လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်ခြင်း
Vol. 9 Ch. 131
အခန်း(၁၃၁) - လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်ခြင်း
"ဟယ်လို အစ်ကိုချန်း ညီမကို ဖုန်းဆက်ဖို့ အချိန်အားရှိလို့လား။"
ရှီကျွမ်းက ပြုံးကာ ပြောလိုက်သည်။
"ငါ့မှာ အချိန်မရှိရင် ဖုန်းဆက်ပါ့မလား။" ဟု ယဲ့ရှောင်ချန်းအသံ ဖုန်းထဲမှ ထွက်လာသည်။
"အစ်ကိုက အခု နာမည်ကျော်ကြီး ဖြစ်နေပြီ မဟုတ်လာ။ တော်တော် အလုပ်များနေမှာပေါ့။"
ရှီကျွမ်းက စနောက်လိုက်၏။
"ဘာကို နာမည်ကျော်ကြီးလဲ။ နင့်အစ်ကိုက လယ်သမားတစ်ယောက်ပါကွ။ ဒါနဲ့ စကားမစပ် ကျွမ်းအာ နင် ဒီနေ့ အလုပ်မသွားဘူးလား။"
ယဲ့ရှောင်ချန်းက ရယ်မောရင်း မေးလိုက်သည်။
"မသွားဘူး။ ညီမ အလုပ်ထွက်လိုက်ပြီ။" ဟု ရှီကျွမ်းက ပြောလိုက်၏။
"ကောင်းတာပေါ့။" ဟု ယဲ့ရှောင်ချန်းက ပြန်ပြောလိုက်သည်။
"အစ်ကိုချန်း အလုပ်မရှိတော့တဲ့ ကိုယ့်ညီမကို လာပြောင်နေတာလား။"
"ဟီးဟီး ငါ့မှာ နင့်ကို မိတ်ဆက်ပေးဖို့ အရမ်းကောင်းတဲ့ အလုပ်တစ်ခုရှိတယ်။ နင် လာချင်လား။"
ယဲ့ရှောင်ချန်းက မကြာခဏ ရှီကျွမ်းကို စနောက်တတ်ပါသည်။
မောင်နှမနှစ်ယောက်အကြား ဘာပြောပြော အတည်ပေါက် မယူဘဲ စိတ်ထဲမထားတတ်ကြပါ။
ယဲ့ရှောင်ချန်းသည် သူ့မိသားစုနှင့် စကားပြောနေသည့် အချိန်အတွင်သာ သက်တောင့်သက်သာ စကားပြောနိုင်ခြင်းဖြစ်ပါသည်။
"အစ်ကိုချန်း ဘယ်လို အလုပ်မျိုးလဲ။ ကျွန်မ အရည်အချင်း ပြည့်မှီပါ့မလား။"
ရှီကျွမ်းက ဒီလိုကိစ္စမျိုးကိုတော့ ယဲ့ရှောင်ချန်း စနောက်လိမ့်မည် မဟုတ်သည်ကို သိသဖြင့် အတည်ပေါက်မေးလိုက်သည်။
"သေချာတာပေါ့။ နင်နဲ့ လိုက်ဖက်တဲ့ အလုပ်မျိုးပဲ။" ဟု ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
"လစာကကော။ ကျွန်မတို့က အမျိုးတွေ ဆိုပေမယ့် အရမ်းမနည်းရဘူးနော်။ ဟုတ်ပြီလား။"
"ဘယ်လိုနည်းနဲ့မှ မနည်းဘူး။ အရင်ကထက် အများကြီး ပိုမြင့်မှာ သေချာတယ်။ ပြီးတော့ နှစ်ကုန် ဘောနပ်စ်လည်း ရှိမယ်။ ငါ အခြားသူတွေနဲ့ ပူးပေါင်းပြီး စားသောက်ဆိုင် ကွင်းဆက်တစ်ခု တည်ထောင်ထားတယ်။ ငါက အလုပ်များနေတော့ ကုမ္ပဏီရဲ့ ငွေကြေးကိစ္စတွေကို ကြည့်ဖို့ အချိန်မရှိဘူးလေ။" ဟု ယဲ့ရှောင်ချန်းက ပြောလိုက်၏။
"ဝိုးး... အစ်ကိုချန်း ကုမ္ပဏီတောင် ဖွင့်ပြီးသွားပြီပေါ့။ အံ့သြဖို့ ကောင်းလိုက်တာ။"
ရှီကျွမ်းက အံ့အားသင့်သွားပါသည်။
လက်ရှိ ယဲ့ရှောင်ချန်း၏ နာမည်ဂုဏ်သတင်းနှင့်ဆိုလျှင် လူများစွာက သူနဲ့အတူ ပူးပေါင်း လုပ်ကိုင်လိုကြသည်။
ယဲ့ရှောင်ချန်းနှင့် သူ့ရှယ်ယာဝင်များ တည်ထောင်ထားသည့် ထိုကုမ္ပဏီအကြောင်း သူမ အလွန် သိချင်မိပါသည်။ သို့သော်လည်း သူမ မမေးခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီထဲ ဝင်လိုက်သည်နှင့် ထိုကိစ္စများကို သိလာရမည်ဖြစ်ပါသည်။
သူမ၏ ဝမ်းကွဲအစ်ကိုကို ကုမ္ပဏီ၏ လည်ပတ်မှုနှင့် ငွေကြေးကိစ္စများအတွက် ကူညီပေးရန် ဆုံးဖြတ်လိုက်တော့သည်။
လုပ်ဖော်ကိုင်ဖက်များ သူ့ကို လိမ်၍မရစေဖို့ဖြစ်သည်။
ဒီကိစ္စတွင် သူမက အတော် ကျွမ်းကျင်နေပြီး ချက်ချင်း ကတိပေးလိုက်၏။ "အစ်ကိုချန်း စိတ်ချပါ။ ကျွန်မရှိရင် ပမွှားလေးတစ်ကောင်တောင် မကောင်းကြံလို့ မရဘူး။"
"ဟီးဟီး ဟုတ်တာပေါ့။ ငါစိတ်ချပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုလည်း အရမ်း ဖိအားမပေးနဲ့။ အဲ့လိုအခြေအနေမျိုးက မဖြစ်နိုင်ပါဘူး။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်ပါသည်။
သူတို့နှစ်ဦးသား ခဏလောက် စကားပြောကြပြီးနောက် ဖုန်းချလိုက်သည်။
ရှီကျွမ်းက ဖုန်းကို ချလိုက်ပြီး ချိုင်ချန်းကို ချက်ချင်းဖက်ကာ ပြောလိုက်သည်။ "ကျွန်မတို့ မနက်ဖြန် ပစ္စည်းတွေ ထုပ်ပိုးကြမယ်။ မနက်ဖြန် ယန်မြို့တော်ကို ပြန်ပြီး အစ်ကိုချန်းရဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ရမယ်။"
"အရမ်း ပျော်မနေနဲ့။ ကလေးကိုလည်း ဂရုစိုက်ပါဦး။"
ချိုင်ချန်းက အမြန်ပြောလိုက်သည်။
"ရပါတယ်။"
ရှီကျွမ်းက ပြုံးလိုက်သည်။
"အမ်... သဲရေ ကိုယ့်ကိုလည်း အစ်ကိုချန်းရဲ့ ကုမ္ပဏီမှာ လုပ်ဖို့ ပြောပေးပါလား။"
ချိုင်ချန်းက အစ်အောက် ကြည့်လိုက်သည်။
"လောလောဆယ်တော့ မစဥ်းစားပါနဲ့ဦး။ အစ်ကိုချန်းက အခြားလူတွေနဲ့ ပူးပေါင်းပြီး ကုမ္ပဏီဖွင့်ထားတာ။ ဒီတိုင်း ကျပန်း လူတစ်ယောက်ကို ကုမ္ပဏီထဲ လုံးဝထည့်လို့ မဖြစ်ဘူးလေ။ ရှင်က အွန်လိုင်းဆိုင်ကော၊ အိမ်မှာ လျှော်ဖွပ် ချက်ပြုတ်ဖို့နဲ့ တခြားကိစ္စတွေ အကုန်လုံးကော လုပ်ရမယ်။"
ရှီကျွမ်းက ပြောလိုက်သည်။
ချိုင်ချန်းက မဲ့ပြုံးပြုံးကာ သဘောသာ တူနိုင်ပါတော့သည်။ ရှီကျွမ်း၏ ရှေ့မှောက်တွင် တခြား ရွေးချယ်စရာဟူသည် တစ်ခါမှ မရှိခဲ့ဖူးပါ။
သို့သော် သူကလည်း ဒီလိုလူမျိုးပဲဖြစ်သည်။ အများကြီး စဥ်းစားစရာမလိုဘဲ သူ့မိန်းမ ပြောသည့်အတိုင်းသာ လုပ်ပါသည်။
ချိုင်ချန်းလို လူမျိုးကသာ ရှီကျွမ်းလို စိတ်မာသည့် မိန်းကလေးမျိုးနှင့် လိုက်ဖက်စွာ နေထိုင်နိုင်ပါလိမ့်မည်။
သင့်တော်သူကို ရွေးချယ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းက လီကျန့်ရမ်ကို ဖုန်းဆက်လိုက်သည်။
"ညီအစ်ကိုယဲ့။ ငါမင်းအတွက် နေရာာတစ်ခု ချန်ထားပေးထားတယ်။ မင်းရွေးထားတဲ့လူက ချက်ချင်း အလုပ်တန်းဆင်းလို့ရတယ်။”
လီကျန့်ရမ်က ပြောလိုက်သည်။
လုပ်ဖော်ကိုင်ဖက်တွေ အလွန်များပြားသောကြောင့် လူတိုင်းက ကုမ္ပဏီထဲ လူထည့်သွင်းလို့မရပေ။ ထို့အပြင် ကုမ္ပဏီ စီမံခန့်ခွဲရေးအပိုင်းတွင် ရှယ်ယာဝင်များကိုယ်တိုင် ပါဝင်ဖို့ကလည်း မကောင်းပါ။
ကုမ္ပဏီအား လည်ပတ်ဖို့အတွက် ပရော်ဖက်ရှင်နယ် မန်နေဂျာများကို အလုပ်ခန့်ခဲ့ပါသည်။
ယဲ့ရှောင်ချန်းကလည်း ဒါကို မကန့်ကွက်ပါ။
နောက်တစ်နေ့ နေ့လည်ခင်းတွင် ယဲ့ရှောင်ချန်းက ရှီကျွမ်းထံမှ ဖုန်းရခဲ့သည်။ သူမက ပထမဆုံး ရှရှီမြို့သို့ လေယာဥ်ဖြင့်လာကာ ကျင်းကောင်တီ မြောက်ပိုင်းဘူတာသို့ မြန်နှုန်းမြင့် ရထားဖြင့် ထွက်လာခဲ့ပါသည်။
သူမ တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်သည်။ ချိုင်ချန်းကတော့ ရှန်ဟိုင်းတွင်သာ ယာယီနေထိုင်ပြီး အွန်လိုင်းဆိုင် ကိစ္စများကို ကိုင်တွယ်လိမ့်မည်။
ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းက Porsche Cayenne ကားကြီးကို မောင်းလျက် ကျင်းကောင်တီ မြောက်ပိုင်းဘူတာသို့ သွားကြိုပေးခဲ့ပါသည်။
တစ်နာရီခွဲခန့်ကြာသောအခါ ယဲ့ရှောင်ချန်း ကျင်းကောင်တီ မြောက်ပိုင်းဘူတာသို့ ရောက်ရှိလာပြီး သိပ်မကြာမီ ရှီကျွမ်းက ဘူတာမှ ထွက်လာပြီဟု ဖုန်းဆက်သည်။
မကြာခင် ယဲ့ရှောင်ချန်း ရှီကျွမ်းကို တွေ့လိုက်ရပါသည်။
အရပ် ၅ပေ ၃လက်မ၊ ဆံပင်ကောက်ကောက်ကို ရွှေရောင်ဆိုးထားပြီး လှပသည့် မြို့သူတစ်ယောက်၏ ပုံစံမျိုးပင်။
"ဝိုး အစ်ကိုချန်း Porsche ကြီး မောင်းလာတာလား။"
အနက်ရောင် Porsche Cayenne ကြီးကို မြင်သောအခါ ရှီကျွမ်း မျက်လုံးပယ် မဖယ်နိုင်တော့ပေ။
ကားထဲဝင်ပြီးနောက် ရှီကျွမ်းက သက်ပြင်းချလိုက်သည်။ "ဇိမ်ခံကားကြီးထဲမှာ ထိုင်ရတာက တကယ့်ကို မတူလိုက်တာ။"
"ချိုင်ချန်းက ဘာလို့ လိုက်မလာတာလဲ။"
ယဲ့ရှောင်ချန်းက ပြုံးကာ မေးလိုက်သည်။
"အွန်လိုင်းဆိုင် ကိစ္စတွေ မပြီးမချင်း လိုက်လာမှာ မဟုတ်သေးဘူး။ တကယ် စိတ်ရှုပ်ဖို့ကောင်းတယ်။ ပစ္စည်းတွေပို့ဖို့ ဖုန်းတွေအများကြီး ခေါ်ရတယ်။"
ရှီကျွမ်းက ပြောလိုက်သည်။
သူမ ဖွင့်သည့် အွန်လိုင်းဆိုင်က အေဂျင်စီပုံစံမျိုး မဟုတ်ပေ။ ထို့ကြောင့် ကိုယ်တိုင် ကုန်ပစ္စည်းများ သွားယူရသည်။ သို့သော်လည်း အမြတ်ငွေကတော့ မြင့်မားပါ၏။ တစ်ချိန်တည်းမှာပင် အလွန် ပင်ပန်းရပါသည်။
ခရီးတစ်လျှောက်လုံး ရှီကျွမ်းက ပါးစပ်မပိတ်နိုင်ပါ။ အတော်လေး စကားများပါသည်။
ယဲ့ရှောင်ချန်းက ကောင်တီမြို့သို့ တန်းမောင်းလာခဲ့သည်။
ကုမ္ပဏီက စတင်လည်ပတ်နေပြီ ဖြစ်သဖြင့် ယနေ့ ရှီကျွမ်းကို အစီရင်ခံခွင့် ပြုပါမည်။
ကုမ္ပဏီရုံးခန်းက စားသောက်ဆိုင်နှင့် နေရာတူ ခရမ်းတောင်ရွာတွင်ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပုံစံဖြင့် သုံးထပ် ဘန်ဂလိုတစ်ခုဖြစ်ပါသည်။
အသစ်ပြန်လည်ပြုပြင်ပြီးသွားသောအခါ စိမ်းစိုပြီး အလွန်သဘာဝကျသောပုံစံဖြစ်လာသည်။
"အစ်ကိုချန်း ကုမ္ပဏီက ဒီမှာ ရှိတာပေါ့။ ပတ်ဝန်းကျင် အခြေအနေကကော ကောင်းရဲ့လား။"
ရှီကျွမ်းက သိချင်စွာ မေးလိုက်သည်။
"ကောင်းတာပေါ့။"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။
"ဒီက အိမ်ငှားခတွေက စျေးမနည်းဘူး မလား။"
ရှီကျွမ်းက ထပ်မေးလိုက်ပြန်သည်။
"စျေးမကြီးပါဘူး။ ခရမ်းတောင်ရွာရဲ့ အိမ်ငှားခတွေက သိပ်မများဘူး။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။
စျေးမကြီးရုံတင် မဟုတ်ဘဲ စျေးလည်း ပေါပါသည်။ အလကားဟုပင် မှတ်ယူနိုင်သည်။
ခရမ်းတောင်ရွာ၏ ပိုင်ရှင်က သူဘယ်လို လမ်းကြောင်းမျိုးဖြင့် ရောက်လာသလဲ မသိဘဲ ယဲ့ရှောင်ချန်းနှင့် အခြားလုပ်ဖော်ကိုင်ဖက်များက စားသောက်ဆိုင် ကွင်းဆက်တစ်ခု ဖွင့်တော့မည်ကို သတိထားမိသဖြင့် လာတွေ့ခဲ့သည်။
တကယ်တော့ ပုံစံပြောင်းထားသည့် စမ်းသပ်ချက်တစ်ခုသာ ဖြစ်ပါသည်။ အင်မော်တယ် စမ်းရေ သက်သက်လွတ် စားသောက်ဆိုင်သာ နာမည်ရလာပါက ခရမ်းတောင်ရွာ၏ ဖွံ့ဖြိုးမှုကို ပိုမို တိုးတက်စေလိမ့်မည်ဖြစ်သည်။
နောက်ဆုံးတွင် ခရမ်းတောင်ရွာ၏ ပိုင်ရှင်ကလည်း ယဲ့ရှောင်ချန်း၏ ဂုဏ်သတင်းကို သဘောကျပါသည်။
လီကျန့်ရမ်က ကြိုတင်စောင့်နေပါသည်။
သူက ကုမ္ပဏီတစ်ခုလုံး ဆောက်လုပ်ဖို့နှင့် စားသောက်ဆိုင် အပြင်အဆင်အတွက် တာဝန်ရှိသည်။
"ညီအစ်ကိုယဲ့"
လီကျန့်ရမ်က ယဲ့ရှောင်ချန်းကို နှုတ်ဆက်လိုက်သည်။
ယဲ့ရှောင်ချန်းက ရှီကျွမ်းနှင့် လီကျန့်ရမ်တို့ကို မိတ်ဆက်ပေးလိုက်သည်။
အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူတို့သုံးယောက် စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ကြပါသည်။
အပြင်အဆင်က တကယ်ကောင်းမွန်သည်။ လီကျန့်ရမ်က အတော်လေး စိတ်ပါပါ ပြင်ဆင်ထားသည်ကို မြင်နိုင်ပါသည်။
တတိယထပ်က ရုံးနယ်မြေ ဖြစ်သည်။
ပထမထပ်နှင့် ဒုတိယထပ်များကတော့ စားသောက်ဆိုင်အထပ်များ ဖြစ်ပါသည်။
နေရာက တကယ် ကျယ်ဝန်းလှပါသည်။
ဌာနတစ်ခုချင်းစီရဲ့ ရုံးတွေကို စနစ်တကျ စီစဥ်ထားသည်။
အထွေထွေမန်နေဂျာရုံးခန်း၊ ဘဏ္ဍာရေးရုံးခန်း၊ ထောက်ပံ့ပို့ဆောင်းရေးရုံးခန်း၊ လူသားရင်းမြစ်ရုံးခန်း စသဖြင့် ရှိသည်။
ထို့အပြင် ဝန်ထမ်းများကလည်း အားလုံးတော်ကြပါသည်။
ကုမ္ပဏီ၏ အထွေထွေမန်နေဂျာမှာ နီယွန်ဟိုင်းဆိုသူဖြစ်သည်။ လီကျန့်ရမ်က ငွေအမြောက်အများ သုံးကာ သူ့ကို ဟိုတယ်ကြီးတစ်ခုမှ ခေါ်ယူထားခြင်းဖြစ်သည်။ အရင်က ဟိုတယ်၏ စီမံခန့်ခွဲရေးကဖြစ်ပြီး အကျွေးအမွေးနယ်ပယ်တွင် အလွန်ကျွမ်းကျင်သည်။
ယဲ့ရှောင်ချန်းက အရင်ဆုံး နီယွန်ဟိုင်းကို ရှီကျွမ်းနှင့် တရင်းတနှီး မိတ်ဆက်ခိုင်းလိုက်သည်။
သူမ၏ ရာထူးက ဘဏ္ဍာရေးဌာနတွင်ဖြစ်ပြီး စာရင်းကိုင်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ လူမှုရေးအာမခံ ငါးခုနှင့် အိမ်ရာရန်ပုံငွေတစ်ခုအပါအဝင် အစမ်းခန့်အနေဖြင့် သူမ၏ လစဥ် လစာကို ယွမ် တစ်သောင်းဟု သတ်မှတ်ထားပါသည်။
အစားအသောက်နှင့် နေရာထိုင်ခင်းများ၊ နိုင်ငံတော် အားလပ်ရက်များ၊ နှစ်ကုန် ဘောနပ်စ်များနှင့် အခြားအရာများကိုလည်း ထောက်ပံ့ပေးမည် ဖြစ်ပါသည်။
ဒီကိစ္စအတွက်တော့ ရှီကျွမ်းက အလွန်ကျေနပ်ပါသည်။ လစာကလည်း မနည်းလှပါ။
အရင်ကုမ္ပဏီတွင် တစ်လကို ယွမ် ၆,၀၀၀ သာရသည်။ ဘော့စ်က လစာတိုးပေးမည်ဟု ကတိပေးထားသော်လည်း အများဆုံး ယွမ် ၈,၀၀၀ သာ ဖြစ်နိုင်ပါသည်။ ရှန်ဟိုင်းမြို့၏ ကုန်ကျစရိတ် နှုန်းထားများဖြင့်ဆို ဒီလစာက မြင့်သည်ဟု ထင်ရသော်လည်း တကယ်တမ်း သာမန်သာ ဖြစ်ပါသည်။
ဒီကောင်တီမြို့ငယ်လေးတွင်တော့ ခြားနားပါသည်။ လစာ ယွမ် ၁၀,၀၀၀ က လုံးဝ မြင့်မားသည်။
ရှီကျွမ်းအား အလုပ်ပတ်ဝန်းကျင်နှင့် ကျွမ်းဝင်အောင် မိတ်ဆက်စေပြီးနောက် ရှီကျွမ်းနှင့် အတူတူ ကုမ္ပဏီအနီးရှီ အငှားတိုက်ခန်းသို့ သွားခဲ့သည်။
"ဒီက အိမ်ငှားခတွေက စျေးပေါလိုက်တာ။"
ရှီကျွမ်းက အိမ်ငှားခကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းရှိပြီး အိမ်ငှားခ တစ်လစာက ယွမ် ၃၅၀ သာ ရှိပါသည်။
ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများလည်း ပေးထားသည်။
ရှန်ဟိုင်းမြို့တော်တွင်သာဆိို မြို့စွန်မြို့ဖျား ဖြစ်နေလျှင်တောင် အိမ်ငှားခက ယွမ် ၁,၀၀၀ အောက် မလျော့နိုင်ပါ။
အိမ််ငှားခနှင့်ပင် ငွေအများကြီး စုမိနိုင်ပါသည်။