← Chapters

ကျင့်ကြံနေရာမှ ထွက်ခွာခြင်း

Vol. 31 Ch. 430

ကျင့်ကြံနေရာမှ ထွက်ခွာခြင်း

Vol. 31 Ch. 430

မင်ရှုဖုန်းက ခေါင်းကို မော့လိုက်ရင်း မယုံကြည်နိုင်လောက်အောင် မြင့်မားသည့် မီးတောင်ကြီးကို မော့ကြည့်လိုက်၏။ ထိုမီးတောင်ကြီးမှာ အလင်းရောင်စဥ်များဖြင့် တောက်ပနေကာ ပတ်ဝန်းကျင် တစ်ခုလုံးကို နေမင်းကြီး တစ်စင်းလို လွှမ်းခြုံထားသည်။ ၎င်းထံမှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ် အပူချိန်ကို အနီရောင် အကာအကွယ်၏ နောက်မှပင် သူမ ခံစားနေရသည်။

တစ်ချိန်တည်း၌... အမျိုးသမီးမှာလည်း မီးတောင်ကို မော့ကြည့်ကာ တစ်စုံတစ်ရာကို တွေးတောနေဟန်ရ၏။ တစ်မိနစ်မျှ ကြာပြီးနောက် သူမက လေသံဖြင့် တစ်ခုခုကို တီးတိုး ရေရွတ်လိုက်သည်။

ဝှစ်...

သွေးရောင် အလင်းတန်း တစ်ခုမှာ မျက်နှာအုပ် ဇာပုဝါအောက်မှ တိုးကာ ထွက်ပေါ်လာ၏။ တစ်ဆက်တည်းလိုပင် သူမက လက်ဟန် ချိပ်စည်း အချို့ကို ထုတ်ဖော်လိုက်ရာ ကမ္ဘာကြီး တစ်ခုလုံး ငလျင် လှုပ်သလို တုန်ရီ ယိမ်းထိုးသွားလေသည်။

မင်ရှုဖုန်းမှာ အံ့သြသွား၏။ သူမက ခြေထောက်ကို မြေကြီးပေါ်တွင် ခိုင်ခိုင်မာမာ ရပ်ရင်း ခန္ဓာကိုယ် ဟန်ချက် ပျက်မသွားစေရန် ထိန်းသိမ်းလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ...”

ထိုကဲ့သို့သော မေးခွန်းမျိုးက ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက် တစ်ယောက် အတွက် သဘာဝ မကျသည့် မေးခွန်းမျိုး ဖြစ်သည်။ မင်ရှုဖုန်းမှာ ကိုယ့်ကိုယ်ကို အလွန် အထင်ကြီးခဲ့သော်လည်း ထိုအမျိုးသမီးနှင့် ကြုံတွေ့ပြီးနောက်တွင် လောက၌ သူမ မသိသေးသည့် အရာများစွာ ရှိသေးကြောင်း နားလည်လာခဲ့သည်။

“ကောင်းကင် သင်္ကေတတွေက သော့သက်သက်ပဲလေ... သော့မပါပဲ ဖောက်ထွင်းနိုင်တဲ့ အခြား နည်းလမ်းတွေလည်း ရှိသေးတာပဲ”

အမျိုးသမီးက လက်ဟန်ချိပ်စည်းများကို ထပ်မံ ဖော်ထုတ်ရင်း ဖြေကြားလိုက်၏။ မင်ရှုဖုန်း၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားကာ သူမကို ကြည့်လိုက်၏။

“ဘယ်လိုမျိုးလဲ...”

အမျိုးသမီးက သက်တောင့်သက်သာပင် ပြုံးလိုက်၏။

“တစ်ကြိမ် ဖောက်ထွင်းဖူးရင် နောက်တစ်ကြိမ်ဆိုတာက မခက်ပါဘူး”

“ ... “

မင်ရှုဖုန်းက အဓိပ္ပာယ်ကို ထိုစကား၏ အဓိပ္ပာယ်ကို သိပ်နားမလည်ချေ။ မည်သို့ပင် ဆိုစေ... ဤတောင်ခြေကို ရှာဖွေဖို့ အတွက်ပင် သူတို့ လပေါင်းများစွာ အချိန်ယူခဲ့ရသည် မဟုတ်ပါလား။ သူမက မည်သည့် အချိန်က ဤနေရာကို ရောက်ဖူးနေသနည်း။ အကယ်၍ ဤနေရာကို သိနေသည် ဆိုလျှင် အဘယ်ကြောင့် မိုးပြာမြို့သို့ သွားကာ မြေပုံကို စွန့်စွန့်စားစား ခိုးယူခဲ့ရသနည်း။ မေးခွန်းပေါင်းများစွာက သူမ၏ စိတ်အတွင်း တဖွားဖွား ဖြစ်ပေါ်လာ၏။

“ဟဟ...”

အမျိုးသမီးက ဘာမှ ထပ်မပြောတော့ပဲ ရယ်မောလိုက်၏။ လက်ဟန်ချိပ်စည်းများကို ထပ်မံ ဖော်ထုတ်လိုက်သည်နှင့် မြေကြီး၏ တုန်လှုပ်မှုကလည်း ပိုမို ပြင်းထန်လာသည်။

ခရက်... ချပ်... ချပ်...

ယန္တယား လည်ပတ်သံများနှင့် အတူ တံခါးတွန်းဖွင့်သလို အသံတစ်ခု ထွက်ပေါ်လာ၏။ မိနစ် အနည်းငယ် ကြာပြီးနောက်တွင် အောက်ရှိ မြေပြင်က သင်္ကေတ အချို့ဖြင့် စတင် တောက်ပလာကာ နွေးထွေးသော အလင်းရောင် တစ်ခု လောင်မြိုက်လာသည်။ ထို့နောက်... ၎င်းသင်္ကေတများမှာ ကောင်းကင်သို့ ပျံတက်သွားကာ အတူတကွ စုပေါင်းလျှက် လေထုအတွင်း တိုးဝင် ပျောက်ကွယ်သွား၏။

မင်ရှုဖုန်းက မျက်မှောင်ကြုတ်ရင်း အထက်ရှိ အနက်ရောင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ရွှန်း...

ထိုအခိုက်မှာပင် အလင်း ရောင်စဥ်တန်း တစ်ခုမှာ အမှောင် တိမ်တိုက်များ အကြားတွင် ပေါ်လာခဲ့၏။ ၎င်းတို့က အလွန် လျှင်မြန်စွာပင် လူတစ်ယောက် ဝင်နိုင်ထွက်နိုင်လောက်‌အောင် ကြီးမားသည့် တံခါးပေါက် တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ထိုတံခါးပေါက်က အာကာသ စွမ်းအင်များဖြင့် ပြည့်နှက်နေကာ အဆုံးမဲ့ အမှောင်ထု တစ်ခုဆီ ဦးတည်နေဟန် ရလေသည်။

အမျိုးသမီးက တုန့်ဆိုင်းခြင်း မရှိချေ။ မင်ရှုဖုန်းကို ဆွဲကိုင်လိုက်ပြီးနောက် ထိုဝင်ပေါက်ဆီ ပျံသန်းကာ ဝင်ရောက် သွားလေတော့၏။

...

တစ်လခန့် ကြာမြင့်ပြီးနောက်... ချောမောသည့် လူငယ်လေး တစ်ယောက်မှာ ထိုတောင်ခြေရှိရာဆီသို့ ရောက်ရှိ လာခဲ့၏။ သူ၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များနှင့် ပြည့်နှက် နေသည်။

“ဆိုတော့ကာ ဒီနေရာမှာ ဆန်းကြယ် ဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာသိုက် တစ်ခုရှိတယ်ပေါ့...”

သူက ဒြပ်စင်တိုကင် တစ်ခုကို ကိုင်ရင်း အလင်းရောင်များ တောက်ပနေသည့် တောင်တန်းကြီးကို မော့ကြည့်လိုက်၏။ လောဘအရိပ်အယောင်များနှင့် အတူ သူ၏ မျက်လုံးများက ပြင်းထန်စွာ ထက်ရှသွားသည်။

“ကျန်းယု... မင်းကို ငါ နောင်တရအောင် လုပ်ပြမယ်”

ထို့နောက် လူငယ်က ဒြပ်စင်တိုကင်ကို အသက်သွင်းလိုက်၏။ အလင်းတန်း တစ်ခုက ကောင်းကင်ဆီ မြင့်တက်သွားကာ မကြာခင် ပြန်လည် ကျဆင်းလာသည်။ တောင်ခြေတွင် ဝင်ပေါက် တစ်ခု တဖြည်းဖြည်း ပေါ်လာကာ တံခါးများမှာ ဖြည်းညင်းစွာ ပွင့်ဟသွား၏။ လူငယ်က တစ်လှမ်းချင်းပင် ထိုဝင်ပေါက်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။

သုံးပတ်မျှ ကြာမြင့်ပြီးနောက်...

လူငယ်က ထိုဝင်ပေါက်မှပင် ပြန်လည် ထွက်ပေါ်လာ၏။  သူ၏ ချောမောသော မျက်နှာက မသေချာ မရေရာမှု၊ သံသယများနှင့် ပြည့်နှက်နေသည်။  ထိုလူငယ်ကတော့ လင်းမင်ပင် ဖြစ်လေသည်။

“ဆရာတူ အမပြောတော့ ဒီလောကနယ်မြေမှာ ရှိတဲ့ ရတနာသိုက်တွေက အပြင်ကမ္ဘာကထက် အများကြီး ပိုပြီး အဖိုးတန်တယ် တဲ့... အဲ့တာတွေက လူတစ်ယောက်ရဲ့ ဘဝကို လုံးဝ ပြီးပြည့်စုံတဲ့ အထိ အသုံးပြုစေဖို့ ရည်ရွယ်ထားတာ တဲ့... ခန့်မှန်းချေ အရဆိုရင် အနည်းဆုံး အဆတစ်ထောင်လောက်တောင် ရှိတယ် ဆိုပဲ... ဒါပေမဲ့ ခုကျတော့...”

တစ်ခုခု မှားယွင်းနေသလို လင်းမင် ခံစားလိုက်ရ၏။ အထဲတွင် ကျင့်ကြံခြင်း အရင်းအမြစ် အချို့ကို သူ တွေ့မြင်ခဲ့ရသော်လည်း ထိုအရာက သူ မျှော်လင့်ထားသလောက် ရှိမနေခဲ့ချေ။ ၎င်းက ပြင်ပလောကရှိ ရတနာသိုက်များနှင့် ကွာခြားမှု မရှိသလောက်ပင်။

ဘာပဲဖြစ်ဖြစ်... ယခု သူ၏ ကျင့်ကြံခြင်းမှာ ကျန်းယုထက် ပိုမို သန်မာနေခဲ့ပြီ ဖြစ်သည်။  လက်သီးအား တင်းတင်း ဆုပ်လိုက်ရင်း သူ၏ မီးခိုးရောင် မျက်လုံးများမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် သွားလေတော့၏။

...

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၊ ပျက်သုဥ်းခြင်း နယ်မြေ...

ဝေ့ဝူယင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်မှာ ‌လေးလတာ ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ တစ်နေ့၌ တောင်ထွတ် တစ်ခုရှိ လူလုပ်ဂူတစ်ခုက ပေါက်ကွဲသွားကာ အနက်ရောင်ဝတ် လူငယ် တစ်ယောက် အပြင်လောကသို့ ပြန်လည် ထွက်ပေါ်လာ၏။

ဝေ့ဝူယင် ခြေဗလာနှင့် မီးခိုးရောင် သဲသောင်ပြင်ပေါ် ခြေချရင်း စီးဝင်နေသည့် ပျက်သုဥ်းခြင်း စွမ်းအင်များကို ခံစားလိုက်သည်။ သူ၏ ခြေချောင်လေးများမှာ သဲပြင် နုနုကို အသာအယာပင် ထိုးဆွနေ၏။ ပျက်သုဥ်းခြင်း စွမ်းအင်များမှာ အသွေးအသားများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် သူ့ခန္ဓာကိုယ် အတွင်း တိုးဝင်လာသော်လည်း အိုရီက ယင်းတို့ကို စုပ်ယူကာ ကိုယ်ပိုင် ခွန်အား အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။

“ဒီလောကနယ်မြေက သုံးလွှာ ကြယ်တာရာ နယ်မြေနဲ့ လုံးဝ ကွာခြားတာပဲ... လေထုထဲမှာ ရှိတဲ့ စွမ်းအားတွေက အများကြီး ပိုများတဲ့ အပြင် ကြောက်ဖို့ကောင်းအောင်လည်း ပြင်းထန်တယ်... အခြား နယ်မြေတွေလည်း သိပ် မကွာခြားလောက်ဘူး”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ ထို့နောက် သူက အဆုံးအစမဲ့ မီးခိုးရောင် သဲသောင်ပြင်ကြီးကို မျှော်ကြည့် လိုက်သည်။ ပြန်လည် တွက်ချက်ကြည့်ရပါက သူ ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

ထိုအတောအတွင်း၌ သူသည် ကြယ်တာရာ အမြုတေ အဆင့်လေးကို တက်လှမ်းနိုင်ခဲ့ကာ ကျင့်ကြံခြင်းတွင် များစွာသော  အောင်မြင်မှုများကို ရရှိခဲ့သည်။ ထို့အပြင် သုံးလွှာ ကြယ်တာရာ နယ်မြေတွင် နတ်ဘုရား သဖွယ် ကိုးကွယ်ခံရသည့် ‌လောကသခင် တစ်ယောက်ကိုပင် ရင်ဆိုင်ကာ သတ်ဖြတ်နိုင်ခဲ့သည်။

ထိုအောင်မြင်မှုများ အပြင် လာရင်း ရည်ရွယ်ချက် ဖြစ်သည့် ဒြပ်စင်တိုကင်နှင့် ပတ်သက်သည့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုပါ စုဆောင်းနိုင်ခဲ့သည်။

“ခု ဘာဆက်လုပ်ကြမလဲ”

ပျက်သုဥ်းခြင်း နယ်မြေ၏ တော်ဝင်မြို့တော် ဖြစ်သည့် အစစ်အမှန်ပျက်သုဥ်းခြင်း တည်ရှိရာ အရပ်ကို လှမ်းကြည့်ရင်း ဝေ့ဝူယင် တီးတိုး ရေရွတ်လိုက်၏။

အစစ်အမှန် ပျက်သုဥ်းခြင်းကို “မြို့တော်” ဟု သုံးနှုန်းနေကြသည့်တိုင် အမှန်တကယ်တွင် မြို့တော်တစ်ခုထက် အဆများစွာ ပိုမို ခမ်းနား ပေသည်။ ၎င်းက ပျက်သုဥ်းခြင်း နယ်မြေကြီး တစ်ခုလုံး၏ သန်ရှင်းသော အထွတ်အမြတ် မြေသဖွယ် ဖြစ်သည်။

ပြိုင်ပွဲဟု ခေါ်သည့် အရာက နောက်ဆယ်ရက်ကျော်ခန့်တွင် စတင်တော့မည် ဖြစ်သည်။ ဒြပ်စင်တိုကင်များကို ရယူရန် ရွေးချယ်စရာ အချို့ သူ့တွင် ရှိသော်လည်း ယခုထိ မဆုံးဖြတ်ရသေးချေ။

တရားနည်းလမ်းကျကျက ထိုပြိုင်ပွဲအား ဝင်ရောက် ယှဥ်ပြိုင်ကာ ဒြပ်စင်တိုကင်များကို ရယူလျှင် သိပ်ပင်ပန်းလိမ့်မည် မဟုတ် ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။ တော်ဝင် သမီးတော်၊ သားတော်နှင့် လင်းမင်တို့ အပါအဝင် မည်သည့် ရွေးချယ်ခံကမှ သူ့ပြိုင်ဘက် ဖြစ်ရန် နီးကပ်လိမ့်မည် မဟုတ်ချေ။ ဤနေရာတွင် အေးအေးဆေးဆေး ရက်အနည်းငယ်ခန့် အနားယူပြီးမှ အစစ်အမှန် ပျက်သုဥ်းခြင်းသို့ သွားရောက်ရလျှင် ကောင်းမည်ဟု သူ တွေးလိုက်မိ၏။

“ ... “

ထိုအခိုက်တွင်ပင် ဧဒင်က အသိစိတ် ပင်လယ်ကို ဖြတ်သန်းကာ စိတ်စွမ်းအင်လှိုင်း အချို့ကို ထုတ်လွှတ်လိုက်၏။ ထိုလှိုင်းများထဲတွင် အယုံကြည်ဆုံး လူများမှ သစ္စာဖောက်ခံရပုံ၊ အလုံခြုံဆုံးဟု ခံစားရသည့် အချိန်တွင် ကပ်ဘေးများ ကျရောက်လာခဲ့ပုံ၊ ယုံကြည်မှု အရှိဆုံး အခြေအနေတွင်ပင် ကျဆုံးခဲ့ရပုံ... စသည့် အတိတ်မှ သင်ခန်းစာများ ပါဝင်နေပေသည်။ သိပ်မကြာသေးခင်ကပင် လောကသခင် ချူရှောင်းယင်၏ မမျှော်လင့်ပဲ အမဲလိုက်ခြင်းကို သူ ခံခဲ့ရသည်။

ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားကာ တည်ငြိမ်မှုများနှင့် ပြည့်နှက်သွား၏။ မှန်သည်။ ဘယ်အချိန်အခါ ဘယ်နေရာမှာမဆို သတိဆိုသည်ကို ပေါ့ဆ၍ မရချေ။ အဆိုးဆုံး အခြေအနေအတွက် အမြဲတမ်း ကြိုတင် ပြင်ဆင် ထားသင့်သည်။

ဝေ့ဝူယင် ဧဒင်ကို ခေါင်းတစ်ချက် ညိတ်ပြကာ ကျေးဇူးတင် စကား ဆိုလိုက်၏။ ထို့နောက် သူက ဖိနပ်ကို ထုတ်စီးကာ အစစ်အမှန် ပျက်သုဥ်းခြင်း ရှိရာထံသို့ ချက်ချင်းပင် ဦးတည်လိုက်လေတော့သည်။

All Chapters