← Chapters

လောကသခင်မှ အမဲလိုက်ခြင်း

Vol. 31 Ch. 421

လောကသခင်မှ အမဲလိုက်ခြင်း

Vol. 31 Ch. 421

လောကသခင်သည် ဝေ့ဝူယင်နှင့် ကီလိုမီတာ ရာဂဏန်းခန့်သာ ကွာဝေးတော့၏။ ကံကောင်းထောက်မစွာပင် ဆုတ်ယုတ်မှု ရာသီကြောင့် သူမ၏ အမြန်နှုန်းက ခါတိုင်းလောက် မြန်ဆန်ခြင်း မရှိလှချေ။ ယခု ပြေးလွှားနေသည့် အမြန်နှုန်းအရဆိုလျှင် သူမမှာ ဝေ့ဝူယင် တည်ရှိနေသည့် နေရာကို နှစ်မိနစ် အတွင်း ရောက်ရှိလာလိမ့်မည် ဖြစ်သည်။  စက္ကန့်အားဖြင့် ဆိုပါက တစ်ရာ့နှစ်ဆယ် စက္ကန့်တိတိပင်။

ဟူး... ဟူး...

ကြယ်တာရာ ဝိညာဥ်များမှာ သူတို့၏ ကိုယ်ပိုင် စွမ်းအင်များကို အသိစိတ်ပင်လယ် အတွင်းသို့ အဆက်မပြတ် ပို့လွှတ်နေ၏။ ဧဒင်က အမျိုးမျိုး ကွဲပြားနေသည့် ထိုစွမ်းအင်များကို စုပ်ယူကာ စိတ်စွမ်းအင် အဖြစ် သန့်စင်လျှက် ဝေ့ဝူယင်ထံ ပြန်လည် ပေးပို့နေ၏။

“ ... “

သူတို့ အားလုံးမှာ တိတ်ဆိတ်နေကြ၏။ သို့သော်လည်း ဝေ့ဝူယင် အတွက် ကျန်ရှိသမျှ အချိန်က နှစ်မိနစ်မျှသာ ဖြစ်ကြောင်း သူတို့ သိကြပေသည်။ ထိုအချိန်အတွင်း အလင်းအားလုံး၏ မူလကို နားမလည်နိုင်ပါက အဖမ်းခံရခြင်း သို့မဟုတ် သေဆုံးခြင်း အထိပင် ဖြစ်သွားနိုင်ချေ ရှိပေသည်။

သုံးစက္ကန့်...

ခုနစ်စက္ကန့်...

နှစ်ဆယ့်သုံးစက္ကန့်...

အချိန်က ခပ်မြန်မြန်ပင် ရွေ့လျားနေ၏။ ဝေ့ဝူယင်ကတော့ နက်ရှိုင်းသည့် နားလည်မှု ဖြစ်စဥ်ထဲတွင် နစ်မြုပ်နေဆဲ ဖြစ်သည်။ သွေးများမှာ သူ့မျက်လုံး၊ နှာခေါင်းတို့မှ အဆက်မပြတ် စီးကျနေ၏။ ကံကောင်းထောက်မစွာပင် အနက်ရောင် မျက်လုံးများ အတွင်းရှိ ထိုးထွင်းသိမြင်မှု အလင်းတန်းကတော့ တစ်စတစ်စ ပိုမို တိုးလာနေခဲ့သည်။

အကယ်၍ ထိုအလင်းတန်းကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင်ကို အလောင်းတစ်လောင်းနှင့်ပင် မှားကောင်း မှားလိမ့်မည် ဖြစ်သည်။

“ငါတို့ အပြင်ကို ထွက်ဖို့ လိုတယ်...”

ခရာတိုက အော်ဟစ်လိုက်၏။ သူတို့နှင့် လောကသခင် အကြားရှိ အကွာအဝေးက ကီလိုမီတာ တစ်ရာအောက်ကိုပင် ကျရောက်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမက ဟင်းလင်းပြင် စွမ်းအင်ကို သုံးကာ ဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့မည် ဆိုလျှင် အချိန်က သာ၍ပင် ကျဥ်းမြောင်းသွားလိမ့်မည် ဖြစ်သည်။

“မဖြစ်ဘူး... မဖြစ်ဘူး...”

အိုရီက ဒေါသတကြီးဖြင့် ပြောလိုက်၏။ အကယ်၍ အပြင်သို့ ထွက်လျှင်ရော ဘာထူးခြားမည်နည်း။ ဝေ့ဝူယင် မပါပဲ အစီအရင်၊ ကျင့်စဥ်တို့ကို သူတို့ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ လောကသခင်ကပင် သူတို့ကို လွယ်လွယ်ကူကူနှင့် ထိန်းချုပ်သွားလိမ့်မည် ဖြစ်သည်။

“တစ်ခြား ဘာမှ မစဥ်းစားနဲ့... ကိုယ့် အလုပ်ကိုပဲ အာရုံစိုက်ထား...”

ဧဒင်က အော်ဟစ်လိုက်၏။ သူတို့တွင် အခြား ရွေးချယ်စရာ မရှိချေ။ နှစ်မိနစ် မပြည့်ခင် အချိန်အတွင်း ဝေ့ဝူယင် အလင်းအားလုံး၏ မူလကို နားလည်သွားဖို့ မျှော်လင့်ချက် တစ်ခုသာလျှင် ကျန်ရှိပေတော့သည်။ သူတို့က ပိုမို များပြားသော စွမ်းအင်များကို ထုတ်လွှတ်ကာ ဝေ့ဝူယင်ထံ ပို့လွှတ်လျှက် အားဖြည့်လိုက်ကြတော့၏။

တစ်ခဏအတွင်းမှာပင် စက္ကန့်ခြောက်ဆယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပျက်သုဥ်းခြင်း နယ်မြေတွင် လေပြင်းမုန်တိုင်းက တဟုန်းဟုန်း တိုက်ခတ်နေကာ ကောင်းတွင်မှာ ကြီးမားသော ဖိအားများနှင့် ပြည့်နှက်နေ၏။ လောကသခင်မှာ ငြိမ်သက်နေသည့် ဝေ့ဝူယင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူငယ်က သူမ လာနေသည်ကို မမြင်သည်လား။ သို့တည်းမဟုတ် သေဆုံးနေသည်လား။ အမျိုးမျိုးသော အတွေးများဖြင့် သူမက အရှိန်ကို ပိုမို တိုးမြှင့်လိုက်တော့၏။

အကျိုးဆက် အနေဖြင့် ကျန်ရှိနေသည့် စက္ကန့်ခြောက်ဆယ်က ထက်ဝက်ခန့် အထိ ကျဆင်းသွားသည်။ သူတို့တွင် အချိန် မရှိတော့။

“ကျုပ်တို့ ဒါကို ဖြတ်ကျော်...”

အိုရီက စိတ်ပိုင်းဆိုင်ရာ တွန်းအား တစ်ခု ဖြစ်လိုဖြစ်ငြား ဝေ့ဝူယင်ထံ အသံတစ်ခု ပေးပို့ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ စကားအဆုံးသတ်ခင်မှာပင် ဝေ့ဝူယင်၏ အနက်ရောင် မျက်လုံးများက ရုတ်ချည်းပင် ပင်ကိုယ်လက္ခာ ဖြစ်သည့် ငွေရောင် အဖြစ် ပြန်လည် ပြောင်းလဲသွား၏။ ထိုးထွင်း သိမြင်မှု အလင်းတန်းများနှင့် အတွေးစ အချို့က မျက်လုံး အတွင်း လင်းလက်လာကာ စဥ်းစားတွေးခေါ်နိုင်မှု၏ လက္ခဏာတို့ကို ပြန်လည် ထုတ်ဖော်ပြသလာသည်။

“အရမ်းကောင်းတယ်...”

ဝေ့ဝူယင် အသက်ကို ပြင်းပြင်း ရှူရင်း ရေရွတ်လိုက်၏။ စောစောက ခေါင်းအတွင်း ဖြစ်ပေါ်လာသည့် အရှုပ်အထွေးကို သူ ရှင်းလင်းပြီးခဲ့ပြီး ဖြစ်သည်။ ထိုခံစားချက်က အတော်လေး ကောင်းမွန်ကာ သက်တောင့်သက်သာ ရှိလှပေသည်။

သိပ်မကြာခင်မှာပင် သူ၏ နှာခေါင်း၊ မျက်လုံးနှင့် နှုတ်ခမ်းတို့မှာ မီးခိုးရောင် သွေးများဖြင့် စွန်းထင်းနေသည်ကို ဝေ့ဝူယင် သတိထားမိလိုက်၏။ သွေးစတို့ကို သုတ်လိုက်ရင်း သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ ချက်ချင်းပင် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။

ခရာတို တည်ရှိနေသည့် နှလုံးသားက ကြောက်မက်ဖွယ် အရှိန်နှင့် တုန်ခါနေကာ အလွန်အကျွံ အားထုတ်ခဲ့ရသည့် လက္ခဏာ အဖြစ် အလွှာပါး အချို့ပင် ပေါက်ပြဲနေ၏။ တစ်ချိန်တည်း၌ သူ့ထျန်းတျန် အတွင်းရှိ ကြယ်တာရာ အမြုတေ နှစ်ခုမှာလည်း ပင့်ကူအိမ် ကဲ့သို့ အက်ကြောင်းများနှင့် ပြည့်နှက် နေသည်။

ဝေ့ဝူယင် ဧဒင်ကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ၎င်းက ထူးပြားဆန်းကြယ်သော အင်အား တစ်ခုဖြင့် ပိတ်ဆို့ကာ သူ၏ အမြင်အာရုံကို ပိတ်ဆို့ထားသည်။ မျက်မှောင်ကြုတ်လိုက်ရင်း ဝေ့ဝူယင်၏ အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲသွား၏။

ဝေ့ဝူယင် အကြည့်ကို မိုးကုပ်စက်ဝိုင်းဆီ ပို့လွှတ်လိုက်ရင်း ကြီးမားသော ဖိအားကြီး တစ်ခု တဖြည်းဖြည်း ကျဆင်းလာနေသလို ခံစားလိုက်ရ၏။ သူ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ရင်း အရပ်မျက်နှာတစ်ခုကို လှမ်းကြည့်လိုက်သည်။

“သူလား...”

သတိပေးမှု တစ်စုံတစ်ရာ မရှိပဲ ရှာဖွေ ဖော်ထုတ်ခံလိုက်ရခြင်း အပေါ် ဝေ့ဝူယင် အံ့အားသင့်သွား၏။ သူ အလျှင်အမြန်ပင် ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်ဖော်ရင်း လောက၏ အဖြစ်အပျက်များကို ကြည့်ရှုရန် ကြိုးပမ်းလိုက်သည်။

သို့သော်လည်း သူ ထိုအရာကို အသုံးပြု၍ မရ။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံး စွမ်းရည်မှာ တစ်နည်းနည်းဖြင့် ပျောက်ဆုံးသွားပုံ ပေါ်သည်။

မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မခန့်မှန်းနိုင်သည့်တိုင် ဝေ့ဝူယင်၏ အမူအရာက အလွန်အမင်း တည်ငြိမ်သွား၏။ အခြေအနေက ထိန်းချုပ်မှု နယ်နိမိတ်ကို ကျော်လွန်နေသည့်တိုင် သူ သွေးပျက် ချောက်ချားခြင်း မရှိပါချေ။ မတုန့်မဆိုင်းပင် သူ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။

“ပြေး...”

“ဘုန်း...”

ချက်ချင်းပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များနှင့် ပြည့်နှက်သွား၏။ ထို့နောက် သူက အရိပ်တစ်ခု အလား ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် မီးခိုးရောင် သဲသောင်ပြင် ပေါ်တွင် ပြေးလွှားလေတော့သည်။

‌ပြေးရင်းလွှားရင်းပင် ဝေ့ဝူယင် စိတ်မျက်လုံးကို ထုတ်ဖော်ကာ ကြယ်တာရာ ဝိညာဥ်များ၏ အခြေအနေကို အကဲခတ်လိုက်၏။ ၎င်းတို့မှာ အခြေအနေ အတော်လေး ဆိုးရွားနေကာ ဘုရင်မှာ အထိခိုက်ဆုံး တစ်ယောက် ဖြစ်ပေသည်။ သူ ပိုင်ဆိုင်ထားသည့် ဆန်းကြယ် ဆေဘာ အမြုတေ အတွင်းရှိ ကြယ်တာရာ အင်အား အားလုံးနီးပါးမှာ ကုန်ခမ်းလုနီးနီးပင် ဖြစ်နေခဲ့ပြီ ဖြစ်၏။

ဧဒင်ကို မြင်တွေ့နိုင်စွမ်း မရှိသည့်တိုင် အိုရီမှာလည်း အလွန် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။ တစ်ချိန်တည်း၌ ခရာတို တည်ရှိရာ နှလုံးသားမှာလည်း ပြင်းထန်သော နာကျင်မှုနှင့် တဆတ်ဆတ် တုန်ယင်နေ၏။

သူတို့လေးများ၏ အခြေအနေကို ကြည့်ရင်း ဝေ့ဝူယင်မှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက အရူး တစ်ယောက် မဟုတ်လေရာ ကြယ်တာရာ ဝိညာဥ်များမှာ သူ့အသက်ရှင်သန်ရေး အတွက် ယခုလို ကြီးမားစွာ ပေးဆပ်ခဲ့ရခြင်း ဖြစ်ကြောင်း သူ နားလည်ပေသည်။

ဘုန်း...

ဝေ့ဝူယင် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို ဖောက်ခွဲလိုက်ရင်း အရှိန်ကို ထပ်မံ တိုးမြှင့်လိုက်လေ၏။  ထိုအချိန် ကီလိုမီတာ ဒါဇင်ဒဏန်းခန့် အကွာအဝေး၌...

ဝှစ်... ဝှစ်...

လောကသခင်မှာ ဝေ့ဝူယင် ပထမ ရှိနေခဲ့သည့် တည်နေရာကို ရောက်ရှိလာခဲ့၏။ သူမ အက်ကွဲ ကြေမွနေသည့် တောင်တန်းများကို လေ့လာရင်း ဝိညာဥ် စွမ်းအင်ကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထူးဆန်သည့် စွမ်းအင်များ ရောနှောစီးဝင်နေသည့် မီးခိုးရောင် သွေးစအချို့ကို တွေ့မြင်သော အခိုက်၌ သူမ၏ နှလုံးသားက အနည်းငယ် တုန်ရီသွား၏။

“ဒီအော်ရာက...”

သူမ ရပ်ကာ တစ်ခဏမျှ စဥ်းစားလိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် သူမက ဝေ့ဝူယင် ပြေးလွှားသွားသည့် အရပ်ကို လှမ်းကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။

“ထွက်ပြေးချင်တာလား... နောက်ကျသွားပြီ...”

ထို့နောက် သူမက ခြေထောက်တစ်ချက် ဆောင့်လိုက်ရင်း အရှိန်ယူကာ ဝေ့ဝူယင် နောက်ကို ကြယ်ပျံတစ်စင်းလိုမျိုး လိုက်လေတော့သည်။

ဝေ့ဝူယင်မှာ နောက်သို့ လှည့်မကြည့်သော်လည်း လောကသခင် လိုက်လာနေပြီ ဖြစ်ကြောင်း ခံစားနိုင်ပေသည်။

“သူက ငါ့အော်ရာကို တစ်နည်းနည်းနဲ့ ခြေရာခံနေတာပဲ... ဘယ်လိုမျိုးလဲ...”

ဝေ့ဝူယင် တွေးတောရင်း လက်ဟန်ချိပ်စည်း အချို့ ဖန်တီးကာ ကိုယ်ပွားများကို ခွဲထုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ပြင်းထန်သော နာကျင်မှု တစ်ခုက နေရာယူလာလေရာ သူ ချက်ချင်းပင် ရပ်တန့် လိုက်ရ၏။ သူ၏ အမူအရာက အနည်းငယ် ရုပ်ဆိုးသွားသည်။

ကိုယ်ပွားတစ်ခု ခွဲထုတ်ရန် လိုအပ်သည့် စွမ်းအင် ပမာဏက မြူမှုန်တစ်စမျှသာ ဖြစ်သည်။ သို့တိုင်အောင် ကြယ်တာရာ ဝိညာဥ်များမှာ ထိုစွမ်းအင်လောက်ကိုပင် ထုတ်လွှတ်ပေးနိုင်စွမ်း မရှိခဲ့ချေ။ သူတို့’ လက်ရှိ အခြေအနေက အတော့်ကို ဆိုးရွားနေကြောင်း ဝေ့ဝူယင် နားလည်လိုက်၏။ သူတို့ အနေဖြင့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် အတွက် အဂ္ဂိရတ် ထုတ်ကုန်များ၏ အကူအညီကို လိုအပ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ကြယ်တာရာ အင်အားကို မြူမှုန်တစ်မှုန်လောက်ပင် ထုတ်လွှတ်နိုင်စွမ်း မရှိသည့် အခြေအနေဖြင့် မည်ကဲ့သို့ ခန္ဓာကိုယ် အပြင်ဘက်သို့ ထွက်ခွာကာ ထုတ်ကုန်များကို စားသုံးနိုင်မည်နည်း။

ဤနှုန်းအတိုင်း ဆက်လက် ပြေးလွှားနေပါက လောကသခင်မှာ သူ့ကို တစ်မိနစ်လောက် အတွင်းမှာပင် မှီသွားတော့မည် ဖြစ်သည်။ သူမ၏ အဆင့်အတန်းကြောင့် နီးစပ်ရာ မြို့တစ်မြို့ကို ဝင်ရောက်ခိုလှုံကာ အကူအညီ တောင်းဖို့လည်း လွယ်ကူလိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်မိ၏။ အာကာသ ပဲ့တင်သံ အဆင့်သို့ ရောက်ရှိပြီး မိနစ်ပိုင်း အတွင်းမှာပင် ယခုလို အဖြစ်အပျက်မျိုးနှင့် ရင်ဆိုင်ရလိမ့်မည် ဟု ဝေ့ဝူယင် တွေးပင် မတွေးမိခဲ့ချေ။

“ကောင်းပြီလေ... သူ့ကို သတ်လိုက်တာပေါ့”

ဝေ့ဝူယင် ပြေးလွှားနေရာမှ ရပ်တန့်လိုက်၏။ ယခုကဲ့သို့ ခွေးပြေးဝက်ပြေး ပြေးလွှားနေသည့် အဖြစ်အပျက်မျိုးကို သူ မနှစ်သက်ချေ။ သူမက သူ့အသက်ကို လိုချင်လျှင် သူ့ဘက်ကလည်း သူမထံ အပြည့်အဝ ပြန်လည် ပေးလိုက်ရုံသာ ဖြစ်သည်။

ဝေ့ဝူယင် ခြေစုံရပ်ရင်း နောက်သို့ ဖြည်းညင်းစွာ လှည့်လိုက်၏။ ထိုအခိုက်၌ သူ မည်သည့် လက်နက်ကိုမှ ဆွဲမထုတ် သလို မည်သည့် စွမ်းအင်ကိုမှလည်း မထုတ်ဖော်ချေ။ သူ ပိုင်ဆိုင်ထားသည့် အခြား ဂုဏ်ပုဒ် တစ်ခု ဖြစ်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်ဆိုသော အဆင့်အတန်းကိုသာ သုံးကာ သူမအား သတ်ဖြတ်ဖို့ ကြံရွယ်ထားပေသည်။

ဝှစ်...

ဝေ့ဝူယင် လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းကာ ကလေး လက်သီးဆုပ် အရွယ် ရှိမည့် ဆေးတောင့် နှစ်ခုကို ထုတ်ယူလိုက်သည်။ သို့သော်လည်း ချက်ချင်းပင် သူ၏ အမူအရာက အရုပ်ဆိုးသွား၏။ ဆေးတောင့်များကို ကုန်းမြေတိုက်ကြီးပေါ်ရှိ ထူးဆန်းသော စွမ်းအင်တစ်ခုက ပိတ်ပင်တားဆီးထားသည် မဟုတ်ပါလား။

“သေစမ်း...”

ဝေ့ဝူယင် မတုန့်မဆိုင်းပဲ နောက်တစ်ကြိမ် နောက်သို့ လှည့်ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးလိုက်ပြန်တော့၏။

ဝှစ်....

တစ်ဆယ် ကီလိုမီတာခန့် အကွာအဝေးနေရာတစ်ခု၌... လောကသခင်မှာ ဝေ့ဝူယင်၏ လှုပ်ရှားမှု မှန်သမျှကို ရှင်းလင်းစွာပင် မြင်နေရ၏။ သူမက အေးစက်စွာ ပြုံးလိုက်ရင်း အရှိန်ကို ဆယ်ဆမျှ အထိ မြှင့်တင်လိုက်၏။ နောက်ထပ် ဆယ်စက္ကန့်မျှ အတွင်းမှာပင် ထိုဓားပြလေးကို သူမ အမှီလိုက်နိုင်တော့မည် ဖြစ်လေတော့သည်။

***

All Chapters