လီကျားရွာနှင့် စန်းနီကို တွေ့ဆုံခြင်း
Vol. 33 Ch. 454
အခန်း(၄၅၄) - လီကျားရွာနှင့် စန်းနီကို တွေ့ဆုံခြင်း
သူ့ကို သိသွားလိမ့်မည်ဟု လီအိုက်ကော် ထင်မထားပါ။ ထို့နောက် လင်းချင်းဟယ်က သူမရဲ့ တူမလေး ထိုရွာတွင် အိမ်ထောင်ပြုထားသည့် အကြောင်းကို ပြောခဲ့သဖြင့် သူတို့နှစ်ယောက် ဘယ်သူဘယ်ဝါမှန်း လီအိုက်ကော် အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း အသိပေးဖို့ မဝံ့ရဲခဲ့ပါ။
"မင်းက လီအိုက်ကော်လား။" လင်းချင်းဟယ်က စိတ်ဇဝေဇဝါဖြစ်စွာဖြင့် သူ့ကိုကြည့်လိုက်သည်။ တကယ့် ကံကြမ္မာပဲဖြစ်သည်။ ဒီဒေသကို ရောက်လာသည်နှင့် တူသားမက်ကို တွေ့သွားသည်။
သူ့ပုံစံက မဆိုးရွားပါ။ သို့သော် သူ့အသက်ကတော့ ငယ်ရွယ်သည့်ပုံ မပေါ်ပေ။
"ဟုတ်ပါတယ်ဗျ။" လီအိုက်ကော်က တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။
"စန်းနီက မင်းဇနီးသည်မလား။" လင်းချင်းဟယ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ ဆိုတာလား။" လီအိုက်ကော်က သူတို့ကိုကြည့်ကာ ပြန်ပြောလိုက်သည်။
သူ့မိန်းမက သူမ၏ မိသားစုအရင်းအကြောင်း သူ့ကို မိတ်ဆက်ပေးဖူးပါသည်။ ထိုအထဲတွင် သေသေချာချာ မိတ်ဆက်ပေးခဲ့သည့်လူများက သူမ၏ စတုတ္ထဦးလေးနှင့် စတုတ္ထဒေါ်လေးတို့ ဖြစ်ကြသည်။
သူ့မိန်းမ မင်္ဂလာဆောင်စဥ်က သူ့ကို လက်ပတ်နာရီတစ်လုံး ပေးခဲ့သည်။ ထိုနာရီကို အခုလက်ရှိ သူ့လက်ကောက်ဝတ်တွင် ပတ်ထား၏။
ထို့အပြင် လက်ဖွဲ့ငွေ ယွမ် ၁၀၀ လည်းရှိသည်။
ထိုပစ္စည်းများကို စတုတ္ထဦးလေးနှင့် စတုတ္ထဒေါ်လေးတို့က ပေးခဲ့ခြင်းဖြစ်သည်။
နှစ်ယောက်စလုံးက မြို့တော်တွင် နေသည်ကိုလည်း သိသည်။ ထို့ကြောင့် အစကတော့ သူတို့ကို အသိမပေးရဲခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးစလုံးက အသက် ၄၀ အရွယ်နှင့် မတူပါ။ အလွန် ငယ်ရွယ်ပြီး ချောမောလှပကြပါသည်။
အခုတော့ လီအိုက်ကော် မေးလိုက်ရလေပြီ။
"စန်းနီမှာ တခြား စတုတ္ထဦးလေးနဲ့ ဒေါ်လေးမရှိဘူးဆိုရင်တော့ ဒေါ်လေးတို့ပဲဖြစ်မှာပါ။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။
"စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့ ဘာလို့ အဝေးကြီးလာခဲ့ကြတာလဲ။ ဒီလောက် ပူနေတာကိုဗျာ။" ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် လီအိုက်ကော်က အမြန်ပြောလိုက်ပါသည်။
သူ နွားလှည်းပေါ်မှ ဆင်းလာပြီး ရေခဲချောင်းနှစ်ချောင်း သွားဝယ်လိုက်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ပြောစရာစကား ကင်းမဲ့သွားပါသည်။
သို့သော် သူ့စေတနာကို မငြင်းဘဲ လက်ခံလိုက်သည်။ ဒီနေ့ တကယ်ပူပြင်းသဖြင့် ရေခဲချောင်းတစ်ချောင်း စားလိုက်ခြင်းက အပူဒဏ်သက်သာစေဖို့ နည်းလမ်းတစ်ခုဖြစ်ပါသည်။
"ဒေါ်လေးတို့ ပြန်လာတော့ ဒီနှစ် မိုးတွေသည်းပြီး လယ်တွေကနေ ကောက်မရိတ်နိုင်ကြဘူးလို့ ကြားခဲ့ရတယ်နော်။" လင်းချင်းဟယ်က ပြောလိုက်၏။
"ဟုတ်တယ်။ အဲ့အချိန်တုန်းက လူတွေ အတော်လေး ခက်ခဲခဲ့ကြတာလေ။" လီအိုက်ကော်က ခေါင်းငြိမ့်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူတို့မျိုးဆက် အရင်တုန်းက ငတ်မွတ်ခေါင်းပါးဖူးသဖြင့် အစားအစာက အလွန်အရေးပါပါသည်။ သီးနှံရိတ်သိမ်းမှု ဆိုးရွားခြင်းက ဖရိုဖရဲဖြစ်မှုကို ပိုမို အားပေးနိုင်သည်။
"ဘာလို့ ဒီနေ့ အပြင်ထွက်လာတာလဲ။" ကျိုးချင်းပိုင်က သူ့ကိုမေးလိုက်၏။
"ကျွန်တော်တို့ အိမ်မှာ ကုန်ကြမ်းပစ္စည်းတွေ လှောင်ထားတာလေ။ အဲ့တာတွေကို ကျွန်တော်က ထွက်ရောင်းတာပါ။" ဟု လီအိုက်ကော်က ပြန်ပြောလိုက်ပါသည်။
"မင်း တတိယဒေါ်လေး ပြောတာ ကြားခဲ့တယ်။ ဒေါ်လေးတို့ ကောင်တီမြို့မှာ ဆိုင်တစ်ဆိုင် ဖွင့်ချင်လို့ဆို။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
လီအိုက်ကော်က ခေါင်းခါလိုက်ပါသည်။ "ဒီတိုင်း မေးကြည့်တာပါ။"
တကယ်တော့ သူ့မှာ စိတ်ကူးရှိပါသည်။ အိမ်နီးချင်း ကောင်တီမြို့က သူတို့ရွာထက် ပိုမို စည်ကားသည်။ ထိုနေရာတွင် စီးပွားရေး သွားလုပ်ပါက အရမ်းမဆိုးရွားလောက်ပါ။ စန်းနီကလည်း ဆေးကုသဖို့အတွက် မြို့တော်ကို သွားဖို့လိုအပ်နေသည်။
သို့သော်လည်း စီးပွားရေးတစ်ခု စတင်ခြင်းက ထင်သလောက် မလွယ်ကူပါ။ သူ့ခြေထောက်ကလည်း မသန်ပါ။ ပစ္စည်းများကို ဘယ်လိုသွားယူပြီး ဘယ်လိုစုဆောင်းကြမလဲ။
တကယ်တော့ သူလူငှားနိုင်သည်။ သို့သော်လည်း ငှားဖို့က မလွယ်ကူပါ။ အဘယ့်ကြောင့်ဆိုသော် လူတွေက ကိုယ်တိုင်လုပ်မှ အားရတတ်သည်။ ထို့ကြောင့် လူတွေကို တစ်ယောက်ပြီးတစ်ယောက် ရှာနိုင်ပါဦးမလား။
နောက်ဆုံးတော့ သူကိုယ်တိုင် လုပ်မှ ရမည်။
သူကိုယ်တိုင် မလုပ်နိုင်ပါက မေ့လိုက်ရပါမည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရေခဲချောင်းများ စားလိုက်ကြပြီး တောင်လမ်းတွင် သူ့နောက်သို့ လိုက်ခဲ့ကြ၏။ ဒီတောင်လမ်းက ဘေးကင်းပါသည်။ ချောက်ကမ်းပါး လမ်းလိုမဟုတ်ပါ။ လီကျားရွာနှင့် အနည်းငယ် ဝေးနေရုံသာ ရှိပါသည်။ ပြဿနာ မရှိပါ။
"ဒီနွားလှည်းက မင်းအပိုင်လား။" လင်းချင်းဟယ်က မေးလိုက်သည်။
"မဟုတ်ဘူး။ ကျွန်တော်တို့ ရွာအုပ်ချုပ်ရေးမှူးရဲ့ဟာပါ။ ကျွန်တော် ငှားလာတာ။" ဟု လီအိုက်ကော်က ပြန်ပြောလိုက်သည်။
"အသက်မွေးဝမ်းကြောင်းအတွက် ပုံမှန်ဆို ဘာလုပ်လဲ။" ဟု လင်းချင်းဟယ်က ဆက်မေးလိုက်သည်။
"စိုက်ပျိုးရေးနဲ့ တောင်တွေ ဘာတွေသွားပြီး ကုန်ကြမ်းပစ္စည်းတွေ အခြောက်ခံပြီး သိုလှောင်တာပါ။” လီအိုက်ကော်က လင်းချင်းဟယ်၏ မေးခွန်းများကို စိတ်ထဲမထားပေ။ ဘာပဲဖြစ်ဖြစ် စန်းနီကို တကယ်ဂရုစိုက်သည့် လူများကသာ မေးခွန်းတွေ ဒီလောက် မေးကြမည် မဟုတ်ပါလား။
နှစ်စတုန်းက စန်းနီနှင့်အတူ သူမ အိမ်သို့ ပြန်လာခဲ့သည်။ သူ့ယောက္ခမကြီးမျက်လုံးက သကြားလုံးများအပေါ်တွင်သာ ရှိပြီး အခြား ဘာမှတောင် ဂရုမစိုက်ပေ။
"စန်းနီက အိမ်မှာပဲလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"ဟုတ်ကဲ့။ ကြက်တွေမွေး၊ ဝက်တွေအစာကျွေးရင်း အိမ်မှာ ချက်ပြုတ်ပြီးနေတယ်။" လီအိုက်ကော်က ခေါင်းငြိမ့်လိုက်သည်။
လင်းချင်းဟယ်ကလည်း ခေါင်းငြိမ့်လိုက်၏။ စန်းနီ၏ ကျန်းမာရေးကိုတော့ လင်းချင်းဟယ် တစ်ခွန်းမှ မမေးခဲ့ပါ။ လီကျားရွာကို ရောက်ပြီး စန်းနီနှင့် တွေ့ခါမှ ဒါကို မေးနိုင်ပါသည်။
လီကျားရွာက တကယ်ပဲ ချောင်ကျသော တောင်ရွာတစ်ရွာဖြစ်ပါသည်။ မြို့မှ ထိုရွာသို့ ရောက်ဖို့ တစ်နာရီခွဲလောက် ကြာသွားသည်။ တောင်လမ်းကလည်း သွားလာဖို့ မလွယ်ကူပါ။
သူတို့ လီကျားရွာသို့ ရောက်သောအခါ လီအိုက်ကော်က ဘာကြောင့် မိန်းမ မရနိုင်ခဲ့သလဲ နားလည်သွားကြသည်။ တကယ်ပဲ ခက်ခဲလှပါသည်။
သာမန် မိန်းကလေးများကတော့ ဒီလို တောင်ပေါ်ဒေသက လူကို လက်မထပ်ချင်လောက်ပါ။
တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်ဆင်းရဲမှန်း သိနိုင်သည်။ တစ်ရွာလုံးတွင် အုတ်နီအိမ်များကို လက်ချိုးရေလို့ရသည်။ ကျိုးကျားရွာနှင့် မယှဥ်နိုင်ပေ။
ကျိုးကျားရွာတွင် ယွမ် ၁၀,၀၀၀ တန် အိမ်ရာ နှစ်ခုရှိပြီး အကြီးဆုံးအစ်ကိုတို့လို အုတ်နီအိမ် ၁၀ လုံး ကျော်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့၏ အကြည့်ကို မြင်သောအခါ လီအိုက်ကော်က အနည်းငယ် ရှက်ရွံ့သွားသည်။ ထို့နောက် ပြောလိုက်၏။ "လီကျားရွာက ဝေးလွန်းတယ်လေ။ စျေးကွက်ကလည်း မလွယ်တော့ နည်းနည်း ဆင်းရဲတယ်။"
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ဘာမှ မပြောကြပါ။ ပထဝီဝင်အနေအထားက ဆိုးရွားသဖြင့် မတတ်နိုင်ပေ။ ၎င်းတို့၏ ဘိုးဘေးများကလည်း မျိုးဆက်များစွာ ထိုနေရာတွင် နေခဲ့ကြသည်။ ဆင်းရဲသော်လည်း ရှင်သန်နိုင်ခဲ့ကြပါသည်။
သို့သော် အပြင်လောကနှင့် ကျွမ်းဝင်သူ ကျိုးချင်းပိုင် ဆိုရင်တောင် ဒီလိုရွာမျိုးကို ပြန်လာခိုင်းပါက မလာချင်လောက်ပါ။
ရှင်းရှင်းလင်းလင်း ပြောရလျှင်တော့ လီကျားရွာမှာ ကျိုးကျားရွာထက် အများကြီး ဆိုးရွားပါသည်။
လီအိုက်ကော် နွားလှည်းကို ရွာအုပ်ချုပ်ရေးမှူးထံ ပြန်အပ်သည်အထိ သူတို့ လိုက်လာခဲ့သည်။ လမ်းတွင် ရွာအုပ်ချုပ်ရေးမှူးကို သကြားညိုများ၊ ဖန်ခွက်များနှင့် သူ ဝယ်ချင်သည့် အရာမှန်သမျှ ပေးခဲ့သည်။
လီကျားရွာ၏ အုပ်ချုပ်ရေးမှူး၏ အကြည့်က သာမန်ထက်ပိုသော ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့၏ အသွင်အပြင်အပေါ် ကျရောက်သွားသည်။ အမြန်အဆန် ကိုယ့်ကိုယ်ကို ထိန်းလိုက်ပြီး မေးလိုက်၏။ "အိုင်ကွေ့ သူတို့နှစ်ယောက်က ဘယ်သူတွေတုန်း။"
နှစ်ယောက်စလုံးက စက်ဘီးများ ကိုယ်စီ တွန်းလာကြသဖြင့် သူတို့၏ ပုံစံဖြစ်ဖြစ် အရှိန်အဝါဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်များနှင့် တူနေသည် မဟုတ်ပါလား။
"သူတို့က ကျွန်တော့်အမျိုးသမီးဘက်က မိသားစုတွေပါ။ ကျွန်တော် စတုတ္ထဦးလေးနဲ့ ဒေါ်လေးပေါ့။" ဟု လီအိုက်ကော်က ပြန်ဖြေလိုက်သည်။
"မင်းမိန်းမဘက်က ဦးလေးနဲ့ဒေါ်လေးကိုး။" ရွာအုပ်ချုပ်ရေးမှူး နားလည်သွားသည်။
"ကျွန်တော်တို့ ဒီလောက်နဲ့ပဲ စကားရပ်ကြမယ်နော်။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်။" ဟု လီအိုက်ကော်က ပြောလိုက်သည်။
ရွာအုပ်ချုပ်ရေးမှူးက ခေါင်းငြိမ့်လိုက်ပြီး သူတို့ထွက်သွားသည်ကို စောင့်ကြည့်နေမိသည်။ သူ့ဘေးတွင် ရှိနေသည့် သူ့မိန်းမက ပြောလိုက်၏။ "အံ့သြဖို့ ကောင်းလိုက်တဲ့သူတွေ။ အိုင်ကွေ့ရဲ့ မိန်းမဘက်က ဦးလေးနဲ့ ဒေါ်လေးရဲ့ အရှိန်အဝါက ကြီးလိုက်တာနော်။ သူသာ မိတ်ဆက်မပေးရင် မြို့က ဒါရိုက်တာ တစ်ယောက်လို့တောင် ထင်သွားမှာ။"
"သာမန်လူတွေနဲ့တော့ မတူဘူး။" ရွာအုပ်ချုပ်ရေးမှူးက ခေါင်းငြိမ့်လိုက်သည်။
ဘယ်လို သာမန်လူမျိုးမှာ ဒီလောက် ခမ်းနားတဲ့ အရှိန်အဝါရှိနိုင်မှာလဲ။
"အိုင်ကွေ့မိန်းမ ဒီအကြောင်း ပြောတာလည်း မကြားဖူးပါဘူး။" ရွာအုပ်ချုပ်ရေးမှူး၏ မိန်းမက ပြောလိုက်သည်။
လီအိုက်ကော်နောက် လိုက်လာသည့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကတော့ လီကျားရွာတွင် လူများစွာနှင့် တွေ့ခဲ့သည်။ အားလုံးက လီအိုက်ကော်ကို မေးမြန်းကြပြီး လီအိုက်ကော်ကလည်း တစ်ယောက်ချင်း ပြန်ရှင်းပြသည်။
ထို့ကြောင့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ လီအိုက်ကော်အိမ်သို့ ရောက်သောအခါ လီကျားရွာတစ်ရွာလုံးနီးပါး သတင်းပျံ့နေလေပြီ။ အားလုံးက အိုင်ကွေ့ မိန်းမ၏ ဆွေမျိုးများမှာ အစိုးရအရာရှိများလားဟုပင် တွေးတောနေကြ၏။ သူတို့ပုံစံက တကယ် သာမန်ထက် ထူးကဲနေပါသည်။
လီအိုက်ကော်၏ ညီအစ်ကိုမောင်နှမများကလည်း သတိထားမိသွားကာ အချင်းချင်း ကြည့်လိုက်ကြသည်။ အိုင်ကွေ့ မိန်းမ၏ မိသားစုက ဒီလောက် အရှိန်အဝါကြီးကြောင်း သူတို့တစ်ခါမှ မကြားဖူးကြပေ။
ဘာပဲဖြစ်ဖြစ် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကတော့ လီအိုက်ကော်အိမ်သို့ ရောက်လာကြပါသည်။
အိမ်ထဲမဝင်ခင် ခြံစည်းရိုးဘေးတွင် ကျိုးစန်းနီက အာလူးချိုနွယ်များကို ခုတ်ထစ်နေသည်ကို မြင်လိုက်ကြရသည်။ ထိုနွယ်များကို ပြုတ်ပြီး ဝက်စာကျွေးရမည်ဖြစ်သည်။
"စန်းနီရေ..." သူမကို မြင်သောအခါ လင်းချင်းဟယ်က လှမ်းနှုတ်ဆက်လိုက်သည်။
ကျိုးစန်းနီက ကြားယောင်နေသည်ဟု ထင်ခဲ့မိသည်။ သို့သော် လှည့်ကြည့်လိုက်ပြီး စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့ကို မြင်သောအခါ သူမ လန့်သွားသည်။ ထို့နောက် ချက်ချင်း မျက်ရည်များ ကျလာ၏။