ကောင်းကင်သင်္ကေတများ
Vol. 31 Ch. 429
အိရှန်းဝူက မျက်မှောင်ကြုတ်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ပထမ၌ လိမ်ညာရန် သူ တွေးလိုက်မိသေးသော်လည်း ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်သည်။
“မဟုတ်ဘူး... သူက တော်ဝင် သမီးတော် ဖြစ်လာနိုင်တဲ့ ရွေးချယ်ခံ အဆင့်မှာပဲ ရှိသေးတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ထောင် အတွင်း မီးခိုးရောင် သဲသောင်ပြင် မျိုးနွယ် အတွက် အိကလန်ရဲ့ ပထမဆုံး မျှော်လင့်ချက် ဆိုရင်တော့ ဟုတ်တယ်”
ဝေ့ဝူယင် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။ ထိုမိန်းကလေးထံမှ ဒြပ်စင်တိုကင် တစ်ခုရဖို့ သူ မျှော်လင့်နေခြင်း ဖြစ်သည်။
“သူက ရွေးချယ်ခံ တစ်ယောက် ဆိုတော့ တော်ဝင် သမီးတော် ဖြစ်လာဖို့ ဘာလိုအပ်တာလဲ... ကောင်းကင် သင်္ကေတလား”
အိရှန်းဝူက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဆက်လက် ရှင်းပြဖို့ ဆုံးဖြတ်လိုက်သည်။
“ကောင်းကင် သင်္ကေတကို ရဖို့ မူလဒြပ်စင် ရည်ရွယ်ချက်ကို လိုအပ်တယ်... ဒီအစွန်းလေးဖက် လောကမှာ အနည်းဆုံး ရွေးချယ်ခံ ခုနစ်ယောက် ရှိတယ်... တော်ဝင် သမီးတော်နဲ့ တော်ဝင် သားတော်တို့ပါ အပါအဝင်ဆို ကိုးယောက်ပေါ့... လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ် ဆိုရင် ကောင်းကင် ကာကွယ် စောင့်ရှောက်သူ လေးယောက် ကျင်းပတဲ့ တော်ဝင်ပြိုင်ပွဲကို ဝင်ပြီး စိန်ခေါ်လို့ ရတယ်...”
ထိုအရာများမှာ အစွန်းလေးဖက် လောကတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် အချက်အလက်များ ဖြစ်သည်။ ထို့ကြောင့်ပင် ဖုန်းကွယ်ထားစရာ မလိုချေ။ သူ၏ တာဝန်ကတော့ ရွေးချယ်ခံ အိချွဲယုကို ပြိုင်ပွဲအတွင်း လုံခြုံစွာ ဝင်ရောက် ယှဥ်ပြိုင်နိုင်အောင် ကာကွယ်ပေးဖို့ ဖြစ်သည်။
ဝေ့ဝူယင် ခဏမျှ စဥ်းစားလိုက်၏။
“ပြိုင်ပွဲက ဘယ်တော့လဲ”
ပြိုင်ပွဲအား စိန်ခေါ်နိုင်မည့် အချိန်တစ်ခု သတ်မှတ်ထားကြောင်း သူ ခန့်မှန်းနိုင်ပေသည်။ မဟုတ်လျှင် အိချွဲယုဟု ခေါ်သည့် မိန်းကလေးမှာ ယခုအချိန်လောက်ထိ စောင့်နေလိမ့်မည် မဟုတ်ချေ။
အိရှန်းဝူက ဝေ့ဝူယင်အား အချိန်အတန်ကြာအောင် စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ခေါင်းကို ခါယမ်းလိုက်သည်။
“ကာကွယ် စောင့်ရှောက်သူ လေးယောက်ဆီက ကောင်းကင် သင်္ကေတတွေကို ခိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... တကယ်လို့ ခိုးနိုင်ခဲ့ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး... သူတို့ကို ရယူပိုင်ဆိုင်နိုင်ဖို့ အတွက် ဆိုရင် ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ လိုတယ်... မဟုတ်ရင် ကောင်းကင် သင်္ကေတွေက လက်ခံမှာ မဟုတ်ဘူး”
ဝေ့ဝူယင်မှာ သူခိုးတစ်ယောက် ဖြစ်ကြောင်း သူ အစောကြီးတည်းက ယူဆထားပြီး ဖြစ်သည်။ လောကသခင်နှင့် ထိုလူငယ်ကြားရှိ အခြေအနေက သိပ်မရိုးရှင်းသည့်တိုင် တစ်ခုခုကို ခိုးယူခဲ့သည်ကတော့ ကျိန်းသေပေသည်။ ထိုအရာကို ဝေ့ဝူယင် အားအနည်းဆုံး ဖြစ်နေသည့် အချိန်၌ သူ ဆုံးဖြတ်နိုင်ပေသည်။
ဝေ့ဝူယင်မှာ အိရှန်းဝူ၏ အကြည့်နှင့် စကားလုံးများကြောင့် အနည်းငယ် ကသိကအောက် ဖြစ်သွား၏။ သူက တကယ် ထူးချွန်သည့် သူခိုးတစ်ယောက် ဆိုသော်လည်း ထိုအလုပ်ဖြင့် အသက်မွေး ဝမ်းကြောင်း ပြုနေသူ မဟုတ်ချေ။
ကောင်းကင် ဒြပ်စင်များကို မျှမျှတတ ရရှိအောင် ကြိုးစားဖို့ သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အကယ်၍ ထိုနည်းလမ်းက အလုပ်မဖြစ်ခဲ့လျှင်တော့...
“ပြိုင်ပွဲက ဘယ်တော့လဲ...”
ဝေ့ဝူယင် ထပ်မေးလိုက်၏။ အိရှန်းဝူက သက်ပြင်းတစ်ချက် ရှိုက်ရင်း အခြားလူတစ်ယောက် ကိုယ်စား စိုးရိမ် မနေဖို့ ဆုံးဖြတ်လိုက်သည်။ ဝေ့ဝူယင်ပင် သည်လောက် ကြောက်မက်ဖွယ် ကောင်းနေလျှင် သူ့မိဘများကရော...၊ နောက်ပြီး သူ့ဆရာကရော...၊ သူ့ နောက်ကွယ်ရှိ အင်အားစုကြီးကရော...။
“ပြိုင်ပွဲကို နောက်ထက် လေးလနဲ့ ဆယ့်နှစ်ရက်ကြာရင် ကျင်းပလေ့မယ်... အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးရဲ့ ပြိုင်ပွဲ လေးခုက ခုထိ တည်ရှိနေတုန်းပဲ... ဗဟိုနယ်မြေက နှစ်ခုကတော့ အောင်မြင် သွားခဲ့ပြီ... တော်ဝင် ကလေး နှစ်ယောက်စလုံး ဂန်းရှုတွေချည်းပဲ”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ဂန်းရှုဆိုသည်က လူသားမျိုးနွယ်စုကို ရည်ညွှန်သည့် အယ်ဗန် စကားလုံး တစ်ခုဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ အိရှန်းဝူ၏ စကားစနောက်ကို လိုက်ရင်း သူ ထပ်မေးလိုက်၏။
“အဲ့တာကို ပျက်သုဥ်းခြင်း နယ်မြေရဲ့ တော်ဝင်မြို့တော်မှာ ကျင်းပမှာလား”
အိရှန်းဝူက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... အစစ်အမှန် ပျက်သုဥ်းခြင်းမှာ”
ဝေ့ဝူယင် စိတ်ထဲမှ တွက်ချက် ကြည့်လိုက်၏။ အိရှန်းဝူ ပြောသည့် နေ့ရက်က မြို့တော်သခင်၏ မှတ်ဉာဏ်များမှ ဘာသာရေး နေ့စွဲတစ်ခုနှင့် သွားညီနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်က ထိုအယ်ဗန်မျိုးနွယ် လိမ်ပုံတော့ မရချေ။
ဝေ့ဝူယင် မျက်ခုံးတစ်ချက် ပင့်လိုက်၏။ ထို့နောက် ကစားလိုပုံရသည့် မျက်လုံးများနှင့် အိရှန်းဝူကို ကြည့်လိုက်ရင်း...
“ဒါနဲ့... ခင်ဗျား ကျုပ်ကို ဒီနေရာ အထိ ခေါ်လာခဲ့တာက ကျုပ် ဘယ်သူလဲ ဆိုတာ မေးဖို့ တစ်ခုတည်းတော့ မဟုတ်ဘူး မလား...
...
နာရီ အနည်းငယ် ကြာပြီးနောက်... ဝေ့ဝူယင်မှာ ပျက်သုဥ်ခြင်း စွမ်းအင်တို့ ပြည့်နှက်နေသည့် တောင်တန်း တစ်ခုသို့ ရောက်ရှိလာခဲ့၏။
အိရှန်းဝူနှင့် ဆွေးနွေးဝိုင်းက ပြီးဆုံးခဲ့သည်မှာ နာရီပိုင်းလောက်ပင် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ထိုအတောအတွင်း သူ မြေအောက်မြို့တော် သုံးခုကို နောက်တစ်ခေါက် ထပ်သွားခဲ့သည်။
သူက သူတော်စင် တစ်ယောက် မဟုတ်သော်လည်း အကြွေးကိုတော့ နားလည်သူ ဖြစ်သည်။ သူ့ကြောင့်နှင့် မြေအောက်မြို့တော် သုံးခုမှ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ် များစွာမှာ အသက် ဆုံးရှုံးခဲ့ရသည်။ သူတို့ကို မျက်နှာလွှဲ ခဲပစ် မလုပ်နိုင်ချေ။ သူ မြို့တော်များထဲသို့ တိတ်တခိုးဝင်ကာ များစွာသော အဂ္ဂိရတ် ထုတ်ကုန်များကို နေရာအနှံ့အပြား၌ ထားရစ်ခဲ့သည်။ ထိုထုတ်ကုန်များက သေဆုံးသွားသည့် လူများ၏ အသက်ကို အစားပြန် မပေးနိုင်သည့်တိုင် ဘာပဲဖြစ်ဖြစ် တစ်ဖက်တစ်လမ်းမှ ကျန်ရစ်သူများကို အထောက်အကူတော့ ဖြစ်ပေလိမ့်မည် ဖြစ်သည်။
“လေးလနဲ့ ဆယ့်နှစ်ရက်... အစစ်အမှန် ပျက်သုဥ်းခြင်း...”
ကြည့်ရသည်က သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာပင် ပျက်သုဥ်းခြင်း နယ်မြေ၏ တော်ဝင်မြို့တော်တွင် လူများ စည်ကားလာတော့မည့်ပုံ ပေါ်သည်။ ဒြပ်စင်တိုကင်ကို ရရှိထားပြီး ဖြစ်သည့် လင်းမင်၊ တော်ဝင် သမီးတော်နှင့် သားတော်တို့ပင် ရောက်ရှိကောင်း ရောက်ရှိလာနိုင်သည်။ ဤသို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်က ပိုမို လွယ်ကူ သွားပေလိမ့်မည်။
သူ့တွင် ရက်ပေါင်း လေးလနှင့် ဆယ့်နှစ်ရက် ကျန်ရှိပေသေးသည်။ ထိုအတောအတွင်း ကျင့်ကြံခြင်း အခြေခံကို ပြန်လည် ဖြည့်တင်းကာ ကြယ်တာရာ အမြုတေများကို ချဲ့ထွင်ရန် သူ ရည်ရွယ်ထား၏။ ဝေ့ဝူယင် ထပ်မံ အချိန်မဆွဲတော့ပဲ ဆေဘာ ဓားဝင်္ကပါဖြင့် တောင်တန်းကို ကာကွယ်ကာ စတင် ကျင့်ကြံလေတော့သည်။
...
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာ မိုင်ပေါင်း ၈၁၀၀၀၀ ကျယ်ဝန်းကာ နယ်မြေကြီး ငါးခု အဖြစ် ခွဲခြားထားသည်။ ထိုနယ်မြေများမှာ ပျက်သုဥ်းခြင်း နယ်မြေများ၊ လေပြည်လွင်ပြင်၊ ဘေးဥပဒ် ပင်လယ်၊ မီးတောက် တောင်တန်းဒေသနှင့် ဗဟိုနယ်မြေတို့ပင် ဖြစ်သည်။ ဗဟိုနယ်မြေကို ဒြပ်စင်တို့၏ တော်ဝင် ကုန်းမြေဟုလည်း ခေါ်ဆိုကြသည်။ ထိုနယ်မြေတစ်ခုချင်းစီမှာ မိုင်ပေါင်း ၁၅၆၀၀၀ ခန့် ကျယ်ဝန်းကြကာ ဗဟိုနယ်မြေမှ လွဲ၍ ကျန်နယ်မြေများ အားလုံးမှာ အမျိုးမျိုးသော အန္တရာယ်များဖြင့် ပြည့်နှက် နေတတ်ကြသည်။
မီးတောက် တောင်တန်းဒေသ...
ကောင်းကင်တစ်ခုလုံးမှာ မဟူရာ တိမ်တောင်များနှင့် မည်းမှောင်နေကာ နေကြယ်ဆီမှ အလင်းတန်းများ မကျရောက်နိုင်အောင် တားဆီးထား၏။ သို့သော်လည်း ဘေးပတ်လည်တွင် ဝန်းရံနေသည့် တောင်တန်းကြီးများမှာ တောက်ပသည့် ကိုယ်ပိုင် အလင်းရောင်များကို ထုတ်လွှတ်လေရာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ လင်းချင်းနေပေသည်။
အနက်ရောင် မိုးစက်များမှာ မဟူရာ တိမ်တောင်များထံမှ အဆက်မပြတ် ရွာသွန်းကျနေ၏။ သို့သော်လည်း ၎င်းတို့က ရေစက်များ မဟုတ်ကြပဲ မီးတောက် တောင်တန်းများမှ ထွက်ပေါ်လာည့် ပြာမှုန်ပြာစများသာ ဖြစ်သည်။ ယင်းတို့မှာ အလွန့်အလွန် မြင့်မားလှသော အပူချိန်နှင့် လောင်မြိုက်နေကာ ထိတွေ့သည့် မည်သည့် အရာကိုမဆို အရည်ပျော်သွားအောင် လောင်ကျွမ်းပစ်နိုင်စွမ်း ရှိပေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ် အန္တရာယ်များ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်တွင် ပုံရိပ်နှစ်ခုမှာ အနီရောင် ကြယ်တာရာ အကာအကွယ် တစ်ခုကို ဝန်းရံကာ လှမ်းလျှောက် လာကြ၏။
သူတို့ နှစ်ယောက်အနက် တစ်ယောက်က ရွှေရောင် ဆံနွယ်၊ အပြာရောင် မျက်ဝန်းများနှင့် အလွန် လှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမ၏ နှုတ်ခမ်းပါးများက အနည်းငယ် ဖြူရော်နေကာ နွမ်းလျနေပုံ ရ၏။ ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက် အနေဖြင့် မင်ရှုဖုန်းမှာ ကြမ်းတမ်း ခက်ထန်လှသော ခုနစ်လ ခရီးကို ယခုမှ စတင် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ဘေးနားရှိ အရပ် ရှည်ရှည် အမျိုးသမီးကြောင့်သာ မဟုတ်ပါက သူမ ယခုလောက်ပင် ခရီးဆက်နိုင်လိမ့်မည် မဟုတ်ချေ။
“ငါတို့ နီးလာပါပြီ...”
အမျိုးသမီးက မင်ရှုဖုန်းဘက်သို့ လှည့်ရင်း ပြောလိုက်၏။ သူမ၏ အသံက တည်ငြိမ်နေသော်လည်း စိတ်လှုပ်ရှားမှု အငွေ့အသက် အချို့ ပါဝင်နေကြောင်း မင်ရှုဖုန်း ပြောနိုင်ပေသည်။
လွန်ခဲ့သည့် လများဆီသို့ ပြန်သွားရပါက... သူတို့ နှစ်ယောက် မိုးပြာမြို့တော်ထဲသို့ ဝင်ရောက်ကာ ကပ်ဘေး ကျရောက်လာမည့် နေ့ကို စောင့်ဆိုင်းခဲ့ကြသည်။ ထိုနေ့သို့ အရောက်၌ လူအများ ဝရုန်းသုန်းကား ဖြစ်နေသည်ကို အခွင့်ကောင်း ယူကာ မြို့တော် အဓိက အဆောက်အအုံထဲ စွန့်စား ဝင်ရောက် ခဲ့ကြသည်။ ထို့နောက်... တည်နေရာတစ်ခုနှင့် ပတ်သက်သည့် မှတ်တမ်းများကို ခိုးယူခဲ့သည်။
ထိုတည်နေရာ အတွက် သူတို့ အဘယ်ကြောင့် စွန့်စားခဲ့ကြသနည်း။ ရှင်းလင်းပေသည်။ များစွာသော ရတနာများ ပြည့်နှက် နေသောကြောင့်ပင်။
“ကျွန်မတို့မှာ သော့မရှိပဲနဲ့ အထဲကို ဘယ်လိုဝင်မှာလဲ... အရင်ဆုံး သော့တစ်ခု ရှာဖို့ လိုအပ်တယ် မလား”
မင်ရှုဖုန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ရရှိထားသည့် အချက်အလက်များ အရဆိုလျှင် ထိုနေရာကို ဝင်ရောက်ရန် သော့တစ်ခု လိုအပ်ပေသည်။ အစွန်းလေးဖက် လောကနယ်မြေသားများကတော့ ၎င်းကို “ကောင်းကင် သင်္ကေတ” ဟု ခေါ်ဆိုကြသည်။
အမျိုးသမီးမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူမက ခေါင်းကို ခါရင်း စကားပြောလိုက်သည်။
“သော့ ရှာဖို့ အချိန် မရှိတော့ဘူး... တစ်လအတွင်း အစစ်အမှန် ဒြပ်စင် အင်ပါယာက ဒီနေရာကို ရောက်လာပြီး အားလုံးကို ယူသွားလိမ့်မယ်”
“အစစ်အမှန် ဒြပ်စင်အင်ပါယာ...”
မင်ရှုဖုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ အစစ်အမှန် ဒြပ်စင် အင်ပါယာ ဆိုသော နာမ်စားကို ကြားသည်နှင့် မိုးပြာမြို့ထံ ကပ်ဘေးတစ်ခု ယူဆောင်လာခဲ့သည့် လူငယ်တစ်ယောက်၏ ချောမောသော မျက်နှာကို သူမ တန်းကာ မြင်ယောင်လိုက်မိသည်။
“သူ့မှာ သော့ရှိတယ်ပေါ့”
သူမက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်၏။ ဤအတိုင်းသာ ဆိုပါက အဓိပ္ပာယ် ရှိသည်။ ထိုလူငယ်လေးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းကာ မိုးပြာမြို့၏ ထိပ်တန်း ကျင့်ကြံသူများစွာကိုပင် တစ်ကိုယ်တော် ရင်ဆိုင်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်ထံမှ သော့ကို ရယူရန်မှာ စွန့်စားလွန်းရာ ကျလွန်းပေသည်။
“ ... “
သူတို့နှစ်ယောက် တိတ်တဆိတ်ပင် ဆက်လက် ခရီးနှင် လာကြ၏။ စကား တစ်ခွန်းမှ မဆိုဖြစ်ကြတော့ချေ။ ပန်းတိုင်က တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ရာ သူတို့၏ ခြေလှမ်းများကတော့ ပိုမိုသာ သွက်လက် လာနေခဲ့ကြပေသည်။
ဤသို့နှင့် နာရီပိုင်းမျှ ဆက်လက် ခရီးနှင် ကြပြီးနောက် ထီးထီး တည်ရှိနေသည့် တောင်ခြေတစ်ခုထံ သူတို့ ရောက်ရှိလာကြသည်။
“ရောက်ပြီဟေ့...”
အမျိုးသမီးက ပြောလိုက်လေ၏။
**