အမှတ်တံဆိပ်
Vol. 9 Ch. 121
အခန်း(၁၂၁) - အမှတ်တံဆိပ်
"ယဲ့ရှောင်ချန်း ရှင်ပြောတဲ့နည်းလမ်းက တကယ်အာနိသင်ရှိတာပဲ။ ကျွန်မရဲ့ ရေခဲမီးအိမ်ပင် အခြေအနေ တိုးတက်လာပြီ။"
လီထျင်ထျင်က မက်ဆေ့ချ်ပို့ထားသည်။
ယဲ့ရှောင်ချန်းမြင်သောအခါ ပြုံးသွားပြီး မက်ဆေ့ချ်တစ်စောင် ပြန်ပို့လိုက်၏။ "ကျွန်တော် အများကြီး ကူညီပေးထားတာဆိုတော့ ဘယ်လို ကျေးဇူးပြန်ဆပ်မှာလဲ။"
"ဘယ်လို ကျေးဇူးဆပ်စေချင်လို့လဲ။"
လီထျင်ထျင်က မျက်စောင်းထိုး ပြုံးသော စတေကာပို့လိုက်သည်။
"လက်ဆောင်တစ်ခု ပေးလိုက်ပေါ့။"
ယဲ့ရှောင်ချန်း၏ မျက်လုံးများ အရောင်လက်သွားပြီး မက်ဆေ့ချ်ကို အမြန်ပို့လိုက်သည်။
"အင်း ဘယ်လို လက်ဆောင်မျိုး လိုချင်လို့လဲ။"
လီထျင်ထျင်တော့ ယဲ့ရှောင်ချန်း၏ ထောင်ချောက်ထဲ မိသွားလေပြီ။
"ကျွန်တော် တောင်းဆိုတာကို ပေးမှာလား။"
"ဒါပေါ့ ကျွန်မတတ်နိုင်တဲ့ ပစ္စည်းဆိုရင်ပေါ့။"
"ခင်ဗျားလည်ပင်းက လည်ဆွဲဆိုရင်ကော..."
ယဲ့ရှောင်ချန်းသည် လီထျင်ထျင်တစ်ယောက် ငါးစာဟပ်မိမှန်း သိသွားသဖြင့် ချက်ချင်း မက်ဆေ့ချ်ကို ပို့လိုက်သည်။
ခဏလောက် စောင့်ကြည့်ပြီးသောအခါ လီထျင်ထျင်က စာမပြန်သေးပါ။
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ဓာတ်ကျသွားသည်။ လီထျင်ထျင်က မပေးချင်ဘူးထင်ပါသည်။
"ဒီတစ်ခုတော့ အဆင်မပြေဘူး။"
လီထျင်ထျင်က ပြတ်သားစွာဖြင့် မက်ဆေ့ချ်ပို့လိုက်သည်။ ဒါက သူမအတွက် လည်ဆွဲ၏ အရေးပါမှုကို ပြသနေသည်။
"ဘာလို့လဲ။ အရမ်း တန်ဖိုးကြီးလို့လား။"
ယဲ့ရှောင်ချန်း အနည်းငယ် စိတ်ပျက်သွား၏။
"အင်း... ကျွန်မအမေ ကျွန်မအတွက် ထားခဲ့တဲ့ တစ်ခုတည်းသော ပစ္စည်းမို့လို့ပါ။"
ခဏလောက် ကြာသောအခါ လီထျင်ထျင်က မက်ဆေ့ချ်ပြန်ပို့လိုက်သည်။
ထိုမက်ဆေ့ချ်တွင် ဝမ်းနည်းမှုတချို့ကို ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။
သူ ဘာပြောရမှန်း မသိတော့ပါ။
ထိုလည်ဆွဲကို သူမ၏ အမေက ထားခဲ့ပေးခြင်းဖြစ်သည်။ ထို့ကြောင့် အထူးအရေးပါပြီး အလွန်တန်ဖိုးရှိပါသည်။
"ကျွန်တော် စိတ်မကောင်းပါဘူး။ ခင်ဗျားအမေ ဆုံးသွားတာ မသိခဲ့လို့ပါ။"
ယဲ့ရှောင်ချန်းတစ်ယောက် ခဏလောက် နှုတ်ဆိတ်သွားပြီးနောက် တောင်းပန်စာ ပို့လိုက်သည်။
"ဘာတွေ ပြောနေတာလဲ။ ကျွန်မအမေ မသေသေးပါဘူး။"
လီထျင်ထျင်က ဒေါသထွက်နေသော စတေကာ ပို့လိုက်သည်။
ယဲ့ရှောင်ချန်း ကြောင်သွား၏။ ထိုလည်ဆွဲက သူမ အမေထားခဲ့သည့် တစ်ခုတည်းသော ပစ္စည်းဟု ပြောခဲ့သည်မဟုတ်လား။
"ဆောရီးပါ။ ကျွန်တော်ထင်တာက..."
ယဲ့ရှောင်ချန်းက အမြန်စာပြန်လိုက်သည်။
"ကိစ္စမရှိပါဘူး။ ကျွန်မက သေချာမှ မရှင်းပြမိတာ။ တကယ်တော့ အရေးမကြီးပါဘူး။ ကျွန်မအမေက စိတ်ကျန်းမာရေးဆေးရုံမှာ နေနေရတာ နှစ်တော်တော်ကြာပြီ။ ကျွန်မအဖေက အမေ့ကို ကွာရှင်းပြီးတော့ နောက်မိန်းမယူသွားတယ်။ အဘိုးနဲ့လည်း အဆက်အဆံ ဖြတ်သွားတော့ ငယ်ငယ်လေးကတည်းက ကျွန်မအဘိုးနဲ့ပဲ ကျွန်မနေခဲ့ရတာလေ။"
အတန်ကြာသောအခါ လီထျင်ထျင်က မက်ဆေ့ချ်ပြန်ပို့ပေးခဲ့၏။
သို့သော်လည်း အကြောင်းအရာက များပြားလွန်းလှသဖြင့် ထိုစာကို ဖတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်သွားသည်။
အလွန်ဉာဏ်ကောင်းသည့်ပုံပေါ်သည့် လီထျင်ထျင်တွင် ထိုကဲ့သို့ ကံဆိုးသော အတိတ်မျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါ။
အမေဖြစ်သူက စိတ်မနှံ့၊ အဖေဖြစ်သူက နောက်မိန်းမ ယူသွားပြီး သမီးကို ဂရုမစိုက်ချင်ဘဲ အဘိုးဖြစ်သူကိုသာ အားကိုးခဲ့ရသည်။ ဒီလို ကံဆိုးလှသည့် အတွေ့အကြုံက တကယ်စဥ်းစားကြည့်ဖို့ ခက်ခဲလှပါသည်။
ရုတ်တရက် လီထျင်ထျင်ကို သူ သနားသွားသည်။ သူမ ဘယ်လို တောင့်ခံနိုင်ခဲ့လဲ မသိပါ။
"လီထျင်ထျင် ခင်ဗျားက အရမ်း သတ္တိရှိတာပဲ။"
ယဲ့ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး မက်ဆေ့ချ် နောက်တစ်စောင် ပို့လိုက်သည်။
သူ ဘာပြောရမှန်း မသိတော့ပါ။ နှစ်သိမ့်ပေးဖို့ကလည်း လီထျင်ထျင်က ဖြတ်ကျော်ပြီးသား ဖြစ်သဖြင့် မလိုအပ်လောက်ပါ။ သူ ပြောလိုက်လျှင် အနည်းငယ် လုပ်ယူထားသည့်ပုံပေါ်သွားလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မက အသားကျနေပါပြီ။ တော်ပြီ အဲ့အကြောင်းတွေ မပြောရအောင်။ ဘာလို့ ကျွန်မရဲ့တစ်ခုတည်းသော လည်ဆွဲကို သဘောကျရတာလဲ။ အရင်ကတည်းက ကြိုတင်ကြံစည်ထားတာလား။"
လီထျင်ထျင်က မကြာမီ နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။
ယဲ့ရှောင်ချန်းသည် ထိုစာကို ဖတ်လိုက်ပြီးနောက် ရှက်ရွံ့သွားသည်။
လီထျင်ထျင်၏ ဝီချက်ကို မေးကတည်းက သူ့မှာ ဒီရည်ရွယ်ချက် ရှိခဲ့သည် မဟုတ်ပါလား။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ခင်ဗျားရဲ့လည်ဆွဲက အရမ်းတန်ဖိုး မရှိမှန်း ပြောနိုင်တယ်လေ။ ဒါပေမယ့် ခင်ဗျားက ဝတ်ထားတာ ဆိုတော့ အရေးပါမှု တစ်ခုခုရှိမယ်ထင်လို့ ကျွန်တော့်ကို လက်ဆောင်အဖြစ် ပေးနိုင်မလား သိချင်လို့ပါ။"
ယဲ့ရှောင်ချန်းက ဒါကို ဘယ်လိုလုပ်ပြီး ဝန်ခံရမည်နည်း။ ချက်ချင်းဆိုသလိုပင် အကြောင်းပြချက်ဖန်တီးကာ ပို့လိုက်သည်။
လီထျင်ထျင်၏ ကံဆိုးလှသော အတိတ်ကြောင့်သာမဟုတ်လျှင် သူ တဲ့တိုးဖွင့်ပြောမိလောက်သည်။
သို့သော်လည်း အခုတော့ လီထျင်ထျင်၏ နှလုံးသားကို မနာကျင်စေချင်ပါ။
ရည်ရွယ်ချက်ရှိရှိဖြင့် တစ်စုံတစ်ယောက်ကို ချဥ်းကပ်ခြင်းက ဘယ်သူ့ကိုမဆို နေရခက်စေပါသည်။
"ဟုတ်ပါပြီ။ ကျွန်မ ယုံကြည်ပါတယ်။"
တဖက်တွင် ရှရှီမြို့ တိုက်ခန်းတစ်ခန်း၌။
လီထျင်ထျင်က လက်ထဲတွင် ဖုန်းကိုင်လျက် အိပ်ယာထဲတွင် လှဲနေသည်။ လီထျင်ထျင်က ယဲ့ရှောင်ချန်း၏ မက်ဆေ့ချ်ကိုမြင်ပြီး နှာရိုးပေါ်က ကိုင်းနက်မျက်မှန်ကို ပင့်တင်လိုက်သည်။
တကယ်တော့ ယဲ့ရှောင်ချန်းတစ်ယောက် လည်ဆွဲအကြောင်း ပြောစဥ်က သူမ ပထမဆုံးအကြိမ် ယဲ့ရှောင်ချန်းနှင့် ဆုံခဲ့ရတုန်းက အချိန်ကို ပြန်မှတ်မိသွားသည်။
မဟုတ်မှလွဲရော ယဲ့ရှောင်ချန်းက သူမ၏ လည်ဆွဲကို သဘောကျသဖြင့် သူမလည်ပင်းကို စိုက်ကြည့်နေခဲ့တာလား။
အဲ့တာသာ တကယ့်အကြောင်းအရင်းမှန် ဆိုပါက သူမ သေချာပေါက် စိတ်ဓာတ်ကျသွားနိုင်ပါသည်။ သို့သော်လည်း ယဲ့ရှောင်ချန်း၏ စာကို မြင်သောအခါ သူမစိတ်အေးသွား၏။
သူမ အတွေးလွန်နေသည်ဟု ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် လည်ဆွဲက အလွန်သာမန်ဖြစ်ပါသည်။ သူမ နန်းယွဲ့မှ ဟန်းတောင်သို့ သူမအမေဖြင့် သွားခဲ့တုန်းက သူမအမေက သူမကို အကာအကွယ်အဆောင်အဖြစ် ဝယ်ပေးခဲ့ခြင်းဖြစ်ပါသည်။
"ဟင်း ကျွန်မက သဘောကောင်းပါတယ်။"
ယဲ့ရှောင်ချန်းသည် လီထျင်ထျင်နှင့် မိနစ်အနည်းငယ်လောက် ဆက်စကားပြောပြီးနောက် ဝီချက်ကိုပိတ်ကာ သက်ပြင်းချလိုက်သည်။
ဘာပဲဖြစ်ဖြစ် လည်ဆွဲက လီထျင်ထျင်ထံမှ ထွက်မပြေးနိုင်ပါ။ အခွင့်အအရေးဆိုတာ အမြဲတမ်း ရှိပါသည်။
သုံးရက်ကြာသောအခါ။
ပညာရှင်အသင်း ကျင်းကောင်တီတွင် နေထိုင်နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်သည်။ နောက်ဆုံးတော့ သူတို့ ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။
အဓိကအားဖြင့် ဆောင်းလယ်ပွဲတော် နီးကပ်လာသောကြောင့် ဖြစ်သည်။ နိုင်ငံခြားပညာရှင်များနှင့် အထူးသဖြင့် ပြည်တွင်းပညာရှင်များက ဆောင်းလယ်ပွဲတော်ကို အလွန် အလေးထားကြသည်။ ထိုပွဲတော်က မိသားစု ပြန်လည်စုံစည်းသည့် ပွဲတော်ဖြစ်သဖြင့် သူတို့အိမ်ပြန်ကာ မိသားစုနှင့် ပြန်တွေ့ဆုံခြင်းက သာမန်ပဲဖြစ်ပါသည်။
ထိုနေ့တွင် ကျင်းကောင်တီ၏ အရာရှိကြီးများစွာက သူတို့ကိုလိုက်ပို့ခဲ့သည်။
ယဲ့ရှောင်ချန်းလည်း လိုက်ပို့ခဲ့ပါသည်။
သူတို့ ရှရှီမြို့သို့ တန်းသွားကြမည်ဖြစ်သည်။ ယန်မြို့တော်ကိုတော့ မသွားတော့ပေ။ ယန်မြို့ခေါင်းဆောင်များ အလွန် စိတ်ပျက်သွားကြပါသည်။
အစကတော့ ပညာရှင်အသင်းကို ရက်နည်းနည်းလောက် နေခိုင်းဖို့ စီစဥ်ထားသော်လည်း အကုန်လုံးကို ကျင်းကောင်တီက အနိုင်ယူသွားလိမ့်မည်ဟု မထင်ထားပါ။
ဘာပဲဖြစ်ဖြစ် ယန််မြို့တော်က ပျော်ရွှင်နေပါသေးသည်။ ယခု ယန်မြို့တော်မှ ထိပ်တန်း ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်သည့် ယဲ့ရှောင်ချန်းကို မွေးထုတ်ပေးနိုင်ခဲ့ပြီ။ ပညာရှင်အသင်း ကျင်းကောင်တီတွင် အကြာကြီး နေခဲ့ခြင်းက ယဲ့ရှောင်ချန်းနှင့် ပညာဖလှယ်နေကြခြင်းကြောင့် ဖြစ်ပါသည်။
ယန်မြို့တော်တွင် အချိန်အကြာကြီး စောင့်နေခဲ့ရသော တခြားမြို့တော်များမှ အဖွဲ့များကတော့ ပို၍တောင် စိတ်ပျက်သွားကြပါသည်။
ပညာရှင်အသင်း ယန်မြို့မှ ပြန်သွားပြီး ဒုတိယနေ့တွင် ယန်မြို့တော် စိုက်ပျိုးရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက "ယန်မြို့တော်၏ ဒေသဆိုင်ရာ အဓိကသရုပ်ပြစိုက်ပျိုးရေးခြံ" ဟူသော စာလုံးနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်ခဲ့သည်။
၎င်းသည် ဒေသဆိုင်ရာ အဓိကသရုပ်ပြစိုက်ပျိုးရေးခြံသာ ဖြစ်သော်လည်း အလွန်ရှားပါးပါသည်။ တောင်ပိုင်းပြည်နယ်တစ်ခုလုံးတွင် စိုက်ပျိုးရေးခြံ တချို့သာ ဒီလိုဆိုင်းဘုတ်မျိုးကို ရနိုင်သည်။ နံပါတ်များက နှစ်နေရာထက် ပိုမကျော်ပါ။ အဆင့်မြင့်သောကြောင့် ဖြစ်ပါသည်။
ထို့အပြင် ထိုသို့သော စိုက်ပျိုးရေးခြံများက အားလုံး ကြီးမားကျယ်ပြန့်သော စိုက်ပျိုးရေးခြံများ ဖြစ်ကြပြီး နောက်ခံအားလည်း ကောင်းသည်။
ယဲ့ရှောင်ချန်းလို စိုက်ပျိုးရေးခြံငယ်လေးက ဒါမျိုး ရဖူးသည်ကတော့ သေချာပေါက် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းအတွက် ထိုကဲ့သို့ ဆုတံဆိပ်က အများကြီး အသုံးဝင်ပါသည်။
ယဲ့ရှောင်ချန်းက လက်ထောက်မန်နေဂျာကြီးကို အိမ်တွင် ဧည့်ခံလိုက်သည်။
လက်ထောက် ဒါရိုက်တာကြီးက ယဲ့ရှောင်ချန်းကို အလွန်ယဥ်ကျေးပြနေပြီး အထက်စီးကလည်း ဘာမှ မပြောပါ။
သူပြန်ခါနီးတွင် ယဲ့ရှောင်ချန်းက ဆားရည်စိမ် ဟင်းသီးဟင်းရွက်ထုပ်များစွာ ပေးလိုက်သည်။
လက်ထောက် ဒါရိုက်တာကြီး ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို မြည်းစမ်းကြည့်ပြီးသွားသောအခါ အရသာကို အလွန်သဘောကျသွားသဖြင့် သူပျော်ရွှင်နေပါသည်။
"သား အဲ့ဒီ့ ဆုတံဆိပ်က ကောင်းတဲ့အရာလား။"
သူ့အမေက ဧည့်ခန်းထဲက ဆုတံဆိပ်ကို သိချင်စွာဖြင့် ကြည့်လိုက်သည်။
"ဒါပေါ့ ဒီတံဆိပ် ရထားတဲ့ ဘယ်လို သာမန် စိုက်ပျိုးရေးခြံမဆို သူ့ရဲ့ တန်ဖိုးက ထောင်တက်သွားမှာပဲ။"
ယဲ့ရှောင်ချန်း ရယ်မောကာ ပြောလိုက်သည်။
"ဒီလိုကိုး။ ဒါဆို တကယ်ကောင်းတာပေါ့။"
သူ့အမေလည်း ပြုံးလိုက်ပါသည်။
စိုက်ပျိုးရေးခြံကို ပိုကောင်းအောင် လုပ်နိုင်လျှင် သူမ ပျော်ပါသည်။
"ကံမကောင်းစွာနဲ့ ပြည်နယ် အဆင့်ပဲ ရှိသေးတယ်။ နိုင်ငံတော်အဆင့်ဆိုရင် အများကြီး ပိုကောင်းလိမ့်မယ်။"
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။
သူ့အတွက်တော့ ဒီလို စီရင်စုနယ်အဆင့် ဘွဲ့ရရှိထားတာတောင် အလွန်ကောင်းမွန်နေပါပြီ။
နိုင်ငံတော်အဆင့်က အများကြီးပိုမြင့်ပြီး ထိပ်တန်း ရုက္ခဗေဒပညာရှင် ဖြစ်ရုံနှင့် မရနိုင်ပါ။
ဒီစီရင်စုနယ် အဆင့်ကတော့ ယန်မြို့တော်က ငွေကုန်ကြေးကျ အများကြီးခံကာ သူ့အတွက် ပေးအပ်ခဲ့သည်ဟု ခန့်မှန်းရပါသည်။
လောလောဆယ် ယဲ့ရှောင်ချန်းက ယန်မြို့တော် စိုက်ပျိုးရေးနှင့် ရုက္ခဗေဒ နယ်ပယ်တွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူနိုင်ပြီဖြစ်သည်။
အခု ပညာရှင်အအသင်းနှင့် ပတ်သတ်လာလျှင် အားလုံးက ယဲ့ရှောင်ချန်းကို ပထမဆုံး တွေးမိကြလိမ့်မည်။
ပညာရှင်ကြီးယန်လို ထိပ်တန်းပညာရှင်များပင် ယဲ့ရှောင်ချန်းထံသို့ တကူးတက လာရောက်လည်ပတ်ခဲ့သဖြင့် ယန်မြို့တော်က ဒီ့ထက် ဂုဏ်တက်စရာအကြောင်း မရှိနိုင်တော့ပြီဟု ခံစားခဲ့ကြရပါသည်။