← Chapters

လူတစ်ယောက်၏ သက်ရောက်မှု

Vol. 31 Ch. 432

လူတစ်ယောက်၏ သက်ရောက်မှု

Vol. 31 Ch. 432

ပြိုင်ပွဲတွင် စမ်းသပ်မှု သုံးခု ရှိပါပြီး ပထမ တစ်ခုက ပါရမီကို စမ်းသပ်မှု ဖြစ်သည်။ တစ်နည်း ဆိုရသော် ၎င်းက အသက်နှင့် ကျင့်ကြံခြင်း အခြေခံ အကြား နှိုင်းယှဥ်ခြင်း တစ်မျိုးပင်။

ကြယ်တာရာ အမြုတေ အလွှာ၏ ကပ်ဘေး တစ်ခုချင်းစီမှာ ကျော်ဖြတ်ရန် အတွက် လုံလောက်သည့် နားလည်မှုနှင့် ခိုင်မာသည့် ကျင့်ကြံခြင်း အခြေခံတို့ကို လိုအပ်သည်။ ထို့ကြောင့်ပင် အသက်နှင့် ကျင့်ကြံခြင်း အခြေခံတို့ကြား တိုက်ရိုက် ဆက်စပ်မှုမှာ ကျင့်ကြံသူ တစ်ယောက်၏ ပါရမီကို ကောင်းကောင်းကြီး ဖော်ပြနိုင်ပေသည်။

ဒုတိယမြောက် စမ်းသပ်မှုကတော့ ကျင့်ကြံခြင်း အခြေခံကို စမ်းသပ်ခြင်း ဖြစ်ပြီး အဓိက အားဖြင့် ဝိညာဥ် ခွန်အားကို စမ်းသပ်သည်။ ကြယ်တာရာ ဝိညာဥ်မှာ လူတစ်ယောက်၏ ကျင့်ကြံခြင်းတွင် အရေး အကြီးဆုံး အစိတ်အပိုင်း ဖြစ်ပြီး စိတ်၊ ရုပ်၊ ဝိညာဥ်၊ အမတေတို့နှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ထို့ကြောင့်ပင် ဝိညာဥ်ခွန်အားမှာ ခန္ဓာကိုယ် အတွင်း တည်ရှိသည့် စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်တို့၏ စွမ်းအင်များကို ကောင်းစွာ ဖော်ညွှန်းနိုင်စွမ်း ရှိပေသည်။

တတိယ စမ်းသပ်မှုကတော့ တိုက်ပွဲဝင် ခွန်အား စမ်းသပ်မှု ဖြစ်သည်။ ပါရမီနှင့် ကျင့်ကြံခြင်း အခြေခံတို့မှာ အလွန် အရေးကြီးသော်လည်း တော်ဝင် သားတော်၊ သို့မဟုတ် သမီးတော် တစ်ယောက်မှာ မတိုက်ခိုက်တတ်၍ မဖြစ်ချေ။ ကျင့်ကြံခြင်း အဆင့် မည်မျှ မြင့်မားစေကာမူ ကျင့်စဥ်၊ အစီအရင်နှင့် ကြယ်တာရာ အင်အား ထိန်းချုပ်ခြင်းတို့ နှောင့်နှေးနေပါက စစ်တူကြီးကို ကိုင်ဆောင်ထားသည့် ကလေးငယ် တစ်ယောက် ကဲ့သို့ ဖြစ်နေလိမ့်မည် ဖြစ်သည်။

ထိုစိမ်းသပ်မှုများမှာ ခက်ခဲသယောင် ရှိသော်လည်း ဝေ့ဝူယင်ကတော့ အောင်မြင်ရန် ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။ ပါရမီ၊ ကျင့်ကြံခြင်း အခြေခံ၊ တိုက်ပွဲဝင် ခွန်အား... ဘယ်အရာတွင်မှာမှ သူက အားနည်းခြင်း မရှိချေ။

ဝေ့ဝူယင် အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းကြီးကို လှမ်းကြည့်လိုက်၏။ သိုသိုဝှက်ဝှက်ဖြင့် လူများ၏ အာရုံ စူးစိုက်မှုကို ရှောင်လွှဲချင်ခဲ့သော်လည်း ယခု ကြည့်ရသည်က ဖြစ်နိုင်တော့ပုံ မပေါ်ချေ။ နတ်ဘုရား ပူဇော်ပွဲ တော်ဝင် အခမ်းအနားကို သူ မဖြစ်မနေ ဝင်ရောက် ဆင်နွှဲရတော့မည် ဖြစ်ပေတော့သည်။

...

ထိုအချိန် လမ်းဘေးတစ်နေရာ၌ မိန်းမငယ်လေး တစ်ယောက်နှင့် လူအိုကြီး တစ်ယောက်တို့မှာ ကျားထိုင်ကစား နေကြ၏။ ပြေးလွှားကာ ဆော့ကစားနေသည့် အယ်ဗန်နှင့် လူသားမျိုးနွယ် ကလေးများထံမှ ရယ်သံ လွင်လွင်လေးများမှာ မကြာခဏ ဆိုသလိုပင် သူတို့ထံသို့ ပျံ့လွင့်လာသည်။ ယင်းတို့က ခံစားတတ်သူတို့ အတွက်တော့ အသန့်ရှင်းဆုံး ဂီတသံစဥ်လေးများပင်။

အဘိုးအိုက လှောင်ပြောင်သံ တစ်ချက်ပြုရင်း ကျားစေ့ တစ်စေ့ကို ကောက်ယူလိုက်၏။ မိန်းမငယ်လေး၏ မျက်ခုံးများက မသိမသာ ရွေ့လျားသွားသည်။ ထိုကျားစေ့ အောက်သို့ ပြန်ကျသွားချိန်၌ တကျော့ပြန် ရှုံးနိမ့်မှုကြောင့် သူမ၏ ခန္ဓာကိုယ်က ပျော့ခွေသွားဟန် ရလေသည်။

“ထပ်ချမယ်...”

မိန်းကလေး၏ မျက်လုံးထဲရှိ တိုက်ပွဲဝင် ဝိညာဥ်က ပိုမို တက်ကြွလာ၏။ သူမက လူအိုကြီး၏ တုန့်ပြန်မှုကိုပင် မစောင့်တော့ပဲ ကျားစေ့များကို နောက်တစ်ကြိမ် ပြန်စီလိုက်လေသည်။

လူအိုကြီးကတော့ တဟဲဟဲဖြင့် ရယ်မောနေ၏။ ထို့နောက် သူ့မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားကာ အရပ်မျက်နှာ တစ်ခုကို လှည့်ကြည့်လိုက်လေသည်။

“ကြည့်ရတာ ဟိုလူငယ်လေး ပြန်လာတဲ့ပုံပဲ”

မိန်းမငယ်လေး၏ လှုပ်ရှားမှုများက ရပ်တန့်သွားကာ အဘိုးအို ကြည့်ရာ အရပ်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်လုံးလေးများက ဖျပ်ခနဲ တောက်ပသွားကာ တစ်ဆက်တည်း လိုလိုပင် မကျေနပ်မှု အရိပ်အယောင် အချို့က သူမ၏ နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့၏။ မဟာငလျင် မြို့တော်တွင် ရှိစဥ်က သူမမှာ ဝေ့ဝူယင်၏ လှည့်စားမှုကို ပယ်ပယ်နယ်နယ် ခံခဲ့ရသည် မဟုတ်ပါလား။

လူအိုကြီးက မြေးမလေးအား ကြည့်ရင်း ပြုံးလိုက်၏။

“ကြည့်ရတာ နင့်ရဲ့ အစီအစဥ် အလုပ်မဖြစ်တော့ဘူး ထင်လဲ... နင် ကိုယ်တိုင် ဝင်ပြိုင်ရင်ပြိုင်... မပြိုင်ရင် သင်္ကေတကို သူ ရသွားမှာ သေချာတယ်... တကယ်လို့ သူရသွားရင်တော့ ငါ လှုပ်ရှားမှာ မဟုတ်ဘူးနော်... ဟဲဟဲ...”

မိန်းမငယ်လေးမှာ နှုတ်ခမ်းစူသွားသည်။ သို့သော်လည်း သူမ အေးအေးဆေးဆေးပင် ကျားစေ့များကို ဆက်ကာ စီလိုက်ရင်း...

“ကျွန်မက တစ်ခုပဲ လိုတာလေ... ဘယ်လောက်မှ များတာ မဟုတ်ပါဘူး... တကယ်လို့ သူ ရသွားရင်တောင် မက်လောက်တဲ့ ပမာဏ ပေးပြီး လဲယူလို့ ရတာပဲ”

“အခု သူက နင့်လိုပဲ အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်သွားပြီ... ငါ့အထင် ကြည့်ရတာ သူက သင်္ကေတကို လွယ်လွယ်နဲ့ လက်လွှတ်မယ့် လူမျိုး မဟုတ်ဘူး... နောက်ပြီး အဲဒါက သူ့ရည်ရွယ်ချက်တောင် ဖြစ်နေနိုင်တယ်... နင် လုံးဝ ဝင်မပြိုင်ဘူး ဆိုတာ သေချာရဲ့လား”

ယခုတစ်ကြိမ် အဘိုးအို၏ လေသံက လေးနက်မှုများနှင့် ပြည့်နှက်နေ၏။

“အဆင့်တက်သွားပြီလား...”

မိန်းမငယ်လေးမှာ ကျားစေ့များကို ပြန်ချလိုက်ကာ ဝေ့ဝူယင် ရှိရာကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းက အကန့်အသတ် ရှိလေရာ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အတိမ်အနက်ကို မမြင်ရချေ။ အတန်ကြာပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူမက လုံးဝ လက်လျော့လိုက်ရသည့် ပုံစံမျိုးဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။

“ကောင်းပြီလေ...”

အဘိုးအိုက ထကာ ရယ်မောလိုက်၏။

“နယ်ရုပ်လေးတွေ ဘေးဖယ်ထား... ဘုရင်မကြီး ပြိုင်ပွဲထဲ ဝင်လာပြီဟေ့”

သို့သော်လည်း သူ့မျက်လုံးထဲတွင်တော့ လေးနက်မှု တစ်ခုက တိတ်တခိုး ဖြစ်ပေါ်နေ၏။ စောစောက ဝေ့ဝူယင်ကို စစ်ဆေးခဲ့ချိန်တွင် ကျင့်ကြံခြင်း အဆင့် တစ်ခုမှ လွဲ၍ ဘာကိုမှ သူ မြင်တွေ့နိုင်စွမ်း မရှိတော့သည် မဟုတ်ပါလား။

...

လမ်းမထက် တစ်နေရာ၌...

“ဟမ်...”

ဒေသခံ မိန်းမလှလေး တစ်ယောက်နှင့် စကားစမြည် ပြောဆိုနေသည့် ဝေ့ဝူယင်မှာ ကြက်သီးမွေးညှင်းများ ထသွားသလို ခံစားလိုက်ရ၏။ ယခုလေးတင် ဝိညာဥ်အာရုံ တစ်ခုမှာ သူ့ခန္ဓာကိုယ် အတွင်း ထိုးဖောက်ကာ ကျင့်ကြံခြင်း အခြေခံကို စစ်ဆေးရန် ကြိုးပမ်းခဲ့သည် မဟုတ်ပါလော။

ဝေ့ဝူယင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကာ အကဲခတ်လိုက်၏။ ကံမကောင်းစွာပင် အနီးအနား တစ်ဝိုက်၌ ထိုကဲ့သို့ ပြုလုပ်နိင်စွမ်း ရှိသည့် မည်သူမှ ရှိမနေခဲ့ချေ။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ဝိညာဥ်အာရုံကို အစစ်အမှန် ပျက်သုဥ်းခြင်း တစ်ခုလုံးထံ ဖြန့်ကျက်၍ စစ်ဆေးနိုင်သည့်တိုင် မလိုအပ်သည့် အာရုံစူးစိုက်မှုများကို သူ မဆွဲဆောင်လိုချေ။ သို့ဖြစ်လေရာ ဦးနှောက်ကိုသာ အားကိုးရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်လေ၏။

“ငါ့အကြောင်းကို သိပြီး ခုလို စစ်ဆေးနိုင်စွမ်း ရှိတဲ့လူ ဘယ်သူတွေ ရှိမလဲ...”

မဟာ ဘုရင်များနှင့် အယ်ဗန် ခေါင်းဆောင်ကြီးများမှာ သူ့ကို သိပင် သိကြသူများ မဟုတ်ချေ။ ထို့ကြောင့်ပင် သန်းပေါင်း ထောင်နှင့်ချီသည့် ကျင့်ကြံသူများ အကြားတွင် သူတစ်‌ယောက်တည်းကို အရေးတယူ လုပ်၍ စစ်ဆေး စရာ အကြောင်း မရှိချေ။ ထိုစိတ်ဝိညာဥ် အာရုံပိုင်ရှင်မှာ သူ့ကို မြင်ဖူးသူများထဲမှ တစ်ယောက် ဖြစ်နိုင်ချေ ရှိသည်။ ထို့အပြင် သူ သတိမထားမိခင်မှာပင် ခန္ဓာကိုယ်ထဲသို့ ချဥ်းနင်း ဝင်ရောက်နိုင်ခဲ့ရာ ကျင့်ကြံခြင်း အဆင့် အလွန် မြင့်မားသူ ဖြစ်နိုင်သည်။

ထိုအချက်များနှင့် ကိုက်ညီသူ များများစားစား သိပ်မရှိလှချေ။ ဝေ့ဝူယင်၏ စိတ်ထဲ ပထမဆုံး ပေါ်လာသည်က မဟာငလျင် မြို့တော်တွင် မြင်တွေ့ခဲ့ရသည့် လူအိုကြီး ဖြစ်သည်။ ဝေ့ဝူယင် တစ်ယောက် ငြိမ်သက်စွာ တွေးတောနေချိန်တွင် ဒေသခံ မိန်းမလှလေးကတော့ တဖျပ်ဖျပ် တောက်ပနေသည့် ငွေရောင် မျက်လုံးများကို ငေးမောကြည့်ရင်း ရင်ခုန် စိတ်လှုပ်ရှားနေ၏။

“အမ်... အဲ့တာက ဟုတ်တယ်... တော်ဝင်မြို့တော်မှာ အဂ္ဂိရတ်ကျွန်တွေကို ကာကွယ်တော့ ပေးထားပါတယ်”

မိန်းကလေး၏ လေသံက အနည်းငယ် တုန်ရီနေကာ အသက်ရှူသံများမှာလည်း မြန်ဆန်နေ၏။ သာမန် မိန်းကလေး တစ်ယောက် အနေဖြင့် ဝေ့ဝူယင်၏ ချောမောလွန်းလှသည့် ရုပ်ရည်ကို သူမ မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

ဝေ့ဝူယင်က သူမကို ပြုံးရင်း ခေါင်းညိတ်ပြ လိုက်သည်။ နောက်ထပ် မေးခွန်း အနည်းငယ် ထပ်မံ မေးမြန်းပြီးနောက် သူ မိန်းကလေးကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။

မကြာခင် ခုံတန်းတစ်ခုကို တွေ့လိုက်ရရာ ဝေ့ဝူယင် ထိုနေရာတွင် ဝင်ရောက် ထိုင်လိုက်သည်။ သူ၏ စိတ်များကတော့ အမျိုးမျိုးသော အတွေးများဖြင့် ပြည့်နှက်နေလေ၏။ သေမျိုး အဂ္ဂိရတ် အဆင့်အတန်းကို ဤကမ္ဘာ၌ မထုတ်ဖော်ရန် သူ ဆုံးဖြတ်ခဲ့ရခြင်းတွင် အကြောင်းရင်းများ ရှိပေသည်။

သုံးလွှာ ကြယ်တာရာ နယ်မြေနှင့် ခြားနားစွာပင်  ဤလောက နယ်မြေ၏ သမိုင်းတွင်... ထာဝရ ဧကရာဇ်၊ အနန္တ အသွင်ပြောင်းခြင်း တို့ကဲ့သို့သော လူရိုသေ၊ ရှင်ရိုသေ အဂ္ဂိရတ် ပညာရှင်များ မရှိချေ။ ထို့နည်းတူစွာ အဂ္ဂိရတ် အစည်းအရုံးလည်း မရှိချေ။

တိုက်ရိုက် ပြောရလျှင် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် အဂ္ဂိရတ် လမ်းစဥ်ကို လျှောက်လှမ်းသည့် လူများမှာ ကျွန်များ သဖွယ်သာ ဖြစ်ပေသည်။ သူတို့က အများပြည်သူ လိုအပ်ချက် အတွက် အသုံးတော်ခံရသည့် အောက်ခြေလူတန်းစားများသာ ဖြစ်သည်။

ဤနေရာတွင် အဂ္ဂိရတ် ထုတ်ကုန် အရောင်းဆိုင်များပင် မရှိချေ။ ထို့အစား အဂ္ဂိရတ် ကျေးကျွန်ဆိုင်၊ လူသား ရေစစ်ဆိုင်နှင့် အဂ္ဂိရတ် ပါရမီ ထူးချွန်သည့် ကလေးများကို ရောင်းဝယ်သည့် ဆိုင်များသာ ရှိပေသည်။ ချင်ကူးယင်၊ ချင်ကူးယွင်နှင့် အနန္တ ပြောင်းလဲခြင်းတို့ပင် ဤနေရာတွင် မွေးဖွားခဲ့ပါက အဂ္ဂိရတ် ကျေးကျွန်များ ဖြစ်လာမည်မှာ သေချာပေသည်။

သို့သော်လည်း ဒေသခံ မိန်းမငယ်လေး၏ စကားအရဆိုလျှင်‌တော့... အဂ္ဂိရတ် ပညာရှင်များမှာ ဤတော်ဝင် မြို့တော်တွင် ကင်းလွတ်ခွင့် ရကြပေသည်။ အဆုံးမဲ့ ရိုသေလေးစားမှုနှင့် အကောင်မထည် မရှိသော စည်းမျဥ်းများကြောင့် ဤနေရာတွင် သူတို့ လွတ်လပ်ခွင့်ကို ရရှိကြသည်။ မည်သူမှ သူတို့ကို အတင်းအကြပ် စေခိုင်းတော့မည် မဟုတ်ချေ။

သို့သော်လည်း ဘဝများ ပိုမို လွတ်လပ်သွားသည်မှ လွဲ၍ ကျွန်ဟူသော အဆင့်အတန်းကတော့ ဘယ်တော့မှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါချေ။ သူတို့က နှိမ့်ချခံ၊ အထင်သေးခံများ ဖြစ်နေကြဆဲ ဖြစ်သည်။ ပြည်သူတို့၏ အတွေးနှင့် ခံယူချက်များကို ဒေသခံ မိန်းမချောလေး၏ စကားထဲမှ သူ ကောင်းစွာ ခံစားနိုင်ပေသည်။

အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်ရှိ အဂ္ဂိရတ် လမ်းစဥ် လျှောက်လှမ်းကြသူများ အတွက် ဝေ့ဝူယင် စိတ်မကောင်း ဖြစ်မိသွား၏။

သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ဆိုလျှင် ထာဝရ ဧကရာဇ်နှင့် အဂ္ဂိရတ် အစည်းအရုံး တည်းဟူသော တည်ရှိမှုတို့မှာ မည်သည့် အထက်လမ်းဂိုဏ်း၊ အောက်လမ်းဂိုဏ်းကို မဆို အဂ္ဂိရတ် တာအို အပေါ် မလေးမစား မပြုလုပ်စေရန် ကန့်သတ်ထားသည်။

ထိုစည်းမျဥ်းကို ဖောက်ဖျက်လျှင် ကြယ်တာရာ နယ်မြေတစ်ခုလုံးက ဘုံရန်သူ အဖြစ် သတ်မှတ်ကာ ဝိုင်းဝန်း ရှုံ့ချကြလိမ့်မည် ဖြစ်သည်။

“လူတစ်ယောက်တည်းက အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ အကြည့်တွေ၊ အမြင်တွေ၊ ရိုးရာတွေကို ပြောင်းလဲ ပစ်နိုင်ခဲ့တာ ဘယ်‌လောက် အံ့အားသင့်စရာ ကောင်းလဲ”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ ထိုအခိုက်တွင်ပင် သူ့ ကောင်းကင်ဘုံ နတ်မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားကာ ဘေးသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ လူအိုကြီး တစ်ယောက်မှာ သူ့ဘေးရှိ ခုံရှည်တွင် ထိုင်ကာ အညိုရောင် လွယ်အိတ်ထဲမှ စွံပလွံသီးများအား နှိုက်ယူ စားသောက်နေသည်ကို တွေ့လိုက်ရ၏။

“ငါ သဘောတူတယ်...”

လူအိုကြီးက ပလုတ်ပလောင်းဖြင့် ပြုံးရင်း ဆိုလိုက်လေ၏။

***

All Chapters