ကမ်းခြေပွဲ အဆုံးသတ်
Vol. 32 Ch. 438
အခန်း (၄၃၈) : ကမ်းခြေပွဲ အဆုံးသတ်
ကောင်းကင်ရွေးချယ်ခံတိုင်းက သဲအမျိုးမျိုး၊ ပုံစံအမျိုးမျိုးပါဝင်သည့် သဲရုပ်များကို ဖန်တီးကြသည်။ အားလုံးပြီးဆုံးသွားသည်နှင့် အကြီးအကဲများက သူတို့၏ နောက်ဆုံးဖန်တီးမှုကို ကြည့်ရှုကြလိမ့်မည်။
လင်းဖန်၏ လက်ရာက ပထမဆုံး ဖြစ်၏။ ထိုအရာက ခြေထောက်အောက်ခြေတွင် ဖျက်ဆီးထားသည့် မြစ်နှင့် စက်ဝန်းတစ်ခုရှိနေပြီး အားပါးတရ ရယ်မောနေသည့် သူ့ပုံစံ ဖြစ်၏။
“ ဟွင်သွမ်းက အထွတ်အထိပ်ဖြစ်ပြီးတော့ ကံကြမ္မာနဲ့ ပြန်လည်ဝင်စားခြင်း တာအိုထက်တောင် ကျော်လွန်နေတယ်” အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်က တာအိုအခွင့်အလမ်းဂိုဏ်းမှ အကြီးအကဲများကို ကြည့်ရင်း ပြောလိုက်သည်။ မျက်လုံးပါသည့်သူတိုင်း ထိုလက်ရာသည် ဝမ်ဝေ့နှင့် တိမျိုးနွယ်၏ ဆက်ခံသူကို လှောင်ရယ်နေမှန်း သိသာသည်။
တခြားလူများက ပြုံးလိုက်ကြစဉ် ဝမ်ချန်ကမူ အေးစက်စက် သရော်လိုက်သည်။
နောက်ထပ်လက်ရာက စုယာအလှည့် ဖြစ်၏။ သူမ၏ သဲရုပ်ထုက သဲပြင်ပေါ်တွင် သွေးထွက်နေသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူမက လက်ကိုမြှောက်ပြီး အကူအညီတောင်းဖို့ ကြိုးစားနေလေသည်။ သူမ မျက်ဝန်းအထက် အကြောက်တရား၊ ဆုံးဖြတ်ချက် ပြတ်သားမှုကို အသက်ရှင်လိုသည့်ဆန္ဒနှင့်အတူ ပူးတွဲတွေ့နိုင်သည်။
“ အသက်ရှင်သန်လိုတဲ့ ဆန္ဒပဲ။ သက်ရှိတွေအားလုံးရဲ့ ဝိညာဉ်တွေတိုင်းမှာ ကိန်းအောင်းနေတဲ့ အသိစိတ်တစ်ခုပဲ။ တကယ်ကို တော်တယ်”
ကျန့်ဝူရွှမ်း၏ လက်ရာကမူ ဓားတစ်ချောင်း ဖြစ်၏။ သို့သော်လည်း ပြီးပြည့်စုံစွာ ဖန်တီးထားသည်။ ဓား၏ အသိစိတ်က လူတိုင်းအား သဲနှင့် ပြုလုပ်ထားတာအမှန်လားဟု မေးခွန်းထုတ်လာစေသည်။ ထိုဓား၏ ထူးဆန်းနေသည့်အချက်မှာ အနီးကပ်ကြည့်သည့်အခါ ဓားထောင်ချီကို မြင်တွေ့ရလေသည်။
မဟုတ်သေးဘူး။ အဲ့ထက်ပိုတယ်…
ထိုအရာထဲတွင် အဆုံးမဲ့အရေအတွက်များ ကိန်းအောင်းနေဟန်ပေါ်၏။ စက္ကန့်ပိုင်းအတွင်း ဓားများက အဆုံးမဲ့ဓားပမာဏကို ဖန်တီးထားပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသလို ဖြစ်နေသည်။
“ အဆုံးမဲ့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတာပဲ” ယုယုန်က ပြောလိုက်သည် “ ဒီကောင်လေးရဲ့ ဓားတာအိုက မင်းအဆင့်ကို ရောက်တော့မယ်တူတယ်”
ဝမ်ထျန်းက ပြုံးရုံမျှပြုံးပြီး ဘာမှပြန်မပြောပေ။ သို့သော်လည်း သူက ထိုအရာကို သဘောမတူပေ။ ကျန့်ဝူရွှမ်း၏ ဓားတာအိုက ထင်ရသလောက် မသန့်စင်ကြောင်း ပြောနိုင်လေသည်။ အဆုံးမဲ့တာအိုကို ထိန်းချုပ်ဖို့ ဓားကိုအသုံးပြုမည့်အစား ဓားကို ထိန်းချုပ်ဖို့ အဆုံးမဲ့တာအိုကို အသုံးပြုထားသည်။
ထိုစဉ် ကျန့်ဝူရွှမ်း၏ ဆရာဖြစ်သူ ကျန့်ယီကလည်း သူ့တပည့်သည် ဓားဆန္ဒနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း သဘောပေါက်လိုက်သည်။ သို့သော်လည်း သူက ပြဿနာအတိအကျကိုမူ မသိပေ။ ထို့ကြောင့် သူက ဂိုဏ်းပြန်ရောက်သည်နှင့် ဘိုးဘေးဆီ စစ်ဆေးခိုင်းဖို့ ဆုံးဖြတ်ခဲ့သည်။
စွင်းကျောင်းလုံက လူနှစ်ယောက် တိုက်ခိုက်နေသည်ကို ရေးထွင်းထားသည်။ ပြောရလျှင်တစ်ယောက်က မတ်တပ်ရပ်နေပြီး ကျန်တစ်ယောက်က ဒူးထောက်လျက် ရင်ဘတ်ကို ဖိထားလေသည်။
သို့သော်လည်း ထိုအမျိုးသား၏ မျက်နှာအထက်တွင် ထူးခြားလှဖွယ် အမူအရာမျိုး ရှိနေ၏။ အနီးကပ်စစ်ဆေးကြည့်ပါက မတ်တပ်ရပ်နေသူ၏ လည်ပင်းတွင် အပေါက်တစ်ခု ရှိနေသည်။
ဒူးထောက်နေသည့် အမျိုးသားအတွက်မူ ဓားက သူ့ရင်ဘတ်ထဲ ထိုးစိုက်သွားသော်လည်း နှလုံးသားကို ထိုးစိုက်မိဖို့ မီလီမီတာ အနည်းငယ်မျှ ကွာဝေးနေလေသည်။ စွင်းကျောင်းလုံက ထိုအရာကို စိတ်လိုလက်ရ သေချာထုထွင်းထားခြင်း ဖြစ်၏။
“ ကြည့်ရတာ သူက ပင်မတာအိုကို ပြောင်းလဲလိုက်ပုံပဲ”
“ ဟုတ်တယ်။ ကျောင်းတော်မှာတုန်းက သူက ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းနေခဲ့တာ။ အခုတော့ သူက ကံကောင်းမှုလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ပုံပဲ”
“ သူ့ဆီမှာ လူသားကံကြမ္မာဓား ရှိတယ်ဆိုတော့ ဖြစ်သင့်ပါတယ်လေ”
ထိုဓားအကြောင်း ကောဟလာလများထွက်လာပြီးသည့်နောက်တွင် အကြီးအကဲများက စိတ်လှုပ်ရှားလာကြသည်။ ထိုဓားက အလွန်အရေးပါလှသည်။ အထူးသဖြင့် မဟာချင်တိုင်းပြည် ရတနာသိုလှောင်ခန်းအတွက် သော့ ဖြစ်နေနိုင်သည်။ အသင်္ချေအင်ပါယာကမ္ဘာကို အုပ်စိုးဖူးသည့် တစ်ခုတည်းသော တိုင်းပြည်အနေဖြင့် လူများစွာက အထဲတွင် ဘာရှိနေမည်ကို တွေးမကြည့်နိုင်ကြပေ။ ထို့အပြင် လူသားဧကရာဇ် ချန်ထားခဲ့သည့် အမွေအနှစ်များကို ရရှိနိုင်ချေလည်း ရှိနေသည်။
ထို့ကြောင့် လူများစွာက ထိုဓားကို သွားရည်ကျနေခဲ့ကြသည်။ စွင်းကျောင်းလုံနှင့် မဟာဝူ ထိန်းသိမ်းထားနိုင်သည့် အကြောင်းအရင်းနှစ်ချက်သာ ရှိ၏။ ပထမတစ်ခုက စွင်းကျောင်းလုံ၏ ယခင်မသေနိုင်စွမ်းနှင့် ယခင်မျိုးဆက်များမှ လူငယ်မျိုးဆက်အတွင်း ဝင်ရောက်မစွက်ဖက်နိုင်သည့် စည်းမျဉ်း ချမှတ်ထား၍ ဖြစ်သည်။ သို့သော်လည်း အားလုံးက ထိုစည်းမျဉ်းကို လိုက်နာကြသည်တော့ မဟုတ်ပေ။ အထူးသဖြင့် မိစ္ဆာကျင့်ကြံသူများ ဖြစ်၏။
ထိုအကြောင်းအရင်းကြောင့် စွင်းကျောင်းလုံတွင် ထိုဓားရှိသည်ဟု ကောလဟာလများ ထွက်လာခဲ့ကတည်းက သူသည် လုပ်ကြံသတ်ဖြတ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသည်။ ကောင်းကင်ရွေးချယ်ခံများအကြား သူသည် လုပ်ကြံသတ်ဖြတ်မှုအခံရဆုံး ဂုဏ်ပုဒ်ကိုပင် ရရှိသွားလေသည်။
ယခု စွင်းကျောင်းလုံက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်ရှိနေပြီဖြစ်၍ မသေနိုင်စွမ်း မရှိတော့ပေ။ သူက ခပ်ဝဝသိုးတစ်ကောင် ဖြစ်နေလေပြီ။ လူငယ်မျိုးဆက်က ထိုဓားကို သူ့ဆီမှ ယူဆောင်နိုင်သည်နှင့် သဘောတူညီချက်က ကျိုးပျက်သွားမည် မဟုတ်ပေ။
ဓားက အလွန်အရေးပါလှသည်။ ရတနာသိုလှောင်ခန်း၏ တည်ရှိမှု မပါရှိဘဲ တန်ဖိုးများစွာ ရှိနေလေ၏။ ထိုဓားကို ပိုင်ဆိုင်သည့်ဂိုဏ်းတိုင်းက လူသားမျိုးနွယ်၏ ကံကောင်းမှု သို့မဟုတ် ကံကြမ္မာဖြင့် ကာကွယ်ပေးခံရမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကသာ အသင်္ချေအင်ပါယာကမ္ဘာအတွင်း မိုးမြေ၏ ဇာတ်လိုက်ဖြစ်နေသရွေ့ ထိုဂိုဏ်းက ဘယ်တော့မှ ဖျက်ဆီးခံရမည် မဟုတ်ပေ။
ထိုအချိန်တွင် လူနှစ်ယောက်သာ ကျန်ရှိတော့သည်။ ဝမ်ဝေ့နှင့် ကျန်းပိယုတို့ ဖြစ်၏။ တခြားလူများကမူ ထိုပြိုင်ပွဲကို စိတ်မဝင်စားကြပေ။ ဖန်းလီကျွမ်းက တုံ့ဆိုင်းဆိုင်းဖြစ်နေပြီး ကျန်းရွှမ်ကမူ တစ်ခုခု အာရုံများနေဟန်ပေါ်သည်။ ဟွမ်ယွမ်ကမူ စိတ်ဝင်စားခြင်း မရှိပေ။ သူ့သဘောထားက ထိုပြိုင်ပွဲသည် ကလေးဆန်ပြီး တကယ့်ရည်ရွယ်ချက်မရှိဟုသာ ခံစားနေမိ၏။
ဟို့ဖုန်းဟွမ်ကမူ အနည်းငယ် ဒေါသထွက်နေဟန်ပေါ်သည်။ သူမ၏ အမူအရာများအရ သူမ၏ အဖော် ယီပုကိုပင် သေသည်အထိ ရိုက်ပစ်ချင်နေဟန်ပေါ်သည်။
မိုရှင်းယွင်အတွက်မူ သူမက ကျန်းရွှမ်အား ပရောပရည်လုပ်နေပြီး သူမ၏ ဝတ်စုံအား အခွင့်ကောင်းယူကာ စွဲဆောင်မှုများအား ပြသနေလေသည်။ သို့သော်လည်း သူမ၏ မျက်ဝန်းအထက် မဖုံးကွယ်နိုင်သော ဆာလောင်မှုမျိုး ရှိနေလေ၏။ ထိုသို့လုပ်ရသည့် အကြောင်းအရင်း သို့မဟုတ် သူမဘာသာသူမ မထိန်းချုပ်နိုင်သည်လားတော့ သူမကိုယ်တိုင်သာ ထိုအဖြေကို သိလိမ့်မည်။
ကျန်းပိယု၏ သဲရုပ်က ဓာတ်ငါးပါးကို ကိုယ်စားပြုထားခြင်း ဖြစ်၏။ ရွာငယ်လေး၏ မြောက်ဖက်တွင် မြစ်တစ်စင်းရှိပြီး အရှေ့ဘက်တွင် တောအုပ်တစ်ခုရှိကာ အနောက်ဘက်တွင် တောင်တန်းတစ်ခု ရှိနေသည်။ တချို့ရွာသားများက တောင်အနီးတွင် သတ္တုမိုင်းတွင်း တူးဖော်နေကြပြီး တချို့ကမူ လယ်စိုက်နေကြသည်။ တချို့ကမူ ဒိုင်းကာများ သို့မဟုတ် တခြားလက်နက်များကို ထုဆစ်နေကြ၏။
အပူချိန်က အလွန်ပူပြင်းလှသည့်အတွက် ရွာသားများက နဖူးထက်မှ ချွေးဒီးဒီးကျနေသည်။
ထိုအရာက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အပေါ်ယံမျှသာ ဖြစ်၏။
“ ဓာတ်ငါးပါးက စကြဝဠာရဲ့ အခြေခံပဲ” အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။
“ သူတို့ကို ထိန်းချုပ်ဖို့က တည်ရှိမှုထဲမှာ ရှိတဲ့အရာအားလုံးကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပဲ။”
“ ဓာတ်ငါးပါးတာအိုက ပင်မမဟာတာအိုတစ်ခု ဖြစ်နေတာ မထူးဆန်းတော့ပါဘူး”
နောက်ဆုံးလက်ရာကမူ ဝမ်ဝေ့ ဖြစ်၏။ သို့သော်လည်း လူများစွာက သူ့လက်ရာသည် ထူးဆန်းကြောင်း ထင်ကြသည်။ ထိုအရာများက ဤပွဲသို့ တက်ရောက်လာသည့် ကောင်းကင်ရွေးချယ်ခံများ၏ ပုံစံရေးထွင်းထားသည်။ သူတို့အားလုံးက ပွဲတစ်ခုတွင် ထိုင်ကာ အကောင်းဆုံး သူငယ်ချင်းတွေကဲ့သို့ ပြောဆိုကာ ရယ်မောနေကြသည်။ သူက သူတို့၏ ရုပ်ပိုင်းသွင်ပြင်ကိုသာမက အဆီအနှစ်ကိုပါ အပြည့်အဝ ဖမ်းဆုပ်ထားနိုင်ခဲ့သည်။
“ စိတ်ဝင်စားစရာကောင်းတဲ့ သဘောတရားပဲ”
“ အတော်လေး တုံးအတယ်လို့ ထင်တယ်”
“ တုံးအတာ မဟုတ်ဘူး။ မျှော်လင့်ချက်ကြီးတာ”
ထိုလက်ရာ၏ သဘောတရားက သူတို့အားလုံးသည် ကံကြမ္မာကို ကိုယ်ပိုင်ထိန်းချုပ်မှုရရှိကြပြီး ကောင်းကင်တာအိုနှင့် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို သူတို့၏ အသက်နှင့် ဆက်ဆံရေးအပေါ် ပျက်ပြားခြင်း မပြုဘဲ အနှောင်အဖွဲ့အားလုံး ကင်းလွတ်စေဖို့ ဖြစ်၏။
ဒီဟာနဲ့ ပတ်သက်ပြီး တစ်ခုခုထူးခြားနေတယ်။
လင်းဖန်က တွေးလိုက်မိသည်။ သို့သော်လည်း ထိုအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက ဘာမှမတွေ့ရပေ။
ငါ သတိထားလွန်းနေတာများလား
ထို့နောက် အကြီးအကဲများက စုစည်းကာ အနိုင်ရသူကို အကဲဖြတ်ပေးဖို့ လုပ်ကြသည်။ အဆုံးသတ်တွင် လူများက သူတို့၏ ကောင်းကင်ရွေးချယ်ခံကိုသာ မျက်နှာလိုက်ကြသည်ဖြစ်၍ အနိုင်ရရှိသူကို ကြေညာခြင်းက ဤသို့ ထူးထူးခြားခြား စုဝေးထားရသည့် စုဝေးပွဲကို ပျက်စီးသွားလိမ့်မည်ဟု ထင်ကြသောကြောင့် ထိုသို့မလုပ်ဖို့သာ ဆုံးဖြတ်လိုက်ကြသည်။
လူများစွာက ထိုအရာနှင့် ပတ်သက်၍ မပျော်သော်လည်း ဘာမှမပြောကြပေ။
သဲရုပ်ယှဉ်ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ကမ်းခြေဘောလီဘော ပြိုင်ပွဲ စတင်လာသည်။ စည်းမျဉ်းများက ထိုပြိုင်ပွဲအတွင်း စွမ်းအားထုတ်မသုံးဖို့ ဖြစ်သည်။ သို့သော်လည်း စုယာက သူမပြိုင်ဘက်၏ စိတ်ကို တိတ်တဆိတ် သက်ရောက်စေကာ သူမအား အရေးသာမှုပေးစေကြောင်း တွေ့ရှိသွားခဲ့သည်။
တခြားလူများက ဒေါသထွက်ကာ တိုက်ပွဲတစ်ခု ဖြစ်သွားတော့မလိုဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် အကြီးအကဲများက ဝင်ပါလာကြပြီး တားဆီးခဲ့ကြသည်။
ပွဲက သုံးရက်တိုင် ကြာမြင့်ခဲ့သည်။ တစ်ရက်ချင်းစီတွင် အမျိုးသမီးများက ကွဲပြားသည့် ရေကူးဝတ်စုံအမျိုးမျိုးကို ဝတ်ဆင်ကြပြီး အမျိုးသားကမူ သူတို့၏ ရှပ်အင်္ကျီ သို့မဟုတ် ဘောင်းဘီတိုအရောင်ကိုသာ ပြောင်းလဲကြသည်။
တခြားစီစဉ်ထားသည့် ပွဲများလည်း ရှိသေး၏။ စိတ်ဝင်စားစရာ ကောင်းသည့်အချက်က ရေလွှာလျှောစီးကစားခြင်း ဖြစ်၏။ ဝမ်ဝေ့က ပင်လယ်တွင် အစီအရင်တချို့ ထားရှိကာ ထိုအားကောင်းသည့် ကျင့်ကြံသူများအတွက် စိန်ခေါ်မှုဖြစ်စေဖို့ လှိုင်းလုံးများကို ဖန်တီးခဲ့သည်။
သူက ပင်လယ်မျိုးနွယ်သတ္တဝါများကိုပင် ထားကာ သူတို့သည် ရေလွှာလျှောစီးသည့် အရည်အချင်းဖြင့်သာ ရှောင်ရှားပြီး အတွေ့အကြုံများဖြင့် ကျော်ဖြတ်ရမည်ဖြစ်၏။
ထိုသုံးရက်အတွင်း အရက်သေစာ သောက်စားမှုကြောင့် ထိုကောင်းကင်ရွေးချယ်ခံများသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လုမတတ် ဖြစ်သွားပြန်သည်။ အဆုံးသတ်တွင်မူ သူတို့က ရယ်ရယ်မောမောဖြင့်သာ လမ်းခွဲသွားကြ၏။
ထို့နောက်တွင် အားလုံးက ထွက်ခွာသွားကြသည်။
ဝမ်ဝေ့က အဝေးတွင် ပျံသန်းသွားသည့် နောက်ဆုံးလေဟာနယ် သင်္ဘောကို ကြည့်လိုက်သည်။
“ ရှင့်အစီအစဉ်က တကယ်ကို အောင်မြင်တာပဲ” ဝူဟုန်က ပြောလိုက်သည်။
“ အဟုတ်ပဲ” သူ စီမံခဲ့သည့် အကြောင်းအရင်းက သူ့အတိတ်ဘဝမှ ခေတ်မီအတွေ့အကြုံများကို ပြန်လည်ခံစားလိုခြင်း မဟုတ်သလို တစ်ဖက်လူကို လေ့လာပြီး ကောက်ချက်ချဖို့လည်း မဟုတ်ခဲ့ပေ။
သူ့ တကယ့်ရည်ရွယ်ချက်က ထိုလူများအပေါ် မမြင်နိုင်သည့် ကံကြိုးမျှင်များကို ထားရှိပြီးနောက်ပိုင်း ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ထုတ်သုံးဖို့ ဖြစ်သည်။ သာမန်ကံကြိုးမျှင်များက အလွယ်တကူ ထားရှိနိုင်သော်လည်း အာရုံခံမိဖို့ ပိုမိုလွယ်ကူသည်။
နမူနာအားဖြင့် သူသည် ထိုပွဲတွင် သောက်စရာများ အလကားပေးခဲ့သောကြောင့် ထိုအချက်က ထိုလူများသည် သူ့အပေါ် ကံအကြွေး တင်ရှိသွားလိမ့်မည်။ သို့သော်လည်း ကံစည်းမျဉ်းကို နားမလည်ထားသည့်သူများပင် ထိုကြိုးမျှင်ကို သတိပြုမိနိုင်ကြသည်။
ထို့ကြောင့် သူက မမြင်နိုင်သည့်ကြိုးကို ချမှတ်ဖို့အတွက် တိထျန်း၏ ပုံစံအတိုင်း လိုက်လံအတုခိုးခဲ့သည်။ သူက ထိုလူများအား သူ့ရည်ရွယ်ချက်အစစ်နှင့် အာရုံလွှဲကာ ကမ်းခြေပေါ်တွင် အစီအရင်နှင့် ပွဲမန္တန်အဖြစ် ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့သည်။
သူ ပြုလုပ်ခဲ့သည့် သဲရုပ်က ဤအခမ်းအနား၏ နောက်ဆုံးအစိတ်အပိုင်း ဖြစ်၏။ ထိုလက်ရာက ကံကြမ္မာမှ လွတ်မြောက်ဖို့ မဟုတ်ဘဲ သူတို့ကြားတွင် ကံဆက်နွယ်မှုထားရှိဖို့ ဖြစ်သည်။ ဤသည်က ထိုမန္တန်အလုပ်ဖြစ်ဖို့ လိုအပ်သည့် နောက်ဆုံးအစိတ်အပိုင်း ဖြစ်၏။
ထိုမန္တန်ကို ထားရှိဖို့ရာအတွက် ဝမ်ဝေ့က သူ့ပင်ကိုစွမ်းရည်ကို ထုတ်သုံးခဲ့ရပြီး ထိုလူများ၏ သဘာဝအလိုလိုသိစိတ်အပေါ် ကန့်သတ်ချက်များ ထားရှိခဲ့ရသည်။
ထိုသို့ဆိုလျှင်ပင် ဟို့ဖုန်းဟွမ်နှင့် ပတ်သက်ပြီး ပြဿနာတချို့ ကြုံတွေ့လာလေသည်။ သူမတွင် ကမ္ဘာ၏ အမှန်တရားကို မြင်နိုင်သည့်အားကောင်းသော အမြင်ကျင့်စဉ်တစ်ခု ရှိထားဟန်ပေါ်သည်။ ထို့ကြောင့် သူက အလွန်ဂရုစိုက်ခဲ့ရသည်။ သူမ၏ အလိုလိုသိစိတ်က သူများထက် ပိုမြင်သည့်အတွက် သူမ စိတ်တိုနေသည်မှာ သူမ အဖော်ကြောင့် မဟုတ်ဘဲ သူမ၏ အလိုလိုသိစိတ်က တစ်ခုခုမှားယွင်းနေကြောင်း ပြောပြနေ၍ဖြစ်သည်။ သို့သော်လည်း သူမက အကြောင်းအရင်းကိုမူ ရှာမတွေ့နိုင်ခဲ့ပေ။
နောက်ဆုံးအတားအဆီးက လင်းဖန် ဖြစ်၏။ ကံစည်းမျဉ်းကို နားလည်ထားသူတစ်ယောက်အနေနဲ့ လက်ရှိဝမ်ဝေ့က ထိုလူ့အပေါ် ကံကြိုးမျှင်ထားရှိဖို့ မလွယ်ကူပေ။ သူက လင်းဖန်ထက် ပိုမိုအားကောင်းနေလျှင်ပင် သူက ထိုစည်းမျဉ်းကို အသုံးမပြုနိုင်သေးသည့်အချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
ပထမဦးစွာ သူက လင်းဖန်ကို ထိုစာရင်းမှ ပယ်ထုတ်ခဲ့ရပြီး ဝူဟုန်ထံ အရှက်မဲ့စွာ အကူအညီတောင်းခဲ့ရသည်။ ထို့ကြောင့် သူမက ကြိုးမျှင်ကို မြင်တွေ့နိုင်သည့် လင်းဖန်၏ စွမ်းရည်အပေါ် စည်းတံဆိပ်ထားခဲ့သည်။
ထိုကြိုးမျှင်များကို ကြည့်နေရင်း ဝမ်ဝေ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ ထိုကြိုးမျှင်များဖြင့် သူက အများကြီး လုပ်ဆောင်နိုင်လေသည်။