အစစ်အမှန် ပျက်သုဥ်းခြင်း
Vol. 31 Ch. 431
ပျက်သုဥ်းခြင်း နယ်မြေ...
ပျက်သုဥ်းခြင်း နယ်မြေသည် အရှေ့နှင့် အနောက် မိုင်ပေါင်း ၁၅၈၀၀၀ နှင့် မြောက်မှတောင် ၁၅၈၀၀၀ မိုင်ခန့် ကျယ်ဝန်းသည်။ ကြီးမားလွန်းလှသည့် ထိုနယ်မြေကြီး၏ အလယ်ဗဟို တည့်တည့်တွင်တော့ မယုံကြည် နိုင်လောက်အောင် ခမ်းနားသော ဘုရားကျောင်းကြီး တစ်ခု ရှိသည်။
ယင်းဘုရားကျောင်းကြီးမှာ မီးခိုးရောင်၊ ရွှေရောင် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ ပတ်ဝန်းကျင်ရှိ ပျက်သုဥ်းခြင်း စွမ်းအင်များကို ဆွဲယူလျှက် သန့်စင်သော ကြယ်တာရာ အမတေများ အဖြစ် အသွင်ပြောင်းလဲ ပစ်နေ၏။
ရွှေရောင် သဲသောင်ပြင်များမှာ ထိုနေရာတစ်ဝိုက် ၁၅၈ မိုင်ခန့်၊ ပျက်သုဥ်းခြင်း နယ်မြေကြီး၏ ဆယ်ပုံတစ်ပုံ ဧရိယာကို ဖြန့်ကျက် နေရာယူထား၏။ ထိုနေရာတွင် တောင်ကို ထွင်းဖောက်ထားသည့် လှေကားထစ်ကြီး ၁၅၈ ထစ် တည်ရှိနေကာ ထိုလှေကားထစ်များမှာ တောင်ထိပ်ရှိ ဘုရားကျောင်းကြီး ရှိရာဆီသို့ ဦးတည်နေသည်။
ပထမ လှေကားထစ်မှာ တောင်ခြေတွင် ရှိကာ အမျိုးမျိုးသော အဆောက်အအုံများဖြင့် ပြည့်နှက်နေ၏။ ပြင်ပကမ္ဘာနှင့် လုံးဝ ခြားနားစွာပင် ထိုနေရာတွင် အယ်ဗန်နှင့် လူသား မျိုးနွယ်များမှာ လိုက်လျော ညီထွေစွာ ပေါင်းစပ် နေထိုင်နေကြသည်။
အရောင် အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဆောက်လုပ်ထားသည့် ထောင်ပေါင်းများစွာသော အဆောက်အအုံများ၏ တံခါးဝများတွင်တော့ ထပ်တူညီသည့် တံဆိပ်တစ်ခုကို ရေးထိုးထားကြ၏။ ထိုတံဆိပ်က ကန္တာရ အလယ်ရှိ တောင်ထွတ်ကြီး အသွင်ဖြင့် တည်ရှိနေကာ ကောင်းကင်မှာတော့ ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေသည့် ရွှေရောင် ကြယ်တစ်ပွင့်ကို ရေးထိုးထား၏။ ၎င်းမှာ အစစ်အမှန် ပျက်သုဥ်းခြင်း၏ သင်္ကေတပင် ဖြစ်လေသည်။
ထိုအခိုက်၌ တောင်ခြေတစ်ခုလုံးမှာ နောက်ခံ အမျိုးမျိုး၊ ကျင့်ကြံခြင်း အဆင့် အမျိုးမျိုးရှိသည့် ကျင့်ကြံသူများနှင့် ပြည့်နှက် နေ၏။ ဤသည်က သာမန် ပြိုင်ပွဲတစ်ခု မဟုတ်ချေ။ တော်ဝင်မြို့တော် အားလုံး၏ အမြင့်ဆုံးသော ဒီဂရီကို ဆွဲကိုင်ထားသည့် ပြိုင်ပွဲမျိုးဖြစ်သည်။
မြို့လယ်နားရှိ စားသောက်ဆိုင် တစ်ခုထဲတွင် အိရှန်းဝူနှင့် အိချွဲယုတို့ အပါအဝင် လူအချို့မှာ ဝိုင်းဖွဲ့ထိုင်ကာ အစားအသောက်များကို စားသောက်နေကြသည်။
သူတို့ထဲ၌ အိရှန်းဝူနှင့် ယှဥ်ပါက အရောင်အဝါ နည်းနည်းမျှ လျော့ကျခြင်း မရှိသည့် အခြား ပုဂ္ဂိုလ် နှစ်ယောက်လည်း ပါဝင်နေသည်။ ကျန်လူများမှာ အစွမ်းထက်ကြသည်သော်လည်း အိရှန်းဝူတို့ကိုတော့ နှိုင်းယှဥ်နိုင်စွမ်း မရှိချေ။
အိချွဲယုက ကျောက်စိမ်း ရေနွေးကို စုပ်ကာ သောက်ရင်း ပြတင်းပေါက် အပြင်ဘက်သို့ ငေးမောကြည့်နေ၏။ သူမ၏ မျက်လုံးများက စူးရှသော အမြင်အာရုံဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။
“အယ်ဗန်မျိုးနွယ်စု ကိုးခုက ကလန်ခေါင်းဆောင်တွေပါ ရောက်လာကြတာပဲ”
သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော်လည်း ထိုလေသံထဲတွင် ကြီးမားသည့် ဖိအားကြီး တစ်ခု ပါဝင်နေ၏။
သူမနှင့် မလှမ်းမကမ်းရှိ အယ်ဗန်အိုကြီး တစ်ယောက်က နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။
“ကလန် ခေါင်းဆောင် ကိုးယောက်တင် မဟုတ်ဘူး... ဂန်းရှုတွေက သူတို့ရဲ့ မဟာ ဘုရင်တွေထဲက ဆယ်ယောက်ကိုပါ လွှတ်လိုက်တယ်”
သူ၏ လေသံက တစ်မျိုးတစ်ဖုံ ထူးဆန်းနေဟန် ရကာ အဆုံးသတ်တွင် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဟမ့်... အဲဒီ ဂန်းရှုတွေက အမြဲတမ်း ကြီးကျယ်ခမ်းနားချင်နေတာ... ငါတို့က ကိုးယောက် ဆိုလည်း ဆိုရော သူတို့က ဆယ်ယောက် လွှတ်လိုက်တယ်... ဘာကို ထပ်ပြိုင်ချင်သေးတာလဲ... အလျားလား အနံလား... တကယ် စိတ်ပျက်စရာပဲ”
ခပ်ငယ်ငယ် အယ်ဗန် လူငယ်လေး တစ်ယောက်က မီးတောက်နေသည့် မျက်လုံးများနှင့် ဆောင့်ကြီးအောင့်ကြီး ပြောလိုက်၏။ အခြား အယ်ဗန်များမှာ သူ့စကားကို စိတ်ထဲမှ ကြိတ်၍ သဘောတူလိုက်မိကြသော်လည်း အသံထွက်၍ မထောက်ဝံ့ကြချေ။
အိရှန်းဝူက ဝိညာဥ်အာရုံကို ဖြန့်ကျက်ရင်း စားသောက်ဆိုင် အတွင်း ရှိနေသည့် လူသားများကို တစ်ချက် လှမ်းကြည့်လိုက်၏။ ကံကောင်းထောက်မစွာပင် ထိုလူများမှာ သူတို့၏ စကားဝိုင်းကို သတိမထားမိကြပုံ၊ သို့မဟုတ် စိတ်မဝင်စားကြပုံ ပေါ်သည်။ အိရှန်းဝူ သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
ထို့နောက် သူက ပြတင်းပေါက်ဘက်သို့ ငေးကြည့်နေသည့် အိချွဲယုကို လှမ်းကြည့်လိုက်သည်။ ထိုအခိုက်တွင်ပင် အတွေးတစ်ခုက သူ့စိတ်အတွင်း တိုးဝင်လာခဲ့လေ၏။
“သူ လာလောက်လား...”
...
ထိုအချိန် တော်ဝင်တောင်ခြေ မြို့တော်၏ လမ်းမတစ်ခုထက်၌...
အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဝေ့ဝူယင်မှာ လှပသည့် ရွှေရောင် သဲသောင်ပြင်နှင့် အမျိုးမျိုး အဖုံဖုံသော အဆောက်အအုံတို့၏ ဖမ်းစားမှုကို ခံနေရ၏။ ဤနေရာ၌ ရှူနေရသည့် လေပင်လျှင် ပြင်ပ ကမ္ဘာနှင့် လုံးဝ ခြားနားလှသလို သူ ခံစားနေရသည်။ လမ်းမများထက်၌ ရောနှောကာ ပြေးလွှား ဆော့ကစား နေသည့် အယ်ဗန်နှင့် လူသား မျိုးနွယ် ကလေးများကို ကြည့်ရင်း သူ ပြုံးလိုက်မိ၏။
“သေဆုံးခြင်းနဲ့ သတ်ဖြတ်ခြင်းတွေ ပြည့်နှက်နေတဲ့ ကျင့်ကြံခြင်း ကမ္ဘာမှာ ဒီလို ငြိမ်းချမ်းတဲ့ နေရာတစ်ခု ရှိနေတာ တွေးကြည့်ရင် အတော် အံ့သြဖို့ ကောင်းတယ်...”
ဤသည်က အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို ရောက်ရှိပြီးနောက် ပထမဆုံး အကြိမ် အဖြစ် လူသားနှင့် အယ်ဗန်များ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပေါင်းစည်းနေထိုင်ခြင်းကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် အပြင်လောကနှင့် ခြားနားစွာပင် ထူထပ် သိပ်သည်းလွန်းလှသော ကြယ်တာရာ အမတေများမှာ လေထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေ၏။ အသက်ရှူလိုက်တိုင်း ထိုစွမ်းအင်များမှာ ခန္ဓာကိုယ် အတွင်း လေမုန်တိုင်း တစ်ခုနှယ် တိုးဝင်နေ၏။ ယခုကျရောက်နေသည်က မန်နာနှင့် အမတေတို့ ကန့်သတ်ခံထားရသည့် ဆုတ်ယုတ်မှု ရာသီ ဖြစ်ကြောင်း သတိမထားမိလောက်အောင်ပင်။
ထိုအကြောင်းရင်းများကြောင့်ပင် အယ်ဗန်နှင့် လူသားမျိုးနွယ်များမှာ အစစ်အမှန် ပျက်သုဥ်းခြင်းကို မြင့်မြတ်သည့် တော်ဝင် မြို့တော် အဖြစ် တစ်ညီတစ်ညွှတ်တည်း သတ်မှတ်ထားခြင်း ဖြစ်ရမည်ဟု သူ စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ လူစည်ကားသည့် အဓိက လမ်းမကြီးထံသို့ ရောက်ရှိလာ၏။ သိုသိုဝှက်ဝှက် နေထိုင် သွားလာရန် ရည်ရွယ်ထားသည့်တိုင် သူ၏ ချောမောသော ရုပ်ရည်နှင့် အနက်ရောင် အဝတ်အစားများမှာ ပွေလီရှုပ်ထွေးနေသည့် လူအုပ်ကြီးထဲတွင်ပင် ထင်းထွက်နေ၏။
ဘာကြောင့်မှန်း မသိ...။ ဤမြို့ခံ အများစုက အနက်ရောင်ကို မဝတ်ကြချေ။ အနီ၊ အညို၊ အပြာ... စသည့် ပိုမို တောက်ပသည့် အရောင်များကိုသာ ရွေးချယ် ဝတ်ဆင်ကြပေသည်။
“အနက်ရောင် ဖက်ရှင်က ဒီနေရာမှာ ဒိတ်အောက်နေတာတော့ မဟုတ်ပါဘူးနော်”
ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်၏။ သို့သော်လည်း မကြာခင်မှာပင် ထိုစိုးရိမ်မှုများက အပိုသာ ဖြစ်ကြောင်း သူ သိလာရ၏။ မည်သူကမှ သူ့အား မထီမဲ့မြင် မပြုကြသလို အချို့ မိန်းကလေးများ ဆိုလျှင် ဖော်ဖော်ရွေရွေနှင့်ပင် ပြုံးပြ နေကြသေး၏။
ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ဧည့်သည်များ အထူးသဖြင့် ထိပ်သီး ကျင့်ကြံသူများမှာ တိတ်တဆိတ်ဖြင့် လှုပ်ရှား သွားလာနေကြသော်လည်း ဒေသခံများမှာမူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြပုံ ရသည်။ သူတို့က အာဘောင်အာရင်း သန်သန်ဖြင့် ဆွေးနွေး ဖလှယ် နေကြ၏။
“နတ်ဘုရား ပူဇော်ခြင်း တော်ဝင် အခမ်းအနားကို နောက်နာရီပိုင်း အတွင်း ကျင်းပတော့မယ် တဲ့... ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလိုက်သလဲ... မြို့တော် တစ်ခုလုံးက ကောင်းချီးပေးမှုတွေနဲ့ ပြည့်နှက်နေတော့မယ်... နောက်ပြီး ဒီနေ့မှာ တော်ဝင်သားတော် ဒါမှမဟုတ် သမီးတော် အသစ်တစ်ယောက် မွေးဖွားလာလိမ့်မယ်လို့ ငါ ခံစားမိနေတယ်...”
“သေချာတာပေါ့... ရွေးချယ်ခံ ကိုးယောက်လုံးပါ ဒီနေရာကို လာနေတယ်လို့ မိတ်ဆွေ တစ်ယောက်ဆီက ငါ သတင်းကြားထားတယ်... ဒီနေ့က ပျက်သုဥ်းခြင်း နယ်မြေကြီးရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး တော်ဝင် ပွဲတော်ကြီး ဖြစ်လာမှာ ကျိန်းသေတယ်”
“မင်းတွေ့လိုက်သေးလား... စောစောလေးကတင် မဟာ ဘုရင်တွေနဲ့ အယ်ဗန်ခေါင်းဆောင်တွေ အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းထဲ ဝင်သွားတာ လေ... ကြည့်ရသလောက် သူတို့က သိပ်ပြီး အထင်ကြီးစရာလည်း မကောင်းပါဘူး”
“ ... “
လမ်းတစ်လျှောက် စကားသံများကို နားထောင်ရင်း မကြာခင်မှာပင် နတ်ဘုရား ပူဇော်ပွဲ တော်ဝင် အခမ်းအနား အကြောင်းကို သူ ပိုမို သိရှိလာရသည်။ သူတို့၏ အဆိုအရဆိုလျှင် တော်ဝင် အခမ်းအနားမှာ ယှဥ်ပြိုင်ပွဲ တစ်ခု ဖြစ်သည်။ ဝင်ရောက်ယှဥ်ပြိုင်ရန် ခက်ခဲသည်မှ လွဲ၍ အလွန့်ကို ရိုးရှင်းလှသော ပြိုင်ပွဲ တစ်ခုသာ ဖြစ်သည်။
ပြိုင်ပွဲသို့ ဝင်ရောက်ရန် ပထမ လိုအပ်ချက်က မူလ ဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားရန် ဖြစ်သည်။ ထိုလိုအပ်ချက်ကပင် ကုန်းမြေတိုက်ကြီးပေါ်ရှိ ထောင်နှင့်ချီသည့် ပါရမီရှင်များကို အလိုလို ပယ်ပြီး ဖြစ်သည်။ ဒုတိယ ရည်ရွယ်ချက်က သာ၍ပင် ဆိုးရွားသေး၏။ အသက်သုံးရာထက် ပိုမကြီးရန်ပင်။
ကျင့်ကြံခြင်း လောကတွင် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်၏ အနိမ့်ဆုံး သက်တမ်း ပင်လျှင် တစ်ထောင်ပင် ကျော်သည်။ နှစ်ပေါင်း သုံးရာ ဆိုသည်က ကျင့်ကြံသူတစ်ယောက် အတွက် အလွန် တိုတောင်းသော အချိန် ဖြစ်သည်။ ထိုအတောအတွင်း မူလဒြပ်စင် ရည်ရွယ်ချက်ကို နားလည်ရန်က လုံးဝ မဖြစ်နိုင်လု နီးနီးပင်။
ပျက်သုဥ်းခြင်း နယ်မြေ၏ တော်ဝင် သားတော်တစ်ပါး သို့မဟုတ် သမီးတော် တစ်ပါး ဖြစ်လာရန် နောက်ဆုံး လိုအပ်ချက်က ပျက်သုဥ်းခြင်း မြေကြီး ရည်ရွယ်ချက်ကို နားလည်ရန် ဖြစ်ပေသည်။
ယင်းလိုအပ်ချက်များကြောင့်ပင် ပြီးခဲ့သည့် နှစ်များ၌ တော်ဝင် အခမ်းအနားကို ပြိုင်ပွဲဝင် သုံးယောက်၊ တစ်ခါတစ်ရံ ထိုထက် နည်းပါးသည့် လူဦးရေဖြင့် ကျင်းပခဲ့ရသည်။ သို့သော်လည်း ယခုနှစ်တွင်တော့ ပြိုင်ပွဲဝင် အရေအတွက်က ကိုးယောက် အထိ ရှိပေသည်။
အထက်ဖော်ပြပါ လိုအပ်ချက် သုံးခုလုံးနှင့် ကိုက်ညီလျှင် ပြိုင်ပွဲဝင်မှာ မတူ ကွဲပြားသည့် ပြိုင်ပွဲ သုံးခုကို ဝင်ရောက် ယှဥ်ပြိုင်ရသည်။ ယင်းပြိုင်ပွဲ သုံးခုလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ပါက နတ်ဘုရား သင်္ကေတနှင့် အတူ တော်ဝင် သားတော် သို့မဟုတ် သမီးတော် ဘွဲ့ထူးကို ချီးမြှင့် ခံရသည်။
ထိုပြိုင်ပွဲများ အကြောင်းကို ပထမဆုံး စတင် ကြားခဲ့ချိန်က ဝင်ရောက်ယှဥ်ပြိုင်ရန် ကောင်းကင် သင်္ကေတ လိုအပ်လိမ့်မည်ဟု ဝေ့ဝူယင် တွေးခဲ့မိသေးသည်။ သို့သော်လည်း သူ့ အတွေးက မှားယွင်းနေခဲ့ပေသည်။ လိုအပ်ချက်နှင့် ကိုက်ညီသည့် မည်သူမဆို ကောင်းကင် သင်္ကေတကို မလိုအပ်ပါချေ။
ပထမ၌ ဝေ့ဝူယင်မှာ ပြိုင်ပွဲ ပြီးဆုံးသည် အထိ စောင့်ဆိုင်းကာ အစစ်အမှန် ပျက်သုဥ်းခြင်း အစီအရင်ကို ထိန်းချုပ်၍ ကောင်းကင် သင်္ကေတများကို ရယူရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကောင်းကင် သားတော် သို့မဟုတ် သမီးတော် တစ်ယောက် ပေါ်ထွက်လာလျှင်လည်း အင်အားသုံးကာ လုယူလိုက်ရုံသာ ရှိပေသည်။
သို့သော်လည်း ကံဆိုးစွာပင် အစစ်အမှန် ပျက်သုဥ်းခြင်းတွင် မည်သည့် ခံစစ်၊ သို့မဟုတ် ထိုးစစ် ဝင်္ကပါမှ ရှိမနေခဲ့ချေ။ စွမ်းအင် သန့်စင်ခြင်းနှင့် အသက်ဓာတ်ဖြည့်ခြင်း ဝင်္ကပါများသာ ရှိပေသည်။ ဆိုလိုသည်က သူ့ အနေဖြင့် ကိုယ့်အား ကိုယ်ကိုးရုံသာ ရှိပေသည်။
သို့သော်လည်း... ရင်ဆိုင်ရမည့် ရန်သူများက ပေါ့သေးသေးများ မဟုတ်ချေ။ မဟာ ဘုရင်ဟု ခေါ်သူများနှင့် မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်၏ ခေါင်းဆောင်ကြီးများ ဖြစ်သည်။ သူတို့က အနည်းဆုံး ကြယ်တာရာ အမြုတေ အဆင့် ရှစ်၊ လောကီ မျက်လုံး အဆင့်တွင် ရှိလိမ့်မည်ဟု ဝေ့ဝူယင် ခန့်မှန်း ထားသည်။
အမှန်အတိုင်း ဝန်ခံရပါက အချိန်သခင် အယောက် နှစ်ဆယ်နီးပါး မဆိုမထားနှင့် တစ်ယောက်ထံမှ လွတ်အောင် ထွက်ပြေးဖို့ပင် ဝေ့ဝူယင်တွင် ယုံကြည်ချက် မရှိချေ။ သူတို့ကို ပိတ်ဆို့နိုင်အောင် လုံလုံလောက်လောက် အစွမ်းထက်သည့် ဝင်္ကပါ တစ်ခု မရှိပဲ ဝေ့ဝူယင် မစွန့်စားဝံ့ချေ။
လက်ရှိ အခြေအနေ အရ... ကျန်နေသည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ကာ ပထမဆုကို သိမ်းပိုက်ဖို့ ဖြစ်သည်။ ထိုအရာက ကျိုးကြောင်း ဆီလျော်ကာ အသစ်ခန့်အပ်ခံရသည့် တော်ဝင် သားတော် သို့မဟုတ် သမီးတော် တစ်ယောက်ထံမှ ကောင်းကင် သင်္ကေတကို လုယူခြင်းထက်လည်း ပိုမို လွယ်ကူ ပေလိမ့်မည်။
***