လောကသခင်ကို အမဲလိုက်ခြင်း
Vol. 31 Ch. 426
“ကိုးဆယ့်ခြောက် စက္ကန့်ပဲ ကြာလိုက်တယ်...”
ဝေ့ဝူယင်၏ အဆက်အစပ် မရှိ စကားကြောင့် လူကြီးမှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ သူက မျက်မှောင်ကြုတ်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ကိုးဆယ့်ခြောက် စက္ကန့်... ထိုအရာက ဘာအဓိပ္ပာယ်နည်း။
ဝေ့ဝူယင်က အားနည်းသော ခြေထောက်များဖြင့် တဖြည်းဖြည်း မတ်တပ်ရပ်လိုက်၏။ သူ၏ ကယိမ်းကယိုင် ပုံစံကို ကြည့်ရင်း နှစ်ယောက်စလုံးမှာ အနည်းငယ် လန့်ဖျန့်သွား၏။
“ဆက်ဆွဲလေ...”
မိန်းမပျိုလေးက စိုးရိမ်စွာဖြင့် ပြောလိုက်၏။ အစီအရင်မှာ ယခုမှ တစ်ဝက်ခန့်သာ ပြီးပေသေးသည်။ စိတ်လှုပ်ရှားမှုက သူမရင်ထဲ တဖြည်းဖြည်း မြင့်တက်လာ၏။ ထိုလူငယ်က အသက်ကို စတေးကာ အစီအရင်ကို တစ်ပါတည်း ယူသွားရန် ကြံစည်နေသလော။ သို့မဟုတ်... သူက စိတ်ဖောက်သွားသလော။
တစ်ချိန်တည်း၌ လူကြီးမှာ မသက်မသာ ခံစားမှုတစ်ခုကို ခံစားလိုက်ရရာ မျက်မှောင်ကြုတ် လိုက်သည်။ အားနည်းကာ သေဆုံးလုနီးပါး ဖြစ်နေသည့် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က အဘယ်ကြောင့် ထိုကဲ့သို့ ခံစားချက်မျိုးကို သူ့အား ပေးနိုင်ရသနည်း။ သူ့နှလုံးသားက တဒိတ်ဒိတ် ခုန်လာ၏။ ဝေ့ဝူယင်၏ လက်ရှိ အခြေအနေမှာ ခြိမ်းခြောက်နိုင်သည့် ဖြစ်တည်မှု တစ်ခု မဟုတ်သည့်တိုင် သူ မတုန်လှုပ်ပဲ မနေနိုင်ခဲ့ချေ။
အဟွတ်... အဟွတ်...
ဝေ့ဝူယင်က ချောင်းဆိုးရင်း သွေးစများကို အန်ထုတ်လိုက်၏။ ထို့နောက် သူ ပို၍ နေလို့ကောင်းသွားသည်။ သူ လက်နှစ်ဖက်ကို ယှက်ရင်း အယ်ဗန်မျိုးနွယ်ဝင် နှစ်ယောက်ကို ကြည့်လိုက်သည်။
“ကျုပ် ခင်ဗျားတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့ရဲ့ သိချင်စိတ်၊ လောဘနှင့် ဗျူဟာတွေက ကျုပ် အသက်ကို ကယ်တင်လိုက်တာပဲ... တကယ် ကျေးဇူးပါပဲ”
“ ... “
အယ်ဗန် မျိုးနွယ် နှစ်ယောက်မှာ ဝေ့ဝူယင်၏ ရုတ်ချည်း ပြောင်းလဲသွားမှုကို ကြည့်ကာ ထိတ်လန့်သွား၏။ တစ်ခဏအတွင်းမှာပင် ဝေ့ဝူယင်မှာ အားနည်းကာ အချိန်မရွေး သတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ် တစ်ကောင် အဖြစ်မှ လောကတစ်ခုလုံးကို ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ပြောင်းလဲသွားသလို သူတို့ ခံစားလိုက်ရသည်။
ဝေ့ဝူယင်က စကားပြောရင်း ဧဒင်အမှတ်အသားကို ချိတ်ဆက်လိုက်၏။ များပြားလှသော အသက်အင်အားများမှာ အရှိန်အဟုန်နှင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားကာ အရိုးများ၊ ဆဲလ်များနှင့် အသွေးအသားများထဲ အထိ စိမ့်ဝင်သွားသည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူ့ခြေထောက်များတွင် ပျံ့ကြဲနေသည့် အက်ကြောင်းများမှာ အကောင်း ပကတိ အဖြစ် ပြန်လည် ပြောင်းလဲသွား၏။
“ကျုပ် လူတစ်ယောက်ကို သွားသတ်ရဦးမယ်... ခွင့်ပြုပါဦး... ဒါပေမဲ့ ကျုပ် ပြန်လာခဲ့ပါမယ်”
စကားပြောပြီးသည်နှင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ မီးခိုးရောင် အလင်းများဖြင့် ကြောက်မက်ဖွယ် ကောင်းအောင် တောက်ပလာ၏။ ထို့နောက် ပေါက်ကွဲမှု တစ်ခုနှင့် အတူ လေပေါ်သို့ မြင့်တက်သွားတော့သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ မူလ မိုးကုပ်စက်ဝိုင်း အဆင့် စွမ်းအားကို အပြည့်အဝ ထုတ်ဖော်၍ ပြန့်ကျဲနေသည့် မန်နာများကို ထိန်းချုပ်ထားလေရာ သူ၏ လှုပ်ရှားမှုက အလွန် မြန်ဆန်လွန်းလှ၏။
အယ်ဗန်မျိုးနွယ်ဝင် နှစ်ယောက် မည်သို့မျှ မတုန့်ပြန်နိုင်ခင် အချိန်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က ကြယ်ပျံတစ်စင်းထက် အဆများစွာ ပိုမိုသော အမြန်နှုန်းဖြင့် ဥမင် လမ်းကြောင်း တစ်လျှောက် ပျံသန်းကာ ပျောက်ကွယ်သွားလေတော့သည်။
...
အယ်ဗန်မျိုးနွယ်ဝင် နှစ်ယောက်မှာ မြန်ဆန်လွန်းလှသည့် အပြောင်းအလဲကြောင့် နေရာတွင်ပင် ကြောင်အ နေကြ၏။ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သူတို့ အတိအကျ မသိနိုင်သေးချေ။ မိန်းမငယ်လေးက မြေပြင်ရှိ အစီအရင်ကို ငုံ့ကြည့်လိုက်၏။ ဝေ့ဝူယင်ထံမှ ပေါက်ကွဲမှု အရှိန်အဟုန်ကြောင့် ၎င်းမှာ လုံးလုံး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် အစီအရင်၏ နက်နဲမှုကြောင့် မည်သည်ကိုမှ သူမ မမှတ်မိနိုင်ခဲ့ချေ။
“သူ့ကို ဖမ်းပေး... အသက်ရှင်တာပဲ လိုချင်တယ်”
သူမက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ အစီအရင်က ဝေ့ဝူယင်ထံတွင် ရှိနေသေးရာ သူ့ကို အသက်ရှင်လျှက် ဖမ်းမိမှ ဖြစ်မည် ဖြစ်သည်။ ထိုအစီအရင်ကိုသာ သေချာ ဖမ်းဆုပ်နိုင်ပါက သူမ၏ အစီအရင် လမ်းစဥ်မှာ မယုံကြည်နိုင်လောက်သည့် ဒီဂရီ တစ်ခု အထိ တိုးမြင့်သွားလိမ့်မည်ဟု သူမ ခံစားရသည်။
လူကြီးမှာ ဝေ့ဝူယင် ပြောခဲ့သည့် စကားလုံးများကို ပြန်လည် စဥ်းစားရင်း မျက်မှောင်ကြုတ် လိုက်၏။ ထိုဂန်းရှုက အချိန်ဆွဲရန် သူတို့ကို လှည့်စားနေခဲ့သည်လား။ မည်ကဲ့သို့နည်း။ ဂိတ်တံခါးမှ ထွက်ထွက်ချင်းပင် ထိုလူငယ်၏ အခြေအနေက ကြောက်မက်ဖွယ်ကောင်းအောင် အားနည်းနေသည်ကို သူ မျက်မြင် တွေ့ခဲ့ရပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် အကုန်လုံးက ခမ်းခြောက်နေကာ ရုပ်ပိုင်းဆိုင်ရာမှာလည်း ကြည့်မကောင်းအောင်ပင် ပြိုကျနေသည်။
ဤမျှ အချိန်တိုအတွင်း ပြန်လည် ကောင်းလာစရာ အကြောင်း မရှိချေ။ သူ၏ မျက်မှောင်က ပိုမို ၍ပင် နက်ရှိုင်းသွား၏။ စတင်ရောက်ရှိချိန်ကတည်းက သူက လှည့်စားခံလိုက်ရသည်လား။ သူ့မျက်နှာက ဒေါသနှင့် ကြောက်မက်ဖွယ်ကောင်းအောင် နီရဲလာ၏။
ဘုန်း...
သူ အရှိန်အဟုန်နှင့် အတူ ပြေးလိုက်မသွားခင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ငလျင်လှုပ် သကဲ့သို့ တုန်ရီကာ ပေါက်ကွဲသွားလေတော့၏။
...
ဝေ့ဝူယင်မှာ အယ်ဗန်မျိုးနွယ် နှစ်ယောက်ကို ဂရုမစိုက်ပါချေ။ ဝိညာဥ်အင်အားကို ထုတ်ဖော်ကာ လောကသခင် သူ့ခန္ဓာကိုယ်ပေါ်တွင် ချန်ရစ်ထားသည့် အစီအရင်ကို ခြေရာခံလိုက်၏။ မကြာခင်မှာပင် အဘွားကြီး ရှိနေသည့် နေရာမှာ သူ့အာရုံအတွင်း ပေါ်လာခဲ့၏။ ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် အလင်းများ တဖျပ်ဖျပ် တောက်ပသွားကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်သွားသည်။
ဘုန်း...
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ် ပေါက်ကွဲ ရောက်ရှိလာ၏။ မီးခိုးရောင် သဲသောင်များ ပြည့်နှက်နေသည့် ပျက်သုဥ်းခြင်း နယ်မြေကို သူ ပြန်လည် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်တွင်ပင် နောက်မှ လိုက်လာသည့် အယ်ဗန်မျိုးနွယ်၏ အရိပ်အငွေ့ကို သူ ခံစားလိုက်ရ၏။ သူ အေးစက်စက် နှာခေါင်း တစ်ချက် ရှုံ့ရင်း ထိုလူကြီးကို လျစ်လျူထားလိုက်သည်။
ဘုန်း... ဘုန်း...
မူလ မိုးကုပ်စက်ဝိုင်း အဆင့်နှင့် အတူ ပတ်ဝန်းကျင် တစ်မိုင် ပတ်လည် အတွင်းရှိ မန်နာများမှာ သူ့ ထိန်းချုပ်မှု အတွင်း အပြည့်အဝ ရောက်ရှိနေ၏။ ထူပြား ဆန်းကြယ်သည့် ထိုစွမ်းအားတို့၏ ရစ်ပတ်မှုနှင့် အတူ သူ၏ ငွေရောင် မျက်လုံးများက အရပ်မျက်နှာတစ်ခုကို စူးစိုက်ကြည့်နေခဲ့သည်။
...
ထိုအချိန် မိုင်ဆယ်ဂဏန်းခန့် အကွာရှိ တောင်ထိပ်တစ်ခု၌...
ဟူး... ဟူး...
အဘွားအိုမှာ မျက်လုံးများ မှိတ်ရင်း ကြယ်တာရာ သလင်းကျောက်များကို သန့်စင်နေခဲ့၏။ ၎င်းက အချိန်ယူရသည့် ပြန်လည် ကုသခြင်း နည်းလမ်းတစ်ခု ဖြစ်သော်လည်း စျေးကြီးသည့် ထုတ်ကုန်များကို အသုံးပြုခြင်းနှင့် စာပါက ပိုမို အကုန်အကျ သက်သာပေသည်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ခြေရာခံ အစီအရင် တစ်ခုနှင့် ချုပ်နှောင်ထားပြီး ဖြစ်ရာ သူမ လောရန် မလိုအပ်ပါချေ။
ဝေ့ဝူယင်မှာ မြို့တော်ဝင်ပေါက်၌ ရပ်နေရာ အယ်ဗန်မျိုးနွယ်တို့၏ အဖမ်းခံရမည်မှာ သေချာလှသည်။ ခြေရာခံ အစီအရင်မှ တစ်ဆင့် အသက်အငွေ့အသက်တို့ကို ခံစားနိုင်ရာ သူ မသေသေးသည်ကတော့ သေချာလှသည်။ ယခု သူမ လုပ်ရန် လိုအပ်သည်က ခွန်အားများ ပြန်လည် ပြည့်ဖြိုးလာသည် အထိ စောင့်ဆိုင်းကာ မြို့တော်အတွင်း ဝင်ရောက်၍ သူ့ကား ခေါ်ထုတ်လာရန် ဖြစ်သည်။
“ခွေးသခိုးစုတ်... သေတာထက် ပိုဆိုးတဲ့ ဝေဒနာတွေ ခံစားရအောင် ငါ နင့်ကို လုပ်ပေးမယ်”
အဘွားအိုက အံကြိတ်ကာ ကျိန်ဆိုလိုက်၏။ ထိုသူခိုးကောင်က သူမ ဘဝ အတွက်တော့ ကပ်ဆိုးရောဂါ တစ်ခုလိုပင်။ သို့သော်လည်း ဝေ့ဝူယင်၏ အလွန် လျှင်မြန်သည့် ပြေးနှုန်းကိုတော့ သူမ အံ့အားသင့် နေမိ၏။ မန်နာနှင့် အမတေများ ကန့်သတ်ခံထားရသည့် ယခုလို ဆုတ်ယုတ်မှု ရာသီမျိုးတွင် လောကသခင် တစ်ပါး၏ လက်မှ ပြေးနိုင်ခြင်းမှာ လေးစားမှုနှင့် ထိုက်တန်ပေသည်။
“သူက ဘယ်လို ခန္ဓာကျင့်စဥ်မျိုးကို ကျင့်ထားတာလဲ... ဘာဖြစ်ဖြစ်... သူ့ကို သတ်ပြီး ငါ အဲဒါကို ရမှာပဲ”
တွေးတောရင်း သူမ၏ မျက်လုံးများက လောဘအလင်းများနှင့် တောက်ပလာ၏။ သူက တိတ်တဆိတ်ပင် ဆက်လက် ကျင့်ကြံနေခဲ့သည်။ သို့သော်လည်း ခွန်အား၏ တစ်ရာခိုင်နှုန်းခန့်ကိုပင် ပြန်မရသေးချေ။ ဤနှုန်းအတိုင်း ဆိုပါက အပြည့်အဝ ပြန်လည် ကောင်းမွန်လာရန် တစ်လ သို့မဟုတ် နှစ်လခန့်ပင် အချိန်ယူရနိုင်ပေသည်။
ကျင့်ကြံခြင်ထဲ တဖြည်းဖြည်း နစ်မြုပ်သွားခါနီးတွင်ပင် ရုတ်တရက် အဘွားအို၏ ခန္ဓာကိုယ်က တုန်ရီသွား၏။ သူမ မျက်လုံးများကို ဖွင့်ရင်း အရပ်မျက်နှာတစ်ခုကို လှမ်းကြည့်လိုက်သည်။ မမျှော်လင့်ထားသည့် အဖြစ်အပျက် တစ်ခုကို မြင်တွေ့လိုက်ရသည့် အလား သူမ မျက်လုံးများက အရောင်ပြောင်းလဲ သွား၏။
“သူ ငါ့ဆီကို လာနေတာလား...”
ပျော်ရွှင်မှု လှိုင်းများက သူမ စိတ်အတွင်း မြင့်တက်လာ၏။ သူမ ချက်ချင်းပင် ကျင့်ကြံနေရာမှ ရပ်တန့်လိုက်ရင်း ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။
“ဘာလဲ...”
ဤနေရာကိုပင် တန်းတန်းမတ်မတ် ဦးတည်ကာ ပျံသန်းလာသည့် ဝေ့ဝူယင်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသော အခိုက်၌ အဘွားအိုမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ ထို့အပြင် ဝေ့ဝူယင်ထံမှ ပြင်းထန်သော အရှိန်အဝါ တစ်မျိုးကို သူမ ခံစားနေရ၏။ ထိုသူခိုးလေးက အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိသွားပုံ ပေါ်သည်။ ထို့အပြင် သူက လုံးဝ ဒဏ်ရာရမနေချေ။
အဘွားအိုမှာ နားမလည်နိုင်အောင် ဖြစ်သွားစဥ်မှာပင် ဝေ့ဝူယင်၏ နောက်မှ လိုက်ပါလာသည့် အခြား အော်ရာ တစ်ခုကိုပါ ခံစားလိုက်ရ၏။
“အယ်ဗန်မျိုးနွယ်လား...”
သူမ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်သွားသည်။ သူက လောကသခင်တစ်ပါးကို စစ်ကူခေါ်ကာ ပြန်လာခဲ့သည်လား။ သို့သော်လည်း သူမ မည်သည့် အယ်ဗန်မျိုးနွယ်ဝင် လောကသခင်ကိုမှ မကြောက်ချေ။ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်မှ မထင်မရှား အင်းဆက်လေးများဆိုလျှင် သာ၍ပင် မကြောက်သေးချေ။
လက်ကျန် ကြယ်တာရာ အင်အား ဆယ်ရာခိုင်နှုန်းဖြင့်ပင် ထိုအယ်ဗန်မျိုးနွယ်ကို သတ်ဖြတ်ရန် သူမ ယုံကြည်ချက် ရှိပေသည်။ သူမက သာမန် လောကသခင် တစ်ယောက် မဟုတ်ပါချေ။
ဟူး...
အဘွားကြီးက ဖြည်းညင်းစွာပင် မတ်တပ်ရပ်ရင်း စောင့်ဆိုင်းနေလိုက်၏။ အကယ်၍ ဝေ့ဝူယင်က အလိုအလျောက် သူမ၏ လောကနယ်မြေအတွင်း ရောက်ရှိလာလျှင် အကောင်းဆုံး ဖြစ်ပေသည်။ ထိုသို့ ဆိုလျှင် သူမ လက်တစ်ဖက်ပင် လှုပ်စရာ လိုတော့မည် မဟုတ်ချေ။
ကံမကောင်းစွာပင် ဝေ့ဝူယင်မှာ ထိုမျှ မိုက်မဲပုံ အပေါ်ချေ။ သူက တစ်မိုင်ခန့် အကွာ ကောင်းကင်တွင် ရပ်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ တောက်ပသော အငွေ့အသက်များနှင့် အတူ အခြေတည် ဆေဘာဝိညာဥ်က “ဒြပ်စင်” အဖြစ် သူ့ ညာဘက်လက်တွင် ဖွဲ့စည်းလာသည်။
“ချူရှောင်းယင် သေပေတော့...”
***