အညွှန်းစာအုပ်
Vol. 9 Ch. 133
အခန်း(၁၃၃) - အညွှန်းစာအုပ်
ယဲ့ရှောင်ချန်း အာရုံထဲက လှည့်ဘီးကြီးကို စိုက်ကြည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
တစ်ခုခု ကောင်းတာတော့ ရသင့်ပါသည်။
နောက်ထပ် မှော်ဆားရည်စိမ်ပုလင်းဆိုရင်တော့ သူ သေအောင် ငိုမိမည်ဖြစ်သည်။
မိနစ်ပေါင်းများစွာ ကြာသောအခါ လှည့်ဘီးကြီး တဖြည်းဖြည်း နှေးကွေးသွားလေပြီ။
လှည့်ဘီးကြီး၏ မြှားချွန်က နောက်ဆုံးအချိန်တွင် အလွန်သေးငယ်သော အပိုင်းလေးတစ်ပိုင်းတွင် ရပ်တန့်သွားသောအခါ သူ စိတ်အေးစွာ သက်ပြင်းချလိုက်မိပါသည်။
ဘာပဲဖြစ်ဖြစ် အပိုင်းသေးလေလေ တန်ဖိုးက ပိုကြီးလေလေဖြစ်ပါသည်။
"ဒင်။ ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်မှ စာမျက်နှာတစ်ခုကို ရရှိခြင်းအတွက် ဂုဏ်ယူပါတယ်။"
ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်က စာမျက်နှာ တစ်ခုတဲ့လား။
စာအုပ် တစ်အုပ်လုံး မဟုတ်ဘူးလား။
လခွမ်း စာမျက်နှာ တစ်မျက်နှာလောက်က အသုံးဝင်ပါ့မလား။
ယဲ့ရှောင်ချန်း ဝမ်းနည်းသွားသည်။ ကံစမ်းမဲ နှိုက်ရာတွင် သူ့ကံက အလွန် ဆိုးရွားလွန်းသည်ဟု ခံစားရပါသည်။ ကလေးဘဝကတည်းက အကြီးဆုံးဆုကို ဘယ်တော့မှ မရခဲ့ဖူးပါ။
သိုလှောင်နေရာကွက်မှ ထိုရှန်းနုန်မျိုးဆက် လက်စွဲစာအုပ် စာမျက်နှာ ဟူသော အရာကို ထုတ်လိုက်သည်။
တိရိစ္ဆာန်သားရေစက္ကူတစ်စဖြစ်ပြီး ချောမွေ့ကာ တောက်ပသည်။ ထောင့်ချွန်းများကိုလည်း အကြိမ်ပေါင်းများစွာ ထိတွေ့ထားသည့်ပုံပေါ်ပြီး အရောင်က မီးခိုးညိုရောင် ပြောင်းလဲသွားပါပြီ။
စာရွက်ပေါ်တွင် ထူးဆန်းသည့် စာကြောင်းများကို မှတ်တမ်းတင် ရေးသားထားသည်။
"လခွမ်း ငါ နားမလည်ဘူးဟ။"
ယဲ့ရှောင်ချန်း သွေးအန်ချင်သွားသည်။
ဒါ ဘယ်လို ဘာသာစကားကြီးလဲ။
တိရစ္ဆာန်သားရေ စာရွက်၏ အလယ်တည့်တည့်တွင် အနည်းငယ် မှုန်ဝါးနေသည့် လူသား ပုံတစ်ပုံပါသည်။
ပြောရမည်ဆိုလျှင် လူသားတစ်ဦးနှင့်တော့ အတိအကျမတူပါ။ ၎င်း၏ ခေါင်းက မြွေတစ်ကောင်လိုဖြစ်ပြီး ကျောဘက်တွင် အတောင်နှစ်လက်ပါသည်။ ကြက်ခြေထောက်နှင့်တူပြီး လက်ထဲတွင်လည်း မျိုးစေ့တစ်ခုကို ကိုင်ထားသည်။
ထိုစာရွက်ကို သူအကြိမ်ကြိမ် ကြည့်လိုက်သည်။ သို့သော် ဘာမှ မသိရပါ။ ခေါင်းခါလိုက်ပြီး ပိုမို ဝမ်းနည်းသွားမိသည်။
အသုံးမဝင်သည့် တိရစ္ဆာန်သားရေ စက္ကူတစ်ရွက်ထက် မှော်ဆားရည်စိမ်ပုလင်းကိုသာ ပိုလိုချင်မိသည်။
လောလောဆယ်တော့ ထိုစာမျက်နှာကို သိုလှောင်နေရာကွက်ထဲသို့သာ ပစ်ထည့်လိုက်နိုင်၏။
သူ အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူ့ညီမ စီးလာသည့် ဘတ်စ်ကားလည်း မကြာခင် ဆိုက်တော့မည်။
သူ စောင့်နေလိုက်သည်။
အတော်ထူးဆန်းသည်။ စာမျက်နှာပေါ်က ထူးဆန်းသည့် ရုပ်ပုံကိုပဲ ဆက်တိုက် စဥ်းစားနေမိသည်။
သူ့စိတ်ထဲက ထုတ်ပြစ်ဖို့ ခက်ခဲလှပါသည်။
ထိုရုပ်ပုံကို ပြန်သတိရဖို့ ကြိုးစားကြည့်သောအခါ ဝိုးတဝါးဝါးဖြစ်နေ၏။ ထိုခံစားချက်က အလွန် ထူးဆန်းပါသည်။
မိနစ်အနည်းငယ် ကြာသောအခါ ခပ်လှမ်းလှမ်းတွင် ဘတ်စ်ကားတစ်စီး ရပ်သွား၏။ ကားပေါ်မှ လူများစွာ ဆင်းလာကြပြီး ယဲ့ယင်လည်း ပါဝင်ပါသည်။
ယဲ့ရှောင်ချန်း ကားထဲက ထွက်လိုက်ပြီး သူမကို နှုတ်ဆက်လိုက်သည်။
"အစ်ကို"
ယဲ့ယင်က တောက်ပစွာ ပြုံးလိုက်ပါသည်။
ယဲ့ရှောင်ချန်းက အထုတ်အပိုးများ သယ်ယူဖို့ သူမကို ကူညီလိုက်သည်။ ယဲ့ယင်ဘေးနားက ကောင်မလေးတစ်ယောက်ကို ရုတ်တရက် သူကြည့်လိုက်မိ၏။ လေတွင် မြောလွင့်နေသော ဆံပင်ရှည်များဖြင့် အပြစ်ကင်းစင်ကာ လှပနေပါသည်။
"အစ်ကို ဒါ သမီးတို့ကျောင်းက အတန်းဖော် ရှုဝေလေ။ သူလည်း ရှရှီမြို့မှာပဲ စာသင်တာ။ အဲ့တာကြောင့် အတူတူ လာခဲ့ကြတာ။"
ယဲ့ယင်က ပြောလိုက်သည်။
"ဟီးဟီး... ယင်ရဲ့ အစ်ကိုဆိုတော့ ကျွန်မလည်း အစ်ကိုလို့ပဲ ခေါ်မယ်နော်။"
ရှုဝေက အလွန်တက်ကြွကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြုံးနေပါသည်။
"ရှုဝေ နင့်အိမ်က ဘယ်မှာလဲ။ ဘယ်လိုသွားမှာလဲ။"
ယဲ့ရှောင်ချန်းက မေးလိုက်သည်။
"အဲ့မှာ ကားယူသွားမယ်လေ။"
ရှုဝေက ပြောလိုက်သည်။
"ဟုတ်ပြီ ဒါဆို ငါတို့ အရင်သွားနှင့်မယ်နော်။"
ယဲ့ရှောင်ချန်းက ရှုဝေကို ခေါင်းငြိမ့်ပြလိုက်သည်။
"ရှုဝေ ရှရှီမြို့ကိုရောက်ရင် ငါ့ကိုဖုန်းဆက်ဦးနော်။"
ယဲ့ယင်က ရှုဝေကို ပြောလိုက်သည်။
"ဟုတ်ပြီ။"
ရှုဝေက ခေါင်းငြိမ့်လိုက်ပြီး မောင်နှမ နှစ်ယောက်သား ပါကင်ထိုးထားသော Porsche Cayenne ကားကြီးဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသောအခါ အံ့သြသွားရပါသည်။
ယဲ့ရှောင်ချန်း ကားပေါ်မှ ဆင်းလာသည်ကို မမြင်ခဲ့ရပါ။
ယဲ့ယင်မိသားစုအခြေအနေက သိပ်မကောင်းမှန်း သူမ မှတ်မိပါသည်။ သို့သော်လည်း သူမ အစ်ကိုက ဒီလောက်ကောင်းသည့် ကားကြီးကို ဝယ်နိုင်သည်တဲ့လား။
Porsche Cayenne ကားကြီး စက်နိုးသွားပြီး လမ်းထောင့်ချိုးတစ်ခုသို့ ကွေ့သွားကာ ပျောက်ကွယ်သွားပါတော့သ်ည။
ကားထဲတွင်။
ယဲ့ယင်က အလွန်သိချင်စိတ် ပြင်းပြနေပုံရသည်။
"အစ်ကို ဒါ အစ်ကို့ကားလား။ လူတစ်ယောက်က တကယ် လက်ဆောင်ပေးခဲ့တာလား။"
ထိုင်ခုံ၏ ပျော့ပြောင်းမှုကြောင့် သူမ အံ့အားသင့်သွားခဲ့ရသည်။ ဓာတ်ဆီနံ့လည်း ဘာမှ မရပါ။ လေက လတ်ဆတ်ပြီး ထိုင်ချိုက်များကလည်း တည်ငြိမ်နေပါသည်။
အရင်တစ်ခေါက် သူမကို အစ်ကိုဖြစ်သူ လာကြိုတုန်းက ထရပ်ကောင်း အဟောင်းကြီးဖြင့် လာကြိုခြင်းဖြစ်ပါသည်။
တစ်လသာ ရှိသေးသော်လည်း သူ့အစ်ကိုက ဒီလို ဇိမ်ခံကားကြီးကို ရခဲ့သည်။
ကြီးမားသော ပြောင်းလဲမှု တစ်ခုဖြစ်ပါသည်။
"ညီမလေး နင်သဘောကျလား။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်၏။
"အင်း အရမ်းကြိုက်တာပေါ့။ ကားကြီးက အရမ်းဇိမ်ရှိတာပဲ။"
ယဲ့ယင်က ကားနေရာတိုင်းကို လိုက်ကိုင်နေပြီး အလွန်စိတ်လှုပ်ရှားနေပါသည်။
"နင်ဘွဲ့ရပြီးရင် အစ်ကို တစ်စီး ဝယ်ပေးမယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
"တကယ်လား။"
ယဲ့ယင် မျက်လုံးများ ကျယ်သွားသည်။
"ဒါပေါ့ နင့်အစ်ကိုက နင့်ကိုလိမ်ပါ့မလား။ ဒီကားထက် ပိုလှတဲ့ကားတောင် ဝယ်ပေးမယ်။"
ယဲ့ရှောင်ချန်းက ရယ်မောလိုက်၏။
"သမီးက နောက်ဘရန်းတစ်ခု ဝယ်မှာနော်။"
ယဲ့ယင်က ဟာသဟုသာ သဘောထားပြီး ပြောလိုက်သည်။ "သမီး Maserati ကြိုက်တယ်။ အဆင့်မြင့်ပြီး အရမ်းလှတဲ့ပုံပဲ။"
ယဲ့ရှောင်ချန်းက သဘောတူလိုက်ပါသည်။
သူ့အတွက်တော့ အနာဂတ်တွင် ပိုက်ဆံရှာဖို့က ပြဿနာတစ်ခု မဟုတ်တော့ပါ။
သူယဲ့ယင်ကို အချစ်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် သူမကို ကောင်းကောင်းမွန်မွန် ဘဝဖြင့် နေနိုင်စေရမည်။
ယောက်ျားလေးများကို ကြမ်းကြမ်းတမ်းတမ်း ပျိုးထောင်ပြီး မိန်းကလေးများကို ချမ်းချမ်းသာသာ ပျိုးထောင်သင့်သည်။
ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု သူ အမြဲ ထင်ခဲ့မိပါသည်။
သူ့ညီမ ငယ်စဥ်ကတည်းက ကောင်းကောင်းစား၊ ကောင်းကောင်းမဝတ်ခဲ့ရဘဲ သူမနှလုံးသားထဲတွင် နှိမ့်ချမှု တစ်ခု ရှိနေခဲ့သည်။
သူမ၏ အစ်ကို တစ်ယောက်အနေဖြင့် သူမကို မင်းသမီးလေး တစ်ပါးလို အလိုလိုက်ပြီး ပိုမိုကောင်းမွန်သော ဘဝမျိုး ရရှိအောင် လုပ်ပေးပါမည်။
ညနေခင်းတွင်။
အင်မော်တယ် မြေ၌။
အဖေ၊ အမေ၊ ညီမ သုံးယောက်စလုံး ရှိနေကြသည်။
ရိတ်သိမ်းပြီးသား ဟင်းသီးဟင်းရွက်များ အားလုံးကို ဂိုဒေါင်ထဲသို ထည့်ထားသည်။
အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက် စားသောက်ဆိုင် ဖွင့်ခါနီးပြီ ဖြစ်သဖြင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကလည်း သေချာပေါက် အများကြီး တိုးတက်လာပါလိမ့်မည်။
ထို့ကြောင့် ကြိုတင်ကာဖြင့် မြေကွက် အနည်းငယ်ကို မြေဆွထာားလိုက်ပြီး ဟင်းသီးဟင်းရွက်မျိုးစေ့ အစုံ စိုက်ပျိုးထားလိုက်ပါသည်။
ဟင်းသီးဟင်းရွက်မျိုးစေ့ တချို့ကို မျိုးစေ့အားဆေးရည်ဖြင့် စိမ်ထားသည်။
အမှန်ပင်။ ဆေးရည်စိမ်ခြင်းကြောင့် ကောင်းကျိုး၊ ဆိုးကျိုးများ ရှိပါသည်။
ထို့အပြင် အင်မော်တယ်အပင် မျိုးစေ့များ မဟုတ်ပေ။ ထို့ကြောင့် အင်မော်တယ်အပင် မျိုးစေ့များကို စိမ်သည့် နည်းလမ်းအတိုင်း လုပ်၍မရပါ။
ဆေးရည်စိမ်ပြီးနောက် ဖွံ့ဖြိုးနှုန်းက အနည်းဆုံး သုံးပုံတစ်ပုံခန့် တိုးမြှင့်သွားကြောင်း သိလိုက်ရသည်။ အပင်အထွက်နှုန်းအတွက် ပိုမို အားသာချက်ရှိပါသည်။
မျိုးစေ့မျိုးစုံ အားလုံးအတွက် တစ်နာရီ နှစ်နာရီလောက် အချိန်ပေးလျှင် လုံလောက်ပါပြီဟု ခန့်မှန်းမိပါသည်။
အချိန်ပိုကြာကြာ ဆေးရည်စိမ်ခြင်းက အာနိသင်ကို မတိုးမြင့်စေပါ။
ယဲ့ရှောင်ချန်းက တိရစ္ဆာန်သားရေ စာရွက်ကို ထုတ်ကာ အချိန်အကြာကြီး လေ့လာကြည့်လိုက်သည်။ သို့သော်လည်း ဘာမှ သိမလာပါ။
အွန်လိုင်းပေါ်တွင်လည်း စစ်ကြည့်သည်။ သို့သော် ဘာအချက်အလက်မှ မရှိပါ၊။ ရှေးဟောင်းသုတေသန မေးခွန်းများကို အွန်လိုင်းပေါ်တွင်ပင် မေးမြန်းခဲ့သော်လည်း ထိုကဲ့သို့ စာမျိုး မရှိဘူးဟုသာ ပြန်ပြောကြသည်။
ယဲ့ရှောင်ချန်း လက်လျှော့ရုံသာ ရှိပါတော့သည်။
အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်ပြီးသောအခါ ယဲ့ရှောင်ချန်း ခေါင်းအနည်းငယ် ကိုက်လာသလို ခံစားလိုက်ရသည်။ သူ့နဖူးကို ပွတ်လိုက်ပြီး စာရွက်ကို သိုလှောင်နေရာကွက်ထဲသို့ ထည့်လိုက်သည်။
ညည့်နက်နေပြီ ဖြစ်သဖြင့် သူ ထလိုက်သည်။ ရုံထဲက မီးများကို ပိတ်လျက် ဝါးကုတင်ပေါ်တွင် လှဲနေလိုက်ပါသည်။
သူ လှဲပြီး သိပ်မကြာ၊ အိပ်ပျော်သွားပြီး တိုးတိုးလေး ဟောက်နေသည်။
ရုတ်တရက် အမှောင်ကျနေသည့် ရုံထဲတွင် အင်မော်တယ်အပင်များထံမှ အလင်းကွင်းလေးများ ထွက်လာသည်။ ထိုအလင်းကွက်လေးများက အရပ်မျက်နှာပေါင်းစုံမှ ထွက်လာကြပြီး ယဲ့ရှောင်ချန်းအား ပတ်လည် ဝိုင်းလိုက်ကြပါသည်။
ယဲ့ရှောင်ချန်း အသက်ရှူလိုက်သောအခါ ထိုအလင်းကွက်လေးများက သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ရှူသွင်းခံလိုက်ရသည်။ ထို့နောက် ပြန်ရှူထုတ်ခံရကာ အင်မော်တယ် အပင်များထံသို့ ပြန်လည်ရောက်ရှိသွား၏။
ထိုကဲ့သို့ သံသရာမျိုး ယဲ့ရှောင်ချန်းနှင့် အင်မော်တယ် လယ်ကွက်ထဲက အင်မော်တယ် အပင်များအကြား လှပစွာ လည်ပတ်နေခဲ့ပါသည်။
တချိန်တည်းမှာပင် ယဲ့ရှောင်ချန်း၏ စိတ်ထဲ ထူးဆန်းသည့် ပုံရိပ်တစ်ခုက အလိုလျောက် ပေါ်လာ၏။ မြွေလိုဦးခေါင်းမျိုးနှင့် လူသားတစ်ယောက်၊ ကျောဘက်တွင် အတောင်ပံများနှင့် ၎င်း၏ လက်သည်းနှစ်ဖက်တွင် မျိုးစေ့တစ်ခုကို ကိုင်ဆောင်ထားသည်။
ပုံက ဝါးနေပါသည်။
ယဲ့ရှောင်ချန်း၏ အသိစိတ်က ထိုပုံထံသို့ လမ်းပြသွားသည်။
ရုတ်တရက် ထိုပုံရိပ်က လုံးဝ ရှင်းလင်းလာသည်။
မဟုတ်သေး။ တစ်ခုခု ဝါးနေသည်တော့ ကျန်သေးသည်။ လက်သည်းနှစ်ဖက်အကြားက မျိုးစေ့ဖြစ်သည်။
မျိုးစေ့က ဗလာနတ္ထိဖြစ်နေသကဲ့သို့ အရောင်အဆင်းကင်းမဲ့နေပါသည်။
ရုတ်တရက် ထူးဆန်းသည့် အလင်းကွက်များစွာက အရပ်မျက်နှာ အဘက်ဘက်မှ ပေါ်လာပြီး လက်သည်းနှစ်ဖက်က ကိုင်ထားသည့် မျိုးစေ့ထဲသို့ ဝင်ရောက်သွားကြပြီး အရောင်မဲ့နေသော မျိုးစေ့က လင်းလာသည်။
သိပ်မကြာခင် နေရာတစ်ခုလုံး တုန်ခါသွားပြီး ယဲ့ရှောင်ချန်း၏ အသိစိတ်က ဓာတ်ပုံနှင့် အဆက်အသွယ်ပြတ်သွားပြီး ရှင်းလင်းနေသော ပုံရိပ်ကလည်း စိတ္တဇ ဆန်လာပါသည်။
မပြောင်းလဲသည့် တစ်ခုတည်းသောအရာကတော့ မျိုးစေ့က အနည်းငယ် တောက်ပလာသည့် ပုံစံပင်။
ရုတ်တရက် ယဲ့ရှောင်ချန်း မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ကောင်းကင်ကြီးက တောက်ပနေပြီဖြစ်ပါသည်။
ထူးဆန်းသည့် အိပ်မက်တစ်ခု မက်ခဲ့သလို ခံစားနေရသည်။ ထိုအိပ်မက်ထဲတွင် သူက ကျောတွင် အတောင်နှစ်ဖက်နှင့် ထူးဆန်းသည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားသည်။
သူခေါင်းခါလိုက်မိပါသည်။ သေချာပေါက် စာရွက်ကို အကြိမ်ပေါင်းများစွာ ကြည့်လိုက်သောကြောင့် အိပ်မက်ထဲပါလာခြင်း ဖြစ်ပါလိမ့်ည်။