ကိုးဆယ့်ခြောက် စက္ကန့်
Vol. 31 Ch. 425
“အဟွတ်... အဟွတ်...”
ဝေ့ဝူယင်မှာ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်၏။ သူ၏ ပုံစံက ဒဏ်ရာများကြောင့် စကားပြောဆိုရန်ပင် အခက်အခဲဖြစ်နေပုံပင်။
“ကျုပ်... အဟွတ်... သူ့ဆီက... အစီအရင် တစ်ခု ခိုးခဲ့တာ...”
ဝေ့ဝူယင် မလိမ်ချေ။ ဟင်းလင်းပြင် လက်စွပ်ထဲတွင် အမှန်တကယ်ပင် လောကသခင် ပိုင်ဆိုင်သည့် အစီအရင် အချို့ ပါဝင်သည်။ သူ ထိုအရာများကို ခိုးခဲ့သည်။
မိန်းမပျိုလေး၏ မျက်လုံးများက မသိမသာ တောက်ပသွားကာ လူကြီးကို တစ်ချက် လှမ်းကြည့်လိုက်၏။ နောက်မှ လောကသခင် အဆင့် အသည်းအသန် လိုက်လာခဲ့သည်ကို ထောက်ချင့်ပါ ထိုအစီအရင်မှာ သာမန် မဟုတ်လောက်ချေ။ ကျိန်းသေပင် အလွန် အဖိုးထိုက်တန်သော အရာ ဖြစ်ရမည်။
သူမ၏ လှပသော မျက်လုံးလေးများထဲတွင် လောဘ အရိပ်အငွေ့ အချို့ ပေါ်လာခဲ့၏။ လူကြီးပင်လျှင် စိတ်ဝင်တစားနှင့် မုတ်ဆိတ်များကို ပွတ်သပ်လိုက်သည်။
“ဘာအစီအရင်လဲ...”
မိန်းကလေးက တလက်လက် တောက်ပနေသည့် မျက်လုံးများနှင့် အတူ ဝေ့ဝူယင်ကို ပြန်လည် ကြည့်ရင်း မေးလိုက်၏။
ပထမ၌ ဝေ့ဝူယင်ကို သတ်ဖြတ်ကာ သိုလှောင်လက်စွပ်ကို ရယူဖို့ သူမ တွေးလိုက်သေးသော်လည်း စဥ်းစဥ်းစားစားနှင့် ထိုအကြံကို ပယ်ချခဲ့သည်။ ဝေ့ဝူယင်က ကိုယ်တိုင်က ယုံကြည်၍ လိုလိုလားလားနှင့် ပေးလာလျှင် ထိုအရာက ပို၍ ကောင်းပေလိမ့်မည်။ ထိုလူငယ်မှာ ဉာဏ်နီဉာဏ်နက်များသူ တစ်ယောက် ဖြစ်ရာ အစီအရင်ကို အလွတ် မှတ်သား၍ မူယင်း စာရွက်ကို ဖျက်ဆီးထားခဲ့လျှင် မည်ကဲ့သို့ လုပ်မည်နည်း။
လူကြီးမှာ မိန်းမပျိုလေးကို ကြည့်ရင်း စိတ်ရှည်ကာ ဉာဏ်ကောင်းသည်ဟု စိတ်ထဲမှ ချီးကျူးလိုက်မိ၏။ ဘယ်သူခိုးမဆို သူတို့ ခိုးယူခဲ့သည့် သက်သေ အထောက်အထားများအား ဖျက်ဆီးတတ်သည်မှာ သဘာဝ ဖြစ်သည်။
အယ်ဗန်မျိုးနွယ်ဝင် နှစ်ယောက်၏ မျက်လုံးများထဲမှ မီးတောက်များကို ကြည့်ရင်း ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ရယ်မောလိုက်မိ၏။ လောကသခင် တစ်ယောက်ပင် နောက်မှ အရူးမီးဝိုင်း လိုက်လာခဲ့ရသည့် မန္တန်... သူတို့ လောဘတက်မည်ဆိုလည်း တက်စရာပင်။ သို့သော်လည်း ကံဆိုးစွာပင် ထိုအစီအရင်မှာ ဤလောကတွင် တည်ရှိ မနေခဲ့ချေ။
ဝေ့ဝူယင် အသက်ကို ဖျော့တော့စွာ ရှူရှိုက်လိုက်ရင်း သနားစရာကောင်းသည့် အသွင်အပြင် တစ်ခုကို ရည်ရွယ်ချက် ရှိရှိပင် ထုတ်ဖော်ပြလိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများ တဖြည်းဖြည်း မှိန်ဖျော့လာကာ အသိစိတ် ပင်လယ်မှာ ဝေဝါးစ ပြုလာဟန် ရ၏။
မိန်းမပျိုလေးမှာ ဝေ့ဝူယင်၏ ဆိုးရွားလာသည့် အခြေအနေကြောင့် အနည်းငယ် စိတ်လောသွားပုံ ရ၏။ ဘာမှ မပြောနိုင်ခင် သူ သေဆုံးသွားပါက ခက်ချေရော့မည်။ သူမက အပြောင်းအလဲ မြန်ဆန်စွာပင် ဂရုဏာ မျက်ဝန်းများကို ထုတ်ဖော်လိုက်သည်။
“အဲဒီ အစီအရင်ကို ပြောပြ... ဘာမှ စိတ်မပူနဲ့... ကျွန်မ ရှင့်ကို ကူညီပေးမယ်နော်”
ဝေ့ဝူယင် အားနည်းသည့် မျက်လုံးများကို ပင့်တင်ရင်း သူမကို ကြည့်လိုက်၏။ သူ၏ ပုံစံက မည်သူ့ကိုမှ မယုံကြည်ရဲ ဖြစ်နေသည့် ပုံပင်။
“အသုံးမဝင်ဘူး... သူ့ကို ဘာစေတနာမှ ထားမနေနဲ့... သူ့ကို ကြည့်ရတာ အဲဒီ အစီအရင်ကို သူနဲ့အတူ သေရွာကို အပါယူသွားချင်တယ် ထင်တယ်... သူတို့ သူ့ဆန္ဒကိုပဲ ဖြည့်ဆည်းပေးလိုက်ကြတာပေါ့”
လူကြီးက အေးစက်စွာဖြင့် အတိုင်အဖောက် ညီညီ ဝင်ရောက် ပြောဆိုလိုက်သည်။ မျှော်လင့်ထားသည့် အတိုင်းပင် မိန်းကလေးက ချက်ချင်း ခေါင်းခါကာ ငြင်းဆန်လိုက်သည်။
“ဟင့်အင်း... သူက လောကသခင် တစ်ပါးရဲ့ လက်ကတောင် လွတ်အောင် ပြေးနိုင်ခဲ့တဲ့လူ... သူ့အသက်က တန်ဖိုးရှိတယ်... ကျွန်မ သူ့ကို ကူညီမယ်”
လူကြီးက စိတ်လျှော့ချလိုက်ဟန်နှင့် သက်ပြင်းတစ်ချက် ချလိုက်၏။
“ကောင်းပြီလေ... သူ့မှာသာ စဥ်းစားဉာဏ်ရှိရင် အဲဒီ အစီအရင်ကို ထုတ်ဖော်ပြောမှာပဲ... သူ ဘယ်လောက် တန်ဖိုးရှိမလဲ ကြည့်ရသေးတာပေါ့”
ဝေ့ဝူယင်မှာ မထိန်းချုပ်နိုင်အောင် ရယ်ချင်နေခဲ့ပြီ ဖြစ်သည်။ အရူးတစ်ယောက်သာလျှင် သူတို့၏ စကားကို ယုံကြည်ပေလိမ့်မည်။ သို့သော် သူက အရူးမဟုတ်ပါ။ သူ ချောင်းများကို အဆက်မပြတ် ဆိုးလိုက်ရင်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။
“အဲ... အဲဒီ အစီအရင်... အစီအရင်က...”
ဝေ့ဝူယင် စကားလုံး တစ်လုံးချင်းစီကို မောပန်းစွာဖြင့် ပြောလိုက်ရင်း လက်ညိုးကို တုန်တုန်ရီရီနှင့် မြှောက်လိုက်၏။
ထို့နောက် သူက ဖြည်းညင်းစွာပင် မြေပြင်ပေါ်တွင် ဝိညာဥ်ဝင်္ကပါ ပုံစံ တစ်ခုကို စတင် ရေးဆွဲလိုက်သည်။ ၎င်းက အလွန် လှပကာ အမျိုးမျိုးသော အလှည့်အပြောင်းများ၊ သင်္ကေတများ၊ ဒဏ္ဍာရီ အမှတ်အသားများနှင့် အတူ ပေါင်းစပ် ဖွဲ့စည်းထာ၏။ အထူးခြားဆုံးက ၎င်း၏ အချိုးအစား ကျနလှသော ဒီဇိုင်း ဖြစ်သည်။
ဝေ့ဝူယင် ထိုအစီအရင်ကို စိတ်ထင်သလို ရမ်းသမ်းကာ လျှောက်ဆွဲနေခြင်း မဟုတ်ချေ။ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်မှ မသေမျိုး မျက်လုံး အစီအရင်ကို ပြုပြင် မွမ်းမံကာ ရေးဆွဲနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း များစွာ ပြောင်းလဲထားခြင်း မရှိပဲ ရူးသွပ်ဖွယ် ကောင်းလှသည့် လှပမှုနှင့် နက်နဲ သိမ်မွေ့မှုတို့ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
သူ့အား စောင့်ကြည့်နေသူက လောကသခင် အဆင့် သို့မဟုတ်... ထိုထက်ပင် ပို၍ မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ တစ်ခုခု မှားယွင်းသည်နှင့် အသက်က အပိုမပါချေ။
အစီအရင်ကို ကြည့်ရင်း အယ်ဗန်မျိုးနွယ်ဝင် နှစ်ယောက်၏ အမူအရာက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လာ၏။ ဒီဇိုင်း၊ ပုံသဏ္ဌာန်နှင့် အသွင်အပြင်ကို ပုံဖော်ထားသည့် မျဥ်းကြောင်းများကို သေချာစွာ လေ့လာရင်း မိန်းမပျိုလေး၏ မျက်လုံးများက တောက်ပသွားသည်။
“ပဥ္စလှည့် အစီအရင်...”
ဝေ့ဝူယင်က ရေးဆွဲနေမှုကို ခဏမျှ ရပ်ကာ သူမကို မော့ကြည့်လိုက်၏။ ထိုမိန်းကလေး၏ ဉာဏ်ရည်က အတော်လေး မြင့်မားသည်ဟု ဆိုနိုင်ပေသည်။ တိုတောင်းသော အချိန်အတွင်းမှာပင် သူမက မသေမျိုး မျက်လုံး အစီအရင်၏ ရည်ရွယ်ချက်ကို အကဲခတ်လိုက်နိုင်ပြီ ဖြစ်သည်။
လူကြီးက လက်ပိုက်ရင်း မပြည့်စုံသေးသည့် အစီအရင်ကို ငုံ့ကြည့်နေ၏။ မသေချာမရေရာသော အမူအရာ တစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သူ၏ နက်ရှိုင်းသော ကျင့်ကြံခြင်း အခြေခံဖြင့်ပင် ထိုအစီအရင်အား အကဲမဖြတ်နိုင်သည်မှာ ထင်ရှားပေသည်။
“ဒီအစီအရင်က မရိုးရှင်းဘူး... ထူးခြားတဲ့ အယူအဆတွေ အများကြီး ပါဝင်နေတယ်... အတိအကျ မပြောနိုင်ပေမဲ့ အဲဒါမှာ ထာဝရ မီးတောက်ကိုးခု ဝိညာဥ် အစီအရင်နဲ့ ဆင်တူတဲ့ အရည်အသွေးတွေ ရှိနေတယ်”
မိန်းမပျိုလေးက လူကြီးဘက်သို့ လှည့်ကာ သူမ၏ အတွေးများကို စိတ်လှုပ်ရှားစွာ ပြောပြလိုက်၏။
လူကြီးက အစီအရင်ကို နောက်တစ်ကြိမ် သေသေချာချာ ကြည့်လိုက်သည်။ သူ့မျက်လုံးများက တစ်စုံတစ်ရာကို သဘောပေါက်ဟန်နှင့် တောက်ပသွား၏။
“ဟုတ်တယ်...”
သူတို့၏ စကားဝိုင်းက ဝေ့ဝူယင်ကို အနည်းငယ် တုန်လှုပ်သွားစေ၏။ မသေမျိုး မျက်လုံးနှင့် အရည်အသွေး တူညီသည့် အခြား အစီအရင် တစ်ခု ရှိနေသည်လား။ သူ ပို၍ သိချင်လာ၏။
ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်ကို စတင် ကျင့်ကြံစဥ်ကတည်းက မသေမျိုး မျက်လုံး၏ အစစ်အမှန် ရည်ရွယ်ချက်ကို သူ မရှာဖွေနိုင်သေးချေ။ အကယ်၍ ၎င်းနှင့် တူညီသည့် အခြား အစီအရင် တစ်ခု ရှိသည် ဆိုလျှင် လျှို့ဝှက်ချက်များကို ရှာဖွေရန် ပိုမို လွယ်ကူသွားပေလိမ့်မည်။ ထာဝရမီးတောက် ဝိညာဥ် အစီအရင် ဆိုသည့် အရာကို သူ ယူချင်လာ၏။
“ဆက်ဆွဲပါ... ဂန်းရှု...”
လူကြီးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ သူ၏ မျက်လုံးများက စိတ်မရှည်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ ကိစ္စများကို မြန်မြန် အပြီးဖြတ်ကာ သူ မြို့တော် အတွင်း ပြန်ဝင်ချင်နေခဲ့ပြီ ဖြစ်သည်။ သူ ဤနေရာသို့ ရောက်နေရသည့် အကြောင်းရင်းမှာ လူသား လောကသခင် တစ်ပါး ဦးတည်လာနေသည် ဆိုသည့် သတင်းကြောင့်ပင် ဖြစ်သည်။ ယခု ထိုလောကသခင်က ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ သူ့တာဝန်ကလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။ လူတကာ ဝင်ထွက်နေသည့် တံခါးပေါက်တွင် ရပ်ရင်း အာရုံ စူးစိုက်မှုများ ရရှိရန် သူ မလိုလားချေ။
“အဟွတ်... အဟွတ်...”
ဝေ့ဝူယင်က အဆုပ်တစ်ခုလုံး ပေါက်ထွက်တော့မည့် အလား တဟွတ်ဟွတ်ဖြင့် ချောင်းများ ဆိုးလိုက်၏။ သူ၏ လက်များက အားနည်းမှုနှင့် အတူ တုန်ရီနေသည်။
အပြင်ပန်းတွင် ထိုကဲ့သို့ အမူအရာကို ထုတ်ဖော်ပြသထားသည့်တိုင် ဘုရင်နှင့် အိုရီတို့ကတော့ သုံးဆယ် ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။ ပထမ၌ အချိန် နောက်ထပ် ငါးမိနစ်ခန့် ထပ်လိုအပ်လိမ့်ဦးမည် ဟု သူ ခန့်မှန်းထားခဲ့သော်လည်း ယခု ကြည့်ရသည်က ထိုလောက်ပင် မလိုတော့ချေ။
“ငါတို့ ပြန်လာပြီဟေ့...”
အိုရီ၏ ပျော်ရွှင်သော အသံက သူ့စိတ်အတွင်း ထွက်ပေါ်လာ၏။ ဘုရင်ကတော့ ဆေဘာဓားသံ တစ်ချက်ကိုသာ ပြုသည်။ သို့သော်လည်း ထိုအထဲ၌ ပျော်ရွှင်မှု အငွေ့အသက်များစွာ ပါဝင်နေကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။
ဝေ့ဝူယင် တုန်တုန်ရီနှင့် မသေမျိုး မျက်လုံး၏ အခြား အစိတ်အပိုင်း တစ်ခုကို မြေပြင်ပေါ်တွင် ဆက်လက် ရေးဆွဲလိုက်၏။ ရရှိပိုင်ဆိုင်ခဲ့သည့် အရာများကို တွေးမိသော အခိုက်၌ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများက သူ့စိတ်အတွင်း လတစ်စတစ်စ မြင့်တက် လာသည်။
သာလွန်ခြင်း အဆင့် လောကအလင်းဆေးရည်မှာ ကျင့်ကြံခြင်း ကမ္ဘာတွင် တည်ရှိနေသည်ဟု သူ ဘယ်တုန်းကမှ သူ မယုံကြည်ခဲ့ဖူးသည့် တံခါးပေါက် တစ်ခုဆီထံ ခေါ်ဆောင်သွားလိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် လုံးဝ မျှော်လင့်မထားခဲ့ချေ။
ခရာတိုနှင့် အိုရီတို့မှာ မည်သည့် အရာများ ဖြစ်ပျက်ခဲ့ကြောင်း မေးချင်နေ၏။ ဝေ့ဝူယင် တစ်ခုခုကို နားလည်ရန် ကြိုးစားခဲ့ကြောင်းတော့ ဧဒင်၏ စကားမှ တစ်ဆင့် သူတို့ သိရှိပြီး ဖြစ်သည်။ အသိစိတ် ပင်လယ် တစ်ခုလုံး လဲပြိုလုနီးပါး ဖြစ်သွားခဲ့သည် အထိ စိတ်စွမ်းအင်များစွာ ကုန်ဆုံးခဲ့ရရာ ထိုအရာက ပေါ့သေးသေးတော့ မဖြစ်နိုင်ချေ။
ဟူး... ဟူး...
ကြယ်တာရာ ဝိညာဥ် နှစ်ခုမှာ အပြည့်အဝ ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်လေရာ တကူးတက ကူညီစရာ မလိုတော့ချေ။ သူတို့က ထျန်းတျန် အတွင်း လှည့်ပတ် ပျံသန်းရင်း အဂ္ဂိရတ် ထုတ်ကုန်များကို လောဘတကြီး ဝါးမျိုးလိုက်၏။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သူတို့၏ ခွန်အားများမှာ တစ်ရာရာခိုင်နှုန်းထိ ပြန်လည် ပြည့်ဝ သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဘုရင်နှင့် အိုရီတို့မှာ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။ ဧဒင်နှင့် ခရာတို့ကို ဆက်သွယ်ကာ အဂ္ဂိရတ် စွမ်းအင်များကို တိုက်ရိုက် ပေးပို့လိုက်၏။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် စိတ်နှင့် နှလုံးသားမှ တုန်ရီမှု အချို့ကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သာမန် လူတစ်ယောက်၏ နှလုံးထက် သုံးဆမျှ ပိုမို ကြီးမားသည့် သူ၏ မီးခိုးရောင် နှလုံးက စတင် ခုန်လာကာ ပျက်စီးသွားသော အလွှာပါးများမှာ အသွေးအသားများနှင့် ပြန်လည် ပြည့်နှက်သွား၏။
ထိုအရာများကား အဆင့်ကိုး ပြန်လည် ကုသခြင်း ထုတ်ကုန်များ ဖြစ်သည်။ လိုက်လျောညီထွေ ပေါင်းစပ်မှု အောက်တွင် ၎င်းတို့၏ အကျိုးသက်ရောက်မှုက အဆပေါင်းများစွာ ပို၍ပင် မြင့်တက်သွားသေးသည်။ ၎င်းတို့၏ အာနိသင်က ကြယ်တာရာ ဝိညာဥ်လေးခုကို အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေရန် လုံလောက်သည်ထက်ပင် ပိုမို နေပေသေးသည်။
ဟူး... ဟူး...
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ကြယ်တာရာ ဝိညာဥ်လေးခုလုံးမှာ အလွန် မြန်ဆန်သော သန့်စင်မှုနှုန်းနှင့် အတူ အပြည့်အဝ ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။ အချိန် ထပ်မံဆွဲရန် ဝေ့ဝူယင်အတွက် မလိုအပ်တော့ချေ။
“ကိုးဆယ့်ခြောက် စက္ကန့်ပဲ ကြာလိုက်တယ်”
သူက စိတ်သက်သာရာ ရသွားဟန်နှင့် ပင့်သက်တစ်ချက် ရှိုက်လိုက်လေ၏။
***