မျှော်လင့်မထားသော ပျော်ရွှင်မှု
Vol. 9 Ch. 123
အခန်း(၁၂၃) - မျှော်လင့်မထားသော ပျော်ရွှင်မှု
စတိုးဆိုင်၏ တန်ဖိုးဖြတ် စာရင်းတွင် အင်မော်တယ် ပဲစေ့များ၏ အသေးစိတ်အားလုံးကို မှတ်တမ်းတင်ထားသည်။
သံသယဖြစ်စရာ မရှိစွာဖြင့် အသွင်အပြင်၊ အရသာ၊ အာဟာရနှင့် အင်မော်တယ်မျဥ်းများသည် အရင်ပဲစေ့များထက် ပိုမို ဆိုးရွားသည်။
သို့သော်လည်း အဓိကက အဲ့တာ မဟုတ်ပါ။
အဓိကက အပိုထပ်ဆောင်းသန့်စင်မှုနှင့် ဝိညာဥ် ဂုဏ်သတ္တိများ ဖြစ်ပါသည်။
သန့်စင်မှု ၁.၀၁။
ဝိညာဥ် ဂုဏ်သတ္တိ ၁.၀၁။
"အရင်တစ်ခေါက် သန့်စင်မှုက ၀.၈ ပဲရှိတာ။ အဲ့တာတောင် သိပ်မကြာသေးဘူး။ ပြီးတော့ ငါ့ သန့်စင်မှုပါရမီက အစွမ်းမပြသေးတော့ ၁ ကျော်ကျော် ရနိုင်ဖို့က လုံးဝ မဖြစ်နိုင်ဘူး။ ပြီးတော့လည်း ဝိညာဥ်ဂုဏ်သတ္တိက ဒီလောက်ကြီး မြင့်သွားတာမျိုး မဖြစ်နိုင်ပါဘူး။”
ခေတ္တ ပီတိဖြာပြီးသွားသောအခါ ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်သည်။
ဘာကြောင့်များလဲ။
"အဝါရောင် အင်မော်တယ် ပဲပင်ရဲ့ ဒုတိယမျိုးဆက် အစေ့တွေဖြစ်တဲ့ အချက်နဲ့များ သက်ဆိုင်နေမလား။"
ရုတ်တရက် ယဲ့ရှောင်ချန်းသည် သူ့စိတ်ထဲတွင် ဖြစ်နိုင်ချေ တစ်ခုကို စဥ်းစားကြည့်လိုက်မိသည်။
ဒုတိယမျိုးဆက် အစေ့နှင့် စတိုးဆိုင်မှ ဝယ်သော အစေ့များမှာ အလွန်ကွာခြားလွန်းပါသည်။ ကွာခြားချက်က သန့်စင်မှုမှာပဲ မြင်တွေ့နိုင်ပါသည်။
မျိုးရိုးဗီဇကို ပြန်လည်ပွားများသည့်အခါ သန့်စင်မှုနှင့် ဝိညာဥ်ဂုဏ်သတ္တိကိုလည်း ဆက်ခံခဲ့ခြင်း ဖြစ်နိုင်သည်။
ပြန်လည်စိုက်ပျိုးခြင်းကြောင့် ထိုဂုဏ်သတ္တိ နှစ်မျိုးမှာ ကျန်ရှိနေကြသည်။
ထို့အပြင် ယဲ့ရှောင်ချန်း၏ သန့်စင်မှုနှင့် စိတ်ဝိညာဥ်ပါရမီက ထိုဂုဏ်သတ္တိနှစ်မျိုးကို မမြင်နိုင်စွာ အဆင့်မြှင့်တင်ပေးနေသည်။
ဒုတိယမျိုးဆက် အင်မော်တယ် ပဲစေ့များက အရင်ပဲစေ့များထက် သန့်စင်မှုနှင့် ဝိညာဥ်ဂုဏ်သတ္တိများ ပိုမိုကောင်းမွန်သည်။
အဆင့်မမှီသော ထွက်ကုန်ဖြစ်ပြီး အခြေခံ အရည်အသွေးက နိမ့်ကျသော်လည်း စတိုးဆိုင်၏ တန်ဖိုးဖြတ်ခြင်း ပြီးဆုံးသွားသည့်နောက်တွင် စျေးနှုန်းက များစွာ မြင့်မားနေပါသေးသည်။ ပဲစေ့ တစ်စေ့ကို ဝိညာဥ် ယွမ် ၃၀ လောက် ရှိသည်။
ပို့ဆောင်ခများကို နုတ်ယူပြီးနောက် ယဲ့ရှောင်ချန်းသည် နောက်ဆုံးတွင် အင်မော်တယ်ယွမ် ၅၁၈ ယွမ်တောင် ရရှိမည်ဖြစ်သည်။
ယဲ့ရှောင်ချန်းသည် စိတ်ထဲတွင် အရမ်းပျော်ရွှင်သွား၏။ ပျော်စရာကောင်းလိုက်တဲ့ အံ့သြမှုပါလား။
ဒီတစ်ခေါက် အများကြီး ရှုံးလိမ့်မည်ဟု ထင်ထားသော်လည်း ဒီလောက် အထွက်ကောင်းလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။
ရုတ်တရက် ယဲ့ရှောင်ချန်းသည် သူ့နဖူးကို ရိုက်လိုက်မိသည်။ ပဲစေ့များ အားလုံးကို ရောင်းလိုက်မိသဖြင့် စိတ်ညစ်သွား၏။
"လခွမ်း ကံဆိုးတာပဲ။ စောစောကသာ သိရင် နည်းနည်းလောက် ချန်ထားပြီး တတိယမျိုးဆက် ထပ်စိုက်ပါတယ်ကွာ။"
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ဓာတ်ကျသွား၏။
အရည်အသွေးနိမ့် ပဲစေ့များက စျေးပိုကြီးလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
စိတ်ပျက်စရာပါလား။
ယဲ့ရှောင်ချန်းတစ်ယောက် ခေါင်းခါလိုက်သည်။ အင်မော်တယ်မြေ အခြားတဖက်တွင် စိုက်ပျိုးထားသည့် မုန်လာဥဖြူများကို ကြည့်လိုက်ပြီး စိတ်ထဲတွင် စဥ်းစားကြည့်လိုက်၏။ ငါ အစေ့ နည်းနည်းလောက် ချန်ထားရင်ကောင်းမလား။
လောလောဆယ် မုန်လာဥဖြူများက အလွန် စိမ်းစိုနေပြီး လဝက်အတွင်း ရိတ်သိမ်းလို့ ရနိုင်ပြီဖြစ်သည်။
အစေ့ကို လိုချင်ပါက တစ်လ နှစ်လလောက် စောင့်ရပေမည်။
"အင်းလေ။ နည်းနည်းလောက် ချန်ထားပြီး ကိုယ့်မျိုးစေ့ ကိုယ်ပြန်သုံးတာ ကောင်းလိမ့်မယ်။ ဒါက အင်မော်တယ် ယွမ် သက်သာရုံသာ မကသေးဘူး။ စျေးနှုန်းလည်း တိုးလာလိမ့်မယ်။"
ယဲ့ရှောင်ချန်းသည် ဆုံးဖြတ်ချက်ကို အမြန်ချလိုက်သည်။
အင်မော်တယ်မြေ ပမာဏများက ပိုများလာပြီး မျိုးစေ့များအတွက် အသုံးချရသော အင်မော်တယ် ယွမ်ပမာဏလည်း ပိုများလာပါသည်။
ထို့ကြောင့် ကိုယ့်မျိုးစေ့ကိုယ် ပြန်လည်စိုက်ပျိုးခြင်းသည်ကသာ မှန်ကန်သော နည်းလမ်းဖြစ်ပါသည်။
အဝါရောင် အင်မော်တယ်ပဲစေ့များကို ရောင်းချခြင်းက အလွန်မြန်ဆန်ပြီး အင်မော်တယ်ယွမ် ၅၁၈ ယွမ် အမြန် ရောက်ရှိလာသည်။
ယခု သူ့တွင် အင်မော်တယ်ယွမ်များ ရှိနေပြီဖြစ်သဖြင့် မသုံးစွဲပါက သူ နေလို့ထိုင်လို့ကောင်းမည် မဟုတ်ပေ။
"အခု ငါ့မှာ အင်မော်တယ်မြေ ၇ ကွက်နဲ့ အင်မော်တယ် စမ်းရေ ၂ အိုင်ရှိတယ်။ ဒါက မနည်းဘူး။ အရမ်းများရင်လည်း အကုန်လုံးကို ကြည့်ဖို့ ငါ့ခွန်အားနဲ့ မလုံလောက်နိုင်ဘူး။"
ယဲ့ရှောင်ချန်းက စဥ်းစားကြည့်လိုက်သည်။
လက်ရှိတွင် သူ့အချိန်နှင့် ခွန်အား ၉၀ ရာခိုင်နှုန်းလောက်ကို အင်မော်တယ် အပင်များအပေါ်တွင် အသုံးချထားသည်။ သာမန် ဟင်းသီးဟင်းရွက်များကိုတော့ သူ သိပ်ပြီး ဂရုမစိုက်ပါ။ သူ့ရဲ့ လက်ရှိ ရှန်းနုန်ပါရမီ၊ လေထုထဲရှိ အင်မော်တယ်ချီနှင့် အင်မော်တယ်စမ်းရေများကြောင့် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များ ထွက်ရှိဖို့ အာမခံနိုင်ပါသည်။
"တခြားပစ္စည်းတွေ ဝယ်ဖို့ အချိန်ကျပြီ။"
ယဲ့ရှောင်ချန်းက အဲဒါကို စဥ်းစားကြည့်လိုက်၏။
အင်မော်တယ် စမ်းရေ ၂ အိုင်က လုံလောက်ပြီ။ ထို့ကြောင့် ထပ်မဝယ်တော့ပါ။
အင်မော်တယ် မြေကွက်များကတော့ ဝင်ငွေကို ကိုယ်စားပြုနေသဖြင့် ထပ်တိုးနိုင်ပါသည်။
ထို့အပြင် ရှန်းနုန်စနစ်တွင် ဂိုဒေါင်နှင့် ခြံစည်းရိုးကဲ့သို့ အခြား တည်ဆောက်မှုများလည်း ရှိနေခဲ့ပါသည်။
ဂိုဒေါင်ကို ဟင်းသီးဟင်းရွက်များ သိုလှောင်ဖို့ အသုံးပြုနိုင်ပါသည်။
အင်မော်တယ်အပင် နှင့် သာမန် ဟင်းသီးဟင်းရွက်အပင်များ နှစ်မျိုးစလုံးကို သိုလှောင်နိုင်သည်။
ဂိုဒေါင်တွင် အလွန်ထူးခြားသော လုပ်ဆောင်ချက် တစ်ခုလည်း ရှိ၏။ ဟင်းသီးဟင်းရွက်များနှင့် အင်မော်တယ်အပင်များကို အာဟာရများ၊ အင်မော်တယ်ချီများ ဆုံးရှုံးမှု မရှိစေဘဲ ရိတ်သိမ်းလိုက်သည့် အခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းပေးနိုင်စွမ်းရှိသည်။
သာမန်ဟင်းသီးဟင်းရွက်များကို နမူနာ ယူကြည့်ပါ။ သူတို့ကို အချိန်အကြာကြီး ပြစ်ထားပါက ပုပ်သွားပါလိမ့်မည်။ အာဟာရ ဆုံးရှုံးပြီး ခြောက်သွေ့ကာ အရောင်ကင်းမဲ့လာပါလိမ့်မည်။
ဂိုဒေါင်ထဲတွင် ထည့်ထားပါက ထိုကဲ့သို့သော ကိစ္စမျိုး လုံးဝမဖြစ်နိုင်ဘဲ အကောင်းဆုံး အခြေအနေရရှိဖို့ အာမခံနိုင်ပါသည်။
ခြံစည်းရိုးတွင်လည်း အလွန်ကောင်းမွန်သည့် လုပ်ဆောင်ချက်တစ်ခုရှိ၏။ အင်မော်တယ်အပင်များပေါ်တွင် အင်းဆက်များ၊ ငှက်များနှင့် တိရိစ္ဆာန်များ ကျူးကျော်ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် စိုက်ပျိုးရေးခြံ၏ အင်မော်တယ် ချီဆုံးရှုံးမှုကိုလည်း နှေးကွေးစေပါသည်။
ခြံတစ်ခြံလုံးကို ခြံစည်းရိုးခတ်ပြီးတာနဲ့၊ အင်မော်တယ် ဝိညာဥ်ချီကို လုံးဝ အလုံပိတ်ပြီးသားဖြစ်သွားပါလိမ့်မည်။
"အင်းလေ။ တစ်ခုလောက် ဝယ်ကြည့်တာပေါ့။"
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ထဲတွင် အမြန် ဆုံးဖြတ်ချက် ချလိုက်သည်။
အင်မော်တယ် မြေတစ်ကွက်၊ ဂိုဒေါင်တစ်လုံးနှင့် ခြံစည်းရိုးတစ်ခု ဝယ်ယူလိုက်ပါသည်။
ဂိုဒေါင်နှင့် ခြံစည်းရိုးတို့မှာ အင်မော်တယ် စမ်းရေနှင့် အင်မော်တယ်မြေကွက်တို့လိုပဲ ၎င်းတို့နှင့် တွဲစပ်ရမည့် အရာတစ်ခုခုလိုအပ်သည်။
ယဲ့ရှောင်ချန်းသည် သွပ်အိမ်ကို ဆောက်လုပ်ခဲ့ကတည်းက ၎င်းကို အသုံးပြုရန် စီစဥ်ထားပြီးသားဖြစ်သည်။
ခြံစည်းရိုးအတွက်ကတော့ သာမန်ခြံစည်းရိုးတစ်ခု ရှိပြီးသားဖြစ်ပါသည်။
မကြာမီ ယဲ့ရှောင်ချန်းသည် အင်မော်တယ် မြေတစ်ကွက်၊ ဂိုဒေါင်တစ်လုံးနှင့် ခြံစည်းရိုးတစ်ခုတို့ကို ဝယ်ယူလိုက်သည်။
ပထမအဆင့် ဂိုဒေါင်၏ နေရာသည် အရမ်းမကျယ်ဝန်းပါဘူး။ ၎င်း၏ အလျားနှင့် အနံသည် ၃ မီတာရှိပြီး အမြင့်က ၂ မီတာ မြင့်သည်။ ထိုအတိုင်းအတာအတွင်းမှာပဲ ဂိုဒေါင်၏ လုပ်ဆောင်ချက်များက အကျိုးအာနိသင်ရှိမည်ဖြစ်သည်။
ဟိုးအရင်ကတည်းက ဂိုဒေါင်အတွက် နေရာကို ယဲ့ရှောင်ချန်းက စီစဥ်ပြီးသားဖြစ်ပါသည်။
ပထမအဆင့် ခြံစည်းရိုးတွေကတော့ ၁မီတာ မြင့်ပြီး ၁၀ မီတာရှည်သည်။
ပုံမှန်ဆို ထိုအရွယ်အစားလောက်နှင့် တစ်ခြံလုံးကို အလုံပိတ်ဖို့ အများကြီး လိုပါသေးသည်။
သို့သော် ခြံစည်းရိုးက မှော်ဆန်ပြီး စိုက်ပျိုးရေးခြံ၏ အင်မော်တယ်ချီ ဆုံးရှုံးမှုကို နှေးကွေးစေခြင်း စသော လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနိုင်ပါသည်။
မကြာမီ ယဲ့ရှောင်ချန်းသည် အင်မော်တယ်မြေကွက်၊ ဂိုဒေါင်နှင့် ခြံစည်းရိုးများကို စနစ်တကျ နေရာချလိုက်သည်။
ယဲ့ရှောင်ချန်းသည် သွပ်အိမ်ထဲသို့ အရင်ဆုံး ဝင်ကြည့်ခဲ့၏။
ပုံမှန် ဂိုဒေါင်ထဲသို့ ဝင်လိုက်ခြင်းဖြစ်ပြီး သူ ဂိုဒေါင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ခုခု ကွဲပြားခြားနားသွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက အေးမြပြီး လတ်ဆတ်သလို ခံစားရကာ သဘာဝလေအေးပေးစက်တစ်လုံး ရှိနေသကဲ့သို့ပင်။
"အင်း၊ နောက်ပိုင်း ရိတ်သိမ်းထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီမှာ ထည့်လို့ရပြီ။"
ယဲ့ရှောင်ချန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
အရင်တုန်းက သူ နေ့တိုင်း ဟင်းသီးဟင်းရွက်တွေ ခူးဆွတ်ပြီးတိုင်း အရေးကြီး အလုပ်တစ်ခုခု ပေါ်လာပါက ဟင်းသီးဟင်းရွက်တွေ ခူးဆွတ်ခြင်းကို ရွှေ့ဆိုင်းခဲ့ရသည်။
ယခုတော့ ဒီမှော်ဆန်သည့် ဂိုဒေါင်ရှိနေပြီ ဖြစ်သဖြင့် ဟင်းသီးဟင်းရွက်များကို ကြိုတင်ခူးဆွတ်ထားလည်း ပြဿနာ မရှိတော့ပါ။ ဒီဂိုဒေါင်ထဲတွင် ထည့်ထားနိုင်ပါသည်။
ထို့နောက် ခြံစည်းရိုးချထားသော နေရာသို့ သွားကြည့်လိုက်၏။
အရင်တစ်ခေါက်က ယုန်ထောင်ခဲ့သော နေရာပင်ဖြစ်သည်။
အပြင်ဘက်က ကြည့်ရင်တော့ ခြံစည်းရိုးက အများကြီး သိပ်မပြောင်းလဲသွားသည့်ပုံပင်။ သို့သော်လည်း အရင်က ဖာထေးထားသည့် နေရာက လုံးဝ ပြုပြင်ပြီးသားဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အံ့သြသွားခဲ့ရပါသည်။
ယဲ့ရှောင်ချန်းသည် ခြံစည်းရိုးကို ထိကြည့်လိုက်တော့ ခြားနားချက်ကို ခံစားမိသည်။
သန်မာလိုက်တာ။
နဂိုက ဒီသံဆူးကြိုးများမှာ အားကြီးကြီးဖြင့် ကိုင်တွယ်လိုက်ပါက အလွယ်တကူ ပုံပျက်သွားနိုင်ပါသည်။
သို့သော်လည်း အခုတော့ အလွန်ကြိုးစားပြီး ဖျက်ဆီးမယ်ဆိုရင်တောင် ခြံစည်းရိုး၏ ဒီအပိုင်းက ဘာမှ မပြောင်းလဲပါ။ အလွန် မာကျောလှပါသည်။
“ဟားဟား အရည်အသွေးကလည်း တော်တော် ကောင်းမယ့်ပုံပဲ။"
ယဲ့ရှောင်ချန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ဒီခြံစည်းရိုးက ၁၀ မီတာသာ ရှည်လျားပြီး ကြီးမားကျယ်ပြန့်သော စိုက်ပျိုးရေးခြံနှင့် နှိုင်းယှဥ်ကြည့်ပါက အလွန်တိုတောင်းပါသည်။ သို့သော် နောက်ပိုင်းတွင် တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ခြံစည်းရိုးက တစ်ခြံလုံးကို ဖုံးသွားနိုင်ပါလိမ့်မည်။
ထို့အပြင် မိတ်ဆက်လမ်းညွှန်အရ ခြံစည်းရိုးဖြင့် ပိတ်ဆို့လိုက်ပါက အင်မော်တယ်ချီကို ပိတ်လှောင်ခြင်း စသော ရိုးရှင်းသည့် လုပ်ဆောင်ချက်များတင် မကသေးဘဲ အခြားသော ပြောင်းလဲမှုများလည်း ရှိပါသေးသည်။
"အင်မော်တယ် မြေတစ်ကွက်၊ ခြံစည်းရိုး တစ်ခုနဲ့ ဂိုဒေါင် တစ်လုံး ဝယ်လိုက်ပြီ။ ငါ အင်မော်တယ်ယွမ် ၃၀၀ နီးပါးလောက် ကုန်သွားတာ။ ဒါပေမယ့် ယွမ် ၃၀၀ ကျော်ကျန်နေတုန်းပဲ။ ငါ အဲဒါတွေကို ဘယ်နေရာမှာ သုံးရမလဲ။"
ယဲ့ရှောင်ချန်းက စဥ်းစားကြည့်လိုက်၏။
အခု အင်မော်တယ် မြေတစ်ကွက် အပိုဝယ်လိုက်သဖြင့် မျိုးစေ့တွေတော့ မရှိလို့ မဖြစ်ပါ။
သူ့တွင် အင်မော်တယ် ပဲစေ့များ မကျန်တော့သည်ကို နောင်တရမိပြန်သည်။ မဟုတ်ပါက သူ မျိုးစေ့များ ဝယ်ဖို့ မလိုအပ်ပေ။
"အင်း အတွေ့အကြုံအမှတ်ကလည်း နည်းလွန်းတယ်။ အဲ့တာတွေကိုပဲ အရင် မြှင့်တင်ရအောင်။"
ယဲ့ရှောင်ချန်းက စိတ်ထဲတွင် စဥ်းစားကြည့်လိုက်သည်။
အကြိမ်ကြိမ် ရိတ်သိမ်းပြီးနောက် သူ့၏ စုစုပေါင်း အတွေ့အကြုံရမှတ်က ၂၃ မှတ်သို့ ရောက်သွားပြီဖြစ်ပြီး အဆင့်မြှင့်တင်ဖို့ ၇၇ မှတ် လိုအပ်နေဆဲဖြစ်သည်။
ဒီမစ်ရှင်က အတော်လေး ဝန်လေးလှပါသည်။
ထို့ကြောင့် ယဲ့ရှောင်ချန်းသည် အင်မော်တယ် အပင်သစ်တစ်မျိုးဖြစ်သည့် အင်မော်တယ် မြက်ပင်ကို ရွေးချယ်ခဲ့သည်။
အင်မော်တယ် မြက်မှာ အင်မော်တယ် မြင်းကဲ့သို့သော အင်မော်တယ် သတ္တဝါများအတွက် အစားအစာအဖြစ် အသုံးပြုနိုင်သည်။
မျိုးစေ့တစ်ထုပ်ဆို အင်မော်တယ် မြေတစ်ကွက်တွင် စိုက်ပျိုးဖို့ လုံလောက်သည်။
လောလောဆယ် သူ့ထံ၌ သဘာဝမြေသြဇာမရှိသောကြောင့် ယဲ့ရှောင်ချန်းသည် သာမန် အင်မော်တယ် မြေသြဇာ တစ်ထုပ် ဝယ်ယူခဲ့သည်။
သာမန် အင်မော်တယ် မြေသြဇာတစ်ထုပ်ကို အင်မော်တယ် ယွမ် ၅၀ ကျသင့်သည်။
ဂုဏ်သတ္တိရှိ အင်မော်တယ် မြေသြဇာများ၏ တစ်ဝက်စျေးဖြစ်သည်။
ထို့အပြင် ယဲ့ရှောင်ချန်းက အင်မော်တယ် တံစဥ်တစ်ချောင်းကိုလည်း ဝယ်ယူခဲ့ပါသည်။ အင်မော်တယ် မြက်ပင်များကို ရိတ်သိမ်းဖို့ အဓိက ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။
အင်မော်တယ် မြက်ပင်က ပုံမှန် အင်မော်တယ်အပင်များနှင့် ကွဲပြားခြားနားသည်။ ထို့ကြောင့် အကြိမ်များစွာ ရိတ်သိမ်းနိုင်ပါသည်။
မြက်ပင်များကို ရိတ်သောအခါ အထူးအင်မော်တယ်တံစဥ်တစ်ခုကို အသုံးပြုရသည်။
ထို့အပြင် မြက်ပင်များကို ရိတ်သိမ်းသည့်အခါ တံစဥ်ပေါ်တွင် အထူးဝိညာဥ်ဆေးရည်တစ်မျိုးကို သုတ်လိမ်းရပါသည်။ ထိုဆေးရည်က အာဟာရဆုံးရှုံးမှုနှင့် အင်မော်တယ် မြက်ပင်၏ ဝိညာဥ်ချီများ ဆုံးရှုံးမှုကို တားဆီးဖို့ ဖြစ်ပါသည်။
အင်မော်တယ် တံစဥ်တစ်ချောင်းကို အင်မော်တယ်ယွမ် ၅၀ ကျသင့်ပြီး ဝိညာဥ်ချီပိတ်ဆို့ဆေးရည် တစ်ဗူးကို အင်မော်တယ်ယွမ် ၃၀ ကျသင့်ပါသည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်းတွင် အင်မော်တယ် ယွမ် ၇၀ အောက်သာ ကျန်တော့သည်။