ရှင်ဘာခိုးခဲ့တာလဲ
Vol. 31 Ch. 424
“ခွေးမသား... ငါနင့်ကို သတ်မယ်...”
တတိယမြောက် မြေအောက်မြို့တော်ကို ဖျက်ဆီးပြီးနောက် လောကသခင်၏ မျက်လုံးများမှာ ဒေါသဖြင့် ချင်းချင်းနီ နေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ကလိမ်စေ့ ငြမ်းဆင် နည်းလမ်းများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့် မထားခဲ့ချေ။
မြေအောက်မြို့တော် သုံးခုနှင့် ထိပ်တိုက် ရင်ဆိုင်ပြီးနောက် သူမမှာ မောပန်းစ ပြုလာနေခဲ့ပြီ ဖြစ်သည်။ လောကသခင်များမှာ အလွန် အစွမ်းထက်သည် ဆိုသော်လည်း အကန့်အသတ်မဲ့ ကြယ်တာရာ အင်အားများကို ပိုင်ဆိုင်ထားသည်ဟုတော့ မဆိုလိုချေ။ အထူးသဖြင့် အမတေနှင့် မန်နာများ ထိန်းချုပ်ခံထားရသည့် ယခုလို ဆုတ်ယုတ်မှု ရာသီမျိုးတွင် ကြယ်တာရာ အင်အား ကုန်ဆုံးမှုနှုန်းက သာ၍ပင် သိသာလှသည်။
ယခုဆိုလျှင် လောကပင်လယ် အတွင်းရှိ ကြယ်တာရာ အင်အား ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို သူမ အသုံးပြုခဲ့ပြီး ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ နောက်ထပ် မြို့တစ်မြို့ကို ထပ်မံ ဖြတ်သန်းသွားပါက သူမ လုံးဝ ဆက်လိုက်နိုင်တော့မည် မဟုတ်ချေ။
သူမ နှုတ်ခမ်းကို ကိုက်ရင်း အရှိန်အား အဆုံးစွန်ထိ မြှင့်တင်ရန် ဟန်ပြင်လိုက်စဥ်မှာပင် အလွန် ကြီးမားသော လိုဏ်ခေါင်းကြီး တစ်ခုမှာ ဘွားခနဲ ပေါ်လာခဲ့၏။ ထိုလမ်းကြောင်းက အဓိက မြေအောက်မြို့တော်ကြီး တစ်ခုကို ဦးတည်နေကြောင်း သူမ ချက်ချင်းပင် သိလိုက်သည်။ အခြေအနေက လုံးဝ မဟန်တော့ကြောင်း သူမ သဘောပေါက်လိုက်ရာ အဘွားကြီးမှာ ရပ်တန့်လိုက်၏။
သူမက အသက်ကို ပြင်းပြင်းရှူရင်း လက်ကျန် ကြယ်တာရာ အင်အား ထက်ဝက်ခန့်ကို သုံးကာ လက်ဟန် ချိပ်စည်းတစ်ခုကို ဖော်ထုတ်လိုက်သည်။ ထို့နောက်တွင် ဟင်းလင်းပြင် အင်အားကို သုံးရင်း ဝေ့ဝူယင်ကို ဝိညာဥ်အာရုံဖြင့် ပိတ်ဆို့လိုက်၏။
...
ဘုန်း...
ရုတ်တရက် ဝေ့ဝူယင်မှာ ကုန်းမြေတိုက်ကြီး တစ်ခု အရှိန်အဟုန်နှင့် အတူ ခန္ဓာကိုယ်ပေါ် ပိကျလာသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ မရပ်တန့်ချေ။ အံကို တင်းတင်းကြိတ်ကာ ဆက်လက် ပြေးလွှားနေဆဲ ဖြစ်သည်။
မြေအောက်မြို့တော်ကြီး၏ ဝင်ပေါက်ကို ရောက်ရှိရန် မီတာ ရာဂဏန်းခန့်သာ လိုအပ်ပေတော့သည်။ ယခု အချိန်သို့ ရောက်မှ လက်လျှော့ရအောင် သူက အရူးတစ်ယောက် မဟုတ်ပါချေ။
“နင် မလွတ်စေရဘူး...”
ရှေ့သို့ တစိုက်မတ်မတ် ဆက်လက် ရွေ့လျားသွားသည့် ဝေ့ဝူယင်၏ ကျောပြင်ကို ကြည့်ရင်း အဘွားကြီးက အရူးတစ်ပိုင်း အော်ဟစ်လိုက်၏။ ထို့နောက်တွင် သူမက ကြမ်းပြင်ပေါ် ဒိုင်ဗင်ပစ်ကာ မြေကြီးအတွင်း တိုးဝင်လျှက် လုံးလုံး ပျောက်ကွယ်သွားတော့သည်။
ဟူး... ဟူး...
နောက်ဆုံး၌ ဝေ့ဝူယင်မှာ ဥမင်လိုဏ်ခေါင်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မီတာတစ်ရာကျော်ခန့် မြင့်မားသည့် ရွှေရောင် ဂိတ်တံခါးကြီး၏ ရှေ့တွင် ရပ်လိုက်ရင်း သူ အပေါ်သို့ မော့ကြည့်လိုက်၏။ ကြီးကျယ် ခမ်နားသည့် အယ်ဗန် စာလုံးတစ်လုံးမှာ တံခါးထက်၌ ကြွားကြွားဝင့်ဝင့်ပင် နေရာယူနေသည်။
နောက်ရှိ လောကသခင်ထံမှ ဖိအားများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ခံစားမိလိုက်မိရာ ဝေ့ဝူယင် နောက်ကို လှည့်ကြည့်လိုက်သည်။ မျက်မှောင်တစ်ချက် ကြုတ်ရင်း ဤအကြပ်အတည်းမှ ကင်းလွတ်သွားပြီ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။ စိတ်ကို လျှော့ချလိုက်သည်နှင့် ပင်ပန်းနွမ်းနယ်မှုတစ်ခုက ဦးနှောက်ကို ဗဟိုပြု၍ လျှင်မြန်စွာ ဖြစ်ပေါ်လာကာ လျှပ်တစ်ပြက် အတွင်းမှာပင် ခန္ဓာကိုယ် တစ်ခုလုံးကို သိမ်းပိုက်သွား၏။
ဘုန်း...
ဝေ့ဝူယင်၏ ဒူးများက မဟန်နိုင်တော့ပဲ ကြမ်းပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွား၏။ ယခုလောက် မောပန်းမှုမျိုးကို သူ တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့ချေ။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ မရေမတွက်နိုင်အောင် ရိုက်နှက်ကန်ကြောက်ခံထားရ သကဲ့သို့ တဆစ်ဆစ် နာကျင်နေ၏။ သူ့ခြေထောက်အတွင်းရှိ အရိုးများ ဆိုလျှင် မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများဖြင့်ပင် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က အားနည်းနေသည့် ကြားမှပင် လက်တစ်ဖက်ကို ကြိုးစားမလိုက်ရင်း သုံးလွှာ လက်စွပ်အတွင်းရှိ ဆေးရည်ပုလင်း တစ်ခုနှင့် ဆေးပြား အချို့ကို ထုတ်ယူလိုက်၏။ ထို့နောက် သူက အားလုံးကို မတုန့်မဆိုင်းပင် ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
“ငါးမိနစ်... နောက် ငါးမိနစ်ဆို မင်းသေပြီ”
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ရင်း ဆေးရည်နှင့် ဆေးလုံးများကို ဖြည်းညင်းစွာပင် စတင် သန့်စင်လိုက်သည်။ အားလုံးက အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်ကာ အလွန် ထိရောက်သည့် အာနိသင်များကို ပိုင်ဆိုင်ထားပေသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ၎င်းတို့ကို အသုံးပြုရန် သူ့အတွက် မလိုအပ်ခဲ့သော်လည်း ယခုတွင်တော့ အခြား ရွေးချယ်စရာ မရှိတော့ချေ။
ဆေးရည်နှင့် ဆေးလုံးများမှာ သူ့ပါးစပ်အတွင်မှာပင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားကာ ပိုမို ကြီးမားသည့် အာနိသင် တစ်ခု အဖြစ် ပေါင်းစပ်သွား၏။ ထို့နောက် ၎င်းတို့က သွေးကြောများ တစ်လျှောက် စီးဝင်သွားကာ ဘုရင်၊ အိုရီတို့နှင့် တိုက်ရိုက် ဆက်သွယ်လိုက်သည်။ သူတို့က ထျန်းတျန်အတွင်း တည်ရှိနေရာ ပြန်လည် ကောင်းမွန်ရန် အလွယ်ကူဆုံး ဖြစ်သည်။
ဝမ်... ဝမ်...
ထိုအခိုက်တွင်ပင် ဝင်္ကပါ လည်ပတ်သည့် အသံများ ထွက်ပေါ်လာကာ ဂိတ်တံခါးကြီးမှာ နှစ်ပိုင်း ခွဲထွက်သွား၏။ သို့သော်လည်း ဝေ့ဝူယင် ၎င်းကို မစူးစမ်းအားသေးချေ။ သူ စိတ်မျက်လုံးများနှင့် အတူ အိုရီနှင့် ဘုရင်တို့၏ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေ၏။
ဟူး... ဟူး...
အဂ္ဂိရတ် စွမ်းအင်များမှာ ထျန်းတျန်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ကြယ်တာရာ အမြုတေများထံ ဖြည်းညင်းစွာပင် စိမ့်ဝင်သွား၏။ ထို့နောက် ၎င်းတို့က ခမ်းခြောက်နေသည့် လောကပင်လယ်အနှံ့ နေရာယူလိုက်ကြရင်း အက်ကြောင်းများကို ပြန်လည် ပြုပြင်လိုက်သည်။
ဘုရင်နှင့် အိုရီတို့ နှစ်ယောက်လုံးအလျှင်အမြန် ပြန်လည် ကောင်းမွန်လာနေကြောင်း ခံစားလိုက်ရရာ ဝေ့ဝူယင်မှာ စိတ်လှုပ်ရှား သွားမိ၏။
အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များမှာ လောကသခင် အဆင့်နှင့် အချိန်သခင် အဆင့်များ အတွက်ပင် များစွာ အကျိုးဖြစ်ထွန်းနိုင်ရာ အကာသ ပဲ့တင်သံ အဆင့် တစ်ယောက် အတွက်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ ပုံဖော်ကြည့်ရုံဖြင့်ပင် ၎င်းတို့၏ အကျိုးသက်ရောက်မှုကို မြင်တွေ့နိုင်ပေလိမ့်မည် ဖြစ်သည်။
မကြာခင်မှာပင် ပွင့်သွားသော ဂိတ်တံခါးထဲမှ အယ်ဗန်မျိုးနွယ် နှစ်ယောက် ထွက်ပေါ်လာ၏။ ပထမ တစ်ယောက်ကား ထိပ်တန်း အလှပိုင်ရှင် မိန်းမပျိုလေး ဖြစ်ကာ ညိုရွှေရောင် ဆံနွယ်ရှည်များနှင့် သွယ်သွယ်လျလျ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ကြီးမားထွားကျိုင်းသည့် သားမြတ်တစ်စုံကတော့ ဂုဏ်ယူဝင့်ကြွားစွာပင် အင်္ကျီစများအတူ မို့မောက်နေ၏။
ဒုတိယမြောက် တစ်ယောက်ကတော့ အရပ်ရှည်ရှည်၊ မုတ်ဆိတ်ပရပျစ်နှင့် ခန့်ညားသည့် ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသည့် လူကြီး တစ်ယောက်ပင် ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး၏ အသားအရေက တူညီစွာပင် အညိုရောင် ဖြစ်ကာ ရွှေရောင်မျဥ်းကြောင်းများ လှပ သေသပ်စွာ ဖောက်ထားသည့် မီးခိုးရောင် တူညီ ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။
ဝေ့ဝူယင် ထိုနှစ်ယောက်ကို မော့ကြည့်လိုက်သည်။ မုတ်ဆိတ်နှင့် လူကြီးကား သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ လောကသခင် သို့မဟုတ် ထိုထက် ပိုမို မြင့်မားသည့် အဆင့်တစ်ခုမှ ဖြစ်နိုင်သည်။ သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမျိုးကို အနန္တကုန်းမြေတိုက်ကြီးတွင် ရှိစဥ်က လင်းမင်၏ နံဘေးရှိ မိန်းကလေး တစ်ဦးတည်းထံတွင်သာ ဝေ့ဝူယင် ခံစားဖူးသည်။
မိန်းမပျိုလေးကို မြင်လိုက်သော အခါ၌ ဝေ့ဝူယင်၏ မျက်နှာ အမူအရာက မသိမသာ ပြောင်းလဲသွား၏။ သူမ၏ လှပသည့် မျက်ဝန်းများက ဆန်းကြယ်သည့် အဖြူရောင် အလင်းတစ်ခုဖြင့် တောက်ပနေကာ ထိုအရာက မူလဒြပ်စင် ရည်ရွယ်ချက် ဖြစ်ကြောင်း ညွှန်ပြနေသည်။
“သူကလည်း ပြိုင်ပွဲဝင်တစ်ယောက်လား...”
မမျှော်လင့်ထားသည့် ဆုံတွေ့မှုကြောင့် ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် တောင့်တင်းသွား၏။
အယ်ဗန် မျိုးနွယ်ဝင် နှစ်ယောက်မှာ တည်ငြိမ်စွာပင် အပြင်သို့ လမ်းလျှောက် ထွက်လာခဲ့ကြသည်။
“ကြည့်ရတာ သူ ထွက်သွားပြီ ထင်တယ်...”
မုတ်ဆိတ်နှင့် လူကြီးက ဥမင်လမ်းကြောင်းကို လှမ်းမျှော်ကြည့်ရင်း အယ်ဗန် ဘာသာစကားဖြင့် ပြောလိုက်၏။ မိန်းမပျိုလေးက ခေါင်းညိတ်လိုက်သည်။
“သူက မြို့သုံးမြို့ တိတိကို တိုက်ခိုက်ခဲ့တာ... ကြယ်တာရာ အင်အားက ကျိန်းသေပေါက် ကျဆင်းနေလောက်ပြီ”
“ကြည့်ရတာ သူက ဒီလောက် မမိုက်မဲဘူးပဲ”
မုတ်ဆိတ်နှင့် လူကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ မိန်းမပျိုလေးက မျက်မှောင်ကြုတ်ရင်း လူကြီးကို လှည့်ကြည့်လိုက်သည်။
“သူ့ကို လိုက်မဖမ်းဘူးလား”
သူမ၏ အသံက အနည်းငယ် မကျေနပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ မုတ်ဆိတ်နှင့် လူကြီးက ခေါင်းခါလိုက်သည်။
“ဆုတ်ယုမှု ရာသီမှာ ကျင့်ကြံခြင်း အဆင့် ပိုမြင့်လေ ထိန်းချုပ်ခံရတာ ပိုများလေပဲ... သူက အားကုန်ခါနီး ဆိုပေမဲ့ လောကသခင် တစ်ယောက် ဖြစ်နေတုန်းပဲ... သူ့ကို ဖမ်းဖို့က ဒီလောက် မလွယ်ဘူး”
မိန်းမပျိုလေးက နှုတ်ခမ်းကို စူလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။ သူမက အကြည့်ကို လွှဲလိုက်ရင်း မြေကြီးပေါ် တွင် ထိုင်နေသည့် ဝေ့ဝူယင်ကိုသာ ငုံ့ကြည့်လိုက်၏။
သူ၏ တစ်ကိုယ်လုံးက ချွေးများဖြင့် ရွှဲရွှဲစိုနေကာ သွေးစီးကြောင်းများမှာ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတို့မှ စီးထွက်နေသည်။ အင်အား အလွန် အကျွံ သုံးထားသည့် လက္ခဏာ အဖြစ် မျက်သားဖြူများထဲမှ ဆံချည်မျှင် သွေးကြော အချို့ပင် ပေါက်ထွက်နေ၏။
လူကြီးက အကြည့်ကို ဝေ့ဝူယင်ဘက်သို့ လှည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။
“ဒီဂန်းရှုက အသက်ငယ်ငယ်လေး ရှိသေးတာတောင် ဒီလောက် ရက်စက်နေပြီ... သူ့လိုလူမျိုး အသက်ဆက်မရှင်သင့်ဘူး”
ဝေ့ဝူယင်မှာ အယ်ဗန်စကားကို နားမလည်သော်လည်း အေးစက်စက် လေသံမှ တစ်ဆင့် ထိုလူကြီး၏ သဘောထားကို နားလည်လိုက်သည်။ မည်သည့်အရာကို မဆို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ရင်း ဘုရင်နှင့် အိုရီတို့ ပြန်လည် ကောင်းမွန်လာရေးကိုသာ သူ အာရုံစိုက်လိုက်၏။
လူကြီးမှာ ဝေ့ဝူယင် သူ့စကားကို နားမလည်ကြောင်း သဘောပေါက်သွားပုံ ပေါ်၏။ သူက သက်ပြင်းတစ်ချက် ချရင်း လူသားမျိုးနွယ် ဘာသာစကားကို ပြောင်းလဲလိုက်သည်။
သို့သော်လည်း သူ့အသံက သက်တောင့်သက်သာ မရှိလှရာ ပြောလေ့ပြောစ မရှိကြောင်း သိသာလှသည်။
“ငါ မင်းကို မသတ်သင့်တဲ့ အကြောင်းပြချက် တစ်ခုပြော...”
ဝေ့ဝူယင် လူကြီးကို မော့ကြည့်လိုက်၏။ စကားလုံး အသွားအလာ အရဆိုလျှင် ထိုအယ်ဗန်မှာ သူ့အား သေဒဏ်ချထားပြီး ဖြစ်ကြောင်း သိသာလှသည်။ သူက ဘာမှ ပြန်မဖြေပဲ အကြည့်ကို မိန်းမပျိုလေးဘက်သို့ ပြောင်းလိုက်၏။
မိန်းမပျိုလေးမှာ ဖုန်အလိမ်းလိမ်းကြားမှပင် ချောမောနေဆဲ ဖြစ်သည့် ဝေ့ဝူယင်၏ မျက်နှာကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။
“ရှင့်ကို ဘာလို့ မျိုးနွယ်တူ လောကသခင်တစ်ယောက်က လိုက်နေတာလဲ”
သူမက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက မသိမသာ တောက်ပသွားသည်။ ထိုအရာက သူ လိုချင်နေသည့် အရာပင် ဖြစ်သည်။ အကယ်၍ သူတို့ မေးခွန်းများ မေးလျှင် သူ အချိန်ပို၍ ဆွဲနိုင်ပေလိမ့်မည်။
“သူ့ဆီက... တစ်ခုခု... ခိုးခဲ့လို့...”
ဝေ့ဝူယင်က တစ်လုံးချင်း ပြန်ဖြေလိုက်၏။ လူကြီးမှာ မိန်းမပျိုလေး၏ မေးခွန်းကြောင့် သေမိန့်ချမှတ်ထားသည့် အချိန်ကို အနည်းငယ် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ဟန် ရသည်။
သူက စုစည်းထားသည့် ကြယ်တာရာ အင်အားများကို ပြန်လည် လျှော့ချလိုက်ရင်း လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ယခုအချိန်၌ ထိုလူငယ်က သူ့လက်ခုပ်ထဲမှ ရေဖြစ်သည်။ မိနစ် အနည်းငယ်ကြာမှ သတ်ဖြတ်မည် ဆိုလျှင်လည်း ရလဒ်က အတူတူသာ ဖြစ်ပေလိမ့်မည်။
“ရှင် ဘာခိုးခဲ့တာလဲ...”
မိန်းမပျိုလေးက စိတ်ဝင်တစားဖြင့် မေးလိုက်လေ၏။
***