← Chapters

စမ်းသပ်မှုများ

Vol. 9 Ch. 129

စမ်းသပ်မှုများ

Vol. 9 Ch. 129

အခန်း(၁၂၉) - စမ်းသပ်မှုများ

ဂျီ။

တိုးညှင်းသော အသံတစ်ခု ကြားလိုက်ရပြီး အင်မော်တယ် ပျားအုံထဲမှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်လာသည်။

မြန်လွန်းပါသည်။

ယဲ့ရှောင်ချန်း၏ အာရုံငါးပါးသာ ယခင်ကထက် ပိုမိုအားကောင်းမနေပါက အနက်ရောင် အလင်းတန်းကိုပင် မြင်နိုင်မည် မဟုတ်ပါ။

ပျားအုံထဲတွင် နက်ရွှေရောင် ပိုးတုံးလုံး အခွံသာ ကျန်ခဲ့သည်။

ယဲ့ရှောင်ချန်း၏ စိတ်ဝိညာဥ်တွင် အလွန်ထူးဆန်းသော ခံစားချက်တစ်ခု ရနေ၏။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရင်းနှီးသော အသိစိတ်တစ်ခုက ပျံသန်းနေသလို ခံစားရသည်။

ဂျီ။

သူ့မျက်လုံးရှေ့တွင် အနက်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး နောက်ဆုံးတော့ အနက်ရောင်အလင်းကို မြင်နိုင်ပြီဖြစ်သည်။ လက်မအပေါ်ပိုင်းအရွယ်လောက်သာရှိသော ပျားတစ်ကောင်ကို ရုတ်တရတ် မြင်လိုက်ရသည်။

ကိုယ်ထည်က သွယ်လျပြီး အနက်ရောင်ရှိပြီး‌ အေးမြသော သတ္တုရောင်တောက်တောက်ကို ထုတ်လွှင့်နေသည်။

ထိုပျားက နကျယ်ကောင်တစ်ကောင်နှင့် ဆင်တူလှပါသည်။

ယဲ့ရှောင်ချန်းသည် အလွန်ပျော်ရွှင်သွားသည်။ ဒါက ဝတ်မှုန်ကူးပျားပေါက်လေးဆိုတာ ပြောစရာပင်မလိုတော့ပါ။

နောက်ဆုံးတော့ သူ အောင်မြင်ခဲ့ပါပြီ။

သူ့ပျော်ရွှင်မှုကို ပြန်ထိန်းချုပ်လိုက်ပြီး သူ့လက်ကို နူးညံ့စွာ ဆန့်ထုတ်လိုက်သည်။ အနက်ရောင် ဝတ်မှုန်ကူးပျားလေးက သူ့လက်ဖဝါးအလယ်တည့်တည့်တွင် လာနားပါသည်။

သွေးဆက်သွယ်မှုလို ခံစားချက်က သူ့အလိုလို ပေါ်လာသည်။

ဝတ်မှုန်ကူးပျား၏ အသိစိတ်နှင့် သူဆက်သွယ်ကြည့်လိုက်သည်။ ဘာအဟန့်အတားမှ မရှိဘဲ အင်မော်တယ် အပင်များထက် ပိုမိုရှင်းလင်းနေပါသည်။ ဝတ်မှုန်ကူးပျားနှင့် ပတ်သတ်ပြီး အကြောင်းအရာများစွာကို ခံစားမိပါသည်။

ဘာပဲဖြစ်ဖြစ် သူ့သွေးကို အသုံးပြုပြီး မျိုးဖောက်ထားခဲ့ခြင်း မဟုတ်ပါလား။ ယခုတော့ ယဲ့ရှောင်ချန်းက ဝတ်မှုန်ကူးပျား၏ ပြုစုပျိုးထောင်သူ ဖြစ်နေပါပြီ။

'ပျံစမ်း"

ယဲ့ရှောင်ချန်းက အတွေးမှ တဆင့် ဝတ်မှုန်ကူးပျားကို အမိန့်တစ်ခု ပေးလိုက်သည်။

ဝတ်မှုန်ကူးပျားကလည်း ပျံသန်းသွားပါသည်။

ဝတ်မှုန်ကူးပျားက သူ့ထံမှ ပျံထွက်သွားပြီး လျှောက်ပျံနေတာတောင် ဆက်သွယ်မှုက ပြတ်တောက်မသွားသည်ကို သိလိုက်ရသဖြင့် ယဲ့ရှောင်ချန်းမှာ အံ့အားသင့်သွားပါသည်။ ဝတ်မှုန်ကူးပျားကို တိုက်ရိုက် အမိန့်ပေးဖို့ ကြိုးစားကြည့်လိုက်သောအခါ အာနိသင်ရှိကြောင်း တွေ့လိုက်ရသည်။

ထပ်ခါထပ်ခါ စမ်းသပ်ပြီးနောက် ဝတ်မှုန်ကူးပျားသည် သူ့ထံမှ တစ်မီတာ အကွာအဝေးထက် ပိုသွားမိပါက ဆက်သွယ်မှု လုံးဝပြတ်တောက်သွားမည်ကို သိလိုက်ရပါသည်။

"ကြည့်ရတာ ဒီဆက်သွယ်မှုကို တာဝေးအတွက် သုံးလို့မရဘူးထင်တယ်။ မကောင်းသေးဘူး။ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ဖို့ နည်းလမ်းရှာရင် ပိုကောင်းလိမ့်မယ်။"

ယဲ့ရှောင်ချန်းက တွေးတောနေပါသည်။

သူက ဝတ်မှုန်ကူးပျားကို အနီးကပ် လေ့လာကြည့်လိုက်သည်။ သေးငယ်သော်လည်း သာမန်ထက် ထူးကဲနေပါသည်။ ၎င်း၏ ပါးလွှာသော တောင်ပံများက ထိခိုက်မလွယ်ဘဲ ဓားသွားလို ထက်မြိနေသည်။ ၎င်း၏ ပါးစပ်ကလည်း အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးနေသည်။ ၎င်းကိုက်ချက်ကြောင့် ကျောက်တုံးများပင် အလွယ်တကူ ကွဲသွားနိုင်သည်ဟု ယဲ့ရှောင်ချန်း ခံစားမိပါသည်။ ပိန်သွယ်သွယ် ခြေချောင်းများကလည်း အလွန်အမင်း ထက်မြိပြီး အမွှေးအမျှင် သေးသေးလေးများဖြင့် ဖုံးအုပ်ထားသည်။ အမြှီးက အဆိပ်ဆူးချွန်တစ်ခုဖြစ်သည်။

စမ်းသပ်ဖို့ ပစ်မှတ် မရှိသဖြင့် လောလောဆယ်တော့ ထိုအဆိပ်ဆူးချွန်က ဘယ်လောက် အစွမ်းထက်သလဲ ယဲ့ရှောင်ချန်းတစ်ယောက် မစမ်းသပ်နိုင်သေးပါ။

မိတ်ဆက်လမ်းညွှန်အရ ဝတ်မှုန်ကူးပျား၏ အမြှီးတွင် မတူညီသော ဝိသေသလက္ခဏာများရှိ၏။

တချို့တွင် မေ့ဆေးလို အာနိသင်ရှိသည်။ တချို့တွင် ပုံရိပ်ယောင်ကို မြင်ယောင်စေသော အာနိသင်၊ သွေးနီဥ ပျက်စီးမြန်စေသော အာနိသင် စသဖြင့် ရှိကြသည်။

သို့သော် ဝတ်မှုန်ကူးပျားတစ်ကောင်တွင်တော့ ဝိသေသလက္ခဏာ တစ်ခုသာ ရှိပါသည်။

"ဝတ်မှုန်ကူးပျားရဲ့ အမြှီးက နကျယ်ကောင်တွေ ပိတုန်းတွေထက် ပိုအာနိသင်ကောင်းတယ်။ ကျင့်ကြံသူတွေကိုတောင် ထိခိုက်စေနိုင်တယ်။ သာမန်သတ္တဝါတစ်ကောင်ကိုသာ အဲ့တာနဲ့ တုပ်လိုက်ရင် အရမ်း အန္တရာယ်များလိမ့်မယ်။ ငါ့ဝတ်မှုန်ကူးပျားက အဆင့်မြင့် အစားအစာ မကျွေးဘဲ သာမန်သွေးနဲ့ ဖောက်ထားတာဆိုရင်တောင် သေချာပေါက် အားနည်းမှာတော့ မဟုတ်ဘူး။”

ယဲ့ရှောင်ချန်းက ပစ်မှတ် ဘယ်မှာ သွားရှာရမလဲ တွေးကြည့်လိုက်သည်။

ခပ်မြန်မြန်ပင် အင်မော်တယ်စမ်းရေနှင့် ပျားရည်မှုန့်တို့ကို ရောကာ ပျားရည် ဖျော်စပ်လိုက်ပါသည်။ ထို့နောက် အင်မော်တယ်ပျားအုံထဲသို့ တန်းထည့်ပေးလိုက်သည်။ ထို့နောက် ဝတ်မှုန်ကူးပျားကို အထဲဝင်ဖို့ အမိန့်ပေးလိုက်၏။

ဝတ်မှုန်ကူးပျားက အခုမှ ပျားဖြစ်လာခါစ ဖြစ်သဖြင့် အစားအစာကို အရေးပေါ် လိုအပ်နေပါသည်။

ဤဝတ်မှုန်ကူးပျား၏ အစာစားချင်စိတ်မှာ မသေးငယ်လှပါ?

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်ပြီး ပျားရည်များ ထပ်လုပ်လိုက်သည်။။

နောက်ရက်အနည်းငယ်အတွင်း ယဲ့ရှောင်ချန်းသည် ဝတ်မှုန်ကူးပျားကို လေ့ကျင့်ပေးခဲ့ပါသည်။

ဝတ်မှုန်ကူးပျားက အလွန်ဉာဏ်ထက်မြက်သည်။ ညွှန်ကြားမှုများကို အကြိမ်ရေ အနည်းငယ်သာ လိုက်လုပ်ဖို့လိုပြီး ယဲ့ရှောင်ချန်း၏ ထိန်းချုပ်မှု အမိန့်ပေးချက်များကို လုံးဝ နားလည်နိုင်သည်။

ယဲ့ရှောင်ချန်း၏ ထိန်းချုပ်အမိန့်များက ရိုးရှင်းပါသည်။ လေချွန်ခြင်းသာဖြစ်သည်။

သူက ဒါကို ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်မှ သင်ယူထားခြင်းဖြစ်၏။

အသံကြိမ်နှုန်းကို အဓိက ထိန်းချုပ်ရခြင်း ဖြစ်ပါသည်။

အလွန်ရိုးရှင်းသည့်ပုံပေါ်သော်လည်း ကျွမ်းကျင်ဖို့က အလွန်ခက်ခဲလှပါသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းအတွက်တော့ မခက်ခဲပါ။ အလျင်အမြန် ကျွမ်းကျင်သွားပြီး အလွန်သွက်လက်စွာ အသုံးပြုလာနိုင်ပါသည်။

ရှုပ်ထွေးသော မြေနေရာတွင် ဝတ်မှုန်ကူးပျားက သူနှင့် တစ်ကီလိုမီတာ အကွာအဝေး မရှိပါက သူ့၏ ထိန်းချုပ်အချက်ပေးမှုများကို ဖမ်းယူနိုင်ပါလိမ့်မည်။

မြေပြန့်နေရာကွက်လပ်မျိုးတွင်တော့ ပျားက ကီလိုမီတာများစွာ အကွာအဝေးအထိ အချက်ပေးမှုကို ဖမ်းယူနိုင်သည်။

ဝတ်မှုန်ကူးပျားဥက အကြားအာရုံကောင်းသည်။ အထူးသဖြင့် တချို့အသံလှိုင်းများအတွက်ဖြစ်၏။

ထို့ကြောင့် ယဲ့ရှောင်ချန်းက ဝတ်မှုန်ကူးပျားကို အလွန်လွတ်လပ်စွာ ထိန်းချုပ်နိုင်ပါသည်။

အဝေးထိန်းချုပ်မှုအတွက် လေချွန်သံကို အသုံးပြုခြင်းက အသိစိတ်ဆက်သွယ်ခြင်းထက် များစွာ ပိုမို ခက်ခဲပြီး ရိုးရှင်းသည့် ထိန်းချုပ်အမိန့်များကိုသာ ပေးနိုင်ပါသည်။

သို့သော်လည်း အလွန်အမင်း စွမ်းအားကြီးလွန်းနေပါသေးသည်။

ဝတ်မှုန်ကူးပျားကို လွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်း ရရှိပြီးနောက် ယဲ့ရှောင်ချန်းက ၎င်း၏ အမြှီးရှိ အဆိပ်ဝိသေသလက္ခဏာကို စတင်စမ်းသပ်ဖို့ ပြင်ဆင်တော့သည်။

ကြက်များကို စိုက်ကြည့်လိုက်သည်။

သူ့မိသားစုမွေးထားသည့် ကြက်များက အနည်းငယ် သနားဖို့ကောင်းပါသည်။ အရင်တစ်ခေါက်က ယဲ့ရှောင်ချန်း ကြက်များကို အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များ စမ်းသပ်ကျွေးမွေးကြည့်ခဲ့သည်။

အခုတစ်ခေါက်တော့ ပိုမို အန္တရာယ်များသော စမ်းသပ်ချက်၏ ပစ်မှတ် ဖြစ်လာကြတော့မည်။ ဝတ်မှုန်ကူးပျား၏ အဆိပ်ဝိသေသလက္ခဏာကို စမ်းသပ်ဖို့ ဖြစ်ပါသည်။

အဝေးရှိ ပြန့်ကြဲနေသော ကြက်များကို ကြည့်လိုက်ပြီး အတွေးတစ်ခုတည်းဖြင့် အင်မော်တယ် ပျားအုံက သူ့လက်ပေါ်တွင် ပေါ်လာသည်။ သူက အပေါက်ကို ဖွင့်လိုက်ပြီး ဆက်သွယ်မှုဖြင့် ယဲ့ရှောင်ချန်းက ဝတ်မှုန်ကူးပျားကို တိုက်ရိုက် အမိန့်ပေးလိုက်ပါသည်။

ရုတ်တရက် အနက်ရောင် အလင်းတစ်ခု ထွက်လာ၏။

မျက်စိတစ်မှိတ်အချိန်အတွင်း ဝတ်မှုန်ကူးပျား ပြန်လာသည်။ သို့သော် အနီးအနားရှိ ကြက်ကြီးတစ်ကောင်ကတော့ ဘာလှုပ်ရှားမှုမှမရှိဘဲ မြေပေါ်သို့ လဲကျသွားပါသည်။

"အဆိပ်မိသွားတာလား။"

ယဲ့ရှောင်ချန်း၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ၎င်း၏ အဆိပ်က သာမန်မဟုတ်ပါ။

ကြက်ဆိုသော်လည်း ပျားကကော ဘယ်လောက် ကြီးလို့လဲ။

လူတစ်ယောက်သာ အတုပ်ခံရလျှင် သိပ်ကြာကြာ မခံမည်ကို စိုးရိမ်မိပါသည်။

ယဲ့ရှောင်ချန်းက ခပ်မြန်မြန် ပြေးသွားပြီး လဲကျနေသော ကြက်ကို ကောက်ယူလိုက်သည်။

ကြက်က ဆူဖြိုး သန်မာလှပါသည်။

အနည်းဆုံး ၃ - ၄ ကီလိုဂရမ်လောက် ရှိသည်။

"အမောက်က အနီတောက်နေတုန်းပဲ။ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ဖြစ်ပြီး နှလုံးလည်း ခုန်နေသေးတယ်။ မသေသေဘူးလား။" ယဲ့ရှောင်ချန်းက အမြန် စစ်ဆေးကြည့်လိုက်ပြီး သူ့စိတ်ဝိညာဥ်ပါရမီကို သုံးကာ ကြက်ကြီး၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်သည်။

သေချာပေါက် ကြက်၏ အသိစိတ်ကတော့ စွဲကပ်နေဆဲဖြစ်သည်။ သို့သော် နွမ်းနယ်ပြီး ဇဝေဇဝါဖြစ်နေသော အခြေအနေသာ ရှိနေပါသည်။

"ကြည့်ရတာ မေ့ဆေး ဝိသေသလက္ခဏာ ထင်တယ်ဟေ့။"

ယဲ့ရှောင်ချန်း စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သေစေနိုင်ပါက အန္တရာယ် များလွန်းနိုင်သည်။

ရုတ်တရက် အမေက အိမ်ထဲမှထွက်လာပြီး ယဲ့ရှောင်ချန်း၏ ကြက်ကြီးတစ်ကောင် ကိုင်ထားသည်ကို မြင်လိုက်ရသည်။ "ရှောင်ချန်း ဘာလို့ ကြက်ကြီးကို ကိုင်ထားတာလဲ။"

"အောင်မယ်လေး ဒီလောက်ကြီးတဲ့ ကြက်က ဘာဖြစ်လို့ သေသွားတာတုန်း။"

ယဲ့ရှောင်ချန်းက ဖုံးဖိဖို့ ကြိုးစားသော်လည်း အမေဖြစ်သူက အံ့အားသင့်သွားပြီး အမြန်ပြေးလာကာ ကြက်ကြီးကို ယူလိုက်သည်။

"အမေ ကျွန်တော်လည်း မသိဘူး။ ကြက်ကြီး မြေပေါ်မှာလဲနေတာ တွေ့ခဲ့တာ။"

ယဲ့ရှောင်ချန်း အမြန်ပြောလိုက်သည်။

ထူးဆန်းတယ်။ ငါတို့ ခြံထဲ တစ်ယောက်ယောက်များ ပိုးသတ်ဆေးတွေ လာဖြန်းသွားတာလား။

သူ့အမေက မျက်မှောင်ကြုတ်သွား၏။

ကြက်မကြီးကို ကိုင်ကာ အိမ်ထဲသို့ ပြန်ဝင်လာ၏။

"အမေ ဘာလုပ်နေတာလဲ။"

ယဲ့ရှောင်ချန်း အမြန်မေးလိုက်သည်။

"ခုလေးတင် သေထားတာ ဆိုတော့ အတွင်းကလီစာတွေ ထုတ်လိုက်ရင် စားလို့ရပါသေးတယ်။"

သူ့အမေက ပြောလိုက်၏။

"အမေ ကျွန်တော်တော့ သေနေတယ် မထင်ဘူး။ မေ့နေတာနေမှာပါ။"

ယဲ့ရှောင်ချန်းက သူ့စမ်းသပ်ခံ ကြက်ကြီးအား သူ့အမေ သတ်ခွင့် မပေးနိုင်ပါ။

ကြက်ကြီးနိုးလာဖို့ ဘယ်လောက်ကြာမလဲ သိချင်၍ ဖြစ်သည်။

"မေ့သွားတာ ဟုတ်လား။ အကြောင်းမရှိဘဲ မေ့လဲစရာ အကြောင်းမှမရှိတာ။ နာနေတာ နေမယ်။ နာနေရင် မွေးလို့ မဖြစ်ဘူးး။ သတ်ပြီး ဒီနေ့ပဲ ကြက်စွပ်ပြုတ် ချက်စားကြရအောင်။"

သူ့အမေက ပြောလိုက်၏။

"မသတ်ပါနဲ့။ တကယ်နာနေတာဆိုရင် ကျွန်တော်တို့ စားလို့မရဘူးလေ။"

ယဲ့ရှောင်ချန်းက ကြက်ကို ပြန်ဆွဲယူကာ ပြောလိုက်သည်။

"ဘာလို့ နာနေတဲ့ ကြက်ကို စားလို့မရတာတုန်း။ အတွင်းကလီစာတွေကို လွှင့်ပြစ်ဖို့ပဲ လိုတာ။ အရင်ကလည်း တစ်ကောင်စားဖူးတယ် ဘာပြဿနာမှမဖြစ်ဘူး။"

သူ့အမေက ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် နာနေတဲ့ကြက်ကို စားလို့မရဘူးဗျ။ ကျွန်တော်ပြောမယ် အမေ။ ခုချိန်ကစပြီး နာနေတဲ့ကြက်ဖြစ်ဖြစ် ဘဲဖြစ်ဖြစ် လုံးဝမစားသင့်ဘူး။ ပြီးတော့ အစာကျန်တွေ၊ အရင်ညက အကျန်တွေကိုလည်း လွှင့်ပြစ်ရမယ်။"

ယဲ့ရှောင်ချန်းက အတည်ပေါက် ပြောလိုက်သည်။

သို့သော်လည်း အမေကတော့ ထိုကဲ့သို့ လုပ်ဖို့ တွန့်တိုနေပါသေးသည်။

"သိပါတယ်။ သိပါတယ်။ ကိုယ့်အမေကိုယ် ဆရာ မလုပ်စမ်းပါနဲ့။”

သူ့အမေက မပျော်ရွှင်သော အကြည့်ဖြင့် ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။

နောက်ဆုံးတော့လည်း ယဲ့ရှောင်ချန်းစကားကို နားထောင်လိုက်ပြီး ကြက်ကြီး၏ အသက်သေးသေးလေးအား ချမ်းသာပေးလိုက်ပါသည်။

All Chapters