← Chapters

လောကသခင်ကို သုတ်သင်ခြင်း

Vol. 31 Ch. 427

လောကသခင်ကို သုတ်သင်ခြင်း

Vol. 31 Ch. 427

ဘုန်း...

၁.၃ မီတာ အလျားရှိသည့် ဆေဘာဓား ထွက်ပေါ်လာသည်နှင့် လောကြီးမှာ ကြီးမားသော ဖိအား သက်ရောက်မှု တစ်ခုအောက်သို့ ကျရောက်သွား၏။ လေချွန်သံများက နေရာအနှံ့ထွက်ပေါ်လာကာ ကောင်းကင်ရှိ တိမ်များမှာ ဖရိုဖရဲ လွင့်စဥ်သွားသည်။

ချူရှောင်းယင်...

ထိုနာမည်ကို ဟိုးယခင်ကတည်းက မြို့တော်သခင်ထံမှ သူ သိရှိထားခြင်း ဖြစ်သည်။ တွေ့ဆုံခဲ့သည့် နှစ်ကြိမ်လုံးလုံး တိုက်ရိုက် သုံးနှုန်းကာ ခေါ်ဆိုခြင်း မပြုခဲ့သည်က လောကသခင် တစ်ပါး အပေါ် ထားရှိသည့် သူ၏ လေးစားမှု ဖြစ်သည်။ သို့သော်လည်း ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရပြီး နောက်တွင်တော့ ထိုလေးစားမှု အားလုံးက အငွေ့ပျံကာ လွင့်ပျယ်သွားခဲ့ပြီ ဖြစ်၏။

ဝေ့ဝူယင် ဆေဘာကို ကိုင်ရင်း ဦးခေါင်းထက်သို့ ဖြည်းညင်းစွာ မြှောက်လိုက်၏။ ဆေဘာရည်ရွယ်ချက်တို့က လက်ကိုင်ရိုး တစ်လျှောက် စီးဆင်းသွားကာ တစ်ဖက် ဓားသွားမှာ အရှိန်အဟုန်နှင့် တောက်လောင်လာသည်။

ဘုန်း... ဘုန်း....

ဆေဘာနှင့် လောက ချိတ်ဆက်သွားသည်နှင့် ပတ်ဝန်းကျင် မိုင်ရာဂဏန်း အတွင်းရှိ ဆုတ်ယုတ်မှု ရာသီ၏ ကန့်သတ်ချက် အားလုံးမှာ ပြိုကျသွား၏။ ထိုဧရိယာ အတွင်းရှိ မန်နာ၊ ဒြပ်စင်၊ ပျက်သုဥ်းခြင်း စွမ်းအား... အရာအားလုံးမှာ ဆေဘာနှင့် အတူ လိုက်လံ ရွေ့လျားလာသည်။

ယင်းတို့က လွှမ်းခြုံနေသည့် ဆေဘာရည်ရွယ်ချက်နှင့် အတူ ကခုန်ကာ ဆေဘာ စွမ်းအင်များ အဖြစ် အလွန် လျှင်မြန်စွာ ပြောင်းလဲသွား၏။ တစ်ခဏအတွင်းမှာပင် လောက တစ်ခုလုံးမှာ ဆေဘာလောက အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

လောကနှလုံးသား... ဆေဘာရည်ရွယ်ချက် လောက...

ချူရှောင်းယင်၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ကြည့်ကာ အပ်ပေါက်များကဲ့သို့ ကျဥ်းမြောင်းသွား၏။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိသော်လည်း အန္တရာယ်ရှိသည့် ခံစားချက် တစ်ခုက သူမ၏ နှလုံးသား အတွင်း အရှိန်အဟုန်နှင့် မြင့်မားလာသည်။

ခရက်...

ထိုအခိုက်တွင်ပင် ပေါက်ကွဲသံ အချို့ကြောင့် သူမ ခေါင်းကို ငုံ့ကြည့်လိုက်၏။ စောစောက ကျင့်ကြံရန် အတွက် သူမ ထုတ်ယူထားသည့် ကြယ်တာရာ သလင်းကျောက်များထံမှပင်။

“ဘာဖြစ်တာလဲ...”

သူမ နားမလည်နိုင်စွာ ရေရွတ်လိုက်စဥ်မှာပင် ၎င်းတို့မှာ ဆေဘာအလင်းတန်းများ အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းတို့က ပျော်ရွှင်စွာ ပျံသန်းရင်း ဝေ့ဝူယင်၏ ဓားထိပ်ထံ ရောက်ရှိသွားကြတော့သည်။

“လောကနယ်မြေလား...”

ချူရှောင်းယင်၏ မျက်လုံးများက သာ၍ပင် ကျဥ်းမြောင်းသွားသည်။ သို့သော်လည်း သူမ ချက်ချင်းပင် ခေါင်းကိုခါကာ ထိုအယူအဆကို ပယ်ချလိုက်သည်။ ထိုလူယုတ်မာလေးက ယခုမှ အာကာသ ပဲ့တင်သံ အဆင့်တွင်သာ ရှိသေးရာ လောကနယ်မြေကို ထုတ်လွှတ်နိုင်စရာ အကြောင်း မရှိချေ။

ဝှစ်...

တစ်ချိန်တည်း၌ အယ်ဗန်မျိုးနွယ်ဝင် လူကြီးမှာ လောကအတွင်း ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို ခံစားမိရာ လမ်းခုလတ်တွင်ပင် ရပ်တန့်လိုက်၏။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျိုးပျက်နေသည့် မန်နာနှင့် အမတေများမှာ  ဆေဘာအလင်းများ အဖြစ် ပြောင်းလဲကာ ဝေ့ဝူယင်ထံ အရှိန်အဟုန်နှင့် ပျံသန်းသွားသည်ကို တွေ့မြင်လိုက်ရသည်။ နားမလည်နိုင်ခြင်းနှင့် အတူ ပြင်းထန်သော ကပ်ဘေးတစ်ခု သက်ရောက်လာသလို သူ ခံစားလိုက်ရသည်။ သူ ချက်ချင်းပင် နောက်ကို ကပျာကယာ ဆုတ်ရင်း အခြေအနေကို အကဲခတ်နေလိုက်၏။

အခြေအနေ မဟန်တော့ကြောင်း နားလည်လိုက်လိုက်သည်နှင့် ချူရှောင်းယင်၏ အသက်ရှူသံများက လေးပင်လာသည်။ သူမက နောက်သို့ ဆုတ်ရန် ကြိုးပမ်းလိုက်သော်လည်း ဆေဘာစွမ်းအင်များက အာကာသ တစ်ခုလုံးကို ပိတ်ဆို့ထားသည်။

“ဟင်းလင်းပြင် အကျဥ်းထောင်...”

ချူရှောင်းယင် ချက်ချင်းပင် ‌လောကနယ်မြေကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်ရှိ မန်နာများကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူမ ထိတွေ့မိသမျှက ကြောက်မက်ဖွယ် ဆေဘာစွမ်းအင်များသာ ဖြစ်ပေသည်။ ခလုတ်ထိမှ အမိတသလို ကြောက်ရွံ့မှုလှိုင်းလုံးများက အရှိန်အဟုန်ဖြင့် အတူ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွား၏။

“ငါ သေတော့မှာလား...”

သူမ တွေးလိုက်မိစဥ်မှာပင် ဝေ့ဝူယင်၏ ဓားသွားမှာ ကျဆင်းလာ၏။ ကမ္ဘာကြီးက ကြောက်ရွံ့ တုန်လှုပ်စွာ အော်မြည်ကာ တိမ်၊ တောင်တန်း၊ ကောင်းကင်၊ လေထု၊ မန်နာ၊ ပျက်သုဥ်းခြင်း အရာအားလုံးမှာ ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။ ထိုအခိုက်၌ လခြမ်းကွေး သဏ္ဌာန် ဆင်းသက်လာသည့် ဆေဘာအလင်း တစ်ခုသာ ကျန်ရှိပေတော့သည်။

...

ဟူး... ဟူး...

ဝေ့ဝူယင် ကြေမွနေသည့် ကျောက်စိုင်များ အကြားတွင် ပျံသန်းရင်း ချူရှောင်းယင်၏ အလောင်းနံဘေးသို့ ရောက်ရှိလာ၏။ သူမ၏ လက်ရှိ ခန္ဓာကိုယ်က အခြေအနေ အတော်လေး ဆိုးရွားလှသည်။ ညာဘက် ပခုံးမှ ဘယ်ဘက် ဝမ်းဗိုက်အထိ အောက်ဘက် ခန္ဓာကိုယ် တစ်ခြမ်းမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ခန္ဓာကိုယ်အား ထက်ခြမ်းကွဲစေခဲ့သည့် ဖြတ်ရာတွင် သွေးစတစ်စပင် ရှိမနေခဲ့ချေ။

တစ်ချိန်တည်း၌ ပွင့်ဟနေဆဲ ဖြစ်သည့် သူမ၏ မျက်လုံးများက ကြောက်ရွံ့မှု၊ အံ့သြမှု၊ မယုံကြည်နိုင်မှု၊ ပြင်းပြသော ရှင်သန်လိုမှု တို့နှင့် ပြည့်နှက်နေ၏။

ထိုမျက်လုံးတို့ကို ကြည့်ရင်း ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ လူ့သဘာဝက အသက်ပိုရှည်လေလေ၊ အိပ်မက်တွေများလေလေ ဖြစ်သည်။ ထို့အတူပင် အခွင့်အာဏာ၊ စည်းစိမ်ဥစ္စာတွေ ပိုပိုင်ဆိုင်လေလေ သေမှာကို ပိုကြောက်လေလေ ဖြစ်သည်။

“အပြစ်တင်ချင်ရင် ငါ့ကို အမဲလိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မင်းအမှားကိုပဲ အပြစ်တင်...”

သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဒြပ်စင်မှာ ပြန်လည် ပျောက်ကွယ်သွား၏။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ  ဆေဘာအလင်းတို့က ပြင်းပြသော မီးတောက်များ အဖြစ် ပြောင်းလဲသွားကာ ချူရှောင်းယင်၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားသည်။ တရှဲရှဲ အော်မြည်သံများနှင့် အတူ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ကြီးကျယ် ခမ်းနားသော လောကသခင် တစ်ပါးမှာ ဤလောကမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်လေတော့၏။

ဝေ့ဝူယင် နေရာတွင်ပင် ရပ်ရင်း ညာဘက်လက်ကို မကာ ကြည့်လိုက်၏။ ကမ္မတန်ဖိုး တစ်စုံတစ်ရာ အပြောင်းအလဲ မရှိချေ။ ဤလောကအတွင် အယုံကြည်ထိုက်ဆုံးက မိမိ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ကျင့်ကြံခြင်း အခြေခံသာလျှင် ဖြစ်ကြောင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။

သူ သုံးလွှာ လက်စွပ်ထဲမှ အဆင့်ကိုး ပြန်လည် ကုသခြင်း ဆေးပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် တစ်ချက်မှ မတုန့်ဆိုင်းပဲ ထိုအရာကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ဝှစ်...

ဘုရင်က ထျန်းတျန် အတွင်းမှ ထွက်ပေါ်လာကာ ထိုဆေးလုံးကို သူ့ ကြယ်တာရာ အမြုတေဆီ ဆွဲယူသွား၏။ ထို့နောက် လျှင်မြန်စွာပင် ချေဖျက်ကာ ကုန်ဆုံးသွားသည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်တော့သည်။ ထိုတိုက်ခိုက်မှု တစ်ခုတည်း အတွက်တွင် ဘုရင်၏ ကြယ်တာရာ အင်အား အားလုံးနီးပါးကို သူ အသုံးပြုခဲ့ရသည်။

အကယ်၍ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို အနန္တ ဧကရာဇ်ဂြိုဟ်ပေါ်တွင် ထုတ်ဖော်ခဲ့လျှင် ဂြိုဟ်တစ်ခုလုံးပင် အက်ကွဲ သွားနိုင်လောက်သည်။ သို့သော်လည်း ဤကုန်းမြေတိုက်ကြီးကတော့ အနည်းငယ် တုန်ရီရုံမှ လွဲ၍ ဘာမှ မဖြစ်လေရာ ဝေ့ဝူယင် မျက်မှောင်ကြုတ် သွားမိ၏။ ကြည့်ရသည်က သူ၏ ခွန်အားမှာ လုံလောက်စွာ မသန်မာသေးပုံ ပေါ်သည်။

ဝေ့ဝူယင် တိုက်ပွဲကို ပြန်လည် ခြုံငုံ သုံးသပ်လိုက်၏။ သူ၏ တိုက်ခိုက်မှုက အစွမ်းထက်သည် ဆိုသော်လည်း ချူရှောင်းယင်အား သတ်ဖြတ်နိုင်ခဲ့ခြင်းတွင် အခြား အကြောင်းရင်းများ ပါရှိနေပေသေးသည်။

ပထမတစ်ချက် သူမ အလွန် ပင်ပန်း နွမ်းနယ်နေသည်။ ဒုတိယ တစ်ချက်... ဆုတ်ယုတ်မှု ရာသီက လောကသခင်များ၏ ခွန်အားကို များစွာ တားဆီးထားသည်။ သူတို့ ပတ်ဝန်းကျင်ရှိ မန်နာများကို မထိန်းချုပ်နိုင်သလို အာကာသ အင်အားကိုလည်း အသုံးပြုနိုင်စွမ်း မရှိချေ။ နောက်ဆုံး တစ်ချက်... သူမ လုံးဝ မမျှော်လင့်ထားခြင်းပင် ဖြစ်သည်။

သည်လိုပြောလို့ လောကသခင်တစ်ပါးနှင့် ရင်ဆိုင်ရန် လုံလောက်သည့် အစွမ်းအစ သူ့တွင် မရှိဟု မဆိုလိုပါချေ။ စော‌စောက သူ ခုတ်ထစ်ခဲ့သည့် ဆေဘာဓားချက်မှာ ထို့ပိဟန်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ ထို့အပြင် ကြယ်တာရာ အမြုတေ အဆင့်လေး အာကာသ ပဲ့တင်သံ အဆင့်ကို ခြေချနိုင်ခဲ့ခြင်းနှင့် အတူ သူ့တွင် တိုးတက်စရာ များစွာ ကျန်ရှိနေပေသေးသည်။

ယခု သူ၏ ကြယ်တာရာ အမြုတေများမှာ ဝိညာဥ်ဆင်းတု အဆင့်၏ အကန့်အသတ် တစ်ဆယ် စင်တီမီတာသာ ဖြစ်သည်။ လုံလောက်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို သုံးစွဲသည်နှင့် ၎င်းတို့က အဆများစွာ ကြီးထွားလာဦးမည် ဖြစ်သည်။

ထို့အပြင် သူ၏ ကြယ်တာရာ ဝိညာဥ်များမှာလည်း ဝိညာဥ်ကွင်း ကိုးကွင်းနှင့် အကာသ ပဲ့တင်သံလှိုင်း ကိုးခုစီကိုသာ ပိုင်ဆိုင်ထားသည်။ မကြာခင် ၎င်းတို့ကို ကွင်းဆယ်ခုနှင့် ပဲ့တင်သံလှိုင်း ဆယ်ခု အထိ မြှင့်တင်နိုင်ဖို့ သူ မျှော်မှန်းထားသည်။  ကံကောင်းတာတစ်ခုက ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကနယ်မြေ အဆင့်ကို မရောက်မချင်း ထိုအခြေခံများကို မြှင့်တင်၍ ရခြင်း ဖြစ်သည်။

ထိုအခိုက်တွင်ပင် ဘုရင်က သူ အပြည့်အဝ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်ကြောင်း သတင်းစကား ပေးပို့လာ၏။ အခြား ကြယ်တာရာ ဝိညာဥ်များကလည်း နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ရလျှင်ပင် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း အမူအရာများဖြင့် ဖော်ပြလိုက်ကြသည်။

ဝေ့ဝူယင် တောက်ပစွာ ပြုံးလိုက်စဥ်မှာပင် နောက်နားမှ တစ်စုံတစ်ယောက် ချဥ်းကပ်လာသည်ကို ခံစားလိုက်ရ၏။ လှည့်မကြည့်ခင်ကပင် ထိုတစ်ယောက်မှာ မုတ်ဆိတ်နှင့် အယ်ဗန်မျိုးနွယ်ဝင် ဖြစ်ကြောင်း သူ သိရှိလိုက်သည်။

တိုက်ပွဲဝင်ရန် ဆာလောင်နေသည့် စိတ်များကို  ဝေ့ဝူယင် ပြန်လည် ရုတ်သိမ်းထားလိုက်၏။ အင်အား အပြည့်ရှိနေသည့် လောကသခင် တစ်ပါးနှင့် တိုက်ပွဲက ဆုတ်ယုတ်မှု ရာသီတွင်ပင် ခက်ခဲနိုင်ကြောင်း သူ သိရှိပေသည်။

ထို့အပြင် မုတ်ဆိတ်နှင့် အယ်ဗန် မျိုးနွယ်မှာ ချူရှောင်းယင်ထက် ပိုမို သန်မာသည့် ခံစားချက်မျိုးကို သူ ရရှိထားသည်။ သူက လောကသခင် အဆင့်ထက်ပင် ပိုမို သာလွန်သည့် အဆင့်တစ်ခု၌ ရှိကောင်း ရှိနေနိုင်ပေသည်။ အကယ်၍ လောကသခင် ဆိုလျှင်ပင် သာမန် လောကသခင် မဟုတ်သည်ကတော့ သေချာပေသည်။

လူကြီးက ဝိညာဥ်အာရုံကို ဖြန့်ကျက်ရင်း ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ တောင်တန်းကို ခွဲဖျက်ကာ မြေကြီးတွင် စွဲထင်နေသည့် ဆေဘာဓားရာကို ကြည့်ရင်း သူ့နှလုံးသားက မသေချာမရေရာသော ကြောက်လန့်မှုတစ်ခုဖြင့် တုန်ရီသွားသည်။

“မဟုတ်မှ လွဲရော... အဲဒါက ဆေဘာနှလုံးသား ရည်ရွယ်ချက်လား...”

***

All Chapters