← Chapters

လောကသခင်၏ ဆုံးဖြတ်ချက်

Vol. 31 Ch. 422

လောကသခင်၏ ဆုံးဖြတ်ချက်

Vol. 31 Ch. 422

ဝေ့ဝူယင် ကံကြမ္မာကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ အသက်ရှူလိုက်တိုင်း၌ နောက်ရှိ လောကသခင်၏ ဖိအားက ကြောက်မက်ဖွယ် ကောင်းအောင် တိုးမြင့်လာနေခဲ့သည်။ ဝေ့ဝူယင် စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် ထားရင်း အကောင်းဆုံး နည်းလမ်းကို ရှာဖွေလိုက်၏။

ထိုအရာက သူ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည့် ပထမဆုံး အကြိမ် မဟုတ်ချေ။ နေသွေးနီနီဂိုဏ်းတွင် နေထိုင်စဥ် အချိန်တုန်းကလည်း ထူးဆန်းသည့် သဘာဝ ဖြစ်စဥ်တစ်မျိုး ဖြစ်သည့် ကောင်းကင်တံတိုင်းကြီးထံမှ ယခုလိုပင် ဘဝပျက်အောင် ထွက်ပြေးခဲ့ရဖူးသည်။ ထိုတံတိုင်းကြီးနှင့် ယဥ်ပါက ဤလောကသခင် အဆင့်၏ အမဲလိုက်မှုမှာ ပန်းနှင့် ပေါက်သလောက်သာ ရှိပေသည်။

ဟူး... ဟူး...

လောကသခင်မှာ လျှင်မြန်စွာပင် နီးကပ်လာနေခဲ့၏။ ဆုံးဖြတ်ချက် တစ်ခု မဖြစ်မနေ ချရတော့မည် ဖြစ်ကြောင်း ဝေ့ဝူယင် ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ အကယ်၍ ထိုလောကသခင်၏ လောကနယ်မြေ အတွင်း ရောက်ရှိသွားပါက လက်ရှိ အခြေအနေဖြင့် ခုခံရန် မလွယ်ကူကြောင်း သူ သိပေသည်။

ဝှစ်...

ဝေ့ဝူယင် ချက်ချင်းပင် ဒြင်စင်မူလ ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ ပျက်သုဥ်ခြင်း မြေကြီး ရည်ရွယ်ချက်နှင့် ချိတ်ဆက်လိုက်၏။ ထို့နောက် ရေချိုကို တွေ့လိုက်ရသည့် ငါးတစ်ကောင် ကဲ့သို့ မီးခိုးရောင် သဲသောင်ပြင်ပေါ် ဒိုက်ဗင်ထိုးကာ မြေကြီးအလွှာအတွင်း ကူးခပ် ဝင်ရောက်သွားလေတော့သည်။

“မြေကြီး ရည်ရွယ်ချက်...”

နောက်မှ ပြေးလွှားလာနေသည့် လောကသခင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ထို့နောက်တွင် အေးစက်သော အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းထက်၌ ဖြည်းညင်းစွာပင် နေရာယူလာသည်။

“ဒီလောက်နဲ့ လွတ်ဖို့ မျှော်လင့်နေတာလား...”

သူမက ကြယ်တာရာ အင်အားကို ထုတ်ဖော်ရင်း ခန္ဓာကိုယ် ပတ်လည်တွင် ကြက်ဥအခွံ တစ်ခု ကဲ့သို့ ဝန်းရံလိုက်သည်။ ထို့နောက် သူမသည်လည်း မီးခိုးရောင် သဲသောင်ပြင်ပေါ် ဒိုင်ဗင်ပစ်ကာ မြေကြီးအလွှာများ အတွင်း ဝင်ရောက်လိုက်လေတော့၏။

ဝေ့ဝူယင်နှင့် မတူညီတာ တစ်ခုက သူမတွင် မြေကြီး ရည်ရွယ်ချက် မရှိချေ။ ထို့ကြောင့်ပင် မြေလွှာများကို ထိန်းချုပ်၍ သွားလာနိုင်စွမ်း သူမတွင် မရှိချေ။ သို့သော်လည်း လောကသခင် အဆင့် စွမ်းအား အထောက်အပံ့ဖြင့် မည်သည့် မြေကြီးကို မဆို ဖောက်ထွက်နိုင်စွမ်း ရှိလေရာ အဘယ်ကြောင့် မြေကြီး ရည်ရွယ်ချက်ကို သူမ လိုအပ်မည်နည်း။

ဘုန်း... ဘုန်း...

မြေကြီးလွှာများကို အရှိန်အဟုန်နှင့် ထိုးဖောက်ရင်း ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ သူမ ဝေ့ဝူယင်ကို ထောက်လှမ်း လိုက်၏။ ပျက်သုဥ်းခြင်း ရည်ရွယ်ချက်မှာ မြေကြီးများကို ရေကဲ့သို့ နူးညံ့ပျော့ပျောင်းအောင် ပြောင်းလဲပေးသည့်တိုင် မည်သို့ပင် ဆိုစေ သူ့အနေဖြင့် မြေလွှာများကို ထိုးဖောက်ရန် လိုအပ်ဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကို ခြေရာခံရသည်က လွယ်ကူလှပေသည်။

“ခွေးကောင်လေး... ဒီတစ်ကြိမ်တော့ ငါ့ကိုလွယ်လွယ်နဲ့ အရူးလုပ်နိုင်မယ် မထင်နဲ့”

လောကသခင်၏ မျက်လုံးများက ခံပြင်းဒေါသများနှင့် ပြည့်နှက်လို့ နေ၏။ မည်ကဲ့သို့ ဒေါသမထွက်ပဲ နေနိုင်ပါမည်နည်း။ ထိုကလေးပေါက်စနမှာ သူမကို မျက်စိရှေ့တွင်ပင် လှည့်စားကာ လက်ထဲမှ ဟင်းလင်းပြင် လက်စွပ်ကို ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။

ပို၍ ဒေါသထွက်ဖို့ ကောင်းသည်က ထိုလူငယ် အသုံးပြုခဲ့သည့် လှည့်ကွက်ကို ယနေ့တိုင် သူမ  မဖော်ထုတ်နိုင်သေးခြင်း ဖြစ်သည်။

စောစောက စကားအား ပြန်ဆက်ရလျှင် ထိုသူခိုးလေးမှာ သူမ ရာစုနှစ်နှင့် ချီ၍ စုဆောင်းထားခဲ့သည့် ပျက်သုဥ်းခြင်း ပုလဲများ အပါအဝင် အမျိုးမျိုးသော ရတနာ ပစ္စည်းများကို ခိုးယူသွားခဲ့သည်။ မြို့ကာကွယ် စောင့်ရှောက်သူအလုပ်ကို သူမ ငြီးငွေ့နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မကြာခင် လပိုင်းအတွင်းမှာပင် ဤစိတ်ပျက်စရာ ကောင်းလောက်အောင် ခြောက်ကပ်နေသည့် ပျက်သုဥ်းခြင်း နယ်မြေမှ ထွက်ခွာရန် သူမ အကုန် အစီအစဥ် ဆွဲထားခဲ့ပြီး ဖြစ်သည်။

ပထမဆုံး အနေဖြင့် ဗဟိုနယ်မြေများဆီသို့ သူမ သွားရောက်မည်။ ထိုနေရာသို့ ရောက်သည်နှင့် ငယ်ရွယ်ချောမောသည့် ပါရမီရှင် အိမ်ထောင်ဖက် တစ်ယောက်ကို ရှာဖွေမည်။ သူနှင့် လက်ထပ်ကာ ကလေးများ မွေးမည်။ ကလန်တစ်ခု ထူထောင်မည်။

ထိုအတွက် ရာစုနှစ်နှင့် ချီအောင် သူမ အလုပ်လုပ်ခဲ့သည်။ နည်းလမ်းပေါင်းစုံကို သုံးကာ စည်းစိမ် ဥစ္စာများကို မသုံးရက် မစွဲရက် ရှာဖွေ စုဆောင်းခဲ့သည်။ သို့သော်လည်း သူခိုးလေးမှာ ရုတ်ချည်း ရောက်ရှိလာကာ သူမ၏ အိပ်မက် အလုံးစုံကို ရိုက်ချိုးသွားခဲ့သည်။ ပို၍ ခံပြင်းစရာ ကောင်းသည်က ထိုကောင်လေးမှာ ယခုမှ ဝိညာဥ်ဆင်းတု အဆင့်တွင်သာ ရှိနေသေးခြင်း ဖြစ်သည်။

ထို့နောက်တွင် သူက ရုတ်ချည်း ပြန်လည် ပျောက်ကွယ်သွားသည်။  အထက်ပိုင်းမှ ပုဂ္ဂိုလ်များ ရောက်ရှိလာချိန်တွင် အစအနကိုပင် ရှာဖွေ မရတော့။ သူမနှင့် မြို့တော်သခင်တို့ကတော့ ပူးပေါင်း ကြံစည်မှု အထောက်အထားများဖြင့် အကြိမ်ကြိမ် အဖန်ဖန် စစ်ဆေးခြင်း ခံခဲ့ရသည်။

ထိုရက်ပိုင်းက သူမအတွက်တော့ အတော်လေး ကြမ်းတမ်း ခက်ခဲခဲ့ပေသည်။ ရက်စက်သည့် ဝိညာဥ်ကျိန်စာ တစ်ခုကို သူမ ကျိန်ဆိုခဲ့ရသည့် အပြင် ထိန်းချုပ်ခြင်း ဝင်္ကပါ တစ်ခုဖြင့် ချုပ်နှောင်ထားခြင်းကိုပါ ခံခဲ့ရသည်။ ထို့နောက်တွင် သူတို့က ခြေရာခံနိုင်သည့် လောကသံလိုက်အိမ်မြှောင်တစ်ခုကို သူမထံ အပ်နှင်းကာ ဝေ့ဝူယင်အား ဖမ်းဆီးဖို့ တာဝန်ကို ပေးခဲ့သည်။

ခြောက်လ...

လွန်ခဲ့သည့် ခြောက်လ လုံးလုံး သူမ လောကသံလိုက်အိမ်မြှောင်ကို ကိုင်ကာ ပျက်သုဥ်းခြင်း နယ်မြေအနှံ့ ခြေဆန့်ခဲ့သည်။ ဝေ့ဝူယင်ကို လိုက်လံ ရှာဖွေခဲ့သည်။ သို့သော်လည်း မည်သည့် အစအနမှ မရခဲ့။ ထိုလူငယ်မှာ လောကကြီးမှ လုံးဝ ခြေရာဖျောက်သွားသည့် အတိုင်းပင်။

သို့သော်လည်း သူမ အားမလျှော့ခဲ့ချေ။ အချိန်သခင်များထံမှ ဆုံးရှုံးသွားခဲ့သည့် ယုံကြည်မှုကို ပြန်လည် ရရှိရန် အတွက် ဝေ့ဝူယင်ကို မဖြစ်မနေ ဖမ်းဆီးဖို့ လိုအပ်ကြောင်း သူမ သိပေသည်။ ပျက်သုဥ်းခြင်း နယ်မြေ၏ တစ်လက်မချင်းစီတိုင်းကို သူမ အကြိမ်ကြိမ် အခါခါ ရောက်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ နောက်ထပ်ရက်ပိုင်းအတွင်း အရာမထင်ပါက အခြားနယ်မြေများသို့ သွားရောက်ရန်ပင် သူမ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

နောက်ဆုံး၌ သူမ၏ ဇွဲလုံ့လများက အရာထင်ခဲ့ပေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းမျှ အလိုတွင် လောက သံလိုက်အိမ်မြှောင်မှာ ဝေ့ဝူယင်၏ အငွေ့အသက်ကို စတင် ခြေရာခံနိုင်လာခဲ့သည်။ ဤသို့နှင့် သူမ ဝေ့ဝူယင်ကို ရှာတွေ့ခဲ့သည်။

ထိုသူခိုးလေးကို မည်သည့် အကြောင်းပြချက်နှင့်မှ သူမ အလွတ်မပေးနိုင်တော့။ ဤတစ်ကြိမ် မျက်ခြေပြတ်သွားလျှင် နောက်ထပ် မည်မျှမျှ ကြာကြာ ပျောက်ဆုံးသွားဦးမည်ကို မသိနိုင်ရာ ရလာသည့် အခွင့်အ‌ရေးကို အပြည့်အဝ ဆုပ်ကိုင်ဖို့ လိုအပ်ပေသည်။ လောကသခင်မှာ တွေးတောရင်း အရှိန်ကို ပိုမို တိုးမြှင့်လိုက် လေတော့၏။

အခြားတစ်ဖက်၌ ဝေ့ဝူယင်မှာ မူလဒြပ်စင် ရည်ရွယ်ချက်ကို အတင်းအကြပ် ထုတ်သုံးနေရသည့် အတွက် ပြင်းပြသည့် နာကျင်မှုများကို ခံစားနေရ၏။ ထိုအရာက သူ့ခေါင်းကို အပ်ပေါင်း တစ်သောင်းဖြင့် တစ်ပြိုင်နက်တည်း ထိုးစိုက်နေသလိုပင်။ သို့သော်လည်း သူ မလုပ်၍ မရချေ။ စက္ကန့်အနည်းငယ် နှောင့်နှေးသွားသည်နှင့် လောကသခင်မှာ သူ့ကို ဖမ်းမိသွားလိမ့်မည် ဖြစ်သည်။ ထိုအဘွားကြီး လက်အတွင်း ရင်ဆိုင်ရမည့် ဘေးဒုက္ခများနှင့် ယှဥ်ပါက ခေါင်းကိုက်ခြင်း ဆိုသည်က အသေးအမွှား ပြဿနာ တစ်ခုသာ ဖြစ်ပေသည်။

ဘုန်း...

မကြာခင်မှာပင် ဝေ့ဝူယင်မှာ မြေကြီး အနက်ပိုင်းရှိ ဥမင်လမ်းကြောင်း တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ ဝေ့ဝူယင် ထိုလမ်းကြောင်း အတိုင်း ဆင်းသက်လိုက်ကာ ဝင်္ကပါများ ရှိမရှိ အကဲခတ်လိုက်သည်။ သို့သော်လည်း တစ်ခုကိုမှ မတွေ့ရ။ မကြာခင်မှာပင် ဤဥမင်လိုဏ်ခေါင်းမှာ မီးခိုးရောင် အယ်ဗန်များ၏ ဖမ်းဆီးခံခဲ့ရချိန်က ရောက်ရှိခဲ့သော နေရာပင် ဖြစ်ကြောင်း သိရှိလိုက်သည်။

ဝေ့ဝူယင် ထိုလမ်းကြောင်း အတိုင်း ဆက်လက် ပြေးလာခဲ့၏။ မကြာခင်မှာပင် ခွဲထွက်နေသည့် လမ်းကြောင်းနှစ်ခုကို တွေ့လိုက်ရသည်။ ထိုနှစ်ခုထဲမှ တစ်ခုမှာ အိကျူးလင်တို့မြို့သို့ ဦးတည်နေ၏။ ဝေ့ဝူယင် မတုန့်မဆိုင်းပင် အခြားလမ်းကြောင်း တစ်ခုကို ဦးတည်လိုက်သည်။

ဘုန်း...

သိပ်မကြာခင်မှာပင် ပေါက်ကွဲသံ တစ်ခုနှင့် အတူ အဘွားအိုမှာလည်း ဥမင်လိုဏ်ခေါင်း အတွင်း ရောက်ရှိလာ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရုံဖြင့် မည်သည့် နေရာကို ရောက်ရှိနေကြောင်း သူမ တန်းကာ သိရှိ လိုက်သည်။

“မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်တွေရဲ့ မြေအောက် ဥမင်တွေပါလား... ဒီနေရာကို ထွက်ပြေးရုံနဲ့ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား...”

သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်၏။ ချက်ချင်းပင် ဝေ့ဝူယင် ပြေးလွှားသွားသည့် ခြေရာများကို သူမ မြင်တွေ့လိုက်ရလေသည်။

အေးစက်စက် ရယ်မောလိုက်ရင်း ကြယ်တာရာ အင်အားကို ဖြန့်ကျက်ကာ ယခင်ကထက် ပိုမို မြန်ဆန်စွာ သူမ စတင် ပြေးလွှားလိုက်၏။

ဘုန်း... ဘုန်း...

သူမ၏ ခြေတစ်လှမ်းချင်းစီတိုင်း၌ ဥမင်လိုဏ်ခေါင်း တစ်ခုလုံးမှာ တုန်ရီကာ ပြိုကျမတတ် ဖြစ်လာ၏။ ဝေ့ဝူယင်မှာ နောက်မှ နီးကပ်လာမှုကို ခံစားလိုက်ရရာ အရှိန်ကို ထပ်မံ တိုးမြှင့်လိုက်သည်။ ဥမင်လိုဏ်ခေါင်း တစ်လျှောက် မည်သည့် ဝင်္ကပါနှင့် အတားအဆီးမှ ချမထားခြင်း အပေါ်  မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များကို သူ အပြစ်တင်လိုက်မိ၏။

မည်မျှ အသုံးမကျလိုက်သနည်း။

“ငါ -ိုး မ အယ်ဗန်တွေ...”

ဝေ့ဝူယင် စိတ်ထဲမှ ဆဲ‌ရေးလိုက်ရင်း အရိုးများထံမှ တကျီကျီ အသံများ ထွက်ပေါ်လာသည် အထိ အရှိန်ကို မြှင့်တင်လိုက်၏။ ချက်ချင်းပင် သူ၏ ခြေထောက်များက ဘီးများ အသွင်သို့ပင် ပြောင်းလဲသွားကာ ခန္ဓာကိုယ်မှာ အနက်ရောင် အလင်းတန်း တစ်ခု အသွင်ပင် ပြောင်းလဲသွား၏။

ရုတ်ချည်း အရှိန်မြင့်တက်သွားသည့် ဝေ့ဝူယင်ကို ကြည့်ရင်း နောက်ရှိ လောကသခင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ထိုသူခိုးလေးမှာ မည်သည့် ကြယ်တာရာ အင်အားကိုမှ မသုံးပဲ ခြေထောက်သက်သက် ဖြင့်သာ ပြေးလွှားနေခြင်း ဖြစ်ကြောင်း သူမ ရှင်းလင်းစွာ တွေ့မြင်နေရသည်။ သို့တိုင်အောင် သူ၏ အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။ လောကသခင် တစ်ယောက် အနေဖြင့်ပင် ထိုမျှ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူမျိုးကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

“ငါ့ကို လာပြီး ကစားချင်နေတာလား...”

သူမက အေးစက်စက် နှာ‌ခေါင်းရှုံ့လိုက်ရင်း အရှိန်ကို ထပ်မံ တိုးမြှင့်လိုက်လေတော့၏။

***

All Chapters