အခမ်းအနား စတင်ခြင်း
Vol. 31 Ch. 433
“ငါသဘောတူတယ်...”
လူအိုကြီး စွံပလွံသီးများကို ပလုတ်ပလောင်း စားရင်း ပြောလိုက်၏။ သူ၏ အရောင်အဝါက လုံးဝ တည်ငြိမ်ကာ ဘာလှုပ်ခတ်မှုမှ ရှိမနေခဲ့ချေ။ အကယ်၍ ဝေ့ဝူယင် နေရာတွင် အခြားလူ တစ်ယောက်ဆိုပါက ထိုလူအိုကြီးကို သာမန် လူတစ်ယောက် ဖြစ်သည်ဟုသာ တွေးမိကြလိမ့်မည် ဖြစ်သည်။
လူအိုကြီးက သူ့ အညိုရောင် လွယ်အိတ်ကို ဝေ့ဝူယင်ဘက်သို့ ထိုးပေးကာ “စားဦးမလား” ဆိုသည့် ပုံစံမျိုး အရိပ်အယောင် ပြလိုက်၏။ ဝေ့ဝူယင် မတုန့်ဆိုင်းပဲ စွံပလွံသီးများကို လက်တစ်ဆုပ်စာ နှိုက်ယူကာ ပါးစပ်အတွင်း ပစ်ထည့်လိုက်သည်။
ထိုသစ်သီးများက အလွန် ချိုမြိန်ကာ အလွန် အရသာ ရှိလှပေသည်။ တစ်ရာ ရာခိုင်နှုန်း ကျိန်းသေစွာပင် ၎င်းတို့မှာ ဤကုန်းမြေတိုက်ကြီးမှ မဟုတ်ချေ။
လူအိုကြီးက ဝေ့ဝူယင်၏ အပြုအမူကို အနည်းငယ် အံ့သြသွားကာ ရယ်မောလိုက်၏။ ထိုလူငယ်လေးက အတော် စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးလိုက်မိသည်။ သူက လွယ်အိတ်ကို နှစ်ယောက်ကြားချကာ လိုသလောက် စားရန် ခွင့်ပြုလိုက်၏။ ဝေ့ဝူယင်က လူအိုကြီး၏ စေတနာကို ငြင်းဆိုခြင်း မပြုချေ။ ထိုလွယ်အိတ်မှာ သေးငယ် လွတ်လပ်သည့် ဟင်းလင်းပြင် တစ်နေရာသို့ ဦးတည်နေဟန် ရသည်။ ထို့ကြောင့်ပင် သစ်သီးများမှာ အဆုံးမဲ့လှ၏။
အတန်ကြာပြီးနောက် လူအိုကြီးက စတင်ကာ စကားပြောလိုက်၏။
“အဂ္ဂိရတ် ပညာရှင်တွေက ဒီနေရာမှာ တော်တော်လေး အနှိမ်ခံနေရတယ်”
သူ့အား ကြည့်ရသည်က ဝေ့ဝူယင် မိန်းမငယ်လေးအား မေးမြန်းနေသည့် မေးခွန်းကို ကြားပုံ ရလေသည်။
“နေရာတိုင်းမှာ အဲ့လိုပဲလား မသိပါဘူးဗျာ...”
ဝေ့ဝူယင် စိတ်မကောင်းဟန်ဖြင့် ပင့်သက်တစ်ချက် ရှိုက်လိုက်လေသည်။
လူအိုကြီးက မျက်ခုံးကို ပင့်ရင်း ဝေ့ဝူယင်အား ကြည့်လိုက်၏။ ထိုလူငယ်လေးက သူ လာရောက်ခဲ့သည့် နေရာကို တစ်ဖက်လှည့်ဖြင့် စူးစမ်းရန် ကြိုးစားနေသည်လား။ ထိုအတွေးနှင့် အတူ သူက အသာအယာ ပြုံးရင်း ခေါင်းအား ခါယမ်းလိုက်သည်။
“အချို့နေရာတွေမှာတော့ ခုလိုပေါ့လေ... ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ပါဘူး... အဂ္ဂိရတ် ပညာရှင်တွေထဲမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိတယ်... အထူးသဖြင့် သေမျိုး အာဏာရှင် အဆင့်ကို ရောက်ပြီးရင် သူတို့က အဂ္ဂိရတ် တာအိုရဲ့ အသိအမှတ်ပြုမှုကို ရရှိကြတယ်... အဲဒီ အဆင့် ပညာရှင်တွေက ကြောက်ဖို့ ကောင်းတယ် ဆိုတာထက်တောင် ပိုသေးတယ်”
“ ... “
ဝေ့ဝူယင် အနည်းငယ် ထိတ်လန့်သွားကာ လူအိုကြီးကို လှည့်ကြည့်လိုက်၏။ သေမျိုး အာဏာရှင် အဆင့်ကို ရောက်လျှင် အဂ္ဂိရတ် တာအို၏ အသိအမှတ် ပြုမှုကို ခံရသည်လား။
သူ သိပ်နားမလည်ချေ။ ယင်းက သေမျိုး အဂ္ဂိရတ် ကြယ်များကို ဆိုလိုသည်လား။ သို့မဟုတ် အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအားနှင့် အဆင့်ကိုး ဆေးတောင့်များကို ရည်ညွှန်းခြင်းလား။ ထိုအရာကို နောက်မှ အသေးစိတ် ဆန်းစစ်ကြည့်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။
“ကျုပ် အထင် ဒီကမ္ဘာကြီးမှာ အဂ္ဂိရတ် ပညာရှင်တွေ အနှိမ်ခံရတာ သေမျိုး အာဏာရှင် အဆင့် တစ်ယောက်မှ မရှိလို့ နေမယ်”
ဝေ့ဝူယင်က စဥ်းစဥ်းစားစားဖြင့် ဆိုလိုက်သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ပေါ်လာလျှင် အားလုံး၏ အမြင်များမှာ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပေသည်။ ထာဝရ ဧကရာဇ် မပေါ်ထွန်းခင်က သုံးလွှာ ကြယ်တာရာ နယ်မြေမှာလည်း သည်အတိုင်း ဖြစ်ဖို့များသည်။
ရေတွင်းထဲတွင်သာ ကျင်လည်ခဲ့ရသည့် ဖားသူငယ် တစ်ကောင် အနေဖြင့် ကိုယ်ပိုင် အမြင်က အကန့်အသတ် ရှိကြောင်း ဝေ့ဝူယင် ကိုယ့်ကိုယ်ကို သိပေသည်။ သူက အသက် ငါးဆယ်ခန့်သာ ရှင်သန် ရသေးကာ မိုးကောင်းကင်ကို ချဲ့ထွင်ရန် ကြိုးစားနေသည့် လူငယ် တစ်ယောက်သာ ဖြစ်ပေသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး ပေါ်ရှိ အခြေအနေများက သူ့အတွေးအခေါ်များကို များစွာ ပြောင်းလဲစေခဲ့ပေသည်။
လူအိုကြီးက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ယခုလို အလွန် နီးကပ်နေသည့် အနေအထားတွင်ပင် ထိုလူငယ်ကို ဖြတ်၍ ဘာကိုမှ သူ မြင်တွေ့နိုင်စွမ်း မရှိပါချေ။ ဝေ့ဝူယင်၏ နောက်ခံနှင့် ကျင့်ကြံခြင်း အခြေခံတို့က ပထမ ယူဆထားသည်ထက် အဆပေါင်းများစွာ ပိုမို နိုင်ကြောင်း သူ ခံစားလိုက်ရ၏။
“ထားလိုက်ပါလေ... ငါ ခု ဒီကို လာတာ မင်းကို ကံကောင်းပါစေလို့ ပြောချင်ရုံ သက်သက် ပါပဲ”
နောက်ဆုံး၌ လူအိုကြီးက သူ အမှန်တကယ် ရောက်ရှိလာရသည့် ရည်ရွယ်ချက် အစစ်အမှန်ကို ပြောလိုက်၏။
“ဘာအတွက်လဲ...”
ဝေ့ဝူယင်က နားမလည်စွာ မေးလိုက်၏။ သူက ဘာအတွက် ကံကောင်းဖို့ လိုအပ်နေရသနည်း။
“ဟဟ... ပြိုင်ပွဲမှာ ဟိုကောင်မလေး ဝင်ပြိုင်လိမ့်မယ်... သူက တော်တော်လေး ကြမ်းတမ်းပြီး ပြိုင်ဆိုင်လိုစိတ်လည်း အရမ်းများတယ်... သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံ တစ်ယောက် ဖြစ်ဖို့ မလုံလောက်သေးဘူး ဆိုပေမဲ့ ပေါ့သေးသေးတော့ မဟုတ်ဘူးနော်”
လူအိုကြီးက စွံပလွံသီး လက်တစ်ဆုပ်ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ရင်း ထိုင်ရာမှ ထရပ်လိုက်၏။
“ဘာပဲဖြစ်ဖြစ် သူ့ကို လျှော့မတွက်နဲ့... မင်းအနေနဲ့ သူ့ကို တစ်ခါတည်း အပိုင်သိမ်းလိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့”
ထို့နောက် သူက တဟားဟား ရယ်မောရင်း ကျောခိုင်းကာ ထွက်ခွာသွားတော့သည်။
“ ... “
ဝေ့ဝူယင်မှာ လူအိုကြီး၏ နောက်ဆုံး စကားကြောင့် အနည်းငယ် ဆွံ့အ သွားမိ၏။ မကြာခင်မှာပင် အဘိုးအိုက သူ့ကို အောင်သွယ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်းကြောင်း သဘောပေါက်သွားရာ ရယ်မောလိုက်မိသည်။ မိန်းမငယ်လေးမှာ အလွန် အစွမ်းထက်ပုံ ရသော်လည်း သူ နည်းနည်းမှ မကြောက်ပါချေ။
လူအိုကြီး မထွက်ခွာခင် လက်တစ်ဆုပ် နှိုက်ယူထားသည့် စွံပလွံသီးများကို တစ်လုံးချင်း ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်း ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်၏။
“အစစ်အမှန် ဒြပ်စင်ဂိုဏ်း... ဆန်းကြယ် ဧကရာဇ်က ကြယ်တာရာ နယ်မြေ အပြင်ဘက်မှာဂိုဏ်းတစ်ခု တည်ထောင်ထားတာလား”
သူတွေးနေသည့် တစ်ချိန်တည်းတွင်ပင် လမ်းမထက် တစ်နေရာရှိ လူအိုကြီး၏ မျက်လုံးများက မသိမသာ ကျဥ်းမြောင်းသွား၏။
“မူလရင်းမြစ် ဆန်းကြယ် စွံပလွံသီးတွေကိုတောင် မျက်တောင် တစ်ချက် မခတ်ပဲ စားနိုင်တယ်... ဘယ်လောက်တောင် သန်မာလိုက်တဲ့ ခန္ဓာကိုယ်လဲ”
ထိုလူငယ်လေးမှာ မူလက ယူဆထားသည်ထက် အဆများစွာ၊ အဆပေါင်း အဆပေါင်းများစွာ ပိုမို လျှို့ဝှက် ဆန်းကြယ် လွန်းသည်ဟု လူအိုကြီးမှာ တွေးလိုက်မိလေတော့၏။
...
အစစ်အမှန် ပျက်သုဥ်းခြင်း၏ ကောင်းကင်မှာ ညတာကို ချဥ်းနင်း ဝင်ရောက်လာကာ မှောင်စပျိုးလာ၏။ အိမ်တိုင်း အိမ်တိုင်း၏ တံခါးဝများရှိ မီးအိမ်များက ရွှေရောင်မီးတောက်များနှင့် အတူ စတင် လင်းလက်လာကာ နွေးထွေးသည့် အလင်းရောင်ကို ဆောင်ကျဥ်းလာသည်။ ထိုအလင်းရောင်က အစစ်အမှန် ပျက်သုဥ်းခြင်း သင်္ကေတကို ရိုသေ ညွှတ်တွားစွာ ခယနေဟန် ရလေရာ မြင်ရသူတိုင်းမှာ သန့်ရှင်း မြင့်မြတ်မှုနှင့် ခန့်ညား ထည်ဝါမှုတို့ကို ခံစားလာကြရ၏။
မကြာခင်မှာပင် မဟာာ ဘုရားကျောင်းဆီသို့ ဦးတည်နေသည့် လေကားထစ်ကြီး ၁၅၈ ထစ်လုံးမှာလည်း အဖြူရောင် မီးများဖြင့် လင်းလင်းထိန်လာ၏။ လူအများမှာ ထိုလှေကားထစ်များ ခြေရင်း ၁၅၈ ပေခန့် အကွာ၌ စတင် စုဝေးကာ ဆုတောင်း ထောပနာ ပြုလာကြသည်။ မကြာခင်မှာပင် တောင်ခြေ မြို့တော်တစ်ခုလုံးမှာ လူပေါင်း သန်းနှင့်ချီသည့် ပင်လယ်ကြီး တစ်ခု အသွင် ပြောင်းလဲသွားလေတော့၏။
ဝေ့ဝူယင်မှာ လူအုပ်ကြီး အတွင်း ရောနှောကာ ဘုရားကျောင်းကြီး၏ အပြောင်းအလဲများကို စောင့်ကြည့် နေခဲ့လေ၏။ လောကတွင် အမှောင်ထု ကျဆင်းလာရသည့် အကြောင်းရင်းမှာ အထက်ရှိ နေကြယ် မှေးမှိန်သွားခြင်းကြောင့် မဟုတ်ချေ။ အလင်းရောင်ကို ဖုံးကွယ်သည့် နေကြတ်ခြင်း အစီအရင် တစ်ခု အသက်ဝင် လာခြင်းကြောင့်ပင် ဖြစ်သည်။
ဤကုန်းမြေတိုက်ကြီးတွင် ည ဟူ၍ မရှိချေ။ အထက်ရှိ နေကြယ်မှာ မပြောင်းမလဲနှင့် နှစ်ဆယ့် လေးနာရီ လုံးလုံး လောကကြီးကို အလင်းရောင် ဖြန့်ကျက်ပေးလျှက် ရှိပေသည်။ ညတာကို ပထမဆုံး အကြိမ် အဖြစ် ပျော်ရွှင်နေကြသည့် ကလေးငယ်လေးများကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်မိ၏။
တောင်တန်းပေါ်ရှိ အလင်းရောင်များ ပိုမို တိုးပွားလာသည်နှင့် အမျှ လူများ၏ ဆုတောင်း ထောပနာ ပြုသံများမှာ ပိုမို ကျယ်လောင်လာ၏။ အလင်းရောင်၏ ကောင်းချီးပေးမှုနှင့် အတူ လူများမှာ အရေပြားပေါ် ကျရောက်လာသည့် နွေးထွေးမှု၊ ဂရုစိုက်မှုတို့ကို ခံစားနေကြရသည်။ ဘုရား ပူဇော်စာများကို ရွတ်ဖတ်ရင်း လူသားတို့၏ ပခုံးများ၊ ခေါင်းများ၊ ခန္ဓာကိုယ်များက စတင် လှုပ်ယမ်းလာကြ၏။ ဝေ့ဝူယင်မှာ သူတို့၏ ရွတ်ဖတ်နေသည်များကို နည်းနည်းမျှ နားမလည်ချေ။ ထိုအရာက လူသား၊ အယ်ဗန်မျိုးနွယ်တို့နှင့် လားလားမျှ မသက်ဆိုင်သည့် ဘာသားစကား တစ်ခုသာ ဖြစ်ပေသည်။
ဝေ့ဝူယင် သူတို့ ရေရွတ်နေသည့် ဘုရားစာများကို နှုတ်တိုက် လိုက်မှတ်ကာ တစ်ခုခု ထူးခြားနိုး လိုက်လံ ရေရွတ်လိုက်၏။ သို့သော်လည်း ဘာမှ ဖြစ်မလာချေ။
သိပ်မကြာခင်မှာပင် တောင်ထိပ်တွင် လူရိပ် အချို့ ပေါ်ထွက်လာခဲ့၏။ သူတို့က တစ်ကိုယ်လုံး ခြုံသည့် ဝတ်ရုံများကို ဝတ်ဆင်ကာ လှေကားထိပ်တွင် ရပ်လျှက် အောက်ရှိ လူပင်လယ်ကြီးကို ငုံ့ကြည့် လာကြသည်။ သူတို့က လူသားမျိုးနွယ်၏ မဟာ ဘုရင်ဟု ခေါ်သူများနှင့် အယ်ဗန် ကလန်ကြီး ကိုးခုမှ ခေါင်းဆောင်များ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိလိုက်ပေသည်။ သို့သော်လည်း တောင်ထိပ်တွင် ရှိနေသည့် ပုံရိပ်များမှာ အရေအတွက်အားဖြင့် ဆယ့်ကိုးယောက် မကပဲ အခြား ဘုန်းတော်ကြီးများနှင့် အဆင့်မြင့် ကျင့်ကြံသူများပါ ပါဝင်နေပေသည်။
အစစ်အမှန် ပျက်သုဥ်းခြင်းက လူသားနှင့် အယ်ဗန်မျိုးနွယ်များ အကြား ငြိမ်းချမ်းရေး တံတား တစ်ခုလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ လောလောဆယ် ဤနေရာတွင် လူသားနှင့် အယ်ဗန် သန်းထောင်ပေါင်းများစွာ စုဝေးနေသည့်တိုင် သူ ရန်လိုမှု တစ်အောင်စကိုမျှ မခံစားရချေ။
ဝေ့ဝူယင် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေစဥ်မှာပင် ဝတ်လုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုမှာ ရှေ့သို့ တရွေ့ရွေ့ တိုးလာခဲ့၏။ လူများမှာ ပိုမို စိတ်လှုပ်ရှား လာကြကာ တရားစာများကို ပိုမို ကျယ်လောင်စွာ ရွတ်ဖတ်လိုက်ကြရင်း ကောင်းချီးပေးမှုကို တောင်းခံ လိုက်ကြ၏။
ဝှစ်...
ပုံရိပ်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ဦးခေါင်းအား ဖုံးအုပ်ထားသည့် ဝတ်လုံကို ချွတ်ချကာ ထာဝရအမှောင်ထဲတွင် နှစ်မြုပ်နေသည့် မျက်လုံးတစ်စုံကို ထုတ်ဖော်ပြသလိုက်သည်။ သူမက ကျက်သရေ ရှိမှု အဖျာဖျာတို့နှင့် ပြည့်နှက်နေသည့် အမျိုးသမီး တစ်ယောက် ဖြစ်ပြီး အမြင်အာရုံ ဆုံးရှုံးနေပုံ ရသည့်တိုင် အလွန် လှပနေဆဲ ဖြစ်ပေသည်။
“အစစ်အမှန် ပျက်သုဥ်းခြင်းရဲ့ ကလေးငယ်တွေ... ငါတို့ရဲ့ ဆန်းကြယ် အရှင် တစီကို ပူဇော်ကန်တော့ကြလော့... ပူဇော် ကန်တော့ကြလော့”
အမျိုးသမီးက လက်နှစ်ဖက်ကို မြှောက်လိုက်ရင်း နတ်ဝင်သည် တစ်ယောက်၏ လေသံမျိုးဖြင့် အော်ဟစ်လိုက်၏။
“အရှင် တစီ... ငါတို့ရဲ့ ဆန်းကြယ် အရှင်...”
ထူးဆန်းသည့် စွမ်းအားတစ်ခု လွှမ်းမိုး ခံလိုက်ရသကဲ့သို့ ထိုစကားလုံးများမှာ မြို့သူ မြို့သားတိုင်း၏ ပါးစပ်ဖျားမှ တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်ပေါ်လာ၏။
“ဒီနေ့က တော်ဝင် အခမ်းအနားနေ့ ဖြစ်တယ်... ငါတို့ရဲ့ မြင့်မြတ်တဲ့ ဆန်းကြယ် အရှင်ဟာ သူ့ရဲ့ ရွေးချယ်ခံကို ရှာဖွေမယ့်နေ့ ဖြစ်တယ်”
သူမ ကြေညာလိုက်သည်နှင့် အော်ဟစ်သံများနှင့် စိတ်လှုပ်ရှားစွာ ငိုကြွေးသံများမှာ တောင်ကြီး တစ်ခုလုံး တုန်ရီသွားအောင် ထွက်ပေါ်လာသည်။ သို့သော်လည်း အမျိုးသမီးက လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် ပေါက်ကွဲနေသည့် လူအုပ်ကြီးမှာ အပ်ကျသံ ကြားရလောက်အောင် ပြန်လည် တိတ်ဆိတ်သွားသည်။
“ထိုက်တန်တဲ့ လူတွေဟာ ဆန်းကြယ် အရှင် တစီရဲ့ ကောင်းချီးပေးမှုကို ရရှိနိုင်လိမ့်မယ်...ရှေ့ကို တိုးပြီး ကောင်းကင်ဘုံတက်ခြင်း လှေကားထစ် ဆယ့်ရှစ်ထစ်ကို တက်လှမ်းခဲ့ကြလော့... ဒီနေရာကို ရောက်အောင် လာခဲ့ကြလော့.... ပါရမီကို ထုတ်ဖော် ပြသပြီး ဆန်းကြယ် အရှင်ရဲ့ သားတော်၊ သမီးတော် ဂုဏ်ပုဒ်ကို သိမ်းပိုက်ကြလော့”
လူပင်လယ်ကြီး အကြားရှိ နေရာတစ်ခုတွင်တော့ ဝေ့ဝူယင်က တိတ်တဆိတ် ပြုံးလိုက်၏။
“ဆိုတော့ကာ အချိန်ကျလာပြီပေါ့”
ထို့နောက် သူက လူများကို ဖြဲခွဲရင်း ရှေ့သို့ တရွေ့ရွေ့ တိုးကာ ဘုရားကျောင်းနှင့် ၁၅၈ ပေ အကွာ မဝင်ရ ဇုန်အတွင်းကို ခြေချလိုက်လေတော့သည်။
***