ပြေးပွဲလိုက်ပွဲ
Vol. 31 Ch. 423
စက္ကန့်အနည်းငယ်မျှ ကြာအောင် ထပ်မံ ပြေးလွှားပြီးနောက် ရုတ်ချည်းပင် ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားသည်။ လိုဏ်ခေါင်း၏ တစ်နေရာတွင်တော့ စစ်သား အချို့မှာ ဖွတ်ပုတက် သားရဲကြီးများကို စီးနင်ရင်း အားရပါးရ ရယ်မောကာ စကား ပြောဆိုနေကြသည်။
ဝှစ်...
ရုတ်တရက် သူတို့မှာ လေပွေတစ်ချက် ဝှေ့သွားသလို ခံစားလိုက်ရ၏။ သူတို့၏ အင်္ကျီစများက အရှိန်အဟုန်နှင့် လွင့်ပျံသွားကာ ကြမ်းပြင်နှင့် နံရံရှိ ဖုန်မှုန့်များမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
“ဘာလဲ...”
စစ်သားများမှာ လန့်ဖျန့်သွားကာ လက်နက်များကို ဆွဲထုတ်ရင်း ဝိညာဥ်အာရုံများကို ဖြန့်ကျက် လိုက်ကြ၏။ ဤနေရာ၌ လေတိုက်စရာ အကြောင်း မရှိချေ။
ထိုအခိုက်တွင် အလွန် ကြီးမားသော အင်အားတစ်ခု တိုးဝင်လာသလို သူတို့ ခံစားလိုက်ရသည်။ ဖွတ်ပုတက် သားရဲကြီးများမှာ ကြာက်လန့်တကြား အော်ဟစ်သံများ ပြုရင်း မြေကြီးကို လက်သည်းများဖြင့် ကုတ်ခြစ် လိုက်ကြ၏။ ထို့နောက် ၎င်းတို့မှာ စီးနင်းသူများ၏ ခွင့်ပြုချက် မပါပဲ ကစဥ့်ကလျား စတင် ထွက်ပြေးလေတော့၏။
“နောက်ကျသွားပြီ... ပိုးကောင်လေးတွေ...”
ရုတ်တရက် ကျောရိုးများထဲ အထိ စိမ့်ဝင်လောက်သည့် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။ ငွေရောင် အလင်းတစ်ခုက လျှပ်တစ်ပြက် အတွင်းမှာပင် ထိုနေရာကို ဖြတ်ကျော်သွားသည်။ ညည်းတွားသံများ ထွက်ပေါ်လာကာ သွေးစများမှာ နံရံနှင့် ကြမ်းပြင်များတွင် စွန်းပေသွား၏။
ဝှစ်... ဝှစ်...
လောကသခင်မှာ အရှိန်အဟုန်နှင့် ရှေ့သို့ ဆက်လက် ရွေ့လျားလာ၏။ လမ်းရှိ အနှောက်အယှဥ်၊ အတားအဆီးများက သူမ၏ အရှိန်ကို တစ်စက္ကန့်၏ အပုံတစ်ထောင်ပုံ တစ်ပုံပင် နောက်မကျစေခဲ့ချေ။
ဝေ့ဝူယင်မှာ နောက်နားမှ နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရ၏။ သို့သော်လည်း သူ နောက်သို့ တစ်ချက်မှ လှည့်မကြည့်ချေ။ ကြယ်တာရာ အမြုတေ အဆင့်သုံး အဆင့် စစ်သားလေးများမှာ လောကသခင်ကို မည်သို့မှ မဟန့်တားနိုင်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ စက္ကန့်ပိုင်းမျှ အချိန်ဆွဲထားပေးနိုင်ဖို့ သူ အမြင့်ဆုံး မျှော်လင့်ခဲ့မိသော်လည်း သူတို့က ထင်ထားသည်ထက် များစွာ ပိုမို အားနည်းလွန်းလှသည်။
စက္ကန့်အနည်းငယ် ထပ်မံ ပြေးလွှားပြီးနောက် ရှေ့တွင် လမ်းကြောင်းနှစ်ခု ထပ်မံ ကွဲထွက်နေသည်ကို သူ တွေ့မြင် လိုက်ရ၏။ အနည်းငယ်ပင် တုန့်ဆိုင်းခြင်း မရှိပဲ ကြုံရာကျပန်း လမ်းကြောင်း တစ်ခုကို ဝေ့ဝူယင် ရွေးချယ် လိုက်သည်။ ထို့နောက် ဖနှောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ဆက်လက် ပြေးလေတော့၏။
ဝှစ်... ဝှစ်...
မကြာခင်မှာပင် အဘွားကြီးမှာလည်း ထိုနေရာသို့ ရောက်ရှိလာ၏။ လက်ထဲရှိ အလင်းပုရပိုက် (လောက သံလိုက်အိမ်မြှောင်) ကို တစ်ချက် ငုံ့ကြည့်ပြီးနောက် သူမက ချက်ချင်းပင် ဘယ်ဘက် လမ်းကြောင်းဆီ တိုက်ရိုက် ဦးတည်လိုက်၏။
“ငါ သူ့ဆီမှာ အဖမ်းခံမိလို့ မဖြစ်ဘူး...”
လောကသခင် နောက်မှ ထပ်ချပ်မကွာ လိုက်လာကြောင်း ခံစားမိရာ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်း သွား၏။ အလှည့်အပြောင်းများ ပြုလုပ်ရန် သူ့အတွက် လိုအပ်နေခဲ့ပြီ ဖြစ်သည်။
ဟူး... ဟူး...
ဝေ့ဝူယင် ပြေးလွှားနေသည့် အရှိန်ကို ထပ်မံ တိုးမြှင့်လိုက်၏။ ကံကောင်းထောက်မစွာပင် စက္ကန့်အနည်းငယ် အကြာတွင်ပင် ဥမင်လိုဏ်ခေါင်း အဆုံးသတ်ကို သူ လှမ်းမြင်တွေ့လိုက်ရသည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ ထိုအရာက မြို့တစ်မြို့၏ ဝင်ပေါက်ပင် မဟုတ်ပါလား။
ထိုမြို့က မည်သည့် မြို့ဖြစ်သည်၊ မြို့ကာကွယ်စောင့်ရှောက်သူက မည်မျှ အစွမ်းထက်သည်ကို သူ မသိချေ။ သို့သော်လည်း သေချာတာတစ်ခုကတော့ မြို့တော်၏ ဝင်္ကပါများက လောကသခင်ကို အချိန်အတိုင်းအတာ တစ်ခု အထိ နှောင့်နှေးသွားအောင် လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
ဘုန်း...
ဝေ့ဝူယင်က မြို့တော်အတွင်း တိုက်ရိုက်ပင် ခုန်ဝင်လိုက်၏။ အစောင့်များမှာ လူတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာမှုကို ကြည့်ကာ ဆွံ့အသွားကြသည်။ သို့သော်လည်း သူတို့ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ဝေ့ဝူယင်က အားကောင်းသော အဆုပ်များကို သုံးကာ အသံကုန် အော်ဟစ်လိုက်လေတော့သည်။
“ကျူးကျော်သူ ရှိတယ်ဟေ့...”
...
“ကျူးကျော်သူ ရှိတယ်ဟေ့...”
ရုတ်တရက်... တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေသည့် အသံတစ်ခုက မိုးချုန်းသံ ကဲ့သို့ ထွက်ပေါ်လာကာ ဆူနာမီလှိုင်းများလို မြေအောက်မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွား၏။ မရေမတွက်နိုင်သော မြို့သူမြို့သားများမှာ ထိုအသံကို ကြားလိုက်ရရာ ဝရုန်းသုန်းကား ဖြစ်သွားကြသည်။
ကျူးကျော်သူ...
ထိုစကားလုံးက သူတို့နှင့် မစိမ်းချေ။ လွန်ခဲ့သည့် ရက်ပိုင်းလောက်ကပင် အိမ်နီးချင်း မြေအောက်မြို့တော် တစ်ခုကို ကျူးကျော်သူ တစ်ယောက် ဝင်ရောက်ခဲ့ကြောင်း သူတို့ ကြားသိခဲ့ရသည်။ ထိုကျူးကျော်သူက အလွန် အစွမ်းထက်ကာ မြို့ကာကွယ် စောင့်ရှောက်သူ အိရှန်းယွမ်ကိုပင် သတ်ဖြတ်ပစ်ခဲ့သည်ဟု ဆိုသည်။
ဝမ်... ဝမ်...
ချက်ချင်းပင် မြေအောက်မြို့တော်တစ်ခုလုံးမှာ အချက်ပေးသံများနှင့် ပြည့်နှက်သွားကာ ဝင်္ကပါများမှာ အသက်ဝင်လာ၏။ ပြိုးပြိုးပျက်ပျက် သင်္ကေတများနှင့် အတူ အလင်း အကာအရံ တစ်ခုမှာ မြို့တော်ဝင်ပေါက်ကို ပိတ်ဆို့သွားသည်။
တစ်ချိန်တည်း၌ ပိန်ပါးသော ပုံရိပ်တစ်ခုက ကောင်းကင်တွင် ဖျပ်ခနဲ ပေါ်လာကာ လေ့ကျင့်ထားသော အယ်ဗန်စစ်သည်တော် များစွာမှာ လက်နက်များကို အသင့်ပြင်ရင်း နေရာယူလိုက်ကြသည်။ စက္က့န်ပိုင်းမျှ အတွင်းမှပင် မြေအောက်မြို့တော်မှာ ရန်သူများ၏ ကျူးကျော်မှုကို ကာကွယ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ဝှစ်...
စက္ကန့်အနည်းငယ်ခန့် အကြာတွင် လောကသခင်မှာ ဥမင်လိုဏ်ခေါင်း အဆုံးကို ရောက်ရှိလာခဲ့၏။ မြို့တော်တစ်ခုလုံး နိုးကြားနေမှုကို ကြည့်ရင်း သူမ၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်း သွားသည်။
“ဟိုခွေးမသားလေး လက်ချက်ပဲ...”
သူမက နည်းနည်းမျှ မတုန့်ဆိုင်းချေ။ ကြယ်တာရာ အင်အားကို ဖြန့်ကျက်ကာ လက်ဝါးကို အားကုန်သုံး၍ မြို့တော်တံခါးကို ရိုက်ချလိုက်လေတော့၏။
ဘုန်း...
အလင်းအကာအရံမှာ အဘွားကြီး၏ တိုက်ခိုက်မှုကို တစ်ချက်မျှပင် တောင့်မခံနိုင်ခဲ့ချေ။ ချက်ချင်းပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ ပြိုကျသွား၏။ ထို့နောက် အတွင်းရှိ အယ်ဗန်စစ်သည်တော်များနှင့် မြို့ကာကွယ်စောင့်ရှောက်သူတို့၏ ကံကြမ္မာကား...
...
“လောကသခင်ဟေ့...”
“အား...”
“ကယ်ကြပါဦး...”
မြေအောက်မြို့တော် အတွင်း ထိတ်လန့်တကြား အော်ဟစ် ညည်းညူသံများ ပွက်လောရိုက်အောင် ထွက်ပေါ်လာချိန်တွင် ဝေ့ဝူယင်ကတော့ အခြား ဥမင်လိုဏ်ခေါင်းတစ်ခုမှ တစ်ဆင့် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခြေလှမ်းများက ဧရာမ ကျောက်တုံးကြီး တစ်ခုအား သယ်ဆောင်နေရသလို လေးလံနေကာ အသက်ရှူလိုက်တိုင်း တရွှီရွှီ အသံများပင် ထွက်ပေါ်နေသည်။
သို့သော်လည်း ဝေ့ဝူယင် နည်းနည်းမျှ အရှိန်မလျှော့ရဲ။ အချိန်တိုအတွင်းမှာပင် အဘွားကြီးမှာ မြေအောက်မြို့တော်ကို ကျော်ဖြတ်ကာ နောက်မှ လိုက်လာလိမ့်မည် ဖြစ်ကြောင်း သူသိရှိပြီး ဖြစ်သည်။
မကြာခင်မှာပင် ဥမင်လိုဏ်ခေါင်းမှာ အဆုံးသတ်သွားကာ အခြား မြေအောက်မြို့တော် တစ်ခုကို သူ ရောက်ရှိလာခဲ့လေတော့၏။
“စိတ်မကောင်းပါဘူး... ဒီအကြွေးကို နောက်မှပဲ လာဆပ်တော့မယ်...”
...
“အား... အမလေး...”
“အားလုံးပြီးသွားပြီ... သူက လောကသခင် အဆင့်ပဲ”
“မိစ္ဆာမကြီး...”
အကူအညီ ကင်းမဲ့လှသည့် သနားစဖွယ် အသံများက နောက်တွင် တဖြည်းဖြည်း ဝေး၍ ကျန်ရစ်ခဲ့၏။ ဝေ့ဝူယင်မှာ အဆက်မပြတ် ဆက်လက် ပြေးလွှားနေ၏။ မိနစ်ပိုင်းမျှ အတွင်းမှာပင် သူ မြေအောက်မြို့တော် သုံးမြို့ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။
သူ ဖြတ်ကျော်ခဲ့သည့် မြို့တော်တစ်ခုချင်းစီတိုင်းမှာ ဝင်္ကပါများစွာကို ပိုင်ဆိုင်ထားသည့် အပြင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် တစ်ယောက်၏ ကာကွယ် စောင့်ရှောက်မှု အောက်၌ ရှိပေသည်။ သို့သော်လည်း သူတို့မှာ အဘွားကြီးကို စက္ကန့်အနည်းငယ်ခန့်သာ ထိန်းထားနိုင်ခဲ့သည်။
အကယ်၍ ဤလောကနယ်မြေရှိ ထိပ်တန်း ကျင့်ကြံသူများသာ သုံးလွှာ ကြယ်တာရာ နယ်မြေကို ကျူးကျော်ခဲ့ပါက မည်ကဲ့သို့ ဖြစ်မည်ကို သူ မဆီမဆိုင် တွေးလိုက်မိသည်။ သူတို့ကို မည်သူက ခုခံနိုင်မည်နည်း။ လောကသခင်များပင် ဤမျှ ကြောက်စရာ ကောင်းနေလျှင် အချိန်သခင်များ ဆိုလျှင် မည်ကဲ့သို့ ရှိမည်နည်း။
ဟူး... ဟူး...
မကြာခင်မှာပင် ဝေ့ဝူယင်မှာ အဆပေါင်းများစွာ ပိုမို ကြီးမားသည့် လိုဏ်ခေါင်းကြီး တစ်ခုဆီသို့ ရောက်ရှိ လာခဲ့သည်။ ရှေ့တည့်တည့်ကို မျှော်ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ အရောင်ပြောင်းလဲ သွား၏။ ဤဥမင်လမ်းကြောင်းက အဓိက မြေအောက်မြို့တော်ကိုးခုမှ တစ်ခုကို ဦးတည်နေသလော။
အဓိက မြေအောက်မြို့တော်ကြီးများတွင် လောကသခင်များနှင့် အစွမ်းထက် ဝင်္ကပါများ ရှိကြောင်း ချူလဲ့တောင်းက သူ့ကို ပြောပြဖူးသည်။ အကယ်၍ ထိုမြို့တော်ထဲကို ဝင်ရောက်နိုင်ပါက သူ လုံးဝ လုံခြုံ သွားလိမ့်မည် ဖြစ်သည်။ နောက်လာမည့် ပြဿနာကတော့ နောက်မှ ကြည့်ရှင်းလိုက်ရုံသာ ဖြစ်သည်။ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့။
ဝေ့ဝူယင် အရှိန်ကို ပိုမို တိုးမြှင့်လိုက်ရင်း မြေအောက် မြို့တော်ကို ဦးတည်လိုက်လေတော့၏။
***