ရွှေသိုက်နဲ့ ငွေသိုက်ကို မြက်သိုက်နဲ့ မယှဥ်နိုင်
Vol. 33 Ch. 462
အခန်း(၄၆၂) - ရွှေသိုက်နဲ့ ငွေသိုက်ကို မြက်သိုက်နဲ့ မယှဥ်နိုင်
လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။ မြို့တော်မှာ ဒီလို အရိုင်းဆန်တဲ့ ရန်ပွဲမျိုးလည်း ရှိသေးတာလား။
အထူးသဖြင့် လီအိုက်ကော်က ပိုစိတ်ဝင်စားသည်။ သူက ဒီကဏ္ဍတွင် အစီအစဥ်များရှိသဖြင့် အသေးစိတ် ထပ်မေးလိုက်သည်။
အမေကျိုးက ဘာမှမဖုံးကွယ်ဘဲ တစ်ခါတည်း အကုန်ပြန်ပြောပြလိုက်ပါသည်။
စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ ညနေခင်းမှ ပြန်လာကြသည်။ ထိုအခါမှ လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ကို တွေ့သွားကြပါသည်။
"ဟယ် စန်းနီလား။" ကျိုးရှောင်မိန်က အံ့သြစွာ ခေါ်လိုက်သည်။ "ဒီကို ဘာလို့ရောက်နေကြတာတုန်း။ ဘယ်လိုဖြစ်တာလဲ။"
"အိုင်ကွေ့ ဒါအငယ်ဆုံးဒေါ်လေးနဲ့ အငယ်ဆုံး ဦးလေးတို့လေ။" ဟု ကျိုးစန်းနီက လီအိုက်ကော်ကို မိတ်ဆက်ပေးလိုက်ပါသည်။
လီအိုက်ကော်က သူတို့ကို နှုတ်ဆက်လိုက်သည်။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့လည်း သူက ၎င်းတို့၏ တူသားမက်ဖြစ်မှန်း နားလည်သွားကြတော့သည်။
"နင်တို့နှစ်ယောက်က ရှားရှားပါးပါး ဧည့်သည်တွေပဲ။ စတုတ္ထအစ်ကိုတို့လင်မယားနဲ့အတူ လိုက်လာခဲ့ကြတာလား။" ကျိုးရှောင်မိန်က ပြုံးကာမေးလိုက်သည်။
"ဟုတ်တယ် စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ရဲ့ ဆိုင်ကို ကူကြည့်ပေးဖို့ လိုက်လာခဲ့ကြတာလေ။" ဟု ကျိုးစန်းနီက ခပ်ပြုံးပြုံး ပြောလိုက်ပါသည်။
ဒီကိုရောက်လာကတည်းက ကျိုးစန်းနီ တက်ကြွလာသည်။ စကားလည်း အများကြီးပြောပြီး ရယ်လည်း ရယ်မောပါသည်။
"စတုတ္ထအစ်ကိုတို့တို့ဘက်မှာတော့ လူလိုတယ်လို့ မထင်ဘူးနော်။" ဟု ကျိုးရှောင်မိန်က တဲ့တိုး ပြောလိုက်သည်။
"စတုတ္ထဦးလေးက နောက်ထပ် ကုန်ခြောက်ဆိုင်တစ်ဆိုင် ဖွင့်မယ်လို့ ပြောတယ်။" ဟု လီအိုက်ကော်က ဝင်ပြောလိုက်သည်။
"စတုတ္ထအစ်ကိုနဲ့ ယောင်းမတို့ကတော့ တတ်လည်း တတ်နိုင်ကြပါပေတယ်။ တကယ်ကြီး နောက်တစ်ဆိုင် ထပ်ဖွင့်ကြဦးမှာလား။ အခုဆို ဘယ်နှဆိုင်တောင် ရှိနေပြီလဲ။" ကျိုးရှောင်မိန် ကြက်သေသေသွားရသည်။
သူမလည်း ဒုတိယ ဘန်းမုန့်ဆိုင်တစ်ဆိုင် ဖွင့်ဖို့ စဥ်းစားနေသော်လည်း ကလေးများက ငယ်ရွယ်ပြီး မကူညီနိုင်သေးပေ။ သူတို့နှစ်ဦးတည်းသာဆို အဲ့လောက် မကိုင်တွယ်နိုင်ပါ။
သူတို့ အလုပ်သမားငှားချင်သည်။ သို့သော် အရင်က မငှားဖူးသဖြင့် ဆိုင်၏ ဆောင်ပုဒ်ကို ချိုးဖောက်မိမှာ စိုးရိမ်နေကြပါသည်။
စတုတ္ထအစ်ကိုနှင့် စတုတ္ထယောင်းမတို့တွင် ဖက်ထုပ်ဆိုင် တစ်ဆိုင်၊ အထည်ဆိုင် သုံးဆိုင်၊ ဖျော်ရည်ဆိုင် တစ်ဆိုင်နှင့် နှစ်ဆိုင်းဆင်း အလုပ်ရုံငယ်တစ်ခု ရှိပါသည်။ ဘယ်လောက်တောင် အလုပ်များလိုက်သလဲ။
ဒါတောင် နောက်ထပ် ကုန်ခြောက်ဆိုင်တစ်ဆိုင် ထပ်ဖွင့်ချင်ကြသေးတယ်တဲ့လား။
"အဲ့တာ နင့်စတုတ္ထယောင်းမရဲ့ အကြံပဲ နေမှာပေါ့။ နင့်စတုတ္ထအစ်ကိုက အဲ့လောက် ဦးနှောက်မကောင်းဘူး။ အဲ့ဒီကုန်ခြောက်ဆိုင်မှာ ဘာတွေရောင်းကြမှာလဲ။" အမေကျိုး မသိပါ။
"သမီးလည်း နားမလည်ဘူး။" ကျိုးရှောင်မိန်လည်း မသိပါ။ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ ဘက်ကို လှည့်ကာ ပြောလိုက်သည်။ "နင်တို့တွေ အခုလာတာ ကောင်းပါတယ်။ အခု ဒီဘက်ကိုရောက်တုန်း အလုပ်ကြိုးစားကြ။ နောက်ပိုင်း ကိုယ်ပိုင် စီးပွားရေး လုပ်ချင်ရင်လည်း ပြောကြပေါ့။"
"စတုတ္ထဒေါ်လေးဆီက ကြားခဲ့တယ်။ ဟူကျစ်နဲ့ ကန်းကျစ်တို့က နောက်ပိုင်း ကိုယ်ပိုင် အလုပ်လုပ်ကြမယ်ဆို ဟုတ်လား။" ဟု ကျိုးစန်းနီက မေးလိုက်သည်။
"ဟုတ်တယ်။ သူတို့မှာ အစွမ်းအစရှိရင် စတုတ္ထယောင်းမက ထောက်ပံ့ပေးလိမ့်မယ်။ သူတို့ကို တစ်သက်လုံး အလုပ်ခိုင်းဖို့ အစီအစဥ် တစ်ခါမှ မရှိခဲ့ဖူးပါဘူး။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
နောက်ကျနေပြီ ဖြစ်သဖြင့် ကျိုးရှောင်မိန်က ကျိုးစန်းနီကို ခေါ်ကာ ညစာပြင်ဆင်လိုက်သည်။
ကျိုးစန်းနီနှင့် လီအိုက်ကော်တို့သည် သူတို့အိမ်တွင် စားသောက်ခဲ့ကြပါသည်။
ကျိုးစစ်နီက ဖက်ထုပ်ဆိုင်တွင် ကူညီပေးနေ၏။ ထိုကောင်မလေးက အလွန်သွက်လက်ပြီး သဘောပေါက်လွယ်သည်။ ပြောစရာမလိုအောင်ပင် ဧည့်သည်များထံသို့ ဖက်ထုပ်များ ချောမွေ့စွာ တည်ခင်းပေးပါသည်။
လင်းချင်းဟယ်က ဟင်းချက်စရာများ ထွက်ဝယ်ပြီး အများကြီး ဝယ်လာခဲ့သည်။ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့က ဟိုဘက်တွင် စားသောက်ကြသဖြင့် ဒီဘက်လည်း အောင်ပွဲခံဖို့ လိုပါသည်။
ကြိုမပြောဘဲ ကျိုးစစ်နီ ရောက်လာခြင်းက ကျိုးအာ့နီအတွက် အံ့အားအသင့်ဆုံးဖြစ်နေပါသည်။
သူမ အလုပ်ဆင်းပြီး ချက်ပြုတ်ဖို့ ဖက်ထုပ်ဆိုင်သို့ ရောက်လာသောအခါ စစ်နီကို တွေ့သဖြင့် ထိတ်လန့်သွားရ၏။ "စစ်နီလား။"
"ဒုတိယအစ်မ" ကျိုးစစ်နီလည်း သူမ၏ ဒုတိယအစ်မ တော်တော်ပြောင်းလဲသွားသည်ကို မြင်လိုက်ရပါသည်.
ရွာကိုသာ ဒီလိုပုံစံမျိုးဖြင့် ပြန်လာပါက ရွာထဲကလူအားလုံး တုန်လှုပ်သွားလောက်သည်။ အရင်နှင့် တခြားစီဖြစ်သည်။
လူတစ်ကိုယ်လုံး အလွန်လှပလာပါသည်။
"ဘယ်လိုဖြစ်တာတုန်း။ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့နဲ့ လိုက်လာတာလား။" ဟု ကျိုးအာ့နီက တက်ကြွကာ မေးလိုက်သည်။
"အင်း" ကျိုးစစ်နီ ခေါင်းငြိမ့်လိုက်၏။
"ဘယ်လောက်ကြာကြာနေမှာတုန်း။" ကျိုးအာ့နီ မေးလိုက်သည်။
ကျိုးစစ်နီက ပျော်ရွှင်စွာဖြင့် "ဒီတစ်ခေါက် ဒီမှာပဲနေတော့မှာ" ဟု ပြောလိုက်သည်။
"စတုတ္ထဒေါ်လေး ဘယ်လိုဖြစ်တာလဲ။" ကျိုးအာ့နီက သူမ၏ စတုတ္ထဒေါ်လေးကို အမြန်ကြည့်လိုက်သည်။
"အခုချိန်ကစပြီး စစ်နီ နင်နဲ့အတူနေလိမ့်မယ်။ သူ့ကိုလည်း ညကျောင်းပို့ဖို့ အစီအစဥ်ရှိတယ်။ နင်လည်း သူ့ကို သင်ပေးထားပေါ့။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
ကျိုးအာ့နီ ပျော်ရွှင်သွားကာ ပြောလိုက်သည်။ “ကျိန်းသေပေါက် သူ့ကို သေသေချာချာ သင်ပေးပြီး အမြန်ဆုံး တာဝန်ယူနိုင်အောင် လုပ်ပေးပါ့မယ်။"
ထို့နောက် ညီအစ်မနှစ်ယောက်သား လင်းချင်းဟယ်ကို ကူညီချက်ပြုတ်ပေးကြသည်။ ပြီးသွားသောအခါ အလုပ်သမားများအတွက် စားဖွယ်ရာများကို နေ့လည်စာဗူးများထဲတွင် ထည့်ကြသည်။ ဟူကျစ်နှင့် ကန်းကျစ်တို့လည်း ရောက်လာပြီး စက်ဘီးဖြင့် နေ့လည်စာဗူးများ လိုက်ပို့ရသည်။ ထို့နောက် ပြန်လာပြီးမှ စားသောက်ကြလေ၏။
အလုပ်လုပ်ရင်း မိသားစုတစ်စုလုံး စားသောက်ခြင်းက ပုံမှန်ပဲဖြစ်ပါသည်။ ဧည့်သည်များလာလျှင် ဖက်ထုပ်များ ထချက်ပေးကြသည်။
"စတုတ္ထဒေါ်လေး ဘာလို့ လူတွေ အများကြီး ရုတ်တရက် ခေါ်လာတာလဲ။ ဦးလေးမင်လည်း လူတွေခေါ်နေတုန်းပဲ ထင်တယ်။ ဒေါ်လေးပြန်လာပြီး စစ်ဆေးတာကိုခံဖို့ စောင့်နေတဲ့ အလုပ်သမားသစ် နှစ်ယောက်လည်း ရှိတယ်။" ဟု ကျိုးအာ့နီက ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ ညနေကျရင် ချန်းမင်နဲ့ အဲ့ကိစ္စသွားပြောပြီး မနက်ဖြန်ကျရင် ခေါ်လာခိုင်းလိုက်မယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်၏။
လောလောဆယ်တော့ သူမ၏ ခန္ဓာကိုယ်က ဒီလို လုပ်ချင်စိတ်မရှိပါ။ စားသောက်ပြီးနောက် ကျိုးချင်းပိုင်နှင့် ကျိုးစစ်နီတို့ကို ခေါ်လိုက်သည်။ အဝတ်အစား လဲလိုက်ပြီး လီအိုက်ကော်နှင့် ကျိုးစန်းနီတို့အား သွားတွေ့လေသည်။
သူတို့ အတူတူ ရေချိုးအိမ် သွားကြမလို့ ဖြစ်ပါသည်။ မဟုတ်ပါက ကျန်းမာရေးအတွက် တကယ် မကောင်းပါ။
ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ပါ လိုက်ခဲ့ကြသည်။ သူတို့ရေချိုးအိမ်သို့ ရောက်လာသောအခါ ယောက်ျားလေးများနှင့် မိန်းကလေးများ သက်ဆိုင်ရာ ရေချိုးအိမ်သို့ သွားခဲ့ကြပါသည်။
"စတုတ္ထယောင်းမ နင့်ရဲ့ လှုပ်ရှားမှုကြီးတွေကတော့ မရပ်မနားပဲနော်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"ဘယ်က လှုပ်ရှားမှုကြီးကမှာလဲ။ ငါ တောင်ပိုင်းကို သွားပြီး အဲ့လိုတွေ့လို့ အကြံရတာလေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"ကုန်ခြောက်ပစ္စည်းရောင်းမယ်လို့ လီအိုက်ကော်ပြောတာ ကြားမိတယ်။ အဲ့တာ ဘယ်လို စီးပွားရေးမျိုးလဲ။" ဟု ကျိုးရှောင်မိန်က မေးလိုက်သည်။
"ပင်လယ်စာခြောက်တွေပါ။ ပင်လယ်မျှော့တို့၊ ပင်လယ်ခရုတို့ ငါးကြီးဆီတို့ကို ရောင်းမှာလေ။" ဟု လင်းချင်းဟယ် ပြန်ဖြေလိုက်သည်။
အစကတော့ အားဖြည့်ဓာတ်စာအဖြည့် ငါးကြီးဆီများ သွားဝယ်ခြင်းသာ ဖြစ်သောာ်လည်း စက်ရုံကြီးတစ်ခုကို မြင်သော်အခါ သူမ အကြံတစ်ခုရသွား၏။ ဒီလုပ်ငန်း လုပ်ကြည့်ရအောင်လား။
ထို့ကြောင့် ဒီလိုနှင့် ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့အပြင် တဖက်ကလည်း ကုန်ပစ္စည်းများကို ပို့ဆောင်ပေးသည်။ ထို့ကြောင့် ဒီလုပ်ငန်းကို ဘာကြောင့် မလုပ်ဘဲနေရမှာလဲ။
သို့သော်လည်း ဆိုင်နေရာကိုတော့ ရှာရဦးမည်။
"အဲ့ဒီပစ္စည်းတွေက အရမ်းရှားတာနော်။ ရောင်းဖို့ ရှိလို့လား။" ကျိုးရှောင်မိန် အံ့အားသင့်သွားသည်။
ကျိုးစန်းနီနှင့် ကျိုးစစ်နီတို့ နှစ်ယောက်စလုံး စတုတ္ထဒေါ်လေးကို ကြည့်လိုက်ကြသည်။ လင်းချင်းဟယ်က ပြုံးလိုက်၏။ "တောင်ပိုင်းမှာ ရှိပါတယ်။"
ရှိရုံတင်မကဘဲ ပမာဏလည်း များပြားပါသည်။
ထိုစက်ရုံကြီးက လုံးဝ မသေးလောက်ပါဟု ခန့်မှန်းမိသည်။ နောက်ပိုင်းမျိုးဆက်များတွင်ပါ ဆက်လက်တည်ရှိနေနိုင်သေးလောက်သည်။
ကိုယ်လက်သန့်စင်နေစဥ် တစ်ဦးကိုတစ်ဦး ကျောတိုက်ပေးခဲ့ကြသည်။ ထို့နောက် အဖေကျိုးနှင့် အမေကျိုးတို့အိမ်သို့ လာကာ ထိုင်စကားပြောခဲ့ကြသည်။
စုတာ့လင်း၏ ဦးလေး အလုပ်မဲ့ဖြစ်နေသည့်အကြောင်းကို ကျိုးချင်းပိုင်က ပြောပြခဲ့သည်။ စုတာ့လင်းကို အရင်က စောင့်ရှောက်ဖူးသည့်အတွက် အခု အလုပ်လက်မဲ့ ဖြစ်နေသည့်အတွက် စုတာ့လင်းက ကူညီပေးရပါမည်။
သို့သော်လည်း စုတာ့လင်း၏ ဆုံးဖြတ်ချက်သာ အရေးကြီးသည်။ သူတို့က မိသားစုတစ်စု ကွာခြားသောကြောင့် သူတို့ဝင်မစွက်ဖက်ချင်ပါ။
မနက်ဖြန် သူတို့ ဆိုင်တစ်ဆိုင်ရှာပြီး ငှားဖို့ အိမ်လည်း လိုက်ရှာမည်။ လောလောဆယ်တော့ ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ကို ဒီမှာသာ နေခိုင်းမည်။
ခဏလောက် ထိုင်စကားပြောပြီးသွားသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ကျိုးစစ်နီကို ရပ်ကွက်ထဲက တိုက်ခန်းသို့ ပြန်ခေါ်လာခဲ့သည်။
လင်းချင်းဟယ်က မာချန်းမင်အား မနက်ဖြန် အလားအလာရှိသည့် အလုပ်သမားသစ်နှစ်ယောက်ကို ခေါ်လာဖို့ သွားပြောလိုက်သည်။ ထို့နောက် အိမ်ပြန်သွား၏။
"နင် တီဗီကြည့်နေလိုက်ဦး။ နင့်အစ်မနဲ့ တခြားသူတွေက အတန်းပြီးမှ ပြန်လာလိမ့်မယ်။ နင့်ဦးလေးနဲ့ ငါတို့ကတော့ ခံနိုင်ရည် မရှိတော့ဘူး။ အသက်တွေ ပိုပိုကြီးလာပြီ။ အိပ်ယာစောစောဝင်ရမယ်။" ဟု လင်းချင်းဟယ် ပြောလိုက်သည်။
"ဟုတ်ကဲ့၊ သမီး အစ်မတို့ကို စောင့်နေလိုက်ပါ့မယ်။" ကျိုးစစ်နီက ခေါင်းငြိမ့်သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အိပ်ယာဝင်ဖို့ အခန်းထဲသို့ ဝင်လာခဲ့ကြသည်။
အိပ်ယာပေါ်တွင် လှဲလျောင်းရင်း လင်းချင်းဟယ်က ပြောလိုက်သည်။ "အဲ့တာကြောင့်လည်း ရွှေသိုက်နဲ့ ငွေသိုက်တို့က ကိုယ်ပိုင်တဲ့ မြက်သိုက်ကို ယှဥ်လို့မရဘူးလို့ ပြောကြတာကိုး။"
လှဲလျောင်းရတာ ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိလိုက်သလဲ။
"မနက်ဖြန် မင်းစောစောမထနဲ့လေ။ ကိုယ်တစ်ယောက်တည်း အိမ်ရာစီမံရေးကို သွားပြီး မေးကြည့်လိုက်ပါ့မယ်။" သူ့မိန်းမ အလုပ် အလွန်လုပ်ခဲ့ရသည်ကို ကျိုးချင်းပိုင် သိပါသည်။ သူမ၏ ခါးနှင့် ပခုံးများကို စကားပြောရင်း နှိပ်ပေးလိုက်သည်။
"ထပ်နှိပ်ပေးပါဦး။" လင်းချင်းဟယ် ညည်းညူလိုက်ပါတော့သည်။