တဖက်လူကို သဘောကျခြင်း
Vol. 33 Ch. 452
အခန်း(၄၅၂) - တဖက်လူကို သဘောကျခြင်း
ကျိုးတုန်၏ အိမ်တွင် ကျိုးတုန်နှင့် ချိုင်ပါ့မိန်တို့က သူတို့အား နွေးနွေးထွေးထွေး ဧည့်ခံပါသည်။ ဒေါ်လေး အမျိုးသမီးချိုင်အပြင် ဧည့်သည်နှစ်ယောက်စလုံးနှင့် အိမ်ရှင်များပါ ကောင်းမွန်သော ညစာတစ်ခု စားသောက်ခဲ့ရသည်။
ကျိုးတုန်၏ လက်ရှိ ဖွံ့ဖြိုးမှုကတော့ အတော်လေး အောင်မြင်နေပါပြီ။
ဒီနှစ် သဘာဝကပ်ဘေးကြောင့် ကျိုးတုန် အများကြီး မထိခိုက်ပေ။
မြေပေါ်က ကောက်ပဲသီးနှံများ ဆုံးရှုံးသွားသော်လည်းသူက ဆုံးဖြတ်ချက် ပြတ်သားသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်တွင် ကြက်တုပ်ကွေးနှင့် အခြားရောဂါများ ပေါ်လာတတ်သည်ဟူသော လင်းချင်းဟယ်၏ စကားကို မှတ်ထားခဲ့သည်။
ထို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းလာသောအခါ တတိယမောင်လေးလင်းနှင့် ဆက်သွယ်ပြီး သူ့လက်ထဲက ကြက်ရာကျော်ကို ရောင်းချခဲ့သည်။
သူ့ဘက်ကလည်း ကြက်များကို သတ်ဖို့ ကူညီပေးသည်။ သူတို့ ကိစ္စပြီးမြောက်သောအခါ တတိယမောင်လေးလင်းကို ခေါ်ပြီး ကြက်များကို လိုက်လံရောင်းချခဲ့ပါသည်။ အကုန်လုံးကို အသက်ရှင်နေစဥ်အတွင်း သတ်ပြစ်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် သူ့လက်ထဲမှ ကြက်များစွာက မိုးသည်းထန်စွာ ရွာသွန်းချိန်အတွင်း ရှင်းပြစ်ခံခဲ့ရခြင်းဖြစ်သည်။ ဗလာကျင်းဖြစ်သွားသောအါ ဝင်ငွေမရှိတော့သော်လည်း ကြက်ရုံများ၏ ပိုးသတ်ခြင်းကို ကောင်းမွန်စွာ ဆောင်ရွက်ထားသဖြင့် ဘာမှ မဖြစ်ခဲ့ပေ။
သို့သော် ကြက်တုပ်ကွေးကြောင့် ကြက်များအားလုံး သေဆုံးပြီး ခံစားခဲ့ရသူများ ရွာထဲတွင် တကယ်ရှိနေပါသည်။ ထိုကဲ့သို့ ကြက်မျိုးကို စားလို့လည်းမရသဖြင့် တွင်းတူးကာပဲ မြှုပ်နှံလိုက်ရသည်။ ထိုကဲ့သို့ ဆုံးရှုံးမှုမျိုးကို ကပ်ဆိုက်သည်ဟု ခေါ်ကြသည်။
ယခုတော့ ကြက်ရုံထဲတွင် ကြက်အသစ်များ ရှိနေပြီဖြစ်သည်။ အရွယ်မရောက်သေးသော်လည်း ဒီနှစ်ထဲ ဝင်ငွေမရှိမည် မဟုတ်ပေ။ ပိုက်ဆံရနိုင်ပါသည်။
"ဒေါ်လေး ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။” ကျိုးတုန်က လင်းချင်းဟယ်ကို ပြောလိုက်သည်။
"ဘာအစီအစဥ်လဲ။" လင်းချင်းဟယ်က မေးမြန်းလိုက်၏။
"ကျွန်တော့် မြေကွက်တွေ အကုန်လုံးကို ခြံခတ်ပြီး အဲ့တာတွေထဲမှာလည်း ကြက်မွေးချင်တယ်။" ဟု ကျိုးတုန်က ပြောပြလိုက်သည်။
လင်းချင်းဟယ်က ထိုစကားများ ကြားသောအခါ ပြုံးသွားသည်။ "ဒီအကြံက မဆိုးပါဘူး။ ဒီမြေတွေက ဝယ်လို့ရောင်းလို့တော့ မရသေးဘူး။ ဝယ်လို့ရတာနဲ့ ဝယ်ပြီး ကြက်မွေးခြံကြီးကြီး ဆောက်ထားလိုက်လေ။"
"အဲ့ဒီမြေကို ဝယ်လို့မရဘူးလေ။" အမျိုးသမီးချိုင်က ထိုစကားကြားသောအခါ အမြန်ပြောလိုက်သည်။
နေရာချထားပေးခြင်းက အဆင်ပြေသည်။ သို့သော် ဝယ်မည်ဆိုပါက နောက်ပိုင်း မြေရှင်များ ယုတ်မာလာလျှင် ဘယ်လိုလုပ်မည်နည်း။
လင်းချင်းဟယ်က ပြုံးကာ ဘာမှသိပ်မပြောပေ။ ကျိုးတုန်ကိုသာ ပြောလိုက်သည်။ "နင်လုပ်ချင်လည်း လုပ်ပေါ့။ ကိုယ်တိုင်မလုပ်နိုင်လည်း လူနှစ်ယောက်လောက် ထပ်ငှားပေါ့။ ကိစ္စမရှိပါဘူး။ တွက်ခြေမကိုက်ဘဲ မနေပါဘူး။"
"ဟုတ်ကဲ့" ကျိုးတုန်က ခေါင်းငြိမ့်လိုက်သည်။
"တကယ်တော့ နောက်မှာ ဖြစ်ပျက်နေတာတွေက အများကြီးလေ။" အမျိုးသမီးချိုင်က တွန့်ဆုတ်စွာ ပြောလိုက်သည်။ "ပြိးတော့ အဲ့လောက်အများကြီး မွေးထားပြီး နောက်ပိုင်း ကြက်ဥတွေ ဘယ်လို ရောင်းကြမလဲ။ လောင်တဦးလေးနှစ်ယောက်ရဲ့ ဆိုင်လောက်နဲ့ မလုံလောက်ဘူးနော်။"
"ပြောရရင် သူတို့နဲ့ လောက်ပါတယ်။ စျေးနှုန်းအပေါ် မူတည်တာပေါ့။ လူတစ်ယောက် ကြက်ဥ ငါးကျင်းဝယ်ရင် နှစ်လုံး အခမဲ့ရမယ်ဆို ကြက်ဥဘယ်လောက်များများ ဝယ်ကြလိမ့်မယ်လို့ ကျွန်မတော့ ခန့်မှန်းမိတယ်။" ဟု လင်းချင်းဟယ်က ပြုံးကာ အာမခံလိုက်သည်။
"ဒီနည်းလမ်းလည်း ကောင်းတာပဲ။" ချိုင်ပါ့မိန်က ပြုံးလိုက်သည်။
ချိုင်ပါ့မိန်က အလွန်တိတ်ဆိတ်တတ်သူ ဖြစ်သော်လည်း အခုတော့ ပိုမို ပွင့်လင်းပြီး သွက်လက်သူ ဖြစ်လာပါသည်။
"ဆားရည်စိမ်ကြက်ဥဆိုရင်လည်း ကောင်းတာပဲ။" ကျိုးချုင်းပိုင်က စားသောက်ပြီးသွားပြီး အကြံတစ်ခု ပေးလိုက်သည်။
"ဟုတ်တယ်။ ရွေးချယ်စရာတွေက အများကြီးပဲ။ အခြားလူတွေကို ဆက်သွယ်ပြီး နင့်ဆီက ပစ္စည်းလာယူချင်လား မေးလို့လည်းရတယ်။ ဟုတ်တာပေါ့ နင့်မှာ သူတို့ဝယ်လိုတဲ့ ပမာဏလည်း ရှိတော့ရှိရမှာပေါ့။ နင့်ကြက်ခြံရဲ့ အရေးကြီးဆုံး အမှတ်ရနေရမယ့်အရာက ငွေရဖို့နည်းနည်းနဲ့ သန့်ရှင်းဖို့ကို များများ ဂရုစိုက်ပေးဖို့ မမေ့နဲ့။" ဟု လင်းချင်းဟယ်က အကြံပေးလိုက်သည်။
"ကျွန်တော် မမေ့ပါဘူး။" ကျိုးတုန်က သူမထံမှ သဘောတူညီမှုရလိုက်သဖြင့် သူ့အကြံက တကယ်ဖြစ်နိုင်မှန်း သိလိုက်ရပြီး သူအပျော်လွန်သွားပါသည်။
"အရင်ဆုံး ၂နှစ်လောက်တော့ ငြိမ်ငြိမ်နေလိုက်ဦး။ ဒီနှစ်ကော နောက်နှစ်ကော မစဥ်းစားနဲ့ဦး။ နောက်တစ်နှစ်နေမှ လုပ်ချင်သေးရင်လုပ်လိုက်ပေါ့။ ငွေအရင်းအနှီးနည်းနည်းလည်း စုထားရဦးမယ်။ လုပ်ငန်းကို ချဲ့ထွင်တာနဲ့ စွန့်စားရမှာတွေ ရှိတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်။" ကျိုးတုန်က ခေါင်းငြိမ့်လိုက်သည်။
အမျိုးသမီးချိုင်က လုပ်စရာရှိသေးသဖြင့် အရင်ပြန်သွားသည်။ သူမ ပြန်တော့မည်ကို မြင်သောအခါ ချိုင်ပါ့မိန်က အပြင်ထွက်ပြီး လိုက်ပို့ပေးလိုက်သည်။ လင်းချင်းဟယ်က ပြုံးကာဖြင့် ပြောလိုက်၏။ "နင် စီးပွားရေး လုပ်ချင်ရင် တစ်ယောက်တည်း လုပ်တာ အကောင်းဆုံးပဲ။ တစ်ယောက်ယောက်နဲ့ ပူးတွဲပြီးလုပ်ရင် သူတို့က ကောင်းရင်တော့ ဘာမှမဖြစ်ဘူး။ မကောင်းရင်တော့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။"
"ဒေါ်လေး ကျွန်တော်နားလည်ပါတယ်။" ကျိုးတုန်က ခေါင်းငြိမ့်လိုက်သည်။ လင်းချင်းဟယ်က သူအကောင်းဆုံး ဖြစ်ဖို့အတွက်သာ မျှော်လင့်နေသည်ကို သူနားလည်ပါသည်။ ဒါ့ကြောင့်လည်း ဒီလိုစကားမျိုး ပြောခြင်းဖြစ်သည်။
"အခု အခြေအနေတွေက ပိုပိုပြီး ကောင်းလာနေပြီ။ ရွာထဲက အိမ်တချို့မှာတောင် တီဗီတစ်လုံး တတ်နိုင်တယ်။ နင်လည်း တစ်လုံးတောင် ဝယ်ပြီးပြီပဲ။" ဟု လင်းချင်းဟယ်က ပြုံးလိုက်သည်။
"မိသားစုအတွက် တပ်ပေးထားတာပါဗျာ။" ဟု ကျိုးတုန်က ပြုံးကာ ပြောလိုက်ပါသည်။
သို့သော်လည်း တကယ်ပဲ အခု ကျေးရွာများကို ကြည့်လိုက်ပါက သူ့မိသားစုအခြေအနေက အတော်လေးကောင်းသည်။ ကျေးရွာ အတွင်းရေးမှဓးက သူ့ကို ယွမ် ၁၀,၀၀၀ အိမ်ရာဟု နာမည်တပ်စေချင်လား မေးဖူးသည်။
တကယ်တော့ ယွမ် ၁၀,၀၀၀ အိမ်ရာဖြစ်ဖို့ လိုအပ်ချက်များ သူ မပြည့်စုံသေးပါ။ သူက မပြည့်စုံသေးသဖြင့် မေ့ပြစ်လိုက်သည်။ တင်ပြလိုက်ပါက ဖြစ်နိုင်သည်။
သို့သော်လည်း ဒီလိုကဏ္ဍတွင် သူ ဝံ့ကြွားခြင်း မရှိပါ။ ဇာတ်နိမ့်အဖြစ်သာ သူ နေလိုသည်။ အထူးသဖြင့် သူတို့၏ ဝင်ငွေအကြောင်း ထုတ်မပြောသင့်သဖြင့် သူငြင်းဆန်လိုက်ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် အချိန်ကြာကြာ မနေခဲ့ကြပါ။ သူတို့ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့အိမ်သို့ လာခဲ့ကြသည်။
"နင်တို့တွေကတော့ တကယ်ပါပဲ။ ကျိုးတုန်တို့ အိမ်မှာ သွားစားရတယ်လို့။" ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူးရှင်။ ကျိုးတုန်ကလည်း ကျွန်မတို့ရှေ့မှာပဲ အရွယ်ရောက်လာတာလေ။ အခု သူအောင်မြင်လာတော့ သူကျွေးတဲ့ ထမင်းတစ်နပ် သွားစားရတာပေါ့။” ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
"ကျိုးတုန်က အခု တကယ်အလားအလာ ရှိနေပြီ။ ကြက်တွေကိုလည်း ကောင်းကောင်းမွန်မွန် မွေးထားတယ်။ ဒီနှစ် ကပ်ဘေးကြောင့်မဟုတ်ရင် နင့်တတိယအစ်ကိုက နေ့တိုင်း ကြက်ဥလှည်းကြီးနဲ့ လာသယ်လိမ့်မယ်။” ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။
ခုခေတ်မှာ ကြက်ဥစျေးတွေလည်း တက်နေပြီ။ အရင်တုန်းက သုံးလေးပြားပဲ။ အခုတော့ ကြက်ဥတစ်ကျင်းကို ငါးပြားကျော်နဲ့ ရောင်းလို့ရနေပြီ။
တစ်ကျင်းကို ဆင့် ၅၀ ဝန်းကျင်ဖြစ်သဖြင့် ၁၀ ကျင်းကို ၅ ယွမ်လောက်ရှိသည်။ ကြက်ဥများဖြင့် ပြည့်နေသည့် လှည်းတစ်လှည်းတွင် ကျင်း တစ်ဒါဇင်မှ ၂၀ အထိရှိနိုင်သဖြင့် တစ်လကို ဘယ်လောက်တောင် ရှိမလဲ။
ထို့အပြင် ဝင်ငွေက အရွယ်ရောက်ပြီးသား ကြက်များထံမှ ရရှိခြင်းဖြစ်သဖြင့် မမြတ်လွန်းဘူးလား။
"ရှင်တို့ ဘဲမွေးတဲ့လုပ်ငန်းကို တိုးချဲ့ချင်တယ်လို့ ပြောဖူးတာ မှတ်မိသေးတယ်။ အခု ဘာလို့ ထပ်မမွေးတော့တာလဲ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"စစ်နီရဲ့အဖေက ဆက်တိုက် နားပူနားဆာ လုပ်နေလို့ပါအေ။ စစ်နီ နင်နဲ့အတူ မြို့ကို လိုက်သွားတဲ့အခါရကျရင် ငါအလုပ်မသွားတော့ဘဲ အိမ်ကိစ္စတွေပဲ လုပ်တော့မှာ။ ဘဲပေါက်တွေ ထပ်ဝယ်လာလိုက်မယ်။” ဟု အကြီးဆုံးမရီးက ပြောလိုက်သည်။
၎င်းတို့ကို မွေးဖို့က လွယ်ကူသည်။ ၎င်းတို့ကို ကျောင်းပြီး မြစ်ထဲက ငါးသေးသေးလေးများ ပုစွန်သေးသေးလေးများကို စားခိုင်းလိုက်ပါ။ အကြီးဆုံးအစ်ကို အလုပ်သွားရင်း ဘဲများကို မြစ်ငယ်သို့ ကျောင်းဖို့က ဘယ်လောက် လွယ်ကူလိုက်မလဲ။ သူအိမ်ပြန်သောအခါတွင်လည်း ဘဲများကို အိမ်သို့ ပြန်ကျောင်းဖို့ မခက်ခဲပါ။ သူမက အိမ်တွင် အားလပ်နေသဖြင့် ဝက်တစ်ကောင် အပို ထပ်မွေးဖို့ စီစဥ်ထားသည်။ ထို့အပြင် ကြက်အရေအတွက်ကိုလည်း တိုးမြှင့်ဖို့ လိုအပ်ပါသည်။
သို့သော်လည်း ဒီနှစ်တော့ လက်လျှော့ရမည်။ အာ့နီက ဒီနှစ်ကုန်ထဲ သားမက်ဖြစ်သူကို အိမ်ခေါ်လာမည်။ သူတို့ပြန်မလာခင် အိမ်တွင် မွေးထားသည့် တိရိစ္ဆာန်များအားလုံးကို ရှင်းပြီး နှစ်သစ်ကူးအတွက် နည်းနည်းသာ ချန်ထားဖို့ စီစဥ်ထားသည်။
အိမ်ပြင်ပက သန့်ရှင်းနေရမည်။ ပန်းကန်များ၊ တူများ၊ ခွက်များနှင့် တခြားပစ္စည်းများကိုလည်း ဝယ်ထားရဦးမည်။
သားမက်ဖြစ်သူကို အိမ်က ညစ်ပတ်ပြီး မသန့်ရှင်းပါဟု မထင်စေလိုပေ။ သူ့ကို အိမ်မှာ ထမင်းတစ်နပ်မကျွေးနိုင်ခြင်းက ရှက်စရာကောင်းလှသည်။
လင်းချင်းဟယ်၏ စကားများက ယုံကြည်ရသော်လည်း အကြီးဆုံးမရီး စိတ်လှုပ်ရှားနေပါသေးသည်။ သူမ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား။
မြို့တော်က သားမက်တစ်ယောက်ဖြစ်ပြီး ကျောင်းမိသားစုထက်ပင် ပိုချမ်းသာသေးသည်ဟုဆို၏။ သူမ အများကြီး မျှော်လင့်မထားပေ။ အိမ်၏ အခြေအနေများကလည်း မဆိုးရွားပါ။ နောက်ပိုင်း သူတို့မိသားစုကို သမီးဖြစ်သူ ထောက်ပံ့ပေးဖို့လည်း တကယ်မလိုအပ်ပါ။ အချုပ်အားဖြင့် ပြောရလျှင် သူမတို့မိသားစုကို အထင်သေးပြီး သူတို့ သမီးကို အနာဂတ်တွင် သိမ်ငယ်အောင် လုပ်ခွင့်မပေးနိုင်ပါ။
တကယ်တော့ အစကတည်းက သူမသမီးကို မြို့တော်သို့ အိမ်ထောင်ပြုဖို့ သွားခွင့်ပေးမည်ဟု စဥ်းတောင်မစဥ်းစားဖူးပါ။
သို့သော်လည်း ကံကြမ္မာက ဆုံတွေ့သောအခါ ရှောင်လွှဲလို့မရနိုင်သည့် အရာမျိုးဖြစ်သည်။ သူမ သမီးနှင့် ဖုန်းပြောပြီးပါပြီ။ သူမသမီးလည်း တဖက်လူကို ကြိုက်နေကြောင်း သူမ မသိဘဲ နေပါ့မလား။
ဒီလိုနှင့် ပိုကောင်းလာဖို့သာ ရှိပါသည်။