိုသို့ပြောလိုက်သော်လည်း သူမနှင့် အလိုက်ဖက်ဆုံးအရာကို ရွေးမိနေဆဲသာ ဖြစ်၏။
ထိုစဉ် ယင်စန္ဒာ သူတော်စင်မကလည်း အတူတူသာ ပြုမူနေသည်။
“ ဒီဝတ်စုံတွေက အရမ်းကို ဖော်လွန်းတယ်။ အရှက်မဲ့တဲ့ အမျိုးသမီးတွေပဲ ဒီလိုဟာကို ဝတ်လိမ့်မယ်”
သို့သော်လည်း သူမက ဝမ်ဝေ့ ပို့ထားသည့် အဝတ်အစားပုံရိပ်များကို မကြည့်ဘဲ မနေနိုင်တော့ပေ။
“ ဒီကမ်းခြေပွဲကို ဘယ်သူတက်ဦးမှာလဲ”
“ ဂိုဏ်းချုပ်ငယ်လေးနဲ့ သူ့မိသားစုပါ။ ပြီးတော့ ဂိုဏ်းက တချို့အကြီးအကဲတွေလည်း ပါပါလိမ့်မယ်”
ဆက်သားအား ယင်စန္ဒာ သူတော်စင်မ ထိုမေးခွန်းကို မေးလာသည့်အခါ အတိအကျ ပြန်ဖြေဖို့ ညွှန်ကြားထားလေသည်။
“ အဲဒါဆို ဝမ်ထျန်းရော တက်မှာလား”
“ ဟုတ်ကဲ့။ ဂိုဏ်းချုပ်လည်း တက်မှာပါ”
“ ဒီလိုဆိုရင် ငါတို့လည်း တက်မယ်။”
ဆက်သားက ဦးညွှတ်ကာ ထွက်သွားလေသည်။
ထိုဖိတ်ကြားချက်ကို လက်ခံရရှိသူက စုယာတစ်ဦးတည်းသာ မဟုတ်ပေ။ လင်းဖန်၊ ဓာတ်ငါးပါးနန်းတော်မှ ကျန်းပိယု၊ ထိုက်ယီနက်နဲမုခ်မှ ဖုန်းဟွမ်၊ ဖန်းလီကျွမ်း၊ ကျန့်ဝူရွှမ်း၊ မိုရှင်းယွင်နှင့် စွင်းကျောင်းလုံ အပြင် တာအိုကာကွယ်ရေးကျောင်းတော်မှ ဖြစ်ပြီး အဆင့် ၇ အဆုံးမဲ့လေဟာနယ်ခန္ဓာ ရရှိထားသည့် ကျန်းရွှမ်လည်း အပါအဝင် ဖြစ်၏။
ဟွမ်ယွမ်နှင့် ဟို့ဖုန်းဟွမ်ကဲ့သို့သော လူများလည်း ပွဲသို့ ဖိတ်ကြားခံရသည်။ ဝမ်ဝေ့က နေမင်းအပေါ်တွင် နေထိုင်သည့် ဧကရာဇ်မျိုးဆက် နှစ်ယောက်ဆီပင် ဖိတ်ကြားချက် ပို့ဆောင်ခဲ့သေးသည်။
အားလုံးက ဖိတ်ကြားချက်ကို လက်ခံရမည်လား၊ လက်မခံရမည်လား စဉ်းစားနေစဉ် ဝမ်ဝေ့ကမူ ထိုပွဲအတွက် ပြင်ဆင်နေလေ၏။ သူ ပထမဆုံးလုပ်ရမည့်အရာက သဲကို ဖန်တီးဖို့ရာ ဖြစ်သည်။
ဖြစ်ချင်တော့ ဤကမ္ဘာသည် ပင်လယ်အနီးအနားတွင် သဲမရှိပေ။ မိုးမြေ၏ စည်းမျဉ်းများက သူ့ကမ္ဘာမြေမှ ကွဲပြားနေသည့်အတွက် သူ့အနေနှင့် သဲကို ပြန်လည်ဖန်တီးရမည် ဖြစ်၏။ ထိုဖြစ်စဉ်က အလွန်လွယ်ကူလှသည်။ အကြောင်းမှာ သဲများက ကျောက်တုံးနှင့် ကုန်းမြေများ အချိန်ကြာလာသည်နှင့်အမျှ ပြိုကွဲသွားခြင်းသာ ဖြစ်ပေသည်။
ထို့အပြင် သူက အလယ်ပိုင်းချီလင်ကုန်းမြေ၏ ကမ်းရိုးတန်းရှိ နယ်မြေတစ်ခုတွင် အစီအရင်တချို့ ထားရှိရဦးမည်။ သူတို့၏ ရည်ရွယ်ချက်က ပင်လယ်မှ နတ်ဆိုးသားရဲများ ပွဲကို မနှောင့်ယှက်စေရန် ဖြစ်၏။
နောက်ဆုံးတွင် သူက အဖျော်ယမကာ ကောင်တာနှင့် အစားအသောက် ကောင်တာများကို တည်ဆောက်ခဲ့ပြီး ရေကူးကန်တချို့နှင့် အနားယူဖို့ရာအတွက် ရေနွေးရေချိုးခန်း တချို့ကိုပင် ပြင်ဆင်ခဲ့သည်။ ကျင့်ကြံသူများအတွက် ချွေးထုတ်ခန်းနှင့် နှိပ်နယ်ပေးသည့် ဝန်ဆောင်မှုမျိုးလည်း ပါဝင်သည်။ ထိုအစိတ်အပိုင်းအတွက်မူ သူက ဂိုဏ်းမှ လူတချို့ကို သင့်တော်အောင် နှိပ်နယ်ပေးဖို့အတွက် လေ့ကျင့်ပေးခဲ့သည်။
လူသားခန္ဓာကိုယ်အပေါ် နားလည်နိုင်စွမ်းအရ သူ ထင်ထားသည်ထက် ပို၍လွယ်ကူနေခဲ့သည်။
ဝမ်ဝေ့က နေရာတစ်ခုလုံးကို ဧည့်သည်များ ပျော်ရွှင်ဖို့အတွက် ရေပန်းဥယျာဉ်အဖြစ် ပြောင်းလဲပစ်လိုသည်။ သို့သော်လည်း ကျင့်ကြံသူများက အလွယ်တကူ ပျံသန်းနိုင်သည်ကို သဘောပြုမိသည့်နောက်တွင် ထိုအရာက တူညီသည့် အတွေ့အကြုံမျိုးရှိမည် မဟုတ်တော့ပေ။ ထို့ကြောင့် သူက ထိုအတွေးကို ဖယ်ရှားလိုက်၏။
ဤသို့ဖြင့် ပွဲကျင်းပမည့် နေ့ရက်သို့ရောက်ရှိလာသည်။
ဝမ်ဝေ့က အနက်ရောင် ဘောင်းဘီတိုနှင့်အတူ ပန်းပွင့်များ ပါဝင်သည့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူက ဟာဝိုင်အီရှပ်ကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။
သူက ပွဲအဝင်ဝတွင် ရပ်နေရင်း ဧည့်သည်များ ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း သူက တည်နေရာတစ်ခုသာ လှမ်းကြည့်နေရင်း အာရုံထွေပြားနေလေ၏။
ထိုအကြောင်းအရင်းအတွက်မူ သူက ရေကူးဝတ်စုံနှင့် ဝူဟုန်အား အကြည့်မလွဲနိုင် ဖြစ်နေမိသည်။