← Chapters

ရွာသားအပေါင်းအပါများ

Vol. 33 Ch. 451

ရွာသားအပေါင်းအပါများ

Vol. 33 Ch. 451

အခန်း(၄၅၁) - ရွာသားအပေါင်းအပါများ

"သူသဘောမတူတာ ကိစ္စမရှိဘူး။ ဒါပေမယ့် သဘောမတူရုံတင် မကသေးဘူး။ စစ်နီကို ခေါ်သွားမယ်လို့ သမီးကို ပြောသွားတယ်။ ကြားလား အမေ။ သူက စစ်နီကို ခေါ်သွားချင်တာ။ ပထမမိသားစုက အာ့နီကို ခေါ်သွားပြီးသားကို အခုလည်း သမီးကို မဟုတ်ဘဲ စစ်နီကို ခေါ်သွားမလို့တဲ့။" ဟု ကျိုးလျို့နီက ဒေါသတကြီး ပြောလိုက်သည်။

ဒုတိယမရီး မလှုပ်မယှက်ဖြစ်လာသည်။

"အမေ ပြောပါဦး။ သူက သမီးတို့ ဒုတိယ မိသားစုကို အထင်မသေးလွန်းဘူးလား။ ပထမမိသားစုနဲ့ ဒုတိယမိသားစုတို့မှာ ကောလိပ်ကျောင်းသား ရှိလို့ အဲ့ဒီမိသားစုနှစ်စုကို ဘက်လိုက်ပြီး သမီးတို့ ဒုတိယမိသားစုနဲ့ မပတ်သတ်ချင်တာ မဟုတ်လား။" ကျိုးလျို့နီက မီးများ မှုတ်ထုတ်လုနီးပါး ဖြစ်သည်အထိ ဒေါသကြီးနေသည်။

သူမ တကယ် မြို့တော်သို့ သွားချင်ပါသည်။ မြို့တော်သို့ အလွန်သွားချင်သော်လည်း မသွားနိုင်ပါ။ သူမ၏ စတုတ္ထဒေါ်လေးက အသည်းမာလွန်းသည်။ ထိုတစ်ခေါက်တုန်းက သူမ၏ အသက် အလွန်ငယ်ရွယ်ပြီး နောက်ဆုံးတော့ မြို့တော်သို့ ရောက်သွားသော်လည်း လင်းချင်းဟယ်က သူမကို တစ်ညပင် နေခွင့်မပေးဘဲ တန်းပြန်ပို့လိုက်သည်။

ယခုတော့ သူမ အရွယ်ရောက်လာပြီဖြစ်သဖြင့် သူမထပ်သွားလျှင် သည်းခံမည်မဟုတ်ပါ။

ထို့ကြောင့် သူမကို သွားတောင်းဆိုသော်လည်း ငြင်းဆန်ဆဲဖြစ်ပါသည်။

ဒုတိယမရီးက ဆူပုတ်နေသော မျက်နှာဖြင့် တိတ်ဆိတ်နေသည်။

လင်းချင်းဟယ်အကြောင်း ကျိုးလျို့နီ အတင်းပြောပြီးသွားသောအခါ သူမ မနေနိုင်ဘဲ ရွာထဲတွင် လူလေလူလွင့်တစ်ယောက်ကို သွားရှာသည်။

ထိုလူလေလူလွင့်ကလည်း သူမ ပြောစကားများကို ကြားကာ ပြန်ပြောလိုက်သည်။ "ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ။ သူနဲ့ ဆက်ဆံရေးမကောင်းတဲ့ နင့်အမေကိုပဲ အပြစ်တင်လိုက်ပေါ့။ နင့်ဒေါ်လေးနှစ်ယောက်က နင့်စတုတ္ထဒေါ်လေးနဲ့ အဆင်ပြေကြတယ်။ အဲ့တာ သူက သေချာပေါက် သူတို့ကို ဂရုစိုက်တာပေါ့။ နင့်အမေက သူ့ကို စရိုက်ကျပြနေတာကိုး။ သူက နင့်အမေကိုသာ ဂရုစိုက်ရင် ထူးဆန်းနေမှာပေါ့။"

"နင်က ဘာလို့ ငါ့အမေအကြောင်း ပြောနေတာလဲ။" ကျိုးလျို့နီက မကျေနပ်ပေ။

"ဒါဆို ငါပြောတာ မမှန်ဘူးလား။" လူလေလူလွင့်က ပြောလိုက်သည်။ "ဆရာမလင်းက လူကောင်းလေ။”

သူက ကျိုးခိုင်နှင့် အရွယ်တူတူလောက် ရှိသည်။ အရင်တုန်းက ကျိုးခိုင်နဲ့ သူ့ညီအစ်ကိုတွေမှာ ဆရာမလင်းလို အမေမျိုးရှိနေသည်ကို မနာလိုမဖြစ်သည့်လူ ရှိပါ့မလား။

ဆရာမလင်းက မတွန့်တိုတတ်ပါ။ သူ အရင်တစ်ခေါက်က အိမ်တံခါးသွားခေါက်ပြီး ရေတောင်းသောက်ဖူးသည်။ ထိုအချိန်တုန်းက ဗိုက်လည်း အလွန်ဆာနေသည်။ ဆရာမလင်းက ဟင်းချက်နေတုန်းဖြစ်သဖြင့် သူ့ကို အာလူးချိုချိုလေး တစ်လုံး ကျွေးခဲ့ဖူးပါသည်။

ကျိုးလျို့နီက မကျေနပ်သော်လည်း တကယ်တော့ လူလေလူလွင့် ပြောသည့်စကားက အဓိပ္ပာယ်ရှိနေပါသည်။

သူမအမေမှာ စတုတ္ထဒေါ်လေးနှင့် ဆက်ဆံရေး မကောင်း၍ မဟုတ်ပါလား။ သူမ၏ အကြီးဆုံး ဒေါ်လေးက သူမ၏ စတုတ္ထဒေါ်လေးနှင့် လတိုင်း ဖုန်းပြောလေ့ရှိသည်။ သို့သော် သူမ အမေကတော့ နှစ်ကုန်တောင် စကားတစ်ခွန်းမပြောပါ။

ထို့ကြောင့် ကျိုးလျို့နီက အိမ်ပြန်လာပြီး အမေဖြစ်သူကို လာရှာသည်။ ဒုတိယမရီးက သူမကို ပါးရိုက်လိုက်သည်။ "နင့်ကျတော့ အစွမ်းအစမရှိဘဲ ငါ့ကို ခခယယ သွားလုပ်စေချင်တာလား။ ခွေးမလေး နင်အရိုက်ခံချင်နေတာလား။"

ကျိုးလျို့နီက ငိုကြွေးကာ ပြေးထွက်သွားသည်။

ဒုတိယအစ်ကို အိမ်ပြန်ရောက်လာတော့ ပြေးထွက်သွားသည့် ကျိုးလျို့နီကို မြင်သွားသည်။

"လျို့နီက ဘာလုပ်လို့ ရိုက်လိုက်ရတာလဲ။" ဒုတိယအစ်ကိုက ပြောလိုက်၏။

"ဘာလို့ ရိုက်လိုက်တာလဲ ဟုတ်လား။ သူ့စတုတ္ထဒေါ်လေးဆီသွားပြီး မြို့တော်ကို သွားချင်တယ်လို့ သွားပြောတယ်လေ။ သူ့စတုတ္ထဒေါ်လေးက သူ့အစား စစ်နီကို ခေါ်သွားတယ်။ အဲ့တာကြောင့် ငိုသွားတာလေ။" ဟု ဒုတိယမရီးက သွေးအေးစွာ ပြောလိုက်သည်။

ထိုအကြောင်းကြားသောအခါ ဒုတိယအစ်ကိုက မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ "စစ်နီက သွက်သွက်လက်လက် ရှိတဲ့ အလုပ်သမားလေ။ လျို့နီရဲ့ပုံစံနဲ့ စစ်နီကို ယှဥ်ကြည့်တာ ရှက်ဖို့တောင် မကောင်းဘူးလား။"

ဒုတိယမရီးက အစကတော့ သူ့ကို ဒီတိုင်း အထွန့်တက်ပြနေရုံသာဖြစ်သော်လည်း ထိုစကားကြားသောအခါ သူမ စိတ်ရှုပ်သွားသည်။ "ဘာဖြစ်တယ်။ သူများ သမီးတွေကျ ကောင်းပြီးတော့ ကျွန်မတို့ သမီးက မကောင်းဘူးပေါ့။ ဒါဆိုလည်း သူများအဖေ သွားလုပ်လေ။ ရှင်က လျို့နီအတွက် ဘယ်လိုအဖေမျိုးလဲ။"

ဒုတိယအစ်ကိုက ငေါက်လိုက်သည်။ "မင်း ဘာတွေလာပြောနေတာလဲ။ လျို့နီနဲ့ စစ်နီကို လာယှဥ်နေတာလား။ စစ်နီရဲ့ ဆံပင်တစ်ချောင်းကိုတောင် လျို့နီက မယှဥ်နိုင်ဘူး။"

သူ့ဒုတိယသမီးကို အထင်သေးချင်လို့ မဟုတ်ပါဘူး။ သူမကိုယ်တိုင်က တကယ်ဘာမှမလုပ်ဘဲ ထိုင်စားကာ သေလောက်အောင် အပျင်းကြီးပြီး သူခိုးလို လုပ်ရပ်တွေလည်း လုပ်ခဲ့သေးသည်။

သူ့တူမ စစ်နီကတော့ အိမ်တွင်း အိမ်ပြင် အားကိုးရလွန်းသည်။ သူမ အိမ်တွင် ရှိနေပါက သူမအမေ လက်များ ညစ်ပေစရာပင် မလိုပါ။

စတုတ္ထခယ်မက လျို့နီအစား စစ်နီကို ခေါ်ချင်တာ ပုံမှန်ပဲ မဟုတ်ဘူးလား။

ထို့အပြင် သူ့သမီး၏ စရိုက်မျိုးနှင့် ဆယ်ပုံတွင် ကိုးပုံလောက် ပြဿနာရှာမည်မှာ သေချာသည်။ သူမ မသွားနိုင်သည်က ပိုကောင်းပါသည်။

နောက်နှစ်ထဲ အသက် ၁၈ နှစ် ပြည့်သည့် အချိန်အထိ စိတ်ရှည်ရှည်ထားပြီး အိမ်ထောင်သာ ပြုခိုင်းလိုက်တော့မည်။

ဒုတိယမရီးက အလွန်ဒေါသထွက်နေသည်။ "ကိုယ့်မိသားစုဘက်မှာ ရပ်တည်ရမယ့်အစား အပြင်လူတွေကိုပဲ အမြဲကူညီပေးတယ်။ ရှင့်လိုလူမျိုး တစ်ခါမှ မမြင်ဖူးဘူး။"

ဒုတိယအစ်ကိုက သူမကို စိတ်ကုန်လာပြီး အခန်းထဲ တန်းဝင်သွားတော့သည်။

ဒုတိယမိသားစုထဲ ရန်ပွဲဖြစ်နေသည်ကို လင်းချင်းဟယ် မသိပေ။ သို့သော်လည်း ဂရုလည်း မစိုက်အားပါ။

ကျိုးချင်းပိုင်က မူးပြီး ပြန်ရောက်လာသည်။ လင်းချင်းဟယ်က မျက်နှာသစ်ဖို့ ရေယူလာပေးပြီး ပြောလိုက်သည်။ "ဘာလို့ အရမ်း သောက်လာတာလဲ။"

"သိပ်မများပါဘူး။" ကျိုးချင်ပိုင်က သူမ၏ လက်ကို ဆွဲခါကာ ပြောလိုက်သည်။

သူ့ဒုတိယအစ်ကို၏ ဝမ်းနည်းစရာ ပုံစံကို မြင်ပြီးနောက် မိန်းမကောင်း တစ်ယောက်နှင့် လက်ထပ်ရခြင်း၏ အရေးပါပုံကို ကျိုးချင်းပိုင် နားလည်သွားသည်။

ဘာကြောင့်မှန်းမသိဘဲ သူ့မူလဘဝက သူ့ဒုတိယအစ်ကို၏ ဘဝမျိုး ဖြစ်လိမ့်မည်ဟု ခံစားနေရသည်။ သူ့ဘဝနှင့် သိပ်ပြီး မကွာလောက်ပါ။

သို့သော် သူ့မိန်းမကြောင့် အခြားလမ်းကြောင်းတစ်ခုကို လျှောက်ခဲ့ရ၏။ သူ့ကိုအလွန်ပျော်ရွှင်စေသော လမ်းကြောင်းမှန်  တစ်ခုဖြစ်သည်။

လင်းချင်းဟယ်က သူဘာတွေတွေးနေသလဲ မသိဘဲ ပြောလိုက်သည်။ "မြန်မြန် မျက်နှာသစ်။ မျက်နှာသစ်ပြီးရင် သွားလှဲနေလိုက်ဦး။"

"ဘယ်တော့ စန်းနီတို့ အိမ်ကို သွားကြမှာလဲ။" ကျိုးချင်းပိုင်က ပြောလိုက်သည်။

"မနက်ဖြန် မနက်စောစောပေါ့။ ဒီနေ့ညတော့ ကျိုးတုန်တို့ဆီမှာ ညစာသွားစားကြမယ်လေ။" လင်းချင်းဟယ်က ပြုံးကာ ပြန်ဖြေလိုက်သည်။

ကျိုးချင်းပိုင်က ပြုံးကာ ခေါင်းငြိမ့်လိုက်၏။ သူ့မိန်းမကို မျက်နှာသစ်ပေးခိုင်းသည်။ လင်းချင်းဟယ်က သူ့ကို မျက်စပြစ်လိုက်ကာ ပြောလိုက်၏။ "လူကြီးဖြစ်နေပြီးတော့..."

သူမက ထိုကဲ့သို့ ပြောသော်လည်း သူ့ကို မျက်နှာသစ်ပေးလိုက်ပြီး အိပ်ခန်းထဲ အနားယူဖို့ ပို့ပေးလိုက်ပါသည်။

လင်းချင်းဟယ်က သူနှင့်အတူတူ လှဲဖို့ပြင်နေစဥ် အမျိုးသမီးချိုင် ရောက်ရှိလာ၏။

လင်းချင်းဟယ်က ထွက်လာပြီး အမျိုးသမီးချိုင်နှင့် စကားပြောလိုက်သည်။

အမျိုးသမီးချိုင်နှင့် စကားခဏပြောပြီးနောက် ကျိုးတုန်လည်း ရောက်လာပြီး အထူးမှာကြားလိုက်ပါသည်။

"ဒေါ်လေး ဒီနေ့ည ဦးလေးနဲ့တူတူ ကျွန်တော့်အိမ်မှာ ညစာလာစားနော်။ ဒီလောက်အကြိမ်တွေ အများကြီး အိမ်ပြန်လာတာတောင် ကျွန်တော်တို့အိမ်မှာ တစ်ခါမှ မစားဖူးသေးဘူး။ ဒီနေ့ညတော့ လာရမယ်။"

"ဒီနေ့ည နင်တို့ဆီမှာ လာစားမယ်လို့ နင့်ဦးလေးနဲ့ အခုလေးတင် ပြောနေတာ။ အခု နင်ပါ ရောက်လာတော့ နင့်ဦးလေးနဲ့ငါ နင်တို့ကို အားမနာတော့ဘူးနော်။" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်သည်။

"ဒါပေါ့ ညစာတော့ လာစားရမယ်။ ကျိုးတုန်က ဒီနေ့ ဟင်းတွေ ပိုချက်ထားတယ်။ ငါလည်းအဲ့ဒီကို သွားစားဦးမယ်။" အမျိုးသမီးချိုင်က ပြုံးကာ ပြောလိုက်သည်။

"ရပါတယ်ဗျာ" ကျိုးတုန်က ရွှင်လန်းစွာ ပြန်ပြောလိုက်ပါသည်။

အရင်ဆုံး အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ကို ဟင်းအများကြီး ချက်မထားဖို့ သတိသွားပေးလိုက်သည်။

အမျိုးသမီးချိုင်ကတော့ လင်းချင်းဟယ်နှင့် စကားဆက်ပြောနေ၏။ လင်းချင်းဟယ်လည်း သူမနှင့် စကားကောင်းကောင်း ပြောခဲ့ရပါသည်။

ခဏကြာသောအခါ အမျိုးသမီးချိုင် ပြန်သွားသည်။

လင်းချင်းဟယ်က ကျိုးချင်းပိုင်နှင့်အတူ အခန်းထဲတွင် ပြန်ဝင်နားနေလိုက်သည်။ ဘယ်သူမှ မရှိသည်ကို မြင်သောအခါ သူမ လျှပ်စစ်ပန်ကာတစ်လုံးကို ထုတ်သုံးလိုက်သည်။

အိမ်တွင် ယခု လျှပ်စစ်မီးရနေပြီဖြစ်သည်။ ဒီအခန်းလည်း ပါပါသည်။

လင်မယားနှစ်ယောက်သား လေးနာရီအထိ အထိအိပ်ကြသည်။ မနက်ဖြန်လည်း အစောကြီးထရမည် ဖြစ်သောကြောင့်ပင်။

"မျက်နှာသစ်လိုက်ဦး။ ကျွန်မတို့ ကျိုးတုန်နဲ့ ပါ့မိန်တို့အိမ်မှာ ညစာစားဖို့ သွားစောင့်ကြမယ်။" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

သူတို့ လက်ချည်းဗလာအတိုင်း မသွားခဲ့ကြပါ။ နို့မှုန့်တစ်ပုလင်း၊ မုယောနို့ တစ်ပုလင်းနှင့် ယုန်ဖြူသကြားလုံး နှစ်ထုပ်တို့ ယူလာကြသည်။

သူတို့ရောက်လာသောအခါ ကျိုးတုန်က ကြက်သားများ ခုတ်ထစ်နေပြီး ချိုင်ပါ့မိန်က မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေပြီဖြစ်သည်။ အမျိုးသမီးချိုင်က အခန်းထဲတွင် မြေးဖြစ်သူများနှင့် တီဗီအတူတူကြည့်နေ၏။

"ဦးလေးနဲ့ ဒေါ်လေးတို့ အထဲဝင်ပြီး တီဗီကြည့်ကြဦးလေ။ ခဏနေရင် စားဖို့ အသင့် ဖြစ်တော့မှာပါ။" ကျိုးတုန်က ပြုံးကာ ပြောလိုက်သည်။

"လူပဲလာခဲ့ဖို့ လိုတာကို ဘာလို့ပစ္စည်းတွေ အများကြီး ယူလာခဲ့တာတုန်း။" ဟု အမျိုးသမီးချိုင်က ပြောလိုက်ပါသည်။

"ကလေးတွေအတွက်ပါ။ အာဟာရ ပိုရှိရင် နောက်ပိုင်းကျ သူတို့လေးတွေ အရပ်ပိုရှည်လာမှာပေါ့။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

All Chapters