← Chapters

ကုသိုလ်လက်ပြတ်ခါးတိုအင်္ကျီ

Vol. 12 Ch. 157

ကုသိုလ်လက်ပြတ်ခါးတိုအင်္ကျီ

Vol. 12 Ch. 157

“ ကောင်းလိုက်လေ ”

လင်းရှောင်ရတနာခန်းမရှိ မြင့်မားသော ပလ္လင်ပေါ်တွင်ထိုင်နေသော ဝတ်ရုံဖြူနှင့်လူသည် အော်လိုက်၏။ အောက်ရှိ စစ်သူကြီးတုံမုသည် တုန်သွား၏။

ထို့နောက် ကျောက်စိမ်းဧကရာဇ် ဟောင်ထျန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူသည် စားပွဲခုံကို အဆက်မပြတ်ပုတ်၍ တောက်တခေါက်ခေါက်ဖြင့် အံ့ဩတကြီးဖြစ်နေ၏။

“ နတ်မင်းချန်ကမ်းပြောတာ အမှန်ပဲ... ကျုပ်ရဲ့ အတွေးနဲ့လည်း ထပ်တူကျတယ်။ ကျုပ်လည်း ဒီကိစ္စကို စိုးရိမ်နေတာ နှစ်တော်တော်ကြာပြီ။ ဒီနေ့ ကျုပ်နဲ့ အတွေးတူတဲ့တစ်ယောက် ပေါ်လာပြီပေါ့။ ဟားဟားဟား... ကျုပ် ဘာလို့ ချန်ကမ်းနဲ့ အခုမှတွေ့ရတာလဲ..ဟားဟားဟား... သမုဒ္ဒရာလေးစင်းရဲ့ ကိစ္စကတော့ စိတ်အေးရပြီပေါ့ ”

စစ်သူကြီးတုံမုသည် ခေါင်းငုံ့ထားပြီး စကားမပြောဝံ့ပေ။ သို့သော် သူ၏ ရင်ထဲတွင်မူ လေးစားမှုများနှင့် ပြည့်နှက်နေလေသည်။

သူသည် လွန်ခဲ့သော လေးနာရီခန့်က ပင်လယ်စောင့်နတ်မင်းထံမှ ထိုလျှောက်တင်လွှာကို ရခဲ့ခြင်းပင်။ ထို့နောက် စစ်သူကြီးတုံမုသည် ချက်ချင်းပြန်လာ၍ ထိုလျှောက်တင်လွှာကို အရှင်ဧကရာဇ်ထံ ဆက်သခဲ့လေသည်။

ကျောက်စိမ်းဧကရာဇ် ထိုမျှ ပျော်နေသည်ကို သူမမြင်ခဲ့ရသည်မှာ နှစ်အတော်ကြာပေပြီ။ စစ်သူကြီးတုံမုသည် အရှင်ဧကရာဇ်၏ စကားများ၏ နောက်ကွယ်မှအဓိပ္ပာယ်ကို နားလည်း၏။

“ ကျုပ်လည်း ဒီကိစ္စကို စိုးရိမ်နေတာ နှစ်တော်တော်ကြာပြီ။ ဒီနေ့ ကျုပ်နဲ့ အတွေးတူတဲ့တစ်ယောက် ပေါ်လာပြီပေါ့ ”

ဟူသောစကား၏ အဓိပ္ပာယ်မှာ အရှင်ဧကရာဇ်သည် ထိုအကြောင်းကို တွေးပင်မတွေးမိထားဟု ဆိုလိုပေသည်။

‘ မိတ်ဆွေ တာအိုရသေ့ချန်ကမ်းက တကယ့် ပညာရှင်အစစ်အမှန်တစ်ယောက်ပဲ ’

“ ဂုဏ်ယူပါတယ် အရှင်ဧကရာဇ် ”

စစ်သူကြီးတုံမုသည် လက်နှစ်ဖက်ဆုပ်၍ လျှောက်တင်လိုက်၏။

“ အခု ကျွန်တော်တို့ သမုဒ္ဒရာလေးစင်းကို သိမ်းသွင်းနိုင်တော့မှာပေါ့။ လောကသုံးပါးလည်း မကြာခင် အရှင်ဧကရာဇ်ရဲ့ ဩဇာအာဏာကို နာခံရတော့မှာပါ ”

“ ခင်ဗျားပြောတာ နည်းနည်းလေး ပိုနေပြီ စစ်သူကြီးတုံမုရဲ့ ”

ကျောက်စိမ်းဧကရာဇ်သည် ပြုံး၍ ပြောလိုက်၏။

“ အခု လောကသုံးပါးကို အုပ်စိုးနေတဲ့ တန်ခိုးရှင်နည်းနည်း ရှိနေတုန်းပဲ။ ကျောင်းတော်သုံးကျောင်းရဲ့ တာအိုဂိုဏ်းတွေက လောကကြီးကို ကာကွယ်ပေးထားတယ်။ ကျုပ်ရဲ့ ဩဇာအောက်ကို ရောက်လာ၊ မလာက အရေးမကြီးပါဘူး။ လောကသုံးပါးက လုံခြုံနေမှာပါပဲ ”

စစ်သူကြီးတုံမု၏ မျက်နှာထား ပြောင်းလဲသွား၏။ သို့သော် စိတ်ထဲတွင်မူ ရယ်မောလိုက်လေသည်။

အရှင်ဧကရာဇ်သည် ပင်လယ်စောင့်နတ်မင်းနှင့် တွေ့ဆုံခဲ့သည့် အချိန်မှစ၍ သူ၏ နေ့စဉ်အပြုအမူများသည် ယခင်ကထက် များစွာတည်ငြိမ်လာခဲ့ပေသည်။

သူသည် လက်အောက်ငယ်သားသာဖြစ်၍ ထိုအကြောင်းကို ထုတ်၍မပြောဝံ့ပေ။ သူသည် ခေါင်းငုံ့၍ သက်ပြင်းသာ ချလိုက်ရ၏။

“ အရှင်ဧကရာဇ်ရဲ့ စိတ်ထားက မြင့်မြတ်ပါတယ်။ ကျွန်တော် လိုက်လို့မမီပါဘူး... ”

ဟောင်ထျန်းသည် ပြုံး၍ သူ့ရှေ့ရှိ အဝတ်စကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် လေးစားမှုများနှင့် ပြည့်နှက်နေပြီး သူ၏ရင်ခုန်နှုန်းသည် မြန်နေလေသည်။

အကယ်၍ သူသာ သမုဒ္ဒရာလေးစင်းရှိ နဂါးမျိုးနွယ်ကို သူ့လက်အောက်သို့ သိမ်းသွင်းနိုင်ပါက သူ၏တန်ခိုးအာဏာကို တိမ်များ၊ မိုးများမှ တစ်ဆင့်ပြသနိုင်မည်ဖြစ်သည်။

သူသည် ပင်လယ်များကို ထိန်းချုပ်နိုင်လာမည်ဖြစ်ပြီး လောကကြီးကို တည်ငြိမ်အောင်လုပ်နိုင်ပေလိမ့်မည်။ သူသည် နဂါးမျိုးနွယ်၏ စစ်တပ်များကို အသုံးပြု၍ သူ၏ တန်ခိုးအာဏာကို စကြဝဠာတိုက်တစ်သောင်းအတွင်း ဖြန့်ကျက်နိုင်ပေမည်။

ဟောင်ထျန်းသည် ကောင်းကင်ဘုံခုံရုံးများ တိုးတက်လာတော့မည့် အရေးပါသော အခိုက်ကို မြင်နိုင်ပြီဖြစ်သည်။

သူသည် ရုတ်တရက် တံခါးတစ်ပေါက်ကို တွေ့လိုက်သကဲ့သို့ပင်။ ထိုတံခါးကိုဖွင့်လိုက်လျှင် ရှေ့တွင် ‌တောက်ပသောလမ်းမကြီးတစ်ခု ရှိနေမည်ဖြစ်သည်။

လျှောက်တင်လွှာ အဆုံးတွင် လီချန်ရှို့သည် စာကြောင်းနှစ်ကြောင်းကို ရေးသားခဲ့၏။

ပထမစာကြောင်းမှာ ကျောက်စိမ်းဧကရာဇ်အနေဖြင့် အရာရာတိုင်းတွင် အလျင်စလိုမပြုရန် အကြံပေးထားခြင်းဖြစ်သည်။ ကျောက်စိမ်းဧကရာဇ်သည် သူ၏ တန်ခိုးနှင့် အာဏာကိုသာ အသုံးချ၍ အောင်ပွဲရယူရပေမည်။

ဒုတိယစာကြောင်းသည် စိတ်ဝင်စားစရာကောင်လေးသည်။

“ လိုအပ်တဲ့အချိန်မှာ ကူညီတဲ့ လက်တစ်ချောင်းက လိုက်ဖက်ညီတဲ့ အဆင်တန်ဆာထက်ပိုပြီး ကောင်းပါတယ်... ”

ဟောင်ထျန်းသည် ထိုစာကြောင်းကို ဂရုတစိုက်ဖတ်ကာ တွေးတောလိုက်ပြီး မကြာခင် နားလည်သွားလေတော့သည်။ သူ ယုံကြည်မှုရှိရှိ ပြုံးလိုက်၏။

“ စစ်သူကြီးတုံမု ”

“ ကျွန်တော် ရှိပါတယ် ”

“ အလင်းပေးခန်းမကိုသွားပြီး အမိန့်တော်ရဲ့ အခြေအနေကို သွားကြည့်ကြတာပေါ့။ ဘယ်လိုသဘောရလဲ ”

“ ဟုတ်ကဲ့... ကျွန်တော် သွားကြည့်လိုက်ပါမယ် ”

ထို့နောက် စစ်သူကြီးတုံမုသည် နောက်လှည့်၍ လျင်မြန်စွာ ထွက်ခွာသွားလေသည်။ ဟောင်ထျန်းသည် စားပွဲနောက်တွင် ထိုင်၍ လက်ချောင်းလေးများဖြင့် လျှောက်တင်လွှာကို ပွတ်သပ်နေ၏။ သူ ရယ်လိုက်၏။

“ ရန်ကျောင်းတော်မှာ တပည့်အများကြီး မရှိပေမယ့် ရှိတဲ့တပည့်အများစုကလည်း တကယ်ကို ထူးခြားကြတာပဲ ”

ထိုအချိန်တွင် စစ်သူကြီးတုံမုသည် ခပ်သွက်သွက်ပြန်လာပြီး အမိန့်တော်၏ သုံးဆယ်ရာခိုင်နှုန်းသာ ပြီးဆုံးသေးကြောင်း လျှောက်တင်လိုက်၏။ ဟောင်ထျန်းသည် အတန်ငယ် ခေါင်းညိတ်၍ ပြောလိုက်သည်။

“ ကျုပ် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။ တုတိသာနန်းတော်ကိုသွားပြီး ကျုပ်အတွက် အဆင့်မြင့် ဝိညာဉ်ဆေးပင်တွေနဲ့ အဖိုးတန်ဆေးပင်နည်းနည်းလောက် သွားယူခဲ့ပေးပါဦး... ”

စစ်သူကြီးတုံမုသည် ဦးညွှတ်၍ ခေါင်းညိတ်လိုက်၏။ သူသည် ခန်းမဘေးပေါက်မှထွက်၍ တိမ်စီးကာ ကောင်းကင်ဘုံခုံရုံးများ၏ ရတနာခန်းဆီသို့ သွားလိုက်လေသည်။

“ ချန်ကမ်း...ချန်...ကမ်း... ”

ဟောင်ထျန်းသည် ထရပ်လိုက်ပြီး အကြောဆန့်ကာ စားပွဲပေါ်တွင် လက်တစ်ဖက်ထောက်၍ ရပ်လိုက်၏။ သူသည် လင်းရှောင်ရတနာခန်းမ၏ အမိုးခုံးတွင် ဖြည်းဖြည်းချင်း လည်ပတ်နေသော ကြယ်တာရာများကို ကြည့်လိုက်၏။

“ ဒီတာအိုနာမည်က ရန်ကျောင်းတော်က ပညာရှင်တစ်ယောက်ယောက်ရဲ့ နာမည်လား။ အစ်ကို ထိုက်စန့်လောင်ကျွင်းဆီမှာလည်း အမည်ခံတပည့် နည်းနည်းပဲရှိတာပါ။ ဒီတာအိုနာမည်က ဘယ်သူ့ရဲ့ နာမည်ဖြစ်မလဲ ”

ရှင်းလင်းနေသော လင်းရှောင်ရတနာခန်းမထဲတွင် ကျောက်စိမ်းဧကရာဇ်ဟောင်ထျန်းသည် နူးညံ့စွာ ရေရွတ်လိုက်၏။ ခန်းမကြမ်းပြင်ရှိ တိမ်များသည် သူ့ကိုမည်သည့် တုံပြန်မှုမှ မပေးနိုင်ပေ။

ကျောက်စိမ်းဧကရာဇ်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး လီချန်ရှို့၏ ဇာတာကို ဂရုတစိုက် ကြည့်လိုက်၏။ ထို့နောက် သူသည် အခြားဇာတာတစ်ခုကိုထုတ်ကာ ထိုဇာတာနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်လေသည်။

မကြာခင် ကျောက်စိမ်းဧကရာဇ်၏ မျက်လုံးများသည် အရောင်လက်လာလေတော့သည်။ သူသည် အဝတ်ပိုင်းတစ်ခုကို ယူလိုက်ပြီး ထိုအပေါ်တွင် စာလုံးအသေးလေးများဖြင့် စာတစ်ကြောင်း‌ရေးသားလိုက်၏။

ထို့နောက် ကျောက်စိမ်းဧကရာဇ်သည် ခန်းမအပြင်ရှိ အစေခံတစ်ယောက်ကို ခေါ်၍ သူရေးထားသော အဝတ်ပိုင်းကို နတ်တန်ခိုးဖြင့် ရစ်ပတ်ကာ လှမ်းပေးလိုက်၏။

“ ကောင်းကင်ဘုံခုံရုံးက အမှုထမ်းတွေကို ပြောလိုက် လျှောက်တင်လွှာအားလုံးက ဒီပုံစံအတိုင်းပဲဖြစ်ရမယ်လို့... ဘယ်သူရဲ့ လျှောက်တင်လွှာဖြစ်ဖြစ် ဒီပုံစံပဲ ဖြစ်ရမယ် ”

“ တကယ်လို့ အမှားအယွင်းတစ်ခုခုပါလာရင် သူတို့ ဆယ်နှစ်အပြစ်ပေးခံရမယ်လို့ ပြောလိုက် ”

ကျောက်စိမ်းဧကရာဇ်၏ စကားဆုံးသွားသောအခါ အစေခံသည် ဦးညွှတ်၍ အမိန့်နာခံလိုက်လေသည်။

ထိုအခိုက်တွင် လင်းရှောင်ရတနာခန်းမ၏ ထိပ်မှ ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာပြီး ကောင်းကင်ဘုံခုံရုံးများမှ ပျောက်ကွယ်သွားလေသည်။

ကျောက်စိမ်းဧကရာဇ်သည် မည်သည့်ကိစ္စဖြစ်ပျက်နေကြာင်း သိ၏။

သူ ထိုသို့ ပြောလိုက်သဖြင့် ကောင်းကင်တာအိုသည် တစ်စုံတစ်ခုကို အာရုံရသွားခြင်းပင်။ ကောင်းကင်တာအိုသည် “ လျှောက်တင်လွှာပုံစံ ”အတွက် တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်းကို ကောင်းကင်ကုသိုလ်များ ချီးမြှင့်လိုက်ခြင်းပင်။

ကုသိုလ်များမှ ဖြစ်ပေါ်လာသော ရွှေအလင်းတန်းသည် သေးငယ်သည်ဟု မဆိုနိုင်ပေ။

ကျောက်စိမ်းဧကရာဇ်ရယ်လိုက်သည်။

ကောင်းကင်တာအိုက ချီးမြှင့်လိုက်သော ကုသိုလ်သည် နည်းများသွားလေသလောဟု ခံစားလိုက်ရ၏။

သို့သော် သူသည် ကျောက်စိမ်းဧကရာဇ်ဖြစ်သော်လည်း ကောင်းကင်တာအို၏ အပြုအမူကို မထိန်းချုပ်နိုင်ပေ။ မဟုတ်လျှင် သူသည် ကုသိုလ်များကို ထပ်တိုး၍ ချီးမြှင့်လိုက်မည်ဖြစ်သည်။

******

ထိုအချိန်တွင် ရတနာသင်္ဘောကြီးသည် အရှေ့ကျွန်းမှ ထွက်ခွာတော့ပေမည်။ လီချန်ရှို့၏ ပတ်လည်တွင် ရုတ်တရက် ရွှေအလင်းတန်းများ ပေါ်လာ၏။

သူသည် ရုတ်ခြည်းမျက်စိဖွင့်လိုက်ပြီး သူ၏ ဓမ္မတန်ခိုးများပါသော ဝတ်ရုံရှည်ကို နိုးလိုက်ပြီး ရွှေရောင်အလင်းတန်းများကို လျင်မြန်စွာ ဖုံးကွယ်လိုက်၏။

‘ ဘာလဲဟ... ’

လီချန်ရှို့သည် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီး သူ၏ မူလဝိညာဉ်ပတ်လည်ကို ကြည့်လိုက်လေသည်။ ရွှေအလင်းတန်းများနှင့် မူလဝိညာဉ်အပွားလေးတစ်ခုသည် ကုသိုလ်အိုင်အတွင်းသို့ ဝင်ရောက်သွား၏။

ထိုရုတ်တရက်ပေါ်လာသော ကုသိုလ်သည် သူအမွှေးတိုင်ပူဇော်မှုများမှ ရခဲ့သော ကုသိုလ်ထက် များစွာပို၍ သန့်စင်လေသည်။

‘ ဒါက... ’

‘ ကျောက်စိမ်းဧကရာဇ်က ငါရေးလိုက်တဲ့ လျှောက်တင်လွှာကြောင့် အထူးဆုချလိုက်တာလား ’

လီချန်ရှို့သည် ကုသိုလ်များကို လျင်မြန်စွာ စုစည်းလိုက်သည်။ ယခင်က မူလဝိညာဉ်အတွက် ဘောင်းဘီပြုလုပ်ပြီးပြီဖြစ်သဖြင့် ယခုတွင် လက်ပြတ်ခါးတိုအင်္ကျီပြုလုပ်လိုက်သည်။

သူ၏ ဘဝလုံခြုံမှုသည် သုံးဆမြင့်တက်သွားပေသည်။

ထိုဖြစ်စဉ်အတွင်း လီချန်ရှို့၏ စိတ်သည် လိပ်ခဲတည်းလည်း ဖြစ်နေ၏။ ထို့ကြောင့် သူသည် နတ်အာရုံကိုသုံး၍ သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။

ကံအားလျော်စွာပင် သူ့တွင်ဖြစ်ပေါ်နေသော ပြောင်းလဲမှုများသည် ပတ်ဝန်းကျင်ရှိ မည်သူတစ်ဦးကိုမှ အနှောင့်အယှက် ဖြစ်မသွားစေပေ။

သူ့ကိုယ်ပေါ်ရှိ အာရုံခံကျောက်မျက် ခုနှစ်လုံးသည်လည်း မလင်းလာသေးပေ။

သူနှင့် (၁)ကျန့်ကျော်အကွာရှိ ရတနာသင်္ဘောကုန်းပတ်ပေါ်မှ အခြားထောင့်တစ်နေရာတွင် ယုံချင်ရွှမ်းယာသည် တရားထိုင်နေ၏။

လီချန်ရှို့သည် တွေးတောလိုက်ပြီး အလျင်စလိုမပြုလုပ်ပေ။ သူသည် ရုတ်တရက်ပေါ်လာသော ကုသိုလ်များကို စုစည်းရန်သာ အာရုံစိုက်လိုက်လေသည်။

‘ အရှင်ကျောက်စိမ်းဧကရာဇ်က တော်တော်လေး ရက်ရောတာပဲ ’

လီချန်ရှို့ ချီးမွမ်းလိုက်၏။ ထိုကုသိုလ်များကို ရရန်မလွယ်ကြောင်း သူသိ၏။ ထိုကုသိုလ်များသည် နဂါးမျိုးနွယ်တစ်ခုလုံ၏ ကံကြမ္မာကို တွက်ချက်ပြီးမှ ရခဲ့သော ကုသိုလ်များပင်။

သူသည် ကောင်းကင်ဘုံသို့ တရားဝင် မရောက်သေးသဖြင့် တစ်စုံတစ်ခုကို အထင်လွဲသွား၏။

လီချန်ရှို့ အခြားပြဿနာတစ်ခုကို ရုတ်ခြည်းတွေးမိသွား၏။

‘ ကုသိုလ်တွေက ငါ့ဆီကို တိုက်ရိုက်ရောက်လာတော့ ကျောက်စိမ်းဧကရာဇ်များ တစ်ခုခုကို သိသွားလောက်လား ’

အကယ်၍ ထိုကိစ္စကြောင့်သာ သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားပါက သူပျော်မည်မဟုတ်ပေ။

‘ စက္ကူကိုယ်ပွားက ကုသိုလ်တွေကို ယာယီထိန်းသိမ်းထားနိုင်မယ့် နည်းတစ်ခုတော့ ငါစဉ်းစားရတော့မယ်။ နောက်ကျ ကောင်းကင်တာအိုက ငါ့ရဲ့ လစာကိုပေးရင် စက္ကူကိုယ်ပွားကိုပဲ ယာယီထိန်းသိမ်းထားခိုင်းရမယ်... ’

လီချန်ရှို့သည် လျင်မြန်စွာတွေးတောလိုက်ပြီး သူ၏လက်ချောင်းများကိုထိ၍ တွက်ချက်လိုက်၏။

လူသားများအတွက် အသုံးမလိုသော ဝိသေသလက္ခဏာတစ်ခုကို ပြောပါဆိုလျှင် လီချန်ရှို့သည် အလွန်အမင်း စပ်စုတတ်ခြင်းဟု ပြောပေမည်။

သူသည် နဂါးဆေးအရက်ကို ဂိုဏ်းသို့ပြန်ရောက်မှ သောက်ရန် ဝမ်ကျိကို အထပ်ထပ် သတိပေးခဲ့၏။ သို့သော် ဆယ်နှစ်နာရီ မပြည့်သေးခင်မှာပင် သူ၏ ဂိုဏ်းတူညီလေးဝမ်ကျိသည်...

အလယ်ကျွန်းသို့ သွားသည့်ခရီး ဒုတိယရက်တွင် ရတနာသင်္ဘောကြီးသည် တိမ်များပေါ်တွင် ပျံသန်းနေ၏။ သင်္ဘောပေါ်ရှိ ချီကျင့်ကြံသူအများစုသည် သူတို့၏နေရာတွင်သာ ကျင့်ကြံနေကြလေသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် မည်သည့်အဆင့်၌ဖြစ်စေကာမူ သို့မဟုတ် သူတို့သည် ဟန်ဆောင်နေခြင်းဖြစ်စေကာမူ တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ထားသည်ကတော့ သေချာပေသည်။

လီချန်ရှို့သည် သူ၏မူလဝိညာဉ်အတွက် ကုသိုလ်အချို့ကို စုစည်းခဲ့၏။ ထို့နောက် ယုံချင်ရွှမ်းယာ အနီးမှ တိတ်တဆိတ်ခွာကာ အခြားထောင့်တစ်နေရာကို ရှာလိုက်လေသည်။

သူသည် ထောင့်နေရာအသစ်တွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝိညာဉ်သစ်ပင်ငယ်လေးများ၏ သစ်စေးဖြင့် ပြုလုပ်ထားသော စက္ကူတစ်ရွက်ကို ထုတ်လိုက်ပြီး သူ၏လက်ဖြင့် ညှပ်လိုက်၏။

ဝမ်ကျိသည် ခါးကိုင်း၍ သူ့ထံသို့ ခပ်သုတ်သုတ်ရောက်လာ၏။

ဝမ်ကျိ၏ ကျင့်ကြံခြင်းအဆင့်သည် တာအိုပေါင်းစည်းခြင်း ပဉ္စမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် ထိုအခိုက်တွင် သူ၏ ခေါင်းမှ အပူငွေ့များထွက်နေပြီး သူ၏မျက်နှာသည် နီမြန်းကာ သူ၏မျက်လုံးများသည် တလက်လက်တောက်ပနေလေသည်။ ယခင်က သူ၏ အပူအပင်၊ အနှောင်အဖွဲ့ကင်းသော ပုံစံဖြင့် လုံးလုံးကွဲပြားနေပေပြီ။

“ အစ်ကိုချန်ရှို့... အစ်ကို့ဆီမှာ အရက်အတွက် ဖြေဆေးရှိလား။ ကျွန်တော် မတော်တဆ တစ်ခွက်သောက်လိုက်မိလို့ ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ သူ့အတွက် မျှော်လင့်ချက်မရှိတော့ဘူး... ခေါ်ထုတ်သွားတော့။ ကဲ‌‌နောက်တစ်ယောက်လာမယ်... ’

သူသည် ထိုစကားကို ထုတ်ပြော၍ မရပေ။ သူတို့သည် ဂိုဏ်းတစ်ခုတည်းမှ သူများပင် မဟုတ်ပါလား။

လီချန်ရှို့ ခါးသက်သက်ပြုံးလိုက်၏။

“ ဘယ်လိုလုပ် ဖြေဆေးရှိမှာလဲ။ ညီလေးဝမ်... အစ်ကို ညီလေးကို အကြိမ်ကြိမ်သတိပေးလိုက်တာပဲ။ ဘာလို့များ... ”

“ ကျွန်တော် စပ်စုချင်လာလို့ပါ... ”

ဝမ်ကျိတစ်ယောက် သူ၏စိတ်ကို အတင်းထိန်းကာ ခြေဆောင့်နေရလေသည်။

“ အစ်ကို... ကျွန်တော်ဘယ်လို လုပ်ရမလဲ ”

“ ညီလေးနဲ့ အစ်မယန်အာတို့က တာအိုလက်တွဲဖော်တွေဖြစ်နေပြီပဲ။ ဒီကိစ္စက မခက်ခဲလောက်ပါဘူး ”

ဝမ်ကျိသည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေ ရှိနေတယ်လေ... ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ ညီလေး... ညီလေးပြောပုံက ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေကပဲ ညီလေးတို့နှစ်ယောက်ကို ချောင်းချင်နေသလိုလို။ ဂိုဏ်းက ညီလေးရဲ့ လိုဏ်ဂူကို ကာထားတဲ့ ကာကွယ်မန္တန်အစီအရင်က သူတို့ရဲ့ နတ်အာရုံကို ကာနိုင်တယ်လို့များ ထင်လို့လား... ’

ကောင်းကင်နတ်မင်းနောက်ဆုံးအဆင့်ရောက်နေသော သူများ၏ နတ်အာရုံများသည် မည်မျှ အစွမ်းကြီးသည်ကို လီချန်ရှို့ သိ၏။

ဆရာဒေါ်လေးကျိုးကျိုး၏ နှစ်တစ်ထောင်စု‌ဆောင်းထားသော ပစ္စည်းများကို သုံး၍ဆင်ထားသည့် အဆင့်မြင့်ကာကွယ်မန္တန်အစီအရင်သည်ပင် ထိုနတ်အာရုံများကို ကာနိုင်သည်ဆိုရုံသာ ကာနိုင်လေသည်။

သို့သော် သူသည် ထိုကိစ္စကို လူသိရှင်ကြားထုတ်ပြော၍ မရပေ။ မဟုတ်လျှင် ဂိုဏ်းအတွင်းမှ တာအိုလက်တွဲဖော်များသည် မလုံမလဲဖြစ်ကုန်နိုင်ပေသည်။

‘ ငါသာ အဲ့လိုသွားပြောမိရင် ရင်ဖိုစရာလေးတွေကို ကြိုက်ပြီး ခပ်မိုက်မိုက်နေတတ်တဲ့ တပည့်ငယ်လေးတွေ ရှက်ကုန်ပြီး ကိုယ်တွင်းမိစ္ဆာဖြစ်လာတာတွေ၊ ရူးကုန်တာတွေ ဖြစ်ကုန်လိမ့်မယ်။ အဲဒီလိုဆို ကမ္မနှောင်ကြိုးတွေက တော်တော်လေး ကြီးသွားမှာပဲ ’

လီချန်ရှို့ ထိုသို့တွေးလိုက်ပြီးနောက် ပြောလိုက်လေသည်။

“ ညီလေး ဂိုဏ်းချုပ်ကို သွားအကူအညီတောင်းပြီး ညီလေးခန္ဓာကိုယ်ထဲက ယန်ဓာတ်တွေကို လျှော့ချနိုင်ဖို့ ကူညီခိုင်းလိုက်ပါလား ”

“ ဂိုဏ်းချုပ်က အစ်ကိုတို့လို တပည့်ငယ်တွေကို ဂရုစိုက်ပါတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဂိုဏ်းချုပ်ကို သွားအကူအညီတောင်းလို့ရပါတယ်။ တခြားအကြီးအကဲတွေကသာ သွားအကူအညီတောင်းရင် သေချာပေါက် အဆူခံရ၊ အပြစ်ပေးခံရမှာပဲ ”

ဝမ်ကျိသည် ထိုအကြောင်းကို သေချာတွေးတောလိုက်ပြီးနောက် အဓိပ္ပာယ်ရှိကြောင်း ခံစားလိုက်ရ၏။

“ ကျွန်‌တော် အစ်ကိုချန်ရှို့ကို ဒုက္ခပေးမိပါပြီ.... ”

ဝမ်ကျိ ဦးညွှတ်လိုက်ပြီး တာအိုအရိုအသေပေးလိုက်လေသည်။ သူ ရင်ထဲမှ သက်ပြင်းချလိုက်၏။

“ ကျွန်တော် အခုပဲ ဂိုဏ်းချုပ်ဆီသွားပြီး အကူအညီတောင်းလိုက်ပါမယ်။ သူ ကျွန်တော့်ကို အပြစ်ပေးချင်လည်း ခံလိုက်ပါတော့မယ် ”

လီချန်ရှို့ အတန်ငယ် ခေါင်းညိတ်လိုက်၏။ သူ၏ ဂိုဏ်းတူညီလေးကျိကျိသည် အကျိုးသင့်အကြောင်းသင့်ရှိလေသည်။ သူသည် နဂါးဆေးအရက်ကို ခိုးကြောင်ခိုးဝှက် သောက်လိုက်သော်လည်း သူ၏တာအိုလက်တွဲဖော်ကို ဒုက္ခမပေးခဲ့ပေ။

လီချန်ရှို့သည် အလျင်စလိုထွက်သွားသော ဝမ်ကျိကို ကြည့်ကာ ခေါင်းခါလိုက်ရလေတော့သည်။

‘ ဘယ်လိုတောင်လဲ... ’

‘ တော်သေးတာပေါ့... ငါ ဝမ်ကျိကို ကာမအားတိုးဆေးလုံးမပေးလိုက်လို့။ မဟုတ်ရင် ဝမ်ကျိတစ်ယောက် ခါးကုန်းရုံလောက်ပဲ ဖြစ်မှာမဟုတ်ဘူး။ သူ သင်္ဘောပေါ်က တိုင်တစ်တိုင်ကိုပတ်ပြီး ကနေတော့မှာ... ’

လီချန်ရှို့ မျက်လုံးမှိတ်လိုက်ပြီး အနားယူလိုက်၏။ သူသည် ဝမ်ကျိ၏ အခြေအနေကို လေ့လာနေရင်းမှာပင် သူ၏ပတ်ဝန်းကျင်ကိုလည်း လေ့လာလိုက်လေသည်။

လီချန်ရှို့သည် ရတနာသင်္ဘော‌ပေါ်မှ အမြန်ဆုံးထွက်ပြေးနိုင်မည့် ထွက်ပေါက်ကို တွေ့ထားပြီဖြစ်သည်။

လမ်းခရီးတွင် စွမ်းအားကြီးသော ရန်သူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပါက သူသည် အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးကာ စစ်ကူသွားခေါ်မည်ဖြစ်သည်။

ထွက်ပြေးနိုင်မည့်ဗျူဟာကို ပြင်ဆင်ပြီးလျှင် ထွက်ပြေးရသည့် အကြောင်းပြချက်ကိုလည်း ပြင်ဆင်ထားရပေမည်။ ထိုအရာသည် အတော်လေးအရေးကြီး၏။

လီချန်ရှို့၏ နတ်အာရုံများသည် ဝမ်ကျိတစ်ယောက် ရတနာသင်္ဘောအပေါ်ထပ်ရှိ ခမ်းနားသောအခန်း၏ တံခါးကို သွားခေါက်နေသည်ကို အာရုံခံမိလိုက်လေသည်။ ဝမ်ကျိသည် အခန်းအတွင်းသို့ ဝင်သွားပြီးနောက် ဒူးထောက်လိုက်ပြီး သူ နဂါးဆေးအရက်ကို စပ်စုလိုစိတ်ဖြင့် သောက်မိခဲ့ကြောင်း ဂိုဏ်းချုပ်ကျိဝူယုံကို ပြောလိုက်၏။ ဂိုဏ်းချုပ် ကြောင်သွား၏။ သူသည် ဝမ်ကျိကို ကြည့်လိုက်ပြီး နဂါးဆေးအရက်ကို သူ့အားထုတ်ပြခိုင်းလိုက်လေသည်။

ထို့နောက် ကျိဝူယုံသည် အရက်အတွင်းသို့ သူ၏လက်ချောင်းကို နှစ်၍ ဆေးအာနိသင်ကို ဂရုတစိုက် လေ့လာလိုက်၏။ ထို့နောက် သူသည် ရယ်ကာ ထိုအရက်ကို မည်သည့်နေရာက ရခဲ့ကြောင်း ဝမ်ကျိကို မေးလိုက်၏။

ဝမ်ကျိသည် ခေတ္တမျှ ချီတုံချတုံဖြစ်နေသော်လည်း မည်သည့်ကိစ္စကိုမှ ဖုံးကွယ်မထားဝံ့ပေ။ သူသည် အစ်ကိုလီချန်ရှို့ထံမှ သွား၍ တောင်းထားခြင်းဖြစ်ကြောင်း ပြောလိုက်လေသည်။ သို့သော် ဤကိစ္စသည် အစ်ကိုချန်ရှို့နှင့် မည်သို့မှမသက်ဆိုင်ဘဲ သူ၏အပြစ်သာဖြစ်ကြောင်း ဆက်ပြောလိုက်၏။

ကျိဝူယုံသည် ရယ်မောလိုက်ပြီး သိမ်မွေ့စွာပြောလိုက်လေသည်။

“ စိတ်မလှုပ်ရှားပါနဲ့။ ဒီအရက်က မဆိုးဘူးပဲ။ ငါ မင်းကို အပြစ်မပေးပါဘူး... မင်းရဲ့ တာအိုလက်တွဲဖော်ကို သွားခေါ်ခဲ့ဖို့ ငါ အသံပို့လွှတ်ထားပြီးပါပြီ။ မင်းနောက်ကို ကြည့်လိုက်... ”

ဝမ်ကျိ နောက်လှည့်ကြည့်လိုက်သောအခါ လျှိုယန်အာတစ်ယောက် အခန်းအတွင်းသို့ ခပ်သုတ်သုတ်ဝင်လာသည်ကို တွေ့လိုက်ရ၏။ သူမသည် မျက်နှာသေဖြင့် ဝမ်ကျိ၏ဘေးတွင် ဒူးထောက်လိုက်၏။

ထို့နောက် ကျိဝူယုံသည် လက်နောက်ပစ်ကာ ပြုံးလိုက်၏။

သူသည် ဒူးထောက်နေသူများကို စကားပြောခွင့်ပင်မပေးလိုက်တော့ဘဲ အခန်းထဲမှ ထွက်သွားလိုက်လေတော့သည်။ ပြီးနောက် အခန်းပတ်လည်ရှိ မန္တန်အစီအရင်များကို အသက်သွင်းလိုက်ပြီး သူကိုယ်တိုင်ပင် ထိုနှစ်ဦးအတွက် အကာအကွယ်အလွှာများ ဖန်ဆင်းပေးလိုက်လေသည်။

ဝမ်ကျိနှင့် လျှိုယန်အာတို့ မည်သို့မှ မတုံ့ပြန်နိုင်လိုက်ခင်မှာပင် အခန်းထဲ၌ ပိတ်မိသွားလေတော့သည်။

ကျိဝူယုံသည် ရတနာသင်္ဘော ထိပ်ပိုင်းကိုသွားလိုက်ပြီး ပတ်ဝန်းကျင်ရှိ မြင့်မားသော တောင်ကြီးများကို ကြည့်ရှုခံစားလိုက်၏။ သူ သက်ပြင်းချလိုက်သည်။

“ ငယ်ရွယ်တာက ကောင်းတာပဲ...အဟွတ်..အဟွတ်... ”

ကျိဝူယုံသည် ချောင်းဆိုးသောအခါ ခေါင်းငုံ့လိုက်သဖြင့် သင်္ဘောထောင့်တစ်နေရာတွင် တရားထိုင်နေသော လီချန်ရှို့ကို တွေ့သွား၏။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည် ချက်ချင်းပင် စိတ်ဝင်စားသွားသဖြင့် အောက်သို့ ပျံ၍ ဆင်းသွားလိုက်သည်။

လီချန်ရှို့သည် အလျင်အမြန်ထရပ်လိုက်ပြီး ဂိုဏ်းချုပ်ကို ကြိုဆိုလိုက်၏။ သူသည် အတန်ငယ် စိတ်ရှုပ်နေသော်လည်း လေးလေးစားစား ပြောလိုက်လေသည်။

“ နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းချုပ်ခင်ဗျာ ”

“ အင်း... ယဉ်ကျေးနေစရာ မလိုပါဘူး ”

ကျိဝူယုံသည် အသံကာအလွှာတစ်ခုကို ဖန်ဆင်းလိုက်ပြီး လိုရင်းကို တန်းပြောလိုက်၏။

“ မင်း မကြာသေးခင်တုန်းက ဖော်ထားတဲ့ ကာမအားတိုးဆေးလုံနဲ့ နဂါးဆေးအရက်ကို ယူလာတာလား ”

လီချန်ရှို့သည် ချက်ချင်းပင် ကာမအားတိုးဆေးလုံးပုလင်း သုံးပုလင်းနှင့် နဂါးဆေးအရက် ခြောက်အိုးကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းတို့ကို ရတနာအိတ်တစ်ခုအတွင်း ထည့်၍ ဂိုဏ်းချုပ်ထံသို့ လှမ်းပေးလိုက်၏။

“ ဂိုဏ်းချုပ် ခင်ဗျာ... ဂိုဏ်းချုပ်ရဲ့ မူလဝိညာဉ်က ဒဏ်ရာက အပြည့်အဝပြန်မကောင်းသေးသလိုပဲ။ ဂိုဏ်းချုပ်သာ ဒီဆေးနှစ်မျိုးကို တွဲသုံးမယ်ဆိုရင်... အားတော်တော် ပြည့်လာမှာပါ... ”

“ မင်း ဘာတွေတွေးနေတာလဲ။ ငါ့မှာ တာအိုလက်တွဲဖော်မှ မရှိတာ။ ငါ့ရဲ့ အသက်က နှစ်သိန်းချီရှိပြီဆိုပေမယ့် အခုထိ လူပျိုကြီးပါပဲကွ... ”

ကျိဝူယုံသည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ငါ့မှာ မိတ်ဆွေဟောင်း တချို့တော့ရှိတယ်။ သူတို့က နှစ်တွေအကြာကြီး နေခဲ့တာဆိုတော့ သူတို့ရဲ့ စိတ်အခြေအနေတွေလည်း ပြောင်းနေပြီ။ သူတို့က သူတို့ရဲ့ တာအိုလက်တွဲဖော်တွေနဲ့ သိပ်ပြီး မသာယာနိုင်တော့ဘူး။ သူတို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏ ပြဿနာတက်ရတယ် ”

“ အဟွတ်...အဟွတ်... ”

“ မင်း ဒီကိစ္စမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်။ ငါတို့ တွေ့ဆုံပွဲကိုရောက်ရင် မင်းနဲ့ ယုံချင်ရွှမ်းယာက ငါ့နောက်လိုက်ရမယ်။ ကျောင်းတော်သုံးကျောင်းရဲ့ ပညာရှင်အစစ်အမှန်တွေကို ငါမင်းကို ပြပေးမယ် ”

လီချန်ရှို့ ရင်မခုန်သွားပေ။ သူသည် အတန်ငယ်စိတ်လှုပ်ရှားနေသည့် မျက်နှာထားကို ကြိုးစား၍ ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ခင်ဗျာ။ ကျွန်တော် ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပါမယ် ”

ကျိဝူယုံသည် ကျေနပ်ဟန်ဖြင့် ပြုံးလိုက်လေသည်။ သူသည် ရတနာအိတ်ကိုသိမ်းလိုက်ပြီး ပြန်သွားရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို အမှတ်ရသွား၏။

“ ချန်ရှို့... မင်းနဲ့ ရန်ကျောင်းတော်က အရှင်ရွှမ်းဒူက... ”

ထိုအခါမှ လီချန်ရှို့ ရင်ခုန်သွားလေတော့သည်။

‘ ငါ အရှင်ရွှမ်းဒူနဲ့ လျှို့ဝှက်တွေ့ဆုံတဲ့ကိစ္စက... ပေါ်သွားပြီလား ’

All Chapters