အိရှန်းဝူ
Vol. 31 Ch. 428
လောက နှလုံးသား၊ နှလုံးသား ရည်ရွယ်ချက်.. စသည့် အသုံးအနှုန်းများကို ဤအစွန်းလေးဖက် နယ်မြေသားတိုင်း ကြားဖူးကြပေသည်။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် ဒဏ္ဍာရီများ အရဆိုလျှင် နတ်ဘုရားတို့၏ ရွေးချယ်ခံတစ်ယောက် ဖြစ်လာရန် လောကနှလုံးသား၊ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို အောင်မြင်ဖို့ လိုသည်ဟု ဆိုသည်။
ထိုလူငယ်က ဆေဘာ နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားသည်လား။ အယ်ဗန်မျိုးနွယ်၏ မျက်နှာက မေးခွန်းများနှင့် ပြည့်နှက်သွား၏။ ထို့အပြင် ယခုကဲ့သို့ ဆုတ်ယုတ်မှု ရာသီတွင်ပင် ဝေ့ဝူယင်မှာ မန်နာများကို အသုံးပြုကာ ပျံသန်းနိုင်ကြောင်း သူ မြင်တွေ့ရသည်။ သံသယများက သူ့နှလုံးသား အတွင်း တိုး၍ မြင့်တက်လာခဲ့၏။
သူ မျက်မှောင်ကြုတ်လိုက်စဥ်မှာပင် ဝေ့ဝူယင်မှာ သူ့ဘက်သို့ လှည့်လာခဲ့၏။ ထို့နောက် သူက သက်တောင့်သက်သာပင် ပျံသန်း၍ တဖြည်းဖြည်း ချဥ်းကပ်လာခဲ့ကာ မီတာ ရာဂဏန်းခန့်သို့ အရောက်၌ ရပ်တန့်လိုက်၏။
“စကားပြောရအောင်...”
ထို့နောက် သူတို့ နှစ်ယောက်စလုံးမှာ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ သူတို့၏ မျက်လုံးများကတော့ တစ်ယောက်ကို တစ်ယောက် စူးနစ်စွာ စိုက်ကြည့်နေခဲ့ကြ၏။
တစ်ယောက်၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် တဖျပ်ဖျပ် တောက်ပနေချိန်တွင် အခြား တစ်ယောက်၏ မျက်လုံးများကတော့ သတိထားမှုများနှင့် ပြည့်နှက်နေသည်။
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ပတ်ဝန်းကျင်တွင် မြူများ အဖြစ် ပြန့်ကျဲနေဆဲ ဖြစ်သည့် ဆေဘာအလင်းများကို ကြည့်လိုက်သည်။ ထို့နောက် သူက အသာအယာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထိုမြူများမှာ သူ့လက်ဝါးထက်၌ စုစည်း လာကြ၏။ ဝေ့ဝူယင် သက်တောင့်သက်သာပင် လက်သီးကို ဆုပ်ကာ လူကြီးကို မေးလိုက်သည်။
“ဘယ်နေရာမှာလဲ...”
အယ်ဗန်မျိုးနွယ်ဝင် လူကြီးမှာ ဝေ့ဝူယင်၏ အပြုအမူကို ကြည့်ကာ သာ၍ပင် တုန်လှုပ် ချောက်ချားသွား၏။
“ထာဝရလား...”
သူ စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ချီပျစ်ခဲခြင်း အဆင့်တွင် သေမျိုး အဆင့်ကိုးကို ကျော်လွန်အောင် ကျင့်ကြံနိုင်ပါက ထာဝရ စွမ်းအင်ကို ပိုင်ဆိုင်နိုင်ကြောင်း သူ မှတ်သားဖူးသည်။ သို့သော်လည်း သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ဖြင့် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသည့် အလုပ် တစ်ခု ဖြစ်သည်။
ဝေ့ဝူယင်အား ကြည့်သည့် လူကြီး၏ မျက်လုံးများက ပိုမို သတိထားမှုများနှင့် ပြည့်နှက် သွား၏။ အနည်းငယ် ထပ်မံ တွေးတောလိုက်ပြီးနောက် သူက အဖြေပေးလိုက်သည်။
“ဥမင်ထဲမှာ...”
စကားဆုံးသည်နှင့် သူက ခန္ဓာကိုယ်ကို ကြယ်တာရာ အကာအကွယ် တစ်ခုဖြင့် ဝန်းရံလိုက်၏။ ထို့နောက် မြေကြီးအတွင်း ထိုးဖောက်ကာ ဝင်ရောက်သွားတော့သည်။
ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်၏။
“သန့်စင်တဲ့ ကျင့်ကြံသူ...”
ထိုအသုံးအနှုန်းကို ထို့ပိဟန်ထံမှ သူကြားဖူးသည်။ သန့်စင်သည့် ကျင့်ကြံသူများမှာ ရည်ရွယ်ချက်၊ အစီအရင် စသည်တို့ထက် ကျင့်ကြံခြင်း အခြေခံ တစ်ခုတည်းကိုသာ ပိုမို အာရုံစိုက်သည့် လူများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကျင့်ကြံသူများမှာ သူတို့၏ အချိန် အများစုကို ကျင့်ကြံခြင်း တစ်ခုတည်းတွင်သာ မြှုပ်နှံထားကြရာ များသောအားဖြင့် အခြား အဆင့်တူ ကျင့်ကြံသူများထက် ပိုမို သန်မာသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားကြပေသည်။
ဝေ့ဝူယင် အချိန်ကြာကြာ တုန့်ဆိုင်း မနေပါချေ။ အယ်ဗန်မျိုးနွယ်ဝင် ထိုးဖောက်သွားသည့် လမ်းကြောင်း ပျံသန်းကာ လိုက်ပါ ဝင်ရောက်လိုက်၏။
လွန်ခဲ့သည့် တစ်နာရီခန့် အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်လည် တွေးတောမိသော အခိုက်၌ သူ မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။ ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဥ်က ကြီးမားသည့် အန္တရာယ်များကို ယူဆောင်လာခဲ့သည် ဆိုသော်လည်း ဘာပဲဖြစ်ဖြစ် ထိုက်တန်ပေသည်။ သူ အလင်း အနှစ်သာရနှင့် ထိတွေ့ခွင့် ရရှိခဲ့သည်။ ထိုအရာက ဧဒင်ပြောသည့် အလင်းအားလုံး၏ မူလတော့ မဟုတ်ချေ။ အလွန် နီးကပ်သည်ဟုသာ ဆိုနိုင်ပေသည်။
ကံမကောင်းစွာပင် ထိုဉာဏ်အလင်းပွင့်မှု၏ အကျိုးကျေးဇူး အများစုကို သူ ချက်ချင်း လက်ငင်း အသုံးချနိုင်ဦးမည် မဟုတ်သေးချေ။ ကြယ်တာရာ အမြုတေ အဆင့်ငါး “အလင်းပြန်ခြင်း အဆင့်”ကို ခြေချပြီးမှသာ ၎င်းကို အပြည့်အဝ စတင် အသုံးချနိုင်လိမ့်မည် ဖြစ်သည်။ အလင်း အနှစ်သာရမှာ အလင်း ရည်ရွယ်ချက်၊ အလင်း အမတေတို့နှင့်လည်း မတူချေ။ အခြေခံ သဘောတရားတွင် များစွာသော ကွာခြားချက်များ ပါရှိပေသည်။
“နောက်ထပ် လာမယ့် ကပ်ဘေးတွေကို ရင်ဆိုင်ဖို့ ငါ့မှာ ပို ယုံကြည်ချက် ရှိလာပြီ”
ဝေ့ဝူယင် စိတ်လှုပ်ရှားစွာ တွေးလိုက်မိ၏။ မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ ဥမင်လမ်းကြောင်း တစ်ခုထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုအရာက စောစောက မြို့တော်ကို ဦးတည်နေသည့် အဓိက ဥမင်လိုဏ်ခေါင်းပင် ဖြစ်သည်။ သို့သော်လည်း မြို့တော်နှင့် မိုင်ပေါင်းများစွာ ကွာဝေးနေဆဲ ဖြစ်သည်။
ဝေ့ဝူယင်နှင့် အယ်ဗန်မျိုးနွယ်တို့မှာ တစ်ယောက်ကို တစ်ယောက် မီတာတစ်ရာခန့် ခြားကာ ရပ်လိုက်ကြ၏။ သူတို့၏ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အဆင့်ဖြင့် ဆက်သွယ်ပြောဆိုရန် ထိုအကွာအဝေးလောက်က ပြဿနာ မရှိပါချေ။
“ကျုပ်နာမည်က ဝေ့ဝူယင်...”
ဝေ့ဝူယင်က တိုက်ရိုက်ပင် မိတ်ဆက်လိုက်၏။ ကံဆိုးစွာပင် သူ ပိုင်ဆိုင်ထားသည့် ကြီးကျယ်ခမ်းနားသော ဂုဏ်ပုဒ်များက ဤအစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် အသုံးမဝင်ချေ။ ထို့ကြောင့်ပင် သူ့ကိုယ်ပိုင် နာမည်ကိုသာ အသုံးပြုနိုင်ပေသည်။
အယ်ဗန်မျိုးနွယ်၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်းလဲသွားကာ ထင်ရှား ကျော်ကြားသည့် ဒဏ္ဍာရီလာ လူသားမျိုးနွယ် ကလန်ကြီးများကို ပြန်လည် စဥ်းစားလိုက်၏။ သို့သော်လည်း ထိုအထဲ၌ “ဝေ့” နှင့် စသည့် နာမည် တစ်ခုမှ မရှိချေ။ ဝေ့ဝူယင် လိမ်နေသည်လား သူ စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း ထိုအရာက မလိုအပ်ကြောင်း သူ ခံစားလိုက်ရသည်။ ဝေ့ဝူယင်မှာ အလွန်အမင်း ချောမောကာ မိုင်ပေါင်းတစ်ထောင်ခန့် အကွာအဝေးမှပင် အလွယ်တကူ မှတ်မိနိုင်သည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ နာမည်တု တစ်ခုသုံးရန် သူ့အတွက် အသုံးမဝင်ချေ။
ဤသို့ဆိုလျှင် လျှို့ဝှက်ကလန် တစ်ခုမှ ဖြစ်နိုင်သည်လော။ ထိုအတွေးက အယ်ဗန်မျိုးနွယ်၏ မျက်လုံးများကို တောက်ပသွားစေ၏။
“အိရှန်းဝူ...”
သူက တုန့်ပြန်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက် အကြားတွင် အချိန် စက္ကန့်ပိုင်းမျှ ကြာအောင် တိတ်ဆိတ်သွားခဲ့၏။
“ခင်ဗျား ဘာအကြောင်း ပြောချင်တာလဲ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ တစ်ခါတစ်ရံ တိတ်ဆိတ်မှုကို သူ စွဲစွဲလမ်းလမ်းလမ်း သဘောကျသည့်တိုင် သဘာဝ မကျသော တိတ်ဆိတ်မှုများကိုတော့ မနှစ်ခြိုက်ချေ။
“မင်းက ဘယ်သူလဲ...”
အိရှန်းဝူက အနည်းငယ် ဝဲသည့် လူသားဘာသာ စကားဖြင့် မေးလိုက်၏။
“ကျုပ် ခင်ဗျားကို နာမည် ပြောပြပြီးပြီပဲ... ဘယ်တစ်ခုကို ခင်ဗျားက သိချင်တာလဲ”
ဝေ့ဝူယင်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
အိရှန်းဝူမှာ သူ့မေးခွန်းက အတော်လေး ယေဘုယျ ဆန်လွန်းသွားကြောင်း သဘောပေါက် သွား၏။ ထို့နောက် သူက မေးခွန်းကို ကျဥ်းမြောင်းရန် ဆုံးဖြတ်လိုက်သည်။
“အာကာသ ပဲ့တင်သံ အဆင့်နဲ့တင် လောကသခင် တစ်ပါးကို သတ်နိုင်တဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားတဲ့ ဂန်းရှုတစ်ယောက်ကို ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး... မင်းက ဒီကုန်းမြေတိုက်ကြီးက မဟုတ်ဘူး ဟုတ်တယ် မလား... မင်း ဘယ်က လာခဲ့တာလဲ... ဘာကြောင့်လဲ”
ဝေ့ဝူယင်က အနည်းငယ်ပြုံးလိုက်၏။ မည်မျှ တိုက်ရိုက်ဆန်လိုက်သည့် မေးခွန်းများနည်း။ အခြားလူများ ဆိုလျှင် အကြောင်းပြချက် မရှိ ငြင်းဆိုကောင်း ငြင်းဆိုနိုင်သော်လည်း သူ့တွင် ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး မရှိချေ။
“အမှန်ပဲ... ကျုပ်က အခြား ကုန်းမြေတိုက်ကြီးတစ်ခု၊ အခြား ကြယ်တာရာ နယ်မြေတစ်ခုကနေ လာခဲ့တာ... ဒီလောကရဲ့ အပြင်ဘက်မှာ ရှိတဲ့ နေရာတစ်ခုပေါ့... ကျုပ် ဒီကို လာခဲ့ရတဲ့ ရည်ရွယ်ချက်က ဒြပ်စင်တိုကင်တွေ ရှာဖို့ပဲ”
“ .. “
ဝေ့ဝူယင် ထိုမျှ ရိုးသားလိမ့်မည်ဟု မျှော်လင့်မထားရာ အိရှန်းဝူမှာ အနည်းငယ် အံ့သြမိသွား၏။ ကိုယ်တွေ့ မကြုံခဲ့ဖူးသော်လည်း ပြင်မှလောကမှ ဧည့်သည် ကျင့်ကြံသူများ ဤကုန်းမြေတိုက်ကြီးပေါ်သို့ လာရောက် လည်ပတ်လေ့ ရှိကြောင်း ကောလဟာလများစွာကို သူ မကြာခဏဆိုသလို ကြားဖူးခဲ့သည်။ အစွန်းရှစ်ဖက် ကမ္ဘာ အသုံးအနှုန်းဖြင့် သူတို့ကို ကောင်းကင်သားများဟု ခေါ်၏။
ကောလဟာလများ အရဆိုလျှင် ကောင်းကင်သားတိုင်းမှာ ဒဏ္ဍာရီဆန်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားကာ ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်ကြ၏။ သူတို့ထဲမှ အချို့ဆိုလျှင် အစွန်းရှစ်ဖက်လောက သမိုင်းထဲရှိ နတ်ဘုရားများနှင့်ပင် ယှဥ်ပြိုင်နိုင်သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့က မည်သူ ဖြစ်သည်၊ မည်သည့် အကြောင်းကြောင့် ရောက်လာကြသည်ကိုတော့ ဘယ်သူမှ သေချာ မပြောနိုင်ကြချေ။
ဝေ့ဝူယင်ကို ကြည့်ရင်း အိရှန်းဝူ စိတ်လှုပ်ရှားလာခဲ့၏။ ထိုလူသားမျိုးနွယ်က လောကသခင်ထံမှ အစီအရင်ကို အမှန်တကယ် ခိုးလာခဲ့တာရော ဟုတ်ရဲ့လားဟု သံသယ စဝင်လာခဲ့မိသည်။ သူက ဒဏ်ရာများကို ပြန်လည် ကုစားဖို့ အချိန်ရအောင် သူတို့ကို တမင်သက်သက် လှည့်စားခဲ့ခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အကယ်၍ အမှန်တကယ် ခိုးလာခဲ့သည် ဆိုလျှင်လည်း ထိုအစီအရင်က ဘယ်လိုနည်းနှင့်မှ သာမန် မဖြစ်နိုင်ချေ။
“ဒြပ်စင်တိုကင်...”
ထိုစကားလုံးများကို ကြားသည့် အခိုက်၌ အိရှန်းဝူမှာ ကောင်းကင် သင်္ကေတများကို တန်းကာ မြင်ယောင် လိုက်မိ၏။ သို့သော်လည်း သူက သေချာအောင် မေးလိုက်၏။
“ကောင်းကင် သင်္ကေတတွေကို ပြောတာလား...”
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။ အိရှန်းဝူက ဘာမှ ထပ်မမေးတော့ပဲ ငြိမ်သက်သွားသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ကောင်းကင် သင်္ကေတ ခြောက်ခု ရှိသည်။ လူတိုင်းမှာ ထိုခြောက်ခုစလုံးကို နတ်ဘုရား တစ်ပါးလို အလွန် ရိုသေ တန်ဖိုးထားကြပေသည်။
“ခင်ဗျားမေးလို့ ပြီးပြီလား...”
ဝေ့ဝူယင်က မေးလိုက်၏။ အကယ်၍ အိရှန်းဝူတွင် မေးခွန်းများ မရှိတော့လျှင် သူ သိချင်နေသည့် အရာများကို စတင် မေးမြန်းရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အိရှန်းဝူက မုတ်ဆိတ်များကို ပွတ်သပ်ရင်း စဥ်းစားလိုက်၏။ သူ့တွင် သိချက်နေသည့် အရာများစွာ ရှိနေသေးသော်လည်း ထိုမေးခွန်းများက စပ်စုလွန်းရာ ကျသည်ဟု ယူဆမိသည်။ ဝေ့ဝူယင်က ကျိန်းဖြေဆိုလိမ့်မည် မဟုတ်ချေ။
အိရှန်းဝူ၏ တိတ်ဆိတ်နေမှုကို ကြည့်ကာ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ကြည့်ရသည်က ထိုလူကြီးတွင် မေးစရာ ရှိတော့ပုံ မပေါ်ချေ။ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း စတင် မြင်တွေ့စဥ် ကတည်းက စိတ်ဝင်စားနေခဲ့သည့် အရာကို မေးလိုက်တော့သည်။
“စောစောက ခင်ဗျားနဲ့ အတူ ရှိနေခဲ့တဲ့ မိန်းကလေး... သူ့မှာ မူလဒြပ်စင် ရည်ရွယ်ချက် ရှိတယ်... မူလ ဒြပ်စင် ရည်ရွယ်ချက် မဟုတ်ရင်တောင် သူ့မျက်လုံးထဲမှာ အဲ့တာနဲ့ တစ်မျိုးတစ်ဖုံ သက်ဆိုင်တဲ့ စွမ်းအား တစ်ခုတော့ ရှိနေတယ်... သူက ကောင်းကင်ရဲ့ တော်ဝင် သမီးတော်လား... ဒါမှမဟုတ် ကောင်းကင် သင်္ကေတတစ်ခုကို ပိုင်ထားတာလား”
***