← Chapters

အတု

Vol. 9 Ch. 126

အတု

Vol. 9 Ch. 126

အခန်း(၁၂၆) - အတု

လူအုပ်ကြီးထဲတွင် ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ကလည်း ထိုအဖြစ်ကို ရပ်ကြည့်နေကြသည်။

ဝမ်ရှင်းယီက အသံမကြားနိုင်သဖြင့် ဘာတွေဖြစ်နေသလဲမသိရပါ။ ထို့ကြောင့် ယဲ့ရှောင်ချန်းက လက်ဟန်ဘာသာစကားများ အသုံးပြုပြီး အခြေအနေကို ရှင်းပြနေရသည်။

ဝမ်ရှင်းယီက လက်ဟန်ဖြင့် မေးလိုက်၏။ "အဲ့ဒီ ဒေါင်းမြီးမျိုးစိတ် ကလစ်ဗီးယားပန်းပင်က အရမ်းစျေးကြီးတာလား။"

"ဒီတိုင်း ဆုံးဖြတ်ဖို့တော့ ခက်တယ်။ ဒါပေမယ့် ဒီလိုနေရာမျိုးက ပန်းအိုးတစ်အိုး ဝယ်မယ်ဆိုရင်တော့ သေချာပေါက် စျေးကြီးမှာမဟုတ်ဘူး။"

ယဲ့ရှောင်ချန်းက လက်ဟန်ဘာသာစကားဖြင့် ပြောလိုက်၏။

စျေးကြီးသည့် ကလစ်ဗီးယားပန်းပင်မှာ အလွန်ရှားပါးသည်။ အလွန်အဆင့်မြင့်သည့် ပွဲတော်များတွင်သာ စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်သည်။

ဒီလိုနေရာမျိုးတွင် စျေးကြီးသည့် ကလစ်ဗီးယားပန်းပင် ရှိသည်ဟု ပြောနေခြင်းက အလိမ်အညာပင်။

"ရှင် သူတို့ကို ကူညီပေးနိုင်မလား။"

ဝမ်ရှင်းယီက မေးလိုက်၏။

"ကျွန်တော် အရင်ကြိုးစားကြည့်ပါဦးမယ်။ ကူညီနိုင်မလားဆိုတာကတော့ နောက်ထပ် ကိစ္စတစ်ခု ဖြစ်သွားပြီ။"

ယဲ့ရှောင်ချန်းက လက်ဟန်ဘာသာစကားဖြင့် ပြောလိုက်၏။ သို့သော်လည်း သူ့စိတ်ထဲတွင်တော့ တိတ်တဆိတ် သက်ပြင်းချမိသည်။ သူမက တကယ် ကြင်နာတတ်သည့် မိန်းကလေးတစ်ဦးဖြစ်သည်။

တဖက်အဖွဲ့တွင် လူများစွာရှိနေ၏။

ရဲသားများသာ မရှိပါက သူ ဝင်ပါဖို့ တွန့်ဆုတ်နေမိလိမ့်မည်။

ယခုခေတ်တွင် လူ့အဖွဲ့အစည်းသည် အလွန်စိတ်အားထက်သန်ပြီး ရှုပ်ထွေးနေကာ သဘောထားကွဲလွဲမှုတွေ ရှိပါက လက်သီးနှင့် ဓားများကို အသုံးချတတ်လာကြသည်။ ယဲ့ရှောင်ချန်းသည် သူ့အသက်က အလွန်တန်ဖိုးရှိသည်ဟု ခံစားမိပါသည်။

သူ ရှေ့ထွက်ဖို့ ပြင်လိုက်စဥ် ရုတ်တရက် သတင်းသမားဟူသော အမျိုးသမီးတစ်ယောက်က ယဲ့ရှောင်ချန်းကို အံ့သြတကြီးကြည့်ကာ အော်လိုက်သည်။ "မစ္စတာယဲ့၊ မစ္စတာယဲ့လည်း ဒီမှာ ရှိနေတာပဲ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပေးပါဦး။"

ယဲ့ရှောင်ချန်း ကြက်သေသေသွားသည်။ ဒီအမျိုးသမီးက သူ့ကို သိနေတာလား။

မဟုတ်လောက်ပါ။ ဒီမိန်းမကို သူ တစ်ခါမှ မတွေ့ဖူးပါ။

သူ့ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ကြည့်ရတာ ဝမ်ရှင်းယီ မကူညီခိုင်းရင်တောင် ဒီအမျိုးသမီးက သူ့ကို သွားခွင့်ပေးမည် မဟုတ်ပေ။

"ကျွန်တော့်ကို သိလို့လား။"

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ လက်ကို ကိုင်လျက် လူအုပ်ထဲမှ ထွက်လာပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

"မစ္စတာယဲ့ကတော့ ကျွန်မကို မသိလောက်ပါဘူး။ ကျွန်မက ပညာရှင်အသင်းနဲ့အတူတူ ပါလာတဲ့ သတင်းသမားတွေထဲက တစ်ယောက်ပါ။ အဲ့တာကြောင့် ကျွန်မ ရှင့်ကို မှတ်မိနေတာပါ။"

ဝမ်ရှင်းယာ့တစ်ယောက် အံ့အားသင့်နေမိပါသည်။ ယဲ့ရှောင်ချန်းကို ဒီပွဲတော်တွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ဖန်းယွမ်ကို သူမ အင်တာဗျူးနိုင်ခဲ့ပြီး သူ့နှုတ်မှ ယဲ့ရှောင်ချန်းအကြောင်းကို အများကြီး ကြားသိခဲ့ရပါသည်။

ယဲ့ရှောင်ချန်းက ထိပ်တန်းရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ပညာရှင်အသင်းကတောင် သူ့ကို တကူးတက လာတွေ့ရသည်။

အခု လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲအတွက် သူမ ယဲ့ရှောင်ချန်း၏ အကူအညီကိုသာ တောင်းနိုင်ပါတော့သည်။

ယဲ့ရှောင်ချန်းက အကြောင်းစုံကို ချက်ချင်း သဘောပေါက်သွားပါသည်။ အရင်တစ်ခေါက်က လူအများကြီးရှိနေသဖြင့် အားလုံးကို သတိမပြုမိခဲ့ပါ။

ဝမ်ရှင်းယာ့၏ ယောက်ျား ယဲ့ကျစ်လီလည်း သူ့မိန်းမက သူစိမ်းတစ်ယောက်ထံမှ အကူအညီတောင်းခံနေသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး ပထမဆုံး မေးခွန်းများစွာ ရှိနေခဲ့ပါသည်။

သို့သော်လည်း သူသည် ချက်ချင်းဆိုသလို တုန့်ပြန်လိုက်နိုင်ပြီး အပျော်လွန်သွားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယဲ့ရှောင်ချန်း၏ သရုပ်မှန်ကို သူ ခန့်မှန်းမိပြီး ဖြစ်သောကြောင့်ဖြစ်ပေသည်။

"မစ္စတာယဲ့ ရှင်က ထိပ်တန်းရုက္ခဗေဒပညာရှင်ပဲ။ ကျွန်မတို့ကို ကူညီနိုင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆိုင်ပိုင်ရှင်က ဒီကလစ်ဗီးယားအပင်က အရမ်းတန်ဖိုးကြီးပြီး ယွမ် ၂၀,၀၀၀ တောင် တောင်းခံနေတယ်။ အမှန်ပဲဆိုရင် ကျွန်မ လက်ခံပါတယ်။ ဒါပေမယ့် ဒါက အလိမ်ဆိုတာ သိသာနေတာဆိုတော့ ကျွန်မ လက်မခံနိုင်ပါဘူး။”

ဝမ်ရှင်းယာ့က ပြောလိုက်သည်။

ဆိုင်ပိုင်ရှင်သည် ဝမ်ရှင်းယာ့က အကူအညီတစ်ယောက် ရှာတွေ့သွားသည်ကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားလာပြီး မျက်လုံးမှေးကာဖြင့် မထီမဲ့မြင်ပြုကာ ပြောလိုက်၏။ "သူ့ခေါင်းမှာ ဆံပင်တောင် အပြည့်အစုံ မပေါက်သေးဘူး။ ဘာကို ထိပ်တန်း ရုက္ခဗေဒပညာရှင်လဲ။ လူတိုင်းကို ယဲ့ရှောင်ချန်းလို့ထင်နေတာလား။"

ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး ယဲ့ရှောင်ချန်းကို စိုက်ကြည့်ကာ အံ့သြသောလေသံဖြင့် မေးလိုက်၏။ "မင်းက အဲ့ဒီ ယဲ့ရှောင်ချန်းလား။"

"ဟုတ်တယ်။ မစ္စတာယဲ့က ပညာရှင်အသင်း တကူးတက သွားရောက်လည်ပတ်ခဲ့တဲ့ ထိပ်တန်း ရုက္ခဗေဒပညာရှင်တစ်ယောက်ပဲ။ ရှင့်ရဲ့ ကလစ်ဗီးယားအပင်က တကယ့် ရှားပါးမျိုးစိတ်ဖြစ်တဲ့ ဒေါင်းမြီးမျိုးစိတ်ဟုတ်လားမသိပေမယ့် မစ္စတာယဲ့ရှောင်ချန်းရဲ့ အစွမ်းအစနဲ့ဆိုရင် သေချာပေါက် ဒါကို ခွဲခြားပေးနိုင်ပါလိမ့်မယ်။" ဟု ဝမ်ရှင်းယာ့က အမြန်ပြောလိုက်သည်။

ထိုနေရာတွင် ရှိနေသူများလည်း အံ့အားသင့်သွားကြသည်။ မကြာသေးခင်ကမှ ယဲ့ရှောင်ချန်းနှင့် ပတ်သတ်သည့် ကောလဟာလများကို သူတို့ ကြားသိခဲ့ကြရသေးသည်။

အခုတော့ အဲ့ဒီလူက သူတို့ရှေ့ကို တကယ်ရောက်နေလေပြီ။ ထို့ကြောင့် သူတို့ စပ်စုတာ ဖြစ်သင့်ပါသည်။

ရဲအရာရှိနှစ်ဦးစလုံးက ယဲ့ရှောင်ချန်းကို လေးစားသော အမူအရာ ပြသခဲ့ကြသည်။

ဆိုင်ပိုင်ရှင်၏ မျက်နှာပြောင်းလဲသွားပြီး အရွဲ့တိုက်ကာ ပြောလိုက်၏။ "သူက ယဲ့ရှောင်ချန်း ဖြစ်နေလည်း ဘာဖြစ်တုန်း။ ငါ့ပန်းပင်ကို ဖျက်ဆီးလိုက်မိမှတော့ မင်းတို့ ပြန်လျော်ရမှာပေါ့ကွ။"

ကွဲကျပျက်စီးနေသော ကလစ်ဗီးယားပန်းအိုးကိုကြည့်ကာ ထိပ်တန်း ရုက္ခဗေဒပညာရှင်တစ်ဦးတောင် ယဲ့ရှောင်ချန်းက ဒါကို အတည်ပြုနိုင်ပါ့မလားဟု သူတွေးလိုက်မိသည်။

ယဲ့ရှောင်ချန်းက သူ့နှာခေါင်းကို ထိတွေ့လိုက်မိ၏။ လူများစွာက သူ့ကို စိုက်ကြည့်နေကြသည်။

ဝမ်ရှင်းယီကို ဘေးဖယ်ခိုင်းလိုက်ပြီး ပျက်စီးနေသည့် ကလစ်ဗီးယားပန်းအိုးထံသို့ လျှောက်သွားလိုက်၏။

ပန်းပင်၏ အရွက်များစွာက ပျက်စီးနေပြီး အမြစ်လည်း ထိခိုက်ထားသည်။

ရှားပါး ကလစ်ဗီးယားပန်းပင် ဖြစ်နေလျှင်တောင် အပျက်အစီးများကြောင့် တန်ဖိုး မဲ့သွားလောက်ပြီ ဖြစ်သည်။

ကလစ်ဗီးယားပန်းပင်များ၏ တန်ဖိုးက အရွက်တွင်ရှိ၏။

ယိုယွင်းနေသည့် အရွက်တစ်ခုမှာ ဘာမှတန်ဖိုးမရှိပါ။

ပုံသဏ္ဌာန်အားဖြင့် ဤကလစ်ဗီးယားပန်းပင် အခြားသစ်ရွက်များ၏ အပြင်ပိုင်းပုံစံအရ သစ်ရွက်များမှာ ဖြောင့်တန်းနေပြီး အရွက်၏မျက်နှာပြင်က ကြည်လင်တောက်ပသော အသွင်အပြင်မျိုးရှိသည်။

ယဲ့ရှောင်ချန်းက မြေဆီလွှာနှင့် ကြွေအပိုင်းအစများကို သူ့လက်ဖြင့် ထိကြည့်လိုက်၏။ ကလစ်ဗီးယားပန်းပင်၏ သစ်ရွက်များကိုလည်း နူးညံ့စွာ ထိတွေ့ကြည့်လိုက်သည်။

ခဏလောက်ကြာသောအခါ တစ်စုံတစ်ခုကို သူတွေ့ရှိသွား၏။

"ဘော့စ်၊ ဒီကလစ်ဗီးယားအပင်က ရှားပါးဒေါင်းမြီးမျိုးစိတ်လို့ ပြောချင်တာလား။"

ယဲ့ရှောင်ချန်းက ဆိုင်ပိုင်ရှင်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒါပေါ့။ မစ္စတာယဲ့ ကျုပ်မှာ ဒီဆိုင်က ဘွန်ဆိုင်းပင်တိုင်းရဲ့ ဓာတ်ပုံတွေရှိတယ်။ ဒီမှာ ကြည့်ကြည့်လိုက်ပါ။"

ဆိုင်ပိုင်ရှင်က ယဲ့ရှောင်ချန်းကို ကြောက်ရွံ့ပါသည်။ သို့သော်လည်း ခုနကလိုပဲ လေသံမာမာဖြင့် ပြောနေဆဲပင်။

သို့သော်လည်း သူ့လေသံက အရင်ကထက်တော့ ပိုမို ယဥ်ကျေးလာ၏။

ယဲ့ရှောင်ချန်းက ယန်ရှစ်မြို့တွင် နာမည်ကျော် ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်၏။ သူ မကြောက်ရွံ့ဘဲ မနေနိုင်ပါ။

"ဓာတ်ပုံကြည့်စရာမလိုပါဘူး။"

ယဲ့ရှောင်ချန်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ အတုအပနည်းပညာက တော်တော်လေး ကောင်းပါတယ်။ သစ်ရွက်နဲ့ အပင်ကြားက ကော်တွေကလည်း သဘာဝအတိုင်းလိုပဲ။ ပြီးတော့ အတုလုပ်တာလည်း အရမ်းကောင်းတယ်။ သစ်ရွက်တွေကလည်း အသက်ရှိနေတဲ့အတိုင်းပဲ။"

ဆိုင်ပိုင်ရှင်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွား၏။ သူက အလျင်စလို ပြောလိုက်သည်။ "မစ္စတာယဲ့ ကျွန်တော်က ခင်ဗျားကို ထိပ်တန်း ရုက္ခဗေဒပညာရှင်တစ်ယောက်အနေနဲ့ တကယ်လေးစားပါတယ်။ ဒါပေမယ့် ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောလို့မရဘူးလေ။ ကျေးဇူးပြုပြီး သက်သေပြလိုက်ပါ။ ဒီကလစ်ဗီးယားအပင်ရဲ့ ဘယ်အစိတ်အပိုင်းကများ အတုနဲ့ တူနေလို့လဲ။"

ဘာပဲဖြစ်ဖြစ် ဤကလစ်ဗီးယားအပင်က အလွန် ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်နေသည်။ ယဲ့ရှောင်ချန်း၏ ပြောစကားလောက်နှင့် အတုအယောင်ဖြစ်ကြောင်း ကောက်ချက်မချနိုင်ပါ။

"ဒါပေါ့ ကျွန်တော့်မှာ သက်သေရှိတယ်။ အတော်လေးကို ခိုင်လုံတဲ့ သက်သေပါ။"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြီး ပြုံးလိုက်၏။ မြေပေါ်မှ ကလစ်ဗီးယားအပင်ကို ကောက်ယူကာ သစ်ရွက်များမှ မြေသားများကို ဂရုတစိုက် ဖယ်ရှားလိုက်ပြီး သူ့လက်သည်းဖြင့် သစ်ရွက်တစ်ရွက်ကို ဆိတ်ကြည့်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုသစ်ရွက်ရှိ အပေါက်ငယ်လေးမှ အနက်ရောင် အရည်တစ်မျိုးက စိမ့်ထွက်လာပြီး အလွန်အနံ့ပြင်းလေသည်။

ဆိုင်ပိုင်ရှင်က အနက်ရောင်အရည်များကို မြင်လိုက်တာနဲ့ အံ့အားသင့်သွား၏။ "မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး။" ထိုအနက်ရောင်အရည်မှာ ပန်းပင်အတွင်းသို့ ဆေးထိုးအပ်ဖြင့် ထိုးထည့်ရသော အထူးဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ ထိုဆေးရည်က ပန်းပင်၏ ပန်းနှင့် သစ်ရွက်များကို အချိန်အတိုင်းအတာတစ်ခုအထိ တောက်ပစေ၏။ ဒီလို ဆေးမျိုးတွင် ဘေးထွက်ဆိုးကျိုး များစွာ ရှိသည်။ အချိန်ကြာလာသောအခါ ပန်းပွင့်များက ပြင်းထန်သော ပြဿနာများနှင့် ရင်ဆိုင်လာရနိုင်ပေသည်။

သို့သော်လည်း သမားရိုးကျ စမ်းသပ်ချက်များနှင့်ဆိုလျှင် ပန်းပင်ထဲက ဓာတုပစ္စည်းများကို လုံးဝ မစစ်ဆေးနိုင်ပါ။ ခေတ်မီစမ်းသပ်ချက်များဖြင့် စစ်ဆေးနိုင်မှသာ တွေ့နိုင်ပါလိမ့်မည်။

သို့သော်လည်း အခုတော့ ထိုဆေးရည်က တန်းထွက်လာပြီး အလွန်သိသာနေပါသည်။

"အင်း ကျွန်တော် ဘာပြောစရာလိုသေးလဲ။"

ယဲ့ရှောင်ချန်းက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။

အနက်ရောင်အရည်များ စိမ့်ထွက်လာရခြင်း၏ အကြောင်းအရင်းက ကလစ်ဗီးယားပန်းပင်နှင့် သူ အသိစိတ်ချင်း ဆက်သွယ်ခဲ့ပြီး ဓာတုပစ္စည်းများကို စွန့်ထုတ်ခိုင်းလိုက်ခြင်းကြောင့်ဖြစ်ပါသည်။

ထိုအနက်ရောင် ဓာတုဆေးရည်များကို ကြည့်ခြင်းအားဖြင့် ဤကလစ်ဗီးယားပန်းပင်မှာ အတုအယောင်ဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပါသည်။

ပန်းပင်တွေက သူတို့ဖာသာသူတို့ ဓာတုပစ္စည်း စွန့်ထုတ်နိုင်လို့လား။

ဒီလိုအခြေအနေမျိုးတွင် သူဘာပြောနိုင်ဦးမည်နည်း။

All Chapters