← Chapters

အင်တာဗျူး

Vol. 9 Ch. 127

အင်တာဗျူး

Vol. 9 Ch. 127

အခန်း(၁၂၇) - အင်တာဗျူး

နောက်ဆုံး ရလဒ်ကတော့ သိသာနေပါပြီ။ ဆိုင်ရှင်က ပြဿနာများ ပိုခက်ခဲအောင် မလုပ်ရဲတော့ပါ။ လျော်ကြေးအတွက် ယွမ် ၅၀ သာလက်ခံလိုက်ပြီး သူ့ပစ္စည်းများယူဆောင်ကာ ထိုနေရာမှ အမြန်ထွက်သွားလေသည်။

စောင့်ကြည့်နေကြသူများထဲမှ လူအများစုမှာ ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းအကြောင်းကို သိထားကြပြီး သူနဲ့ အတူ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်ချင်နေကြသည်။

ရဲသားနှစ်ယောက်ပင် ပါသေးသည်။

ယဲ့ရှောင်ချန်းက အလွန်ခက်ခဲစွာဖြင့် လူအုပ်ထဲမှ ထွက်ပြေးနိုင်ခဲ့၏။

ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ထို့ကြောင့်လည်း နာမည်ကျော်တွေက အမြဲတမ်း နေကာမျက်မှန်တွေ တပ်ပြီး အပြင်ထွက်ကြရတာကိုး။

လူများစွာရှိသော နားနေဆောင် တစ်ခုတွင်။

"မစ္စတာယဲ့ ကျွန်မတို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။"

ဝမ်ရှင်းယာ့က သူ့ယောက်ျားနှင့် ကလေးတို့ကို ခေါ်ကာ ယဲ့ရှောင်ချန်းကို ကျေးဇူးတင်လိုက်သည်။

ယဲ့ရှောင်ချန်းသာ မကယ်လျှင် သူမ ဘာလုပ်ရမှန်းမသိတော့ပါ။

"ဘာမှ အပန်းမကြီးပါဘူးဗျာ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပြီး ဝမ်ရှင်းယာ့တို့လင်မယားနှင့် လက်ဆွဲ နှုတ်ဆက်လိုက်ပါသည်။

စကားအနည်းငယ် ပြောကြည့်ရင်း ယဲ့ကျစ်လီက ယန်မြို့တော်တွင် ဆရာတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရ၏။

"သူက ဘယ်သူလဲ။"

ဝမ်ရှင်းယာ့က ဝမ်ရှင်းယီကို ကြည့်လိုက်သည်။

"သူက ကျွန်တော့်မိတ်ဆွေပါ။ ဝမ်ရှင်းယီတဲ့။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

သို့သော်လည်း ဝမ်ရှင်းယာ့၏ မိန်းမစိတ်အရ သူတို့နှစ်ယောက်မှာ သာမန်မိတ်ဆွေတွေ မဟုတ်လောက်မှန်း သိနေပါသည်။

ဆောင်းလယ်ပွဲတော်တွင် အတူတူ လျှောက်လည်နေကြသဖြင့် ဆက်ဆံရေးကတော့ ရိုးရှင်းမည် မဟုတ်ပါ။

ဝမ်ရှင်းယီတွင် နားအကြားအာရုံ ပြဿနာ ရှိနေသည်ကို သိလိုက်ရသောအခါ သူမ တိုးတိတ်စွာ သနားသွားမိသည်။ သို့သော်လည်း ဘာမှ မပြောခဲ့ပါ။

"မစ္စတာယဲ့ ရှင်နဲ့ သီးသန့် အင်တာဗျူးဖို့ တောင်းဆိုလို့ရမလား။ ဒီလို တောင်းဆိုတာက ဗြုန်းစားကြီး ဖြစ်နေတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။"

ဝမ်ရှင်းယာ့က ရုတ်တရက် ပြောလိုက်သည်။

"ကောင်းပါပြီ။"

ယဲ့ရှောင်ချန်းက ခဏလောက် စဥ်းစားကြည့်လိုက်ပြီး ချက်ချင်း လက်ခံလိုက်ပါသည်။

ထိုအချိန်တောအတွင်း သတင်းသမားများက သူ့ကို အင်တာဗျူးနိုင်ဖို့ မျှော်လင့်ကာ မကြာခဏ ဖုန်းဆက်ကြသည်။ သူကလည်း တစ်ယောက်ချင်း ငြင်းထုတ်ပြစ်ခဲ့ရ၏။

သူ ဒါကို အတော်လေး စိတ်ကုန်နေပြီဖြစ်သည်။ ဒါက နာမည်ကြီးရခြင်း၏ အားနည်းချက်တစ်ခု ဖြစ်ပါသည်။

သို့သော်လည်း အင်တာဗျူးများကို ဆက်တိုက် ငြင်းဆန်နေလို့တော့ မဖြစ်ပါ။

ထို့ကြောင့် ထိုအခွင့်အရေးကို ဝမ်ရှင်းယာ့အား ပေးလိုက်ပါမည်။

"ကျေးဇူးအများကြီးတင်ပါတယ်၊ မစ္စတာယဲ့။"

ဝမ်ရှင်းယာ့က ဒီတိုင်း မေးကြည့်ခြင်းဖြစ်သည်။ သို့သော် ယဲ့ရှောင်ချန်းက ချက်ချင်း လက်ခံလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူမ အလွန် ပျော်ရွှင်သွားပါသည်။

သူမ၏ ရုပ်သံလွှင့်ဌာနတွင် ယဲ့ရှောင်ချန်းကို အင်တာဗျူးဖို့အတွက် အမြဲတမ်း ဆက်သွယ်ရန် ကြိုးစားခဲ့ရသည်။ သို့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ပေ။

ဒီအင်တာဗျူးကိုသာ သူမ ဆောင်ရွက်နိုင်ခဲ့ပါက အကျိုးရလဒ် အတော်လေး ကြီးမားသွားပါလိမ့်မည်။

ခပ်မြန်မြန်ပဲ ဝမ်ရှင်းယာ့က အိတ်ထဲမှ မှတ်တမ်းတင် ဖောင်တိန်နှင့် ကင်မရာအသေးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

သူမက မှတ်တမ်းတင်ဖောင်တိန်ကို ယူလိုက်သည်။ ကင်မရာကို သူမယောက်ျားအား ပေးလိုက်ပြီး ဘေးမှ ရိုက်ကူးပေးရန် ပြောလိုက်သည်။

သူမအတွက် ထိုသို့အင်တာဗျူးခြင်းက ပထမဆုံးအကြိမ် မဟုတ်ပါ။ ထို့ကြောင့် သိပ်မကြာခင် မေးခွန်းတချို့ စမေးလိုက်တော့၏။

နာရီဝက်ခန့် ကြာသွားလေပြီ။

"မစ္စတာယဲ့ ဒီလိုအခွင့်အရေးမျိုး ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။"

ဝမ်ရှင်းယာ့က မှတ်တမ်းတင်ဖောင်တိန်ကို ပိတ်လိုက်ပြီး ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်၏၊။

ဒါက ယဲ့ရှောင်ချန်းအတွက် ပထမဆုံးအကြိမ် အင်တာဗျူးဖြေဖူးခြင်းဖြစ်ပါသည်။

ယခင်က သူမ ဖန်းယွမ်ကို အင်တာဗျူးခဲ့ဖူးသော်လည်း ယဲ့ရှောင်ချန်း၏ ကောလိပ်တက်စဥ်က အကြောင်းအရာများကိုသာ ကြားသိခဲ့ရခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အပြင်လူတွေ ပြောပြသည့် အကြောင်းအရာတွေက ကာယကံရှင်ကို အင်တာဗျူးရခြင်းနှင့် မယှဥ်နိုင်ပါ။

"ကိစ္စမရှိပါဘူးဗျာ။"

ယဲ့ရှောင်ချန်းက လက်ရမ်းပြလိုက်သည်။

ခဏလောက် စကားပြောပြီးနောက် အချင်းချင်း နှုတ်ဆက်လိုက်ကြပါသည်။

မကြာမီ ဝမ်ရှင်းယီနှင့် ယဲ့ရှောင်ချန်းတို့ လမ်းလျှောက်ထွက်သွားကြတော့၏။

"ယောက်ျားရေ ကျွန်မ ဒီနေ့ အရမ်းကံကောင်းတာပဲ။"

ဝမ်ရှင်းယာ့က အလွန်ပျော်ရွှင်နေသည်။

သူမ၏ သားကိုပင် ချီကာ နမ်းလိုက်ပါသေး၏။

သူမ၏ သားသာ ပန်းအိုးကို မခွဲခဲ့မိပါက သူမတို့ ယဲ့ရှောင်ချန်းနှင့် တွေ့ခွင့်မရှိနိုင်ပါ။ ယဲ့ရှောင်ချန်းကို အင်တာဗျူးဖို့ ဘယ်မှာ အခွင့်အရေးရနိုင်ပါမည်နည်း။

"မစ္စတာယဲ့ကို ဒီလောက် ငယ်မယ်လို့ ထင်မထားဘူး။"

ယဲ့ကျစ်လီက ပြောလိုက်သည်။

"ဟိုးအရင်တုန်းက ကျွန်မပြောဖူးသားပဲ။ ရှင်က ယုံမှ မယုံတာ။ မျိုးရိုးနာမည် ယဲ့ ချင်းတူနေရင် ဘာလို့ ဒီလောက်ကွာရမှာလဲလို့ ပြောတယ်လေ။"

ဝမ်ရှင်းယာ့က သူမယောက်ျားကို ကြည့်လိုက်ပြီး အရွဲ့တိုက်သလိုမျိုး ပြောလိုက်သည်။

ယဲ့ကျစ်လီက သူ့မိန်းမ၏ သရော်ခြင်းကို အထူးအဆန်း လုပ်မနေပါ။ သူက ဒါကို အသားကျနေတာ ကြာပါပြီ။ သူ့မိန်းမက သူ့ကို သတ္တိမရှိကာ ကြံရည်ဖန်ရည်လည်း မရှိဘူးဟု ဘယ်နှခါလောက် ပြောဖူးလဲ မှတ်ပင် မမှတ်မိတော့ချေ။

ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့က ပန်းခြံထဲတွင် အကြာကြီး နေခဲ့ကြပြီး ၄ နာရီကျော်သည်အထိ မပြန်ခဲ့ကြပါ။

သူတို့ လက်ပတ်ကြိုးများမှ လွဲပြီး ဘာမှ မဝယ်ခဲ့ကြပေ။

ဝမ်ရွှေရှန့်၏ ဗီလာသို့ ပြန်ရောက်လာကြ၏။

လူအများစုက ပြန်သွားကြပြီဖြစ်သည်။

ယဲ့ရှောင်ချန်းက အစ်ကိုကြီးဝမ်နှင့် သူ့မိန်းမတို့ကို နှုတ်ဆက်ပြီး ပြန်သွားပါသည်။

ရှားဖန်မြို့က သူ့အဘွားအိမ်တွင် သူ့မိဘများကို သွားခေါ်သည်။

သူ့အဘွား၏ အိမ်တွင်...

"ရှောင်ချန်း စားပြီးမှ ပြန်ပါလား။ နင့်မှာ ကားလည်း ရှိတာပဲကို ခဏတော့ နေပါဦးလား။"

ဒေါ်ကြီးက ပြောလိုက်သည်။

"ယောက်မရေ စောစောပြန်မှ ရမယ်။ ညဘက်မှာ ကားမောင်းရတာ ဘေးမကင်းဘူးလေ။"

ယဲ့ရှောင်ချန်း၏ အမေက ပြောလိုက်သည်။

"ဟုတ်ပါပြီ။ နောက်ကို မကြာမကြာ လာလည်ရမယ်နော်။"

ဒေါ်ကြီးက ဘာမှ ထပ်မပြောတော့ပါ။

ယဲ့ရှောင်ချန်းက မပြန်ခင် သူ့အဘွားကို ယွမ် ၃,၀၀၀ ပေးခဲ့ပါသည်။

အရင်တုန်းကတော့ အဘွားကို တရုတ်နှစ်သစ်ကူးနဲ့ ပွဲတော်ရက်တွေမှာ ပိုက်ဆံပေးခဲ့ပေမယ့် ယွမ် နှစ်ရာ သုံးရာထက်တော့ မပိုပါဘူး။

အခုအခါ ယဲ့ရှောင်ချန်း၏ ဝင်ငွေက မနည်းသဖြင့် ပိုပေးခြင်းမှာ ပုံမှန်ပဲဖြစ်ပါသည်။

သူမက အသက်ကြီးနေပြီဖြစ်ပြီး ဦးလေးငယ်၏ ကလေးနှစ်ယောက်ကိုလည်း ပျိုးထောင်ပေးရဦးမည်။

ဦးလေးငယ်က ပေါ့ပေါ့တန်တန်လူမျိုးဖြစ်ပြီး တည်တည်ငြိမ်ငြိမ် စရိုက်မျိုး မရှိပေ။ ဒေါ်လေးငယ်ကို ကွာရှင်းပြီးကတည်းက အိမ်မပြန်လာသလောက် ရှားသည်။ ကလေးနှစ်ယောက်ကို အဘွားက ခေါ်ထားရပါသည်။

ကားကို ရွာလမ်းတစ်လျှောက် မောင်းလာခဲ့သည်။

"ရှောင်ချန်း ကားက ဘယ်လောက် တန်တာလဲ။"

သူ့အမေက ရုတ်တရက် မေးလိုက်၏။

"ငါ့ကို အရူးမလုပ်နဲ့နော်။ အမှန်တိုင်း ပြောစမ်း။"

သူမက အတည်အတန့်လေသံဖြင့် ပြောလိုက်သည်။

"ယွမ် သုံးသန်းပါ။"

ယဲ့ရှောင်ချန်းက မဲ့ပြုံးပြုံးကာ ပြောလိုက်ပါသည်။

သူ့အမေနှင့် သူ့အဖေတို့ ကြက်သေသေသွားကြ၏။

"အဲ့လောက်တောင် စျေးကြီးတာလား။"

သူ့အမေက ကားပတ်လည်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒီလောက်ကောင်းတဲ့ကားကို ဘာလို့ လက်ခံလိုက်ရတာတုန်း။ နင် နောက်တစ်ခေါက် ထပ်ပြီး ကူညီရမယ်ဆိုရင်တောင် ဒီလောက်ကောင်းတဲ့ ကားကြီးကို လက်ခံလို့ မဖြစ်ဘူးလေ။"

ယွမ် သုံးသန်းတဲ့လား။

သူတို့ တစ်သက်လုံး ငွေစုဆောင်းရင်တောင် ဒီလိုကားမျိုး ဝယ်နိုင်မည် မဟုတ်ပါ။

"အမေ စိတ်ချပါဗျာ။ ကျွန်တော်က သာမန်စံနှုန်းအတွင်းမှာပဲ လက်ခံထားတာပါ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"အေးပါ။ ဘာပဲဖြစ်ဖြစ် နင့်အကြောင်း နင်ပိုသိမှာပေါ့။ ဒါပေမယ့် နောက်ပိုင်း ပစ္စည်းတွေ လက်ခံတဲ့အခါကျရင် ပိုက်ဆံ လက်ခံတာက ပိုကောင်းတယ်။ ပစ္စည်းတွေက တန်ဖိုးနည်းသွားနိုင်တယ်လေ။ ပိုက်ဆံဆို ဘဏ်ထဲမှာ ထည့်ထားရင် လုံခြုံတယ်။"

သူ့အမေက ပြောလိုက်သည်။

"အခုဆို ပိုက်ဆံတွေပါ တန်ဖိုးနည်းသွားနိုင်တယ်လေ။" ဟု သူ့အဖေက ရုတ်တရက် ပြောလိုက်ပါသည်။

"ရှင် ဝင်မပြောရရင် အသက်ရှူကြပ်သွားမှာဆိုးလို့လား ဟုတ်လား။" ဟု သူ့အမေက သူ့အဖေ့ကို လှည့်ကြည့်လိုက်သည်။

သူ့အဖေ ဘာမှ မပြောတော့ပေ။

ယဲ့ရှောင်ချန်း ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ သူ့အမေ၏ စရိုက်က ရှေးရိုးဆန်သည်။ ဘဏ်ထဲတွင် ငွေထည့်ထားပြီး ဘဏ်တိုးစားနေရလျှင် လုံခြုံပြီ ဟု ထင်နေ၏။

သူ့အမေက ပိုက်ဆံကို လောဘတက်ခြင်း မဟုတ်သော်လည်း သူမက ဆင်းရဲဖူးသဖြင့် ပိုက်ဆံကို ပိုမို တန်ဖိုးထားခြင်းဖြစ်ပါသည်။

အိမ်ပြန်ရောက်သောအခါ သူ့အမေက ညစာပြင်ရင်း အလုပ်များနေခဲ့၏။ ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံသို့ သွားကြည့်သည်။

အင်မော်တယ် မုန်လာဥများနှင့် အင်မော်တယ် မုန်လာဥဖြူများက ကောင်းမွန်စွာ ဖွံ့ဖြိုးနေကြပါသည်။ တစ်ပတ်လောက်ကြာလျှင် ရိတ်သိမ်းနိုင်ပြီဟု ခန့်မှန်းရသည်။

အမှန်ပင်။ မျိုးစေ့များ ပြန်လည် စိုက်ပျိုးဖို့အတွက် တချို့ကိုတော့ ချန်ထားရဦးမည်ဖြစ်၏။

အချိန်ကို တွက်ချက်ကြည့်လိုက်သောအခါ အင်မော်တယ် မြက်ပင်များကို ပျိုးထောင်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။ မျိုးစေ့များကို အင်မော်တယ် မြေထဲတွင် အညီအမျှ ဖြန့်ကြဲလိုက်၏။ ထို့နောက် အင်မော်တယ် မြေသြဇာကို အသုံးပြုပေးပြီး အင်မော်တယ် စမ်းရေကိုပါ လောင်းလိုက်သည်။

အင်မော်တယ် မြက်ပင်မျိုးစေ့များက အခြားအင်မော်တယ် မျိုးစေ့များနှင့် ယှဥ်လျှင် စိုက်ရပျိုးရ ပိုလွယ်ကူပါသည်။

ယဲ့ရှောင်ချန်းအတွက် အချိန်သိပ်မယူလိုက်ရပါ။

ယဲ့ရှောင်ချန်းတစ်ယောက် အလုပ်တွေ အကုန်လုံး လုပ်ပြီးသွားသောအခါ သူ့အဖေက သူ့ကို ညစာစားဖို့ လှမ်းခေါ်ခဲ့၏။

ညစာစားပြီးနောက်တွင်လည်း ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံတွင် အလုပ်ဆက်လုပ်သည်။

သူ့အားအင်အများစုကို အင်မော်တယ် မြေတွင်သာ အသုံးချခဲ့၏။

သာမန်ဟင်းသီးဟင်းရွက်များကိုတော့ သူ လုံးဝ မစီမံချင်ပါ။

အားလုံးက သူ့ရဲ့ ရှန်းနုန်ပါရမီအပေါ် မှီခိုနေပါသည်။

"ကံမကောင်းစွာနဲ့ ငါ့ခွန်အားက အကန့်အသတ် ရှိနေတယ်။ ဒါကြောင့် ငါ စိုက်ပျိုးတာကို မချဲ့ထွင်နိုင်ဘူး။ မဟုတ်ရင် အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်တွေ ရောင်းချရုံနဲ့ ငါ ပိုက်ဆံတွေ အများကြီး ရှာဖွေနိုင်လိမ့်မယ်။"

ယဲ့ရှောင်ချန်းက သက်ပြင်းချလိုက်ပါသည်။

သူ့မှာ အလုပ်သမားများ ခေါ်လို့လည်း မရသလို၊ စိုက်ပျိုးရေးခြံကိစ္စများကို သူနဲ့ သူ့မိဘတွေကိုပဲ အားကိုးနေလို့လည်း မဖြစ်ပါ။

စတိုးဆိုင်ထဲက အင်မော်တယ်အပင် ရုပ်သေးများကို သူ တွေးလိုက်မိသည်။ အလိုအလျောက် လည်ပတ်နိုင်သော စက်ရုပ်များကဲ့သို့ပင် သူတို့က စိုက်ပျိုးရေးခြံ၏ အင်မော်တယ် အပင်များကို စီမံဖို့ ကူညီပေးနိုင်သည်။

ကူလီများအဖြစ်လည်း အသုံးပြုနိုင်သည့် အသုံးအများဆုံး ပဲစေ့များကို စစ်သားအဖြစ် အသက်သွင်းထားသည့် အသုံးအများဆုံးနည်းပညာဖြင့် သန့်စင်ထားသော ပဲစေ့စစ်သည်တော်များလည်း ရှိပါသည်။

ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်း၏ လက်ရှိ အင်မော်တယ်ယွမ် ပမာဏက အင်မော်တယ်အပင် ရုပ်သေးအစစ်ကို ဝယ်ယူဖို့ မလုံလောက်ပါ။

"ဒါပေမယ့် ငါ အင်မော်တယ် ပဲစေ့တွေကို စိုက်ပျိုးလို့ရတာပဲ။ အဲ့ဒီအင်မော်တယ်ကြီးတွေနဲ့ ဆွေးနွေးပြီး အင်မော်တယ် ပဲစေ့တွေကို ပဲစေ့ စစ်သည်တော်တစ်ယောက်နဲ့ လဲလိုက်ရမလား။"

ယဲ့ရှောင်ချန်းက ခဏလောက် စဥ်းစားကြည့်ပြီး အကြံရသွား၏။

ပဲစေ့ စစ်သည်တော်တချို့ ရနိုင်ပါက အလွန်ကောင်းမွန်ပါလိမ့်မည်။

All Chapters