သူမ နောက်ကွယ်တွင် မိသားစုအရင်း ရှိနေသည်
Vol. 33 Ch. 456
အခန်း(၄၅၆) - သူမ နောက်ကွယ်တွင် မိသားစုအရင်း ရှိနေသည်
ဒီကိစ္စအပြင် သူမ၏ တတိယ ဒေါ်လေးထံသို့ သွားခဲ့သေးသည်။ သူမ၏ တတိယဒေါ်လေးက သူမကို ဆေးရုံသို့ ထပ်ခေါ်သွား၏။ သို့သော် နောက်ဆုံးတွင်တော့ ဘာမှ မလုပ်နိုင်ခဲ့ပါ။
သူမ အမေအိမ်ကိုတော့ ကျိုးစန်းနီ ပြန်မသွားခဲ့ပေ။
ကျိုးစန်းနီက လီအိုက်ကော်ရွာသို့ လိုက်လာပြီးနောက် လီအိုက်ကော်ကို နောက်ထပ် အခြေချစရာ နေရာတစ်ခု ရှာစေချင်သည်။ ထိုကိစ္စကြောင့်လည်း သူတို့ စကားများခဲ့ကြပါသည်။
ရန်ဖြစ်ပြီး ငိုကြွေးပြီးသောအခါ ကျိုးစန်းနီ စိတ်လျှော့သွားသည်။ ထိုကောင်မလေးက အမြဲတမ်း ဒီလိုပဲဖြစ်သည်။
ယောက္ခမက သူမကို သည်းမခံနိုင်သည်ကို သူမ မသိသေးပါ။ မျှော်လင့်ချက်ထားနေသေးပြီး လီအိုက်ကော်က သူမ၏ သား ဖြစ်နေသေးသည်ဟု တွေးမိသည်။ သူမ၏ မျိုးဆက်က အကြီးများကို ဦးစားပေးခြင်းကို သူ မသိပါ။
ထို့ကြောင့် လီအိုက်ကော်အမေနှင့် သူမ သွားတွေ့ပြီး ထိုအကြောင်း ပြောခဲ့သည်။
ထိုကိစ္စက လီကျားရွာတွင် အကြီးအကျယ်ဖြစ်ခဲ့ပါသည်။ ကျိုးစန်းနီကို လီအိုက်ကော်၏ အမေက အရှက်ခွဲခဲ့သည်။
သူမ၏ မိသားစုမှာ လူပေလူညစ်များဖြစ်သည်ဟု ဆိုပြီး ဒီလို နာမကျန်းဖြစ်နေသည့် ကောင်မလေးအား ယွမ် ၄၀၀ တင်တောင်းကာ လက်ထပ်ခဲ့ရသည်ဟုလည်း ပြောကြသည်။ ခြင်္သေ့ ပါးစပ်ကို သွားဟပေးလိုက်သလိုပင်။
လီကျားတစ်ရွာလုံးကို ထိုသတင်း ပျံ့နှံ့သွားသည်။
ကျိုးစန်းနီကလည်း စိတ်တိုသွားသည်။ လီအိုက်ကော်သည် ထိုအကြောင်းကို သိသောအခါ သူ့အမေကို သွားပြောခဲ့သည်။
သို့သော် နောက်ဆုံးတော့လည်း ဘာမှ မလုပ်နိုင်ခဲ့ပါ။ လီကျားရွာ တစ်ရွာလုံး သိနေပြီ ဖြစ်သဖြင့် နောက်ကွယ်မှာတောင် အတင်းပြောခံရသည်။
သို့သော်လည်း လီအိုက်ကော် လက်မထပ်ခင်ကတည်းက သူ့နာမည်ကို အသရေ ဖျက်ခံထားရပြီးသား ဖြစ်သည်။ ပြဿနာရှာရမည်ကို သူ မကြောက်ရွံ့ပါ။ သူတို့နောက်ကွယ်တွင် အတင်းပြောရဲသည့်လူတိုင်း သူတွေ့ပါက သူသည်းခံမည် မဟုတ်ပါ။
မိန်းမဖြစ်နေရင်တောင် မျက်နှာပျက်သည်အထိ ပြန်ချေပနိုင်သည်။ ဒီလိုနှင့် ဒုက္ခိတတစ်ယောက်က ဥမဥနိုင်သော ကြက်မ တစ်ကောင်နှင့် လိုက်ဖက်သည်ဟု လူများစွာက ပြောဆိုကြသည်။ ဝက်တစ်ကောင်ပေါ် ကျီးကန်းနားသလိုပင်။ တစ်ယောက်ကို တစ်ယောက် သဘောမကျဘဲ မနေနိုင်ပါ။
သို့သော်လည်း လီကျားရွာတွင် သဘောကောင်းသည့် မိသားစု တချို့တော့ ရှိနေသေးပြီး ကျိုးစန်းနီကို အကြံကောင်းများစွာ ပေးခဲ့သည်။
ထို့အပြင် လီအိုက်ကော်က လီကျားရွာတွင် အလွန်တော်သူဟု သတ်မှတ်ခံရသည်။ ထို့ကြောင့် တချို့ ကောက်ကျစ်သော လူများ၏ သွားပုပ်လေလွင့် ပြောဆိုခံရရုံကလွဲပြီး ကျိုးစန်းနီ၏ ဘဝမှာ အဆင်ပြေနေပါသည်။
သူတို့ လက်ထပ်ပြီးတာ တစ်နှစ်နီးပါးရှိပြီ ဖြစ်သော်လည်း သတင်းကောင်း မကြားရသေးရုံသာရှိသည်။ ကျိုးစန်းနီကို လီအိုက်ကော်က နှစ်သိမ့်၏။ သူမ မျက်နှာပေါ်တွင် ထုတ်မပြသော်လည်း ဒီအပြစ်အနာအဆာက သူမ၏ နှလုံးသားထဲတွင် ကိန်းအောင်းနေခဲ့ပါသည်။
ကိုယ်ဝန်မဆောင်နိုင်ခြင်းက အမျိုးသမီးတိုင်း၏ နာကျင်မှုဖြစ်သည်။
လီအိုက်ကော်၏ အမေက ချွေးမကို ကူညီပေးရမည့်အစား လူသိရှင်ကြား ဝေဖန်ခဲ့ကြောင်း ကြားသောအခါ လင်းချင်းဟယ် မျက်နှာပျက်သွားသည်။
အစကတော့ ရှားရှားပါးပါး လာရောက် လည်ပတ်ရသဖြင့် ထိုဘက်သို့ သွားလည်ဦးမည်ဟု တွေးထားသည်။ သူတို့ ဆက်ဆံရေးက သာမန်ကာလျှံကာ ဖြစ်သော်လည်း သူမက လူကြီးတစ်ယောက်အနေဖြင့် လာခဲ့ခြင်းဖြစ်သည်။
သို့သော်အခုတော့ လင်းချင်းဟယ် လုံးဝ ယဥ်ကျေးပြမည်မဟုတ်ပါ။ ဝတ်ကျေတန်းကျေ လုပ်ဖို့ပင် ပျင်းရိလွန်းနေသည်။
"အိုင်ကွေ့က နင့်တတိယဦးလေးတို့ဘက်မှာ ဆိုင်တစ်ဆိုင် သွားဖွင့်ချင်လို့ဆို။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
"သူက သမီးအတွက် လုပ်ပေးတာပါ။ သမီးကို ဆေးရုံဆေးခန်းနဲ့ နီးနီးကပ်ကပ် ရှိစေချင်လို့ပါ။ သူ့ခြေထောက်တွေက သန်မှမသန်တာ ဘယ်လိုလုပ်ပြီး မြို့မှာ စီးပွားရေး လုပ်နိုင်မှာလဲ။ အသုံးမဝင်ပါဘူး။ အဆင်ပြေမှာလည်း မဟုတ်ဘူး။" ကျိုးစန်းနီက ခေါင်းခါလိုက်သည်။
"ဒါဆို နင်က မျှော်လင့်ချက်ကို လက်လျှော့တော့မှာလား။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"မဟုတ်ပါဘူး။ အခုလောလောဆယ် သမီးရဲ့ ခန္ဓာကိုယ်ကို အားရှိအောင် နေဖို့ ကြိုးစားနေပါတယ်။ လဝက်တိုင်း ကြက်တစ်ကောင် ချက်စားတယ်။ ရွာထဲက ဘယ်သူမှ သမီးလောက် ကြီးကြီးကျယ်ကျယ် မစားရဘူး။" ကျိုးစန်းနီက ပြုံးလိုက်သည်။
အပြုံးက အတင်းလုပ်ယူထားသော်လည်း မျှော်လင့်ချက် ရောင်ခြည်တစ်ခုတော့ ပေါ်လွင်နေပါသည်။
"နင့်စတုတ္ထဒေါ်လေး ငါလည်း အရင်တုန်းက ရွာထဲကလူတွေရဲ့ တံတွေးခွက်ထဲ ပက်လက် မြောလုနီးပါး ဖြစ်ခဲ့ဖူးပါတယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။ "အဲ့တုန်းက သူတို့ ဘာပြောကြလဲသိလား။ နင့်စတုတ္ထဦးလေးက ငါ့လို အပျင်းကြီးပြီး အစားကြီးတဲ့ မိန်းမကို လက်ထပ်ခဲ့တာတဲ့။ ဘဝမှာ ခဏလောက်တော့ ကံဆိုးခဲ့တာပေါ့။ အဲ့ဒီစကားလုံးတွေကို ငါဂရုစိုက်တာ နင်မြင်ဖူးလို့လား။ ငါသာ အားနည်းခဲ့ရင် ဒီလိုဘဝမျိုး ဘယ်လို ရနိုင်မှာလဲ။ ငါတို့ မိန်းမတွေက ဘယ်အရပ်က လေပြင်းတွေ တိုက်နေပါစေ ပိုပြီး သန်မာရတယ်။ ငါတို့ အံကြိတ်အားတင်းထားပြီး ဘယ်တော့မှ လက်မလျှော့ရဘူး။"
ကျိုးစန်းနီက ပြောလိုက်သည်။ "သမီး သိပါတယ်။ အဘွားကြီးက စိတ်ပျက်ဖို့ကောင်းပြီး သမီးရင်ထဲမှာ မုန်းနေပေမယ့် သမီး ဘဝကောင်းကောင်း တစ်ခုမှာ နေပြီး သူမြင်တဲ့အခါ မျက်နှာပျက်သွားအောင် လုပ်ရမယ်ဆိုတာ အမြဲသတိရတယ်။"
"အဲ့ဒီစိတ်ထားက မှန်တာပေါ့။" ဟု လင်းချင်းဟယ်က အားပေးလိုက်သည်။
ကျိုးစန်းနီက စိတ်ထဲမှာ လေးလံနေသော်လည်း စတုတ္ထဒေါ်လေးက သူမကို ဒီလိုအရာများ သင်ပေးနေသည်ကို တွေးမိသောအခါ ပြုံးချင်သွားသည်။
"ဒီတစ်ခေါက် ပြန်လာတော့ နင့်ကို တွေ့ဖို့အပြင် စစ်နီကို မြို့တော် ခေါ်သွားဖို့ပါ စီစဥ်ထားတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"စစ်နီကို ခေါ်သွားတာ ကောင်းပါတယ်။ စစ်နီက အလုပ်လုပ်တာ စနစ်ကျပြီး သွက်တယ်။ ပြီးတော့ စကားလည်း နားထောင်တယ်။ သူက အစ်မအာ့နီနဲ့ နည်းနည်း တူတယ်။ သူ အဲ့ကိုရောက်ရင် အကူအညီ ကောင်းကောင်း ဖြစ်မှာပါ။" ကျိုးစန်းနီက ခေါင်းငြိမ့်လိုက်သည်။
သူမကို မနာလိုဖြစ်မိသော်လည်း ဘာမှ ပြောစရာ သိပ်မရှိပေ။ အာ့နီနှင့် စစ်နီတို့ နှစ်ယောက်စလုံးက ပညာတတ်ကြသောကြောင့်ဖြစ်သည်။ ထို့အပြင် လုပ်တတ်ကိုင်တတ်ကြသေးသည်။
"ဒါပေမယ့် စတုတ္ထဒေါ်လေးက အဲ့မှာ နောက်ထပ် ဆိုင်တစ်ဆိုင် ဖွင့်ဦးမှာ။ လူနှစ်ယောက်တော့ ထပ်လိုနေတုန်းပဲ။" လင်းချင်းဟယ်က သူမကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
ကျိုးစန်းနီက ခဏလောက် ရပ်တန့်သွားပြီး စတုတ္ထဒေါ်လေးကို ဇဝေဇဝါ ကြည့်လိုက်သည်။
"မြို့တော်က ဆေးရုံတွေက ဒီကောင်တီက ဆေးရုံတွေထက် အများကြီး ပိုကောင်းတယ်။ အခု နင့်ကျန်းမာရေးကလည်း ဒီလိုဖြစ်နေတော့ စတုတ္ထဒေါ်လေး ဟိုကို ဒီအတိုင်း ပြန်သွားရရင် စိတ်အေးရမှာ မဟုတ်ဘူး။ အဲ့တာကြောင့် စတုတ္ထဒေါ်လေးက နင့်စတုတ္ထဦးလေးနဲ့ တိုင်ပင်ပြီးပြီ။ နင့်ကို မေးချင်လို့။ နင့်စတုတ္ထဒေါ်လေးနဲ့ ဦးလေးတို့နဲ့အတူတူ မြို့တော်ကို လိုက်ခဲ့ချင်လား။ နင့်အဘိုးအဘွားတွေ၊ အငယ်ဆုံးဒေါ်လေး ဦးလေးနဲ့ တခြားသူတွေလည်း အားလုံး အဲ့မှာ ရှိနေကြတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးစန်းနီက အနည်းငယ် နှလုံးခုန်သံ မြန်လာသည်။ "စတုတ္ထဒေါ်လေး အိုင်ကွေ့နဲ့ သမီး... အဲ့ဒီကိစ္စတွေကို နားမလည်ဘူး။"
သူတို့ မြို့တော်သို့ သွားနိုင်ပါက သွားချင်ပါသည်။ သို့သော် ယုံကြည်ချက်မရှိပါ။ စာလည်း သိပ်မတတ်ဘဲ အာ့နီ၊ စစ်နီနှင့် အခြားသူတွေလောက် မသွက်လက်ပေ။ အိုင်ကွေ့ကလည်း ခြေထောက်မသန်ပါ။
"အဲ့မှာ ဆိုင်ပဲ ကြည့်ပေးရုံလေ။ ကုန်ခြောက်တွေမို့လို့ မခက်ခဲပါဘူးး။ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်ထားပြီး စျေးနှုန်းအတိုင်းပဲ ရောင်းရမှာ။ အဲ့ဒီဆိုင်ကို နင်တို့ လင်မယားနှစ်ယောက် လက်ထဲ စီမံဖို့ အပ်ထားချင်တာ။ လစာက တစ်လကို ယွမ် ၈၀ ပေးမယ်။ ဒါပေမယ့် နေစရာ စားစရာတော့ ထောက်ပံ့နိုင်မှာ မဟုတ်ဘူး။ နင်တို့ဖာသာ အိမ်ငှားနေမှဖြစ်မယ်။ ငွေစုဆောင်းမိတာနဲ့ ကိုယ်ပိုင် အိမ်တစ်လုံး ဝယ်ပေါ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"တစ်လကို ယွမ် ၈၀ က များလွန်းပါတယ်။" ဟု ကျိုးစန်းနီက အမြန်ပြောလိုက်သည်။
"မများပါဘူး။ တစ်ယောက်ကို ယွမ် ၄၀လေ။ နှစ်ယောက် ယွမ် ၈၀ ဆိုတော့ ပုံမှန်ပါပဲ။ ပြီးတော့ နင်တို့ အဲ့ဒီကိုသွားရင် အိမ်ငှားဖို့ကော နေထိုင်စရိတ်တွေကော ကုန်ရဦးမယ်။ ငွေတစ်ဝက်လောက်ကိုပဲ စုနိုင်ကြလိမ့်မယ်။" ဟု လင်းချင်းဟယ်က ရှင်းပြလိုက်သည်။
ဒီနှစ်က ၁၉၈၃ ခုနှစ်ဖြစ်ပြီး လစာအခကြေးငွေများက နေရာတိုင်းတွင် တိုးမြင့်နေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် စျေးနှုန်းများလည်း မြင့်လာပြီ မဟုတ်ပါလား။ သို့သော်လည်း ယွမ် ၄၀ ပမာဏက မနည်းပေ။ နောက်နှစ်အနည်းငယ်မှသာ စျေးနှုန်းများက ခုန်တက်သွားမည်ဖြစ်သည်။
"စတုတ္ထဒေါ်လေး တကယ်ပဲ လူလိုအပ်နေရင်တော့ သမီး... သမီးလိုက်ချင်ပါတယ်။ အိုင်ကွေ့ကလည်း ဘာမှ ကန့်ကွက်မှာ မဟုတ်ဘူး။" ကျိုးစန်းနီက ဘာမှ တွန့်ဆုတ်စရာမရှိပါ။
"အိုင်ကွေ့ကိုတော့ ဒီကိစ္စ မေးကြည့်လိုက်ပါဦး။" လင်းချင်းဟယ်က ပြောလိုက်သည်။
"မြို့တော်က ဆေးရုံဆေးခန်းတွေက ပိုကောင်းတယ်လေ။ သူ ဘာမှ အထွန့်တက်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒေါ်လေးက သမီးတို့အတွက် အလုပ်ပါ စီစဥ်ပေးထားသေးတယ်။ အဲ့ဒီကိုသွားရင် အဆင်ပြေဖို့ အာမခံပါရှိနေပြီ။ သမီးတို့အတွက် အားလုံး စဥ်းစားပေးထားတာ ဘာများ တွန့်ဆုတ်စရာ ရှိသေးလို့လဲ။" ဟု ကျိုးစန်းနီက ပြောလိုက်သည်။
ခြေလှမ်းတစ်လှမ်း နောက်ကျသွားပါက မြို့တော်သို့ မသွားနိုင်တော့မည်ကို သူမ စိုးရိမ်နေမိပါသည်။
မြို့တော်တွင် ဘဝကောင်းကောင်းဖြင့် နေထိုင်ချင်သောကြောင့် သွားလိုခြင်း မဟုတ်ပါ။ သို့သော် သူမ၏ မိသားစုဆွေမျိုးများနှင့် မြို့တော် ဆေးရုံများ ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် လီကျားရွာက သူမ၏ ရောဂါဝေဒနာအကြောင်း သိနေကြသည်။ ရွေးချယ်စရာ ရှိလာသောအခါ သူ ဘာမှ မပြောလိုတော့ပါ။