မရှိပါ
Vol. 9 Ch. 132
အခန်း(၁၃၂) - မရှိပါ
အမျိုးသားနေ့ နီးကပ်လာပြီ။
ယဲ့ရှောင်ချန်းတစ်ယောက် ပို၍ပင် အလုပ်များလာခဲ့သည်။
စားသောက်ဆိုင်က မကြာခင်ဖွင့်တော့မည် ဖြစ်ပြီး သူက ဒီတိုင်း ရပ်ကြည့်နေ၍ မဖြစ်တော့ပါ။
ဖွင့်ပွဲနေ့တွင် မိတ်ဆွေ ဘယ်နှယောက်ကို ခေါ်ဖို့ လိုအပ်သလဲ။
ဖွင့်ပွဲနေ့က အလွန်အရေးကြီးသည်။ အာဏာကြီးသော ပုဂ္ဂိုလ်များ လာရောက်နိုင်ပါက ပိုကောင်းပါလိမ့်မည်။
လီကျန့်ရမ်၊ လျို့ဖူရှန်းနှင့် အခြားသူများက အဆက်အသွယ် ကျယ်ကျယ်ပြန့်ပြန့်ရှိကြသူများဖြစ်ပြီး လူများစွာကို သေချာပေါက် ခေါ်ယူပေးနိုင်ပါလိမ့်မည်။
ကုမ္ပဏီ၏ ရှယ်ယာအများဆုံး လူတစ်ယောက် အနေဖြင့် ယဲ့ရှောင်ချန်းလည်း ထောက်ပံ့ဖို့ လိုအပ်ပါသည်။
စဥ်းစားကြည့်ပြီးနောက် ဝမ်ရွှေရှန့်ကို ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဒီလိုလူ တစ်ယောက်သာ ပါလျှင် လုံလောက်ပါပြီ။
ယဲ့ရှောင်ချန်းသည် အခြားသူများနှင့် ပူးတွဲကာ စားသောက်ဆိုင် လုပ်ငန်းတစ်ခု တည်ထောင်ထားမှန်း ဝမ်ရွှေရှန့် သိပါသည်။ ထို့ကြောင့် သူက ဂုဏ်ပြုလိုက်ပြီး သေချာပေါက် လာမည်ဟု ပြောလိုက်သည်။
ယဲ့ရှောင်ချန်းက မုန်လာဥဖြူကွင်းထဲတွင် ရပ်နေ၏။
အင်မော်တယ် မုန်လာဥဖြူများအားလုံး အရွယ်ရောက်နေပြီဖြစ်ပါသည်။
စိမ်းစိုနေသော အပင်များ ကျယ်ပြန့်လျက် ရှိပါသည်။
ယဲ့ရှောင်ချန်း စိတ်အေးသွားသည်။
အင်မော်တယ် မုန်လာဥ ၂၀၀၊ အင်မော်တယ် မုန်လာဥဖြူ ၂၀၀၊ ပျိုးထောင်ဖို့ မျိုးစေ့တချို့ ချန်ထားလျှင်တောင် ဒီတစ်ခေါက်ဝင်ငွေက အနည်းဆုံး အင်မော်တယ်ယွမ် ၇၀၀ - ၈၀၀ လောက် ရနိုင်ပါသည်။
ဘယ်လိုသုံးစွဲရမလဲ ဆိုတာကိုလည်း စဥ်းစားပြီးသားဖြစ်သည်။
စုစုပေါင်း အင်မော်တယ် မြေ ၁၀ ကွက် ထားရန် ဆုံးဖြတ်လိုက်သည်။
နောက်ထပ် အင်မော်တယ် စမ်းရေတစ်ခု ဝယ်မည်။
ထို့အပြင် ခြံစည်းရိုး အကွာအဝေးကလည်း တိုးမြှင့်ဖို့လိုသေးသည်။
ထို့ကြောင့် ယွမ် ၁,၀၀၀ ဆိုသည်မှာ အများကြီး မဟုတ်တော့ပါ။
ယဲ့ရှောင်ချန်း အရင်နည်းလမ်းဟောင်းအတိုင်းပဲ အသုံးချကာ မုန်လာဥဖြူတချို့ကို စစ်ဆေးဖို့အတွက် လှီးလိုက်၏။
"အင်း မဆိုးပါဘူး နည်းနည်းတော့ တိုးတက်လာပါတယ်။"
လှီးလိုက်သော မုန်လာဥဖြူတွင် စက်ဝိုင်းသဏ္ဌာန် ၆ခုကို မြင်လိုက်ရသောအခါ ယဲ့ရှောင်ချန်း ပြုံးသွားသည်။
အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် လနတ်သမီးကို တန်းဆက်သွယ်ခဲ့ပါသည်။
လနတ်သမီးကလည်း အမြန် စာပြန်ခဲ့၏။
"လနတ်သမီး ကျွန်တော် မေးချင်တာ တစ်ခုရှိလို့။ ပဲစေ့စစ်သည်တော်တွေ လဲဖို့ရှိလား။"
ယဲ့ရှောင်ချန်းက အမြန် မေးလိုက်သည်။
"ကျွန်မလက်ထဲမှာ ပဲစေ့ စစ်သည်တော်တွေ ရှိပေမယ့် ရှင် သုံးလို့ရမှာ မဟုတ်ဘူး။ ပဲစေ့ စစ်သည်တော်တွေက ရုပ်သေးတွေနဲ့ ကွဲပြားခြားနားတယ်။ ဖန်တီးတဲ့အခါမှာ ဖန်တီးသူရဲ့ ချီအရှိန်အဝါကို ပေါင်းထည့်ဖို့ လိုအပ်တယ်။"
လနတ်သမီးက ပြန်ပြောလိုက်၏။
“အခြားနည်းလမ်း မရှိတော့ဘူးလား။"
ယဲ့ရှောင်ချန်း စိတ်ပျက်သွားသည်။
ထိုအချက်ကိုတော့ ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲမှ သိရှိပြီးသားဖြစ်ပါသည်။
ပဲစေ့ စစ်သည်တော်များသည် ဝိညာဥ်ကိုများကို ဆင့်ခေါ်ဖို့ ကြားခံဖြစ်ပြီး သုံးစွဲသူက ပဲစေ့ စစ်သည်တော်ကို မထိန်းချုပ်နိုင်ပါက ဝိညာဥ်တွေက ချိုးဖောက်ထွက်သွားနိုင်ပါသည်။
ဆင့်ခေါ်သူ၏ ချီအရှိန်အဝါဖြင့် ဆင့်ခေါ်ထားသော ဝိညာဥ်များသည် ဆင့်ခေါ်သူ၏ အမိန့်ကို နာခံကြရမည်ဖြစ်သည်။
"ဟုတ်တယ်။ အဲဒါကို သန့်စင်ပြီးရင် ရှင်ရဲ့ ကိုယ်ပိုင်သွေးအဆီအနှစ်ကို အာဟာရဖြည့်သွင်းပေးရလိမ့်မယ်။ အချိန်အတော်ကြာပြီးမှ အောင်မြင်နိုင်လိမ့်မယ်။ ဒါပေမယ့် ရှင်က သေမျိုးတစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်း မစတင်ရသေးတော့ ခက်ခဲလိမ့်မယ်။ ကနဦးချီကျင့်ကြံပြီး ချီ ရရှိသွားမှသာ ရှင်အောင်မြင်နိုင်လိမ့်မယ်။"
ယဲ့ရှောင်ချန်းက မျက်လုံးပြူးသွားသည်။ ဒါက ဘာမှ မပြောပြသည်နှင့် အတူတူပဲမဟုတ်လား။ သူ့မှာ ကျင့်ကြံခြင်း နည်းလမ်းသာ ရှိပါက သူက ဒါကို မေးနေစရာ လိုပါဦးမလား။ စတိုးဆိုင်သို့ တန်းသွားပြီး ပဲစေ့စစ်သည်တော်ကို တိုက်ရိုက်ဝယ်ယူလိုက်မှာပဲဖြစ်သည်။
ရုပ်သေးတွေကို ထိန်းချုပ်ရန် တိုကင်ရှိနေသရွေ့ သူတို့ကို ထိန်းချုပ်နိုင်ပါသည်။ ချီစွမ်းအင် မလိုအပ်ပါ။
ထို့ကြောင့် ရုပ်သေးများမှာ အလွန်စျေးကြီးပြီး ယွမ် ထောင်ချီ ကုန်ကျနိုင်၏။
ပဲစေ့ စစ်သည်တော်တွေက စျေးပိုပေါသည်။ အဆင့်နိမ့် ပဲစေ့စစ်သည်တော်တွေကို ယွမ် ရာကျော်လောက်ဖြင့် ဝယ်ယူလို့ရနိုင်ပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်း သက်ပြင်းသာ ချနိုင်သည်။ သူ့အတွက်တော့ ထိုစျေးနှုန်းက လုံးဝ မနည်းပါ။ အင်မော်တယ် ပဲစေ့ တစ်စေ့က အင်မော်တယ်ယွမ် များစွာ ကုန်ကျပြီး ဖန်တီးပြီးပါက ထို့ထက် အဆပေါင်း ရာချီပြီး စျေးတက်သွားနိုင်သည်။
ကုန်ကြမ်းများကို ဝယ်ယူခြင်းက အမြတ် မများပါ။ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းစဥ်များစွာ ပြုလုပ်ပြီးမှသာ ငွေအများကြီး ရနိုင်မည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် လောလောဆယ် ယဲ့ရှောင်ချန်းတွင် နည်းပညာကော ပါရမီပါ မရှိပေ။ ကုန်ကြမ်းတချို့ကို ရောင်းချပြီးမှသာ အမြတ် ရနိုင်ပါသည်။
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်၏။
ထိုအကြောင်း ပြောနေသည်ကို ရပ်တန့်လိုက်ပြီး လနတ်သမီးနှင့် ချက်ချင်း ရောင်းဝယ်ရေး လုပ်လိုက်ပါသည်။
အင်မော်တယ် ယွမ်များ ရရှိလာသောအခါ ယဲ့ရှောင်ချန်း၏ စျေးဝယ်သူ အတွေးများက ပြန်လည် သက်ဝင်လာပြန်သည်။
အင်မော်တယ် မြေ ၂ ကွက်၊ အင်မော်တယ် စမ်းရေ ၁ အိုင်၊ ခြံစည်းရိုး ၃ ခုတို့ကြောင့် အင်မော်တယ်ယွမ် ၆၅၀ ကုန်ကျသွားပါသည်။
အင်မော်တယ် မုန်လာဥနီမျိုးစေ့ ၄ ထုပ်ဝယ်ယူပြီး အင်မော်တယ် ယွမ် ၄၀ ကုန်ကျသွားသည်။
အင်မော်တယ် စပျစ်မျိုးစေ့များလည်း ဝယ်ယူသည်။
စပျစ်မျိုးစေ့များမှာ အလွန်စျေးကြီးသည်။ တတိယအဆင့် အဝါရောင် အင်မော်တယ် အပင်သာ ဖြစ်သော်လည်း နှစ်နှစ်ခံ အင်မော်တယ် အပင်များ ဖြစ်သဖြင့် မျိုးစေ့တစ်စေ့ကို အင်မော်တယ်ယွမ် ၈ ယွမ် ကုန်ကျပါသည်။
ထို့ကြောင် အင်မော်တယ်ယွမ် ၇၇၀ ကုန်ကျသွားပါသည်။
ကျန်် အင်မော်တယ် ယွမ် ၂၀ ဖြင့် အဝါရောင် အင်မော်တယ် ပဲစေ့များကို ဝယ်ယူခဲ့သည်။
ဘာပဲဖြစ်ဖြစ် အင်မော်တယ် ပဲစေ့များ စိုက်ပျိုးခြင်းက ကုန်ကျစရိတ် သက်သာစေသည်။
"ဒင်။ ဂုဏ်ယူပါတယ်။ စတိုးဆိုင်တွင် ဝယ်ယူသည့် ပမာဏ စုစုပေါင်း အင်မော်တယ် ယွမ် ၁၀၀၀ ကျော်သွားပြီး အထူးကံစမ်းမဲ ကံစမ်းခွင့် ရရှိပါသည်။ သင် ကံစမ်းချင်ပါသလား။"
ရုတ်တရက် စနစ်အသိပေးချက်တစ်ခု ပေါ်လာ၏။
စတိုးဆိုင်တွင် မဝယ်ခင်က အင်မော်တယ် ယွမ် ၉၀၀ ကျော် သုံးစွဲပြီးသား ဖြစ်သဖြင့် ယဲ့ရှောင်ချန်း မအံ့သြတော့ပါ။
ဒီတစ်ခေါက် အင်မော်တယ် ယွမ် ၂၀၀ နီးပါး သုံးစွဲခဲ့သဖြင့် အင်မော်တယ်ယွမ် ၁,၀၀၀ ကျော်သွားခဲ့ပါသည်။
ယဲ့ရှောင်ချန်းက လက်နှစ်ဖက်ကို ပွတ်လိုက်၏။ သူက စိတ်လည်းလှုပ်ရှား၊ ပျော်လည်း ပျော်နေပါသည်။
ပစ္စည်းကောင်းတချို့ ရဖို့ မျှော်လင့်မိသည်။
ယဲ့ရှောင်ချန်းသည် စိတ်ထဲမှာ တွေးကြည့်လိုက်သောအခါ လှည့်ဘီးလုံးကြီး တစ်ခုက သူ့အာရုံမှာ ထင်ဟပ်လာ၏။
မြင်ဖူးသော မြင်ကွင်းဖြစ်ပါသည်။
အရင်တစ်ခေါက်က ဒီလှည့်ဘီးလုံးကြီးတွင် မှော်ဆားရည်စိမ်ပုလင်းကို ရရှိခဲ့ပါသည်။
ဆားရည်စိမ်ပုလင်း တစ်ပုလင်းသာဖြစ်သော်လည်း ထိုပုလင်းကြောင့် ပိုက်ဆံအများကြီး ရှာနိုင်ခဲ့ပါသည်။
သို့သော်လည်း သူ အညစ်ခံရသည်ဟု ခံစားနေရဆဲဖြစ်သည်။
ဒီတစ်ခေါက်တော့ သေချာပေါက် ပစ္စည်းကောင်းရအောင် လုပ်မည်။
ယဲ့ရှောင်ချန်းက လှည့်ဘီးလုံးကြီးပေါ်မှ အပိုင်းများကို ဂရုတစိုက် ကြည့်လိုက်သည်။ အရင်တစ်ခေါက်ကနှင့် ခြားနားမှု မရှိပါ။
သို့သော်လည်း ပစ္စည်းများကတော့ ပြောင်းလဲသွားပါပြီ။
"လခွမ်း ငါ့အပင်နည်းဗျူဟာက ဘယ်မှာလဲ။"
ယဲ့ရှောင်ချန်း လှည့်ဘီးလုံးကြီးပေါ်မှ အပိုင်းများကို ထပ်ခါထပ်ခါ ကြည့်လိုက်သော်လည်း အပင်နည်းဗျူဟာကို မတွေ့ရတော့ပါ။
"စနစ် ငါ့ကို ဒီလိုမလုပ်ပါနဲ့ဟ။ အပင်နည်းဗျူဟာကို ရတာက ကံစမ်းမဲပေါက်တာနဲ့ အတူတူပဲဆိုတာ ငါသိပေမယ့် မျှော်လင့်ချက်လေးတော့ ပေးပါဦး။"
ယဲ့ရှောင်ချန်း သွေးအန်ချင်သွားသည်။
အပင်နည်းဗျူဟာကို မတွေ့ရသဖြင့် ကမ္ဘာကြီး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။
ကလင် ကလင်။
ဖုန်းမြည်လာသည်။
ယဲ့ရှောင်ချန်းက စိတ်ဓာတ်ကျနေ၏။ ထို့ကြောင့် ရှန်းနုန်စနစ်ကို ပိတ်လိုက်ပြီး ဖုန်းကို ထုတ်ကာ ကြည့်လိုက်သည်။ သူ့ညီမ ယဲ့ယင် ဖုန်းခေါ်နေခြင်းဖြစ်ပါသည်။
သူ့ခေါင်းကိုသူ ရိုက်လိုက်မိသည်။ အရေးကြီးသည့် ကိစ္စတစ်ခုကို သူမေ့နေခဲ့၏။
မနက်ဖြန်က အမျိုးသားနေ့ဖြစ်ပြီး သူ့ညီမ ယဲ့ယင်က ဒီနေ့ မြန်နှုန်းမြင့်ရထားဖြင့် ပြန်လာမည်ဖြစ်သည်။ သူ ကျင်းကောင်တီ မြောက်ပိုင်းဘူတာသို့ သွားပြီး ယဲ့ယင်ကို သွားကြိုရပေမည်။
ယဲ့ရှောင်ချန်း ဖုန်းဖြေလိုက်သည်။
"အစ်ကိုကြီး သမီးရောက်ခါနီးပြီ။"
ယဲ့ယင်၏ အသံက ဖုန်းထဲမှ ထွက်လာသည်။
"သြော် ညီမလေး နင်ရထားပေါ်က ဆင်းလာရင် ဘူတာမှာ စောင့်နေလိုက်ဦး ။ငါ အခုလာခဲ့မယ်။"
ယဲ့ရှောင်ချန်းက အမြန်ပြောလိုက်သည်။
"အစ်ကို မလာသေးဘူးလား။ သမီးမှာလည်း ပစ္စည်းတွေ အများကြီး မပါတော့ ဘတ်စ်ကား စီးလာခဲ့မယ်လေ။"
ယဲ့ယင်က ပြောလိုက်သည်။
"ဒါဆိုလည်း ဟုတ်ပြီ။ အစ်ကို ထိုက်ဖျင်မြို့လမ်းဆုံမှာ စောင့်နေမယ်နော်။"
ယဲ့ရှောင်ချန်း တွေးလိုက်မိသည်။ အခုမှ ကျင်းကောင်တီ မြောက်ပိုင်းဘူတာသို့ သူမကို သွားကြိုဖို့ သွားပါက အလွန်နောက်ကျသွားပါလိမ့်မည်။ သူမဖာသာ ဘတ်စ်ကားစီးလာခြင်းက ပိုကောင်းပါသည်။
"အင်း ရထားလည်း ရောက်တော့မယ်။ သမီး အရင်ဖုန်းချလိုက်မယ်နော်။"
ညီမက ပြောပြီးသွားသောအခါ ဖုန်းချလိုက်သည်။
ယဲ့ရှောင်ချန်းက ခေါင်းကုတ်လိုက်သည်။ သူစိတ်ဓာတ်ကျနေဆဲဖြစ်ပါသည်။ အိမ်ပြန်သွားပြီး Porsche Cayenne ကြီးကို မောင်းကာ ထိုက်ဖျင်မြို့သို့ အလျင်အမြန် မောင်းသွားလိုက်သည်။
ရောက်သွားသောအခါ ပါကင်ထိုးဖို့ နေရာရှာရ၏။
အားလပ်နေချိန်တွင် ထိုလူလည်ကျသည့် လှည့်ဘီးလုံးကြီးအကြောင်း တွေးနေမိသည်။
အပင်နည်းဗျူဟာ မရှိတော့ပါ။
ရှန်းနုန်စနစ်ကို အမြန်ဖွင့်လိုက်သောအခါ လှည့်ဘီးလုံးကြီးက ထပ်ပေါ်လာပြန်သည်။
သူ ထပ်ရှာကြည့်လိုက်သသည်။ သို့သော် အပင်နည်းဗျူဟာကို မတွေ့ရသေးပေ။ ထိုဆုအစား အခြားတစ်ခုရှိနေ၏။
အပင် နည်းဗျူဟာ ရှိရမည့်နေရာတွင် သစ်သားဝိညာဥ်အင်မော်တယ်ပုတီးစေ့က နေရာယူထား၏။
ထိုအင်မော်တယ်ပုတီးစေ့တွင် အလွန်မှော်ဆန်သော လုပ်ဆောင်ချက် တစ်ခုရှိ၏။ ပြင်ပစွမ်းအင်ကို သစ်သားဝိညာဥ်ချီအဖြစ် ဆက်တိုက် ပြောင်းလဲကာ နယ်မြေတစ်ခုကို အာဟာရပြုဖို့အတွက် ထုတ်လွှတ်ပေးနိုင်သည်။
စတိုးဆိုင်တွင် ထိုပုတီးစေ့၏ စျေးနှုန်းမှာ အင်မော်တယ်ယွမ် ၁၀,၀၀၀ ဖြစ်၏။
"အပင်နည်းဗျူဟာကို ထားလိုက်ပါတော့။ ရနိုင်မှာလည်း မဟုတ်ဘဲနဲ့။ ရှိနေရင်တောင်ရမှာမဟုတ်ဘူး။ မရှိတာပိုကောင်းတယ်။ အဲ့တာကြောင့် မတွေးတော့ဘူ။ လှည့်ပဲ လှည့်လိုက်ရအောင်။"
ယဲ့ရှောင်ချန်းက အတွေးထဲတွင် စိတ်လျှော့လိုက်ပြီး လှည့်ဘီးကြီး၏ ဗဟိုက ခလုတ်ကို နှိပ်လိုက်သည်။
ရုတ်တရက် လှည့်ဘီးကြီးက အလွန်ချောမွေ့စွာ စတင်လည်ပတ်လေသည်။