ပထမမိသားစုကို ဘက်လိုက်သည်
Vol. 33 Ch. 450
အခန်း(၄၅၀) - ပထမမိသားစုကို ဘက်လိုက်သည်
တကယ်တော့ လုပ်ငန်းတစ်ခု စလုပ်ဖို့အတွက် ဒုတိယအစ်ကိုက ဒုတိယမရီးနှင့် အကြိမ်ပေါင်းများစွာထက် ပိုအောင် ဆွေးနွေးခဲ့ပြီးပါပြီ။
ပထမတော့ ဒုတိယအစ်ကိုက မွေးမြူရေး လုပ်ချင်၏။ နယ်ပယ်ကို ချဲ့ထွင်သကဲ့သို့ ဖြစ်သည်။
ကြက်မွေးသည်ဖြစ်စေ၊ ဘဲမွေးသည်ဖြစ်စေ မွေးနိုင်ပါသည်။ ဝက်များမွေးဖို့ပင် စိတ်ကူးမိသော်လည်း အားလုံးကို ဒုတိယမရီးက ငြင်းဆန်ခဲ့၏။
နောက်ပိုင်းတွင် ညီဖြစ်သူ မြို့တော်တွင် အဆင်ပြေနေသည်ကို ဒုတိယအစ်ကိုက မြင်တွေ့ကာ သူ့ရင်ထဲတွင်လည်း အတွေးတချို့ ရှိခဲ့ပါသည်။
ထို့အပြင် သူ့ညီကိုလည်း မေးပြီးပြီဖြစ်သည်။ သူ့ညီက သူ့ကို အလွန်ထောက်ခံပေးပြီး ငွေအရင်းအနှီးမရှိသည့် ဒုတိယအစ်ကိုကို ကိုယ်ချင်းစာမိပါသည်။ သူ့ကို ငွေချေးပေးမည်ဟု ကတိပေးခဲ့၏။
ထိုအထိတောင် ကူညီပေးသဖြင့် သူ့ညီက ညီအစ်ကိုကောင်း တစ်ယောက်ထက်ပင် ပိုနေပြီ မဟုတ်ပါလား။
သို့သော်လည်း ဒုတိယမရီးက တုပ်တုပ်မှ မလှုပ်သေးပေ။ သူက လယ်အလုပ် သေသေချာချာမလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် လုပ်နေသည်ဟု ပြောသည်။ သူ့စိတ်က ဘယ်မှာ လေလွင့်နေလို့လဲ။
ဒုတိယမရီး၏ စကားလုံးများက မှန်ကန်သည့်ပုံပေါ်ရခြင်းမှာ ပထမမိသားစုကို ဥပမာအနေဖြင့် သုံးကာ ပြောဆိုသောကြောင့်ဖြစ်ပါသည်။ ထိုလုပ်ငန်းလုပ်ခြင်းက တကယ် ကောင်းမွန်ပါက ပထမ မိသားစု ဘာကြောင့် မလုပ်ကြတာလဲ။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့၏ ဆက်ဆံရေးက သူမထက် ပိုကောင်းသည်ကို ဒုတိယမရီး သိနေသည်။
ထို့ကြောင့် သူတို့က ဘာလို့ ပထမမိသားစုကို မခေါ်ဘဲ ဒုတိယ မိသားစုကို ခေါ်ခဲ့ကြတာလဲ။ ထို့အပြင် လုပ်ငန်းလုပ်ခြင်း ဆိုသည်မှာ မစွန့်စားရဘဲ မနေပါ။ ယခုအချိန်တွင် အဆင်ပြေနေသည့်ပုံပေါက်သော်လည်း အရင်ကလို အခြေအနေမျိုး အနာဂတ်တွင် ထပ်မပေါ်လာနိုင်ပါဟု အာမမခံနိုင်ပေ။
နောက်ထပ် ကပ်ဘေးလှိုင်းတွေ ထပ်ရောက်လာရင် ဘယ်လို လုပ်ကြမလဲ။ လယ်လုပ်ငန်းကသာ ဘေးအကင်းဆုံး ဖြစ်ပါသည်။
သို့သော်လည်း ဒုတိယအစ်ကိုက အလွန် စိတ်ဖိစီးနေခဲ့ပါသည်။
လယ်လုပ်ငန်းကို ဘာကြောင့် ကောင်းမွန်သည်ဟု သတ်မှတ်တာလဲ သူ နားမလည်ပါ။ ဒီနှစ် နွေရာသီ ကောက်ရိတ်ချိန်လို တစ်နှစ်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပြီးမှ ကောက်ရိတ်လို့ မရခဲ့သဖြင့် လယ်လုပ်ငန်းက ဘယ်လိုလုပ်ပြီး ကောင်းမွန်နိုင်မည်နည်း။
မြို့တော်သို့ သွားပြီး မြို့ကြီးပြကြီး၏ မြို့သားများ ဖြစ်လာကြသော စတုတ္ထမိသားစုကိုတော့ ထည့်မပြောဦးနှင့်။
ထိုအစား ယခုမြို့တော်သို့ ပြောင်းရွှေ့သွားကြသည့် တတိယမိသားစုကိုပဲ ကြည့်ပါဦး။ သူတို့၏ ဘဝက အဆင်ပြေသွားပြီ။ အကြီးဆုံးအစ်ကို၏ မိသားစုလည်း ပါသည်။
အာ့နီက သူမ၏ လစာကို အိမ်ပြန်ပို့ပေးသည်။ အိမ်တွင်လည်း စစ်နီလို သွက်လက်သူရှိပြီး ကြက်များ၊ ဘဲများ၊ ဝက်များကို တာဝန်ယူထားရသည်။ ကောလိပ်ကျောင်းသားဖြစ်သော သူတို့၏ သားကြီး ယန်ယန်ကလည်း နောက်ပိုင်းတွင် တည်ငြိမ်သော အလုပ်တစ်ခုခု ရလာပါလိမ့်မည်။
အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့က အုတ်နီအိမ်တစ်အိမ်ကို ဆောက်လုပ်ပြီးကြပြီ။
ကျိုးမိသားစုဟောင်းတွင် မိသားစုကိုင်းခွဲ လေးခု ရှိ၏။ သူ့ဒုတိယမိသားစုသာ နှစ်ပေါင်းများစွာ ကြာသည်အထိ ဒီအဆင့်က မတက်နိုင်သေးခြင်း ဖြစ်ပါသည်။ ဒုတိယအစ်ကိုသည် ထိုအကြောင်းကို စဥ်းစားမိတိုင်း စိတ်ဖိစီးရပါသည်။
ထိုကဲ့သို့ စိတ်ဖိစီးမှုမျိုးက အပြင်လောကသို့ ထုတ်ပြောလို့မရပါ။ နာကျင်မှုအားလုံးကို သူ့ဗိုက်ထဲသို့သာ မျိုချလိုက်ရပါသည်။
သူ့ရင်ထဲက စိတ်ဖိစီးမှုကြောင့်လားမသိ၊ စားသောက်ပြီးကြပြီး ညီအစ်ကိုသုံးယောက်သား အထဲတွင် စကားပြောနေရင်း ဒုတိယအစ်ကို၏ ထိန်းချုပ်ထားသော ငိုသံကို အပြင်ဘက်မှ လင်းချင်းဟယ်နှင့် အကြီးဆုံးမရီးတို့ ကြားလိုက်ရပါသည်။
"သြော်" အကြီးဆုံးမရီးလည်း မတတ်နိုင်ဘဲ သက်ပြင်းချမိပါသည်။
လင်းချင်းဟယ် ဘာပြောရမှန်း မသိတော့ပါ။
တကယ်တော့ ကျိုးမိသားစုက ယောက်ျားသားများတွင် တူညီသည့် အချက်တစ်ချက်တော့ ရှိသည်။ အားလုံးက ဇနီးသည်၏ စကားကို နားထောင်ကြခြင်းဖြစ်သည်။
ချင်းပိုင်၏ ပုံစံက မတူသော်ငှား သူ့မှာလည်း မိန်းမစကား နားထောင်သော အကျင့် ရှိနေပါသည်။ မဟုတ်ပါက မူလစာအုပ်ထဲတွင် သူ့ဘဝက ဒီလိုဖြစ်နေမည် မဟုတ်ပါ။
သူမ ရောက်လာပြီးမှ လေလွင့်နေသည့် သူ့ကို လမ်းပြပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခု ကျိုးချင်းပိုင်က နှစ်ပေါင်းများစွာက ကျိုးချင်းပိုင်နှင့် ခြားနားနေပါပြီ။ ဒီလိုဆိုရင်တောင် လင်းချင်းဟယ် တစ်စုံတစ်ခု အမှားလုပ်မိပြီး ကိစ္စများကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနေလျှင်တောင် ကျိုးချင်းပိန်က မငေါက်ပါ။ တိုးတိုးတိတ်တိတ်သာ ဖြေသိမ့်လိုက်ပါသည်။
မဟုတ်ပါက ကိုယ့်ကိုယ်ကို သန်မာသည့် အမျိုးသမီးဟု သတ်မှတ်ထားသည့် လင်းချင်းဟယ်မှာ သူနှင့်တွေ့စဥ် မိန်းကလေးငယ်တစ်ဦး ဘယ်လိုဖြစ်နေနိုင်မှာလဲ။
သူ့ယောက်ျားကို သူတကယ်ချစ်မြတ်နိုးသည်မှာ သံသယဖြစ်စရာမလိုပါ။
အမှန်ပင် သူမယောက်ျားချင်းပိုင်ကလည်း သူမ မရှိလို့မဖြစ်သည်ကို ကောင်းကောင်း သိပါသည်။
ထိုစကားပုံအတိုင်းပင်။ လူမှန်နှင့်တွေ့ပါက ထိုသူတို့ကို စွန့်လွှတ်နိုင်မည် မဟုတ်ပါ။
သူမ ညဘက် အိပ်လျှင် အသက်ရှူကြပ်သည်ဟုခံစားရသော်လည်း သူကတော့ သူမကို အမြဲဖက်ထားရတာကို ကြိုက်သည်။ နေ့ဘက်တွင် ကြမ်းကြမ်းတမ်းတမ်း လူကြီးတစ်ယောက်ဟု ထင်ရသော်လည်း ညဘက်တွင်တော့ အလွန် ချွဲနွဲ့တတ်ပါသည်။
"ဒုတိယအစ်ကိုက လုပ်ငန်းလုပ်ဖို့အတွက် သင့်တော်ပါတယ်။ နင့်ရဲ့အကြီးဆုံးအစ်ကိုနဲ့ ငါလည်း အကြံကောင်းပဲလို့ ထင်တယ်။ ဒါပေမယ့် စန်းနီရဲ့အမေက သဘောမတူဘူးလေ။" အကြီးဆုံးအစ်မက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
လင်းချင်းဟယ်က ဘာမှမဝေဖန်တော့ပါ။ သူမ ဒုတိယအစ်ကိုကို သနားသည်ဆိုရင်တောင် အခြားသူများ၏ ကိစ္စများကို သတိမဲ့စွာ မပြောတတ်ပါ။ အကူအညီလိုအပ်ပါက သူမယောက်ျားချင်းပိုင်က သူ့ဒုတိယအစ်ကိုကို ကူညီပါလိမ့်မည်။
ထို့ကြောင့် ဘာအထင်အမြင်မှ ရှိမနေခြင်းက ဒုတိယအစ်ကိုအတွက် သူမ၏ အကောင်းဆုံး ထောက်ပံ့ပေးမှုဖြစ်ပါသည်။
လင်းချင်းဟယ်က သူမ၏ အိမ်ဟောင်းသို့ ပြန်သွားသည်။ သူမ ပြန်ရောက်လာသောအခါ ထင်မထားလောက်စရာ ကျိုးလျို့နီက အိမ်တံခါးနားတွင် စောင့်နေသည်။
အသက် ၁၇ နှစ်အရွယ် ကျိုးလျို့နီက အရပ် သိပ်မပုတော့ဘဲ မိန်းကလေးငယ်တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။ သို့သော်လည်း လင်းချင်းဟယ်က သူမအနားတွင် ရှိနေသော အရှိန်အဝါကို သဘောမကျပါ။
"စတုတ္ထဒေါ်လေး" ကျိုးလျို့နီက ပြုံးကာ ပြောလိုက်သည်။
"ဘာကိစ္စရှိလို့လဲ လျို့နီ" လင်းချင်းဟယ်က တဲ့တိုး မေးလိုက်၏။
"စတုတ္ထဒေါ်လေး သမီးငယ်ငယ်လေးတုန်းက ရိုင်းစိုင်းပြီး ဘာမှ နားမလည်ခဲ့ပါဘူး။ ဦးနှောက်မပါတဲ့ ယင်ကောင်လိုပဲ။ သမီးနဲ့ ပြိုင်ပြီး ဒေါ်လေးရဲ့ အဆင့်ကို မနှိမ့်ချပါစေနဲ့။" ကျိုးလျို့နီက ပြုံးကာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ "ငါလည်း ငါ့ကိုယ်ငါ နင့်အဆင့်နဲ့ မယှဥ်ပါဘူး။"
"ဒေါ်လေး သမီးက ဒေါ်လေးရဲ့ တူမပါ။ အခု ဒီအသက်အရွယ် ရောက်နေပြီဆိုတော့ ဒေါ်လေးတို့ဘက်မှာ နေရာလွတ်တစ်နေရာလောက် မရှိဘူးလား။ သမီးအတွက် နေရာတစ်ခုလောက် လုပ်ပေးပါလား။ သမီး ကတိပေးပါတယ်။ သမီး အလုပ်ကြိုးစားပါ့မယ်။ လုံးဝ မပျင်းစေရပါဘူး။" ကျိုးလျို့နီက ကတိပေးလိုက်သည်။
လင်းချင်းဟယ်က တကယ် ရယ်မောလိုက်ချင်သည်။ သူမကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒီနှစ် ငါ စစ်နီကို ခေါ်သွားမှာ။ အဲ့တာကြောင့် လူလည်း မလိုဘူး။ နေရာလွတ်လည်း မရှိဘူး။"
ကျိုးလျို့နီ၏ မျက်နှာက တင်းမာလာ၏။ သူမ၏ အပြုံးကလည်း အတင်းလုပ်ယူထားသလို ဖြစ်နေသည်။ "ဒေါ်လေး ပထမမိသားစုကိုပဲ ဘက်လိုက်နေလို့ မဖြစ်ဘူးလေ။ ပြီးတော့ ပထမမိသားစုက အုတ်နီအိမ်တောင် ဆောက်ပြီးသွားကြပြီ။ သူတို့ဘဝက အရမ်း အဆင်ပြေနေတာပဲ။ သမီးတို့ မိသားစုကတော့ အရင်အတိုင်းပဲ။ အစ်မအာ့နီလည်း အဲ့ကို ရောက်နေပြီလေ။ အဲ့တာကြောင့် နေရာလွတ်တစ်ခုရှိရင် သမီးကိုပဲ ပေးသင့်တာပေါ့။ ပြီးတော့လည်း အစ်မ အာ့နီမှာ အလုပ်တွေ အများကြီး လုပ်ဖို့ ရှိတယ်။"
"သူက အလုပ်တွေ အများကြီးရှိပြီး နင်ကတော့ ဘာမှလုပ်စရာ မရှိဘူးလား။ ပြီးတော့ နင့်အကြီးဆုံးဒေါ်လေးကလည်း သဘောတူပြီးသွားပြီ။ ငါတို့ပြန်ရင် စစ်နီလည်း လိုက်လာလိမ့်မယ်။" ဟု လင်းချင်းဟယ်က တည်ငြိမ်စွာ ပြောလိုက်ပါသည်။
"စတုတ္ထဒေါ်လေး သမီးကို ခေါ်သွားပါ။ သမီးမြို့တော်ကို တကယ်သွားချင်လို့ပါ။ သမီး ပြဿနာမရှာပါဘူး။" ကျိုးလျို့နီက တောင်းပန်လိုက်ပါသည်။
လင်းချင်းဟယ်က သူမကို လျစ်လျူရှုကာ အိမ်ထဲသို့ လှည့်ဝင်သွားတော့သည်။
ကျိုးလျို့နီက အဆိပ်ပြင်းသော မျက်လုံးများဖြင့် သူမ၏ ကျောကို စိုက်ကြည့်လိုက်သည်။ သူမ၏ စတုတ္ထဒေါ်လေးက သဘောတူမည် မဟုတ်သည်မှာ အလွန်ထင်ရှားနေပြီး ဆက်တောင်းဆိုနေလို့လည်း ဘာမှ အသုံးမဝင်တော့ပါ။
အိမ်သို့ ဒေါသတကြီးဖြင့်သာ ပြန်လာနိုင်တော့သည်။
ဒုတိယမရီးက ပန်းကန်များကို ဆေးကြောနေသည်။ သူမပြန်လာသည်ကို မြင်သောအခါ ဆူငေါက်လိုက်၏။ "ငပျင်းမလေး ပန်းကန်တွေတောင် မဆေးဘဲ ဘယ်ကို ထွက်ပြေးသွားတာလဲ။"
"အမေ စတုတ္ထဒေါ်လေးက တကယ် တော်တော်လွန်တယ် သိလား။" ကျိုးလျို့နီက အံကြိတ်ကာ ပြောလိုက်သည်။
"နင်သူ့ကို သွားတွေ့တာလား။" ဒုတိယမရီးက ပြန်ဖြေကာ သူမကို ကြည့်လိုက်သည်။
"ဒါပေါ့ သွားတွေ့ရမှာပေါ့။ အမေ ရှုရှန့်မိန်က မြို့တော်က ယောက်ျားတစ်ယောက်နဲ့ လက်ထပ်သွားတာလေ။ သူ့မိသားစုကလည်း အရမ်းချမ်းသာတယ်။ အခုသူ့မောင် ရှုရှန့်ချမ်းကိုပါ ခေါ်သွားကြပြီ။ သမီးလည်း မြို့တော်ကို သွားရရင် ဘယ်လောက် ကောင်းလိုက်မလဲ" ကျိုးလျို့နီက ပြန်ဖြေလိုက်ပါသည်။
ရှုရှန့်မိန် အဆင့်မြင့်မြင့် တစ်နေရာသို့ ရောက်သွားပြီး ဖီးနစ်စ်တစ်ကောင်ဖြစ်လာခြင်း ကိစ္စမှာ ကျိုးလျို့နီ၏ နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲတွင် ရေထွင်းထားပြီးသားဖြစ်နေပါသည်။ ထိုအချိန်က သူမ မြို့တော်တွင်သာ နေနိုင်ခဲ့လျှင် သူမလည်း သူမအရည်အချင်းပေါ်မူတည်ပြီး မြို့သားတစ်ယောက်နှင့် လက်ထပ်နိုင်ပါသည်။
သို့သော်လည်းသူမ၏ စတုတ္ထဒေါ်လေးက သဘောမတူပါ။ ထို့အစား ရှုရှန့်မိန်ကိုသာ ခေါ်ပြီး ကောင်းကောင်းမွန်မွန် လက်ထပ်စေခဲ့သည်။
"နင်သွားတော့ သူကဘာပြောလဲ။ လက်ခံလား။" ဒုတိယမရီးက ပြောလိုက်သည်။
သူမ၏ ရင်ထဲတွင်လည်း ထိုကဲ့သို့ အကြံမျိုးရှိသည်။ ဒီဒုတိယ သမီးက သမီးကြီးလို သစ်သားချောင်းကြီး မဟုတ်ဘဲ ပါးနပ်သည်။ သူမသာ မြို့တော်သို့သွားလျှင် မြို့တော်က လူချမ်းသာတစ်ယောက်နှင့် လက်ထပ်နိုင်ဖို့ တကယ်ဖြစ်နိုင်ပါသည်။