လီအိုက်ကော်နှင့် တွေ့ဆုံခြင်း
Vol. 33 Ch. 453
အခန်း(၄၅၃) - လီအိုက်ကော်နှင့် တွေ့ဆုံခြင်း
လင်းချင်းဟယ်က အကြီးဆုံးမရီး၏ အစီအစဥ်ကို မသိခဲ့ပါ။ သူမတို့အိမ်တွင် ထိုင်စကားပြောခဲ့ကြပြီး ရှစ်နာရီထိုးခါနီးတွင် ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြပါသည်။
ကျိုးချင်းပိုင်က ပြောလိုက်၏။ "ခြင်ဆေးခွေ ထွန်းရအောင် ဝယ်ခဲ့ပါဦး။"
လင်းချင်းဟယ် ပြန်မလာခင် ပြင်ဆင်ခဲ့သည်။ ခြင်ဆေးခွေနှင့် အအေးခံဆီများ ဝယ်ခဲ့သည်။
ကျိုးချင်ပိုင်အား ခြင်ဆေးခွေတချို့ ထွန်းခိုင်းလိုက်ပြီး သူမက အအေးခံဆီတချို့ သုတ်လိမ်းလိုက်သည်။ မတတ်နိုင်ပေ။ ကျေးရွာဘက်တွင် ခြင်ပေါလွန်းသည်။ ကိုက်ချက်ကလည်း စူးရှလွန်း၏။
လင်မယားနှစ်ယောက် ခြင်ထောင်များကို ချကာ ပန်ကာများ ဖွင့်လျှက် အိပ်ယာဝင်ခဲ့ကြသည်။
"အသက်ရှူကြပ်တယ်လို့ မထင်ဘူးလား။ ဟိုဘက် နည်းနည်း တိုးအိပ်စမ်းပါ။" ဟု လင်းချင်းဟယ်က ပြောလိုက်၏။
"အပြင်ဘက်က အသံတွေက အရမ်းကောင်းတာပဲ။" ကျိုးချင်းပိုင်က ဖယ်မပေးဘဲ သူမကို ဖက်ထားကာ ပြောလိုက်သည်။
အပြင်ဘက်တွင် ပုရစ်အော်သံများ ထွက်ပေါ်နေသည်။ မကြာခဏ ခပ်လှမ်းလှမ်းမှ ခွေးဟောင်သံများလည်း မကြာခဏ ကြားနေရသည်။ နားထောင်လို့ အတော်လေးကောင်းသည်။ ကျေးရွာ၏ တမူထူးခြားသော ရှုခင်းများဖြစ်ကြသည်။
လင်းချင်းဟယ်က သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ "မပူဘူးလား။"
ဆောင်းရာသီဆိုလျှင် အဆင်ပြေသော်လည်း နွေရာသီတွင်တော့ သူဖက်ပြီး အိပ်သည်ကို တကယ် မခံချင်ပါ။ အဲကွန်းမရှိပါက တကယ် သက်တောင့်သက်သာ မရှိလှပါ။
"အိပ်မပျော်လို့လား။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ပူလွန်းလို့ အိပ်မရဘူး။" လင်းချင်းဟယ်က တီးတိုးပြောလိုက်၏။
ကျိုးချင်းပိုင်က တကယ်ပူသည်မှာ ဘာလဲ ပြသလိုက်သဖြင့် လင်းချင်းဟယ်တစ်ယောက် ဟန်ဆောင်နေသည်ကို ရပ်တန့်လိုက်ရသည်။
သူမတို့ မွေးရပ်မြေကို ပြန်ဖို့က ရှားပါး အခွင့်အရေးဖြစ်သဖြင့် လင်မယားနှစ်ယောက်သား အလွန်ချိုမြိန်စွာ အိပ်စက်ခဲ့ကြပါသည်။
နောက်တစ်နေ့ မနက်စောစော နိုးလာကြသောအခါ တစ်ယောက်ယောက် ရန်ဖြစ်နေသံကို ကြားလိုက်ရသည်။
"အကြီးဆုံးမရီး ဘာတွေဖြစ်နေကြတာလဲ။" အကြီးဆုံးမရီးက သူမတို့ နှစ်ယောက်ကို မနက်စာစားဖို့ လာခေါ်သောအခါ လင်းချင်းဟယ်က မေးမြန်းလိုက်၏။
ကျိုးချင်းပိုင်လည်း ရှိနေသဖြင့် အကြီးဆုံးမရီးက ဘာမှ မပြောခဲ့ပါ။ ကျိုးချင်းပိုင် အရင်ထွက်သွားခါကမှ လင်ချင်ဟယ်အား ပြန်ဖြေလိုက်သည်။ "ဝမ်လင်းကို တိုက်ခိုက်နေကြတဲ့ လူတွေလေ။"
"ဝမ်လင်း ဟုတ်လား။" လင်းချင်းဟယ် ဘယ်သူမှန်း မမှတ်မိနိုင်ပေ။
"တတိယမာရဲ့ အရင်မိန်းမလေ။ လျို့နီရဲ့ အမေနဲ့ ဆက်ဆံရေးကောင်းတယ်။" ဟု အကြီးဆုံးမရီးက ပြန်ပြောပြလိုက်သည်။
ထိုအခါမှ လင်းချင်းဟယ် မှတ်မိသွားသည်။ ထိုမိန်းမက သူ့မတ်လေးဖြစ်သူ စတုတ္ထမာနှင့် ဖောက်ပြန်ပြီး အိပ်ယာထဲတွင် မိသားစုတစ်စုလုံး ဖမ်းမိခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်း ရွာထဲက နောက်ထပ် လူတစ်ယောက်နှင့် ဖောက်ပြန်ပြီး ဆံပင်များကို ယင်နှင့်ယန် စတိုင် ရိတ်ပြစ်ခံရကာ လမ်းမပေါ်တွင် လိုက်လံပြသခံခဲ့ရသည်။ ယောက်ျားဖြစ်သူကလည်း မိန်းမစိုးဖြစ်သည့်အထိ ရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။
ဘာပဲဖြစ်ဖြစ် တစ်ရွာလုံးတွင် ဂျပိုးဟူ၍ သူတစ်ယောက်သာ ရှိသဖြင့် အကြီးဆုံးမရီး ပြန်ပြောပြသောအခါ လင်းချင်းဟယ် မှတ်မိသွားပါသည်။
"ဒါပေမယ့် ဒီကိစ္စက သူနဲ့ဘာဆိုင်လို့လဲ။ အဲ့တာ ဟွမ်မိသားစု မဟုတ်ဘူးလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
မစ္စဟွမ်က ယခင်တုန်းက သူမနှင့် သကြားညိုများ ဖလှယ်ဖူးသည်။ ဟွမ်မိသားစု၏ နာမည်က အမြဲတမ်း ကောင်းမွန်ခဲ့ပါသည်။ ဘာကြောင့်မှန်းမသိ ဒီနေ့မနက်အစောကြီး ပြဿနာဖြစ်လာသည်။ ထို့ကြောင့် သူမ မေးလိုက်မိပါသည်။
အကြီးဆုံးမရီးက တတိယဟွမ် လုပ်ခဲ့သည့် အရာများကို ပြန်ပြောပြလိုက်သည်။ သူက တိတ်တပုန်းဖြင့် ဝမ်လင်း၏ အိမ်သို့ သွားစားသောက်ခဲ့သည်။ စားသောက်ခဲ့သည်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း အားလုံး သိပါသည်။
စားသောက်ခြင်းနှင့် အဆုံးမသတ်ဘဲ ရောဂါများကို တတိယဟွမ်၏ မိန်းမထံသို့ ပြန်သယ်လာသည်။
တတိယဟွမ်၏ မိန်းမက မနေ့က ဆေးသွားစစ်ခဲ့သည်။ ပြန်လာဖို့ အချိန်မရှိတော့သဖြင့် မြို့ထဲတွင် တစ်ညလောက် နေလိုက်သည်။ ဒီမနက်တော့ သူ့အစ်ကိုအရင်းနှင့် ပြန်ရောက်လာပြီး တတိယဟွမ်ကို ဆက်တိုက် ထိုးကြိတ်ခဲ့ကြပါသည်။
"အဲ့ဒီမိန်းမ ဝမ်လင်းက အရမ်းဆိုးရွားတာပဲ။ တတိယဟွမ်ကလည်း အရင်တုန်းက ကောင်းမယ့်ပုံနဲ့ ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။" ဟု အကြီးဆုံးမရီးက ငေါက်ငမ်းလိုက်သည်။
ဝမ်လင်း၏အိမ်က ရွာထဲမှ လူပေလူညစ်များ အပျော်သွားကြသော နေရာတစ်ခုဖြစ်သည်။ သူတို့တွင် ၃ယွမ် ၅ယွမ်လောက် ရှိပါက သွားနိုင််သည်။ ထိုအခိုက်အတန့်တွင်တော့ သူမ ဝမ်းသာနိုင်သည်။ အရင်တုန်းကဆိုလျှင် သူမကို ဘယ်သူက ဆက်နေခွင့် ပေးမည်လဲ။
ထိုမိန်းမက ရောဂါဖြစ်နေသည်မှာ ခန့်မှန်းဖို့ မခက်ခဲသော်လည်း တတိယဟွမ်က တကယ် အံ့သြစရာဖြစ်ပါသည်။
တတိယဟွမ်၏ မိန်းမကို လင်းချင်းဟယ်သိပြီး မိန်းမကောင်းမှန်းလည်း သိသည်။ သို့သော် ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားသဖြင့် သူမ ရှုံ့ချလိုက်ပါသည်။ "ဒီယောက်ျားတွေကတော့ မစားဘူးရင် အပြင်ဘက်က ချီးပုံလည်းမွှေးတယ်လို့ ထင်ကြတာပဲ။"
"အခုတော့ ကွာရှင်းပြတ်စဲဖို့ ရန်ဖြစ်နေကြပြီလေ။" အကြီးဆုံးမရီးက သက်ပြင်းချလိုက်သည်။
"ဒါပေါ့။ သူတို့ ကွာရှင်းကြရမှာပေါ့။ ဘာလို့ မကွာရှင်းဘဲ နေမှာလဲ။" လင်းချင်းဟယ်က ဖြစ်သင့်သော လုပ်ရပ်ဟု ထင်မိပါသည်။
အကြီးဆုံးမရီးက ထိတ်လန့်သွား၏။ "ဒီလိုလုပ်လို့ ဖြစ်ပါ့မလား။ ကလေးသုံးယောက်ကလည်း ရှိသေးတယ်။ သူတို့ ကွာရှင်းလိုက်ရင် ကလေးသုံးယောက်က ဘယ်လိုလုပ်မလဲ။"
"ယုတ်မာလိုက်တာ။" လင်းချင်းဟယ်က ကျိန်ဆဲလိုက်သည်။
သူမ ဘာမှ မပြောနိုင်ခဲ့ပါ။ သို့သော်လည်း ကျေးရွာဘက်တွင် ဒီလိုပဲဖြစ်သည်။ အမျိုးသမီးများတွင် အမှီအခိုကင်းသော ဝင်ငွေ မရှိကြပါ။ ဒီလိုကိစ္စမျိုးဖြစ်လာပါက ပတ်ဝန်းကျင်လူ ဆယ်ပုံမှ ကိုးပုံမှာ မကွာရှင်းကြဖို့ ဖြောင်းဖျလိမ့်မည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် မနက်စာ လာစားလိုက်ကြသည်။ သူတို့ စားသောက်ပြီးစီးသွားသောအခါ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ ရှိနေသော လီကျားရွာသို့ ထွက်လာခဲ့ကြ၏။
ကျိုးချင်းပိုင်က စက်ဘီးနင်းလာသည်။ လင်းချင်းဟယ်လည်း တစ်စီး သက်သက် စီးလာ၏။ ဒီလောက်ထိ ရှည်သည့်လမ်းကို သူမအား တင်မနင်းစေလိုသောကြောင့် ဖြစ်သည်။
ထို့နောက် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို တတိယဟွမ်မိသားစုအကြောင်း ပြောပြလိုက်သည်။
"ရှက်ဖို့ ကောင်းလိုက်တာ။" နားထောင်ပြီးသွားသောအခါ ကျိုးချင်းပိုင်က သွေးအေးစွာ ရှုံ့ချလိုက်ပါသည်။ တတိယဟွမ်နှင့် သူက ကစားဖော်များဖြစ်ခဲ့ကြဖူးသည်။ သို့သော်လည်း အခုလိုအချိန်တွင်တော့ ဝေဖန်ဖို့ တွန့်ဆုတ်မနေတော့ပေ။ သူ့ရမ္မက်ဆန္ဒက အလွန်အမင်း ပြင်းထန်လွန်းနေသည်။
ထိုသဘောထားကြောင့် လင်းချင်းဟယ် စိတ်အေးသွားပြီး ပြောလိုက်၏။ "အင်းလေ။ တတိယဟွမ်ရဲ့ မိန်းမပဲ။ သူသာ အစွမ်းအစရှိတဲ့ မိန်းမတစ်ယောက်ဆိုရင် သူ့ကို ကွာရှင်းပြီး ကလေးသုံးယောက်နဲ့ ထွက်သွားလိမ့်မယ်။ ပြီးရင် နောက်ပိုင်း ပိုကောင်းတဲ့ လူတစ်ယောက်ရှာပြီး တတိယဟွမ်ရဲ့ ကလေးတွေကို နောက်ထပ်အဖေ ခေါ်ခိုင်းလိုက်ပေါ့။ ဘယ်သူက ဘယ်သူ့ထက် ပိုကောင်းလဲ ဘယ်သူက ဘယ်သူ့ထက် ပိုဆိုးလဲ ကြည့်ကြသေးတာပေါ့။"
ကျိုးချင်းပိုင်က နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ သူ့မိန်းမ၏စိတ်က တကယ်ပဲ ကြမ်းတမ်းလှပါသည်။
ကလေးသုံးယောက်ကို နောက်ထပ်အဖေ တစ်ယောက်ခေါ်ခိုင်းပြီး နောက်အိမ်ထောင် ပြုခိုင်းမည်တဲ့...
ရုတ်တရက်ကြီး ကျိုးချင်းပိုင်က သူမ ပထမဆုံး ပြန်ရောက်လာစဥ်က သူနဲ့ ဆက်နေဖို့ အစီအစဥ်မရှိဘဲ သူ့ကို ကွာရှင်းကာ ကလေးသုံးယောက်ကို ခေါ်သွားဖို့ စီစဥ်ထားသလားဟု မေးချင်လာသည်။ ဘာပဲဖြစ်ဖြစ် ထိုအချိန်က သူမ သူ့ကို အခန်းထဲပင် ဝင်ခွင့်မပေးခဲ့ပါ။
ကျိုးချင်းပိုင်က သူ့မိန်းမကို စိုက်ကြည့်လိုက်၏။ လင်းချင်းဟယ်က မေးပင့်ကာ မေးလိုက်သည်။ "ဘာတွေ ကြည့်နေတာလဲ။"
"ဘာမှမဟုတ်ပါဘူး" ကျိုးချင်းပိုင်က လမ်းကို ဆက်ကြည့်ကာ ပြောလိုက်သည်။ "တတိယဟွမ်ကြီးက တကယ် အမှားလုပ်ခဲ့တာပဲ။ ဒါပေမယ့် မိန်းမတိုင်းမှာ အစွမ်းအစ ရှိတာ မဟုတ်ဘူး။ ကလေးသုံးယောက်ဆိုတာ ပျိုးထောင်ဖို့ ခက်ခဲတယ်လေ။"
လင်းချင်းဟယ်က သေလောက်အောင် ရွံရှာသွားပြီး ပြောလိုက်သည်။ "ကျွန်မကို အဲ့တာတွေ လာမပြောနဲ့။ ဒီလိုကိစ္စတွေမှာ မိန်းမတွေပဲ ထိခိုက်နစ်နာကြရတာ။"
ကျိုးချင်းပိုင် ဘာမှမပြောတော့ပေ။
လင်းချင်းဟယ်က သူ့ကို အလွတ်မပေးဘဲ ဆက်ပြောသည်။ "ရှင့်မှာကော အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အတွေးတွေ ရှိနေတာလား။ အခု ရှင်က ပိုက်ဆံလည်းရှိလာပြီ။ အသက်ကြီးတဲ့ပုံလည်းမပေါ်ဘူး သန်သန်မာမာပုံစံနဲ့။ အဲ့ဒီမိန်းမလှလေးတွေ ဘာလေးတွေက ရှင့်ကို စာမပို့ကြဘူးလား။"
"ဒေါ်လေးမာ ကိုယ့်အတွက် သက်သေခံပေးနိုင်တယ်နော်။ ပြီးတော့ ကိုယ့်မိန်းမကိုပဲ ကိုယ်သဘောကျတာပါ။" ကျိုးချင်းပိုင်က မျက်နှာမလှည့်ဘဲ ပြောလိုက်သည်။
လင်းချင်းဟယ်က နှာခေါင်းရှုံ့ကာဖြင့် သူ့ကို အလွတ်ပေးလိုက်ပါတော့သည်။
ဟိုဘက် ကောင်တီမြို့က လီကျားရွာမှာ မနီးပါ။ အခုတော့ လမ်းမက အဆင်ပြေနေသော်လည်း မိုးရွပါက ရွံ့ထူသော လမ်းဖြစ်လာလိမ့်မည်။
ဟိုဘက်သို့ ရောက်သောအခါ မစောတော့ပါ။
"အစ်ကိုကြီး ကျွန်မတို့ လီကျားရွာကို ဘယ်လိုသွားရမလဲဆိုတာ မေးလို့ရမလားရှင့်။" လင်းချင်းဟယ်က နွားလှည်းမောင်းလာသော လူတစ်ယောက်ကို မြင်ကာ ကျိုးချင်းပိုင်နှင့်အတူတူရပ်ပြီး မေးလိုက်သည်။
နွားလှည်းမောင်းလာသည့် လူက သူတို့ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘာလို့ လီကျားရွာကို သွားကြမှာတုန်း။"
"အမျိုးတွေ သွားတွေ့မလို့ပါ။ ကျွန်မ တူမလေးက အဲ့မှာ အိမ်ထောင်နဲ့လေ။ ဒါပေမယ့် တစ်ခါမှ မရောက်သေးတော့ သူ့ကို လာတွေ့တာပါ။" ဟု လင်းချင်းဟယ်က ရှင်းပြလိုက်သည်။
"ကျွန်တော်ကလည်း လီကျားရွာကပဲဗျ။ လိုက်ခဲ့ကြလေ။" နွားလှည်းမောင်းနေသော လီအိုက်ကော်က သူတို့ကို စစ်ဆေးကြည့်လိုက်ပြီး ပြောလိုက်သည်။
"ရှင်က လီကျားရွာကလား။ ဒါဆို လီအိုက်ကော်ကို သိလားမသိဘူး။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"ဟင်" လီအိုက်ကော် ခဏလောက် ကြက်သေသေသွားသည်။ ထို့နောက် အဆက်အစပ် မရှိဘဲ မေးလိုက်ပါသည်။ "ဘာလို့ လီအိုက်ကော်ကို ရှာနေကြတာလဲ။"
"မင်းက လီအိုက်ကော်လား။" ကျိုးချင်းပိုင်က သူ့ခြေထောက်ကို လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာပေါ်သို့ အကြည့် ပြောင်းလဲပြစ်လိုက်ပါသည်။